← Chapters

နောက်ဆုံးအချိန်အထိ တောင့်ခံခြင်း

Vol. 65 Ch. 902

နောက်ဆုံးအချိန်အထိ တောင့်ခံခြင်း

Vol. 65 Ch. 902

ထိုအခါ ဘေးပတ်ဝန်းကျင် တစ်ခုလုံး၌ ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားပြီး ပေါက်ကွဲသွားသည့် ဥက္ကာပျံကြီးမှာလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွား၏။ မန္တန်အစီအရင် စွမ်းအားများ ကိန်းအောင်းနေကြသည့် ထို ဥက္ကာပျံ အပိုင်းအစများမှာ အရပ်မျက်နှာ အနှံ့သို့ ဖြာထွက်သွားကြပြီး ကျင့်ကြံသူနှစ်ယောက်ဆီသို့ အရှိန်အဟုန်ပြင်းစွာ ဦးတည်သွားနေကြပြီ ဖြစ်သည်။

အကယ်၍ တာအိုဂါထာတော်ကြီး၏ စွမ်းအားများသာ ဆင်းသက်လာခဲ့ခြင်းမရှိပါက တန်ကျိုးကျစ်၏ ကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် သူသည် ထို ဥက္ကာပျံ အပိုင်းအစများအား အဝေးသို့ တွန်းထုတ်ပစ်နိုင်စွမ်း ရှိနေမည်သာဖြစ်သည်။ သို့သော် ယခုတွင်မူ တာအိုဂါထာတော်ကြီး၏ စွမ်းအားများမှာ ရုတ်ခြည်းဆိုသလို ဆင်းသက်လာပြီး ဥက္ကာပျံကြီးမှာလည်း ချက်ချင်း ပေါက်ကွဲသွားခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် အချိန်မီ တုံ့ပြန်နိုင်ခဲ့သည့်တိုင်အောင် သူ၏ ဝိညာဉ်မှာ မတည်မငြိမ်ဖြစ်နေသောကြောင့် ထို ဥက္ကာပျံ အပိုင်းအစများအား တစ်ခုမကျန် တွန်းထုတ်ပစ်နိုင်စွမ်း မရှိတော့ပေ။

ဝမ်ပေါင်လဲ့မှာလည်း ထိုအခြေအနေသို့ ရောက်လာရန် စောင့်ဆိုင်းနေခြင်းဖြစ်၏...

သူသည် ချက်ချင်းဆိုသလိုပင် ရှေ့သို့ ပြေးထွက်သွားလိုက်ပြီး ဘယ်ဘက်လက်ဖြင့် မန္တန်လက်ကွက်များဖော်ကာ လက်ညှိုးထိုးလိုက်၏။ ထိုအခါ တန်ကျိုးကျစ် မဖယ်ရှားနိုင်ခဲ့သည့် ဥက္ကာပျံ အပိုင်းအစများမှာ ရှန်လင်းကျစ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။ ထိုအခါ ရှန်လင်းကျစ်မှာ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ရှောင်တိမ်းရန် ကြိုးစားလိုက်ပါသော်လည်း ထို အပိုင်းအစများမှာ သူ့အား လွှမ်းခြုံသွားကြ၏။ ထို့နောက် သူသည် ၎င်းတို့၏ ကြား၌ ချုပ်နှောင်ခံလိုက်ရတော့သည်။

ရှန်လင်းကျစ်မှာ ယခုတွင် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေပါသော်လည်း ယခင်တုန်းက ဂြိုဟ်အဆင့်တွင် ရှိနေခဲ့ပြီး သိုလှောင်လက်စွပ်၏ ပိုင်ရှင်လည်း ဖြစ်နေခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ သူ့အား အခွင့်အရေး တစ်ခုတလေပင် မပေးရန် ဆုံးဖြတ်ထားသည်။ သူသည် ရှန်လင်းကျစ်အား ချုပ်နှောင်လိုက်ပြီးနောက် လှစ်ခနဲ လှုပ်ရှားလိုက်သောအခါ မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးပေါ်ပေါက်လာပြီး သူ၏ခန္ဓာကိုယ်အား လွှမ်းခြုံသွား၏။ ထို့အပြင် ဓမ္မစစ်သင်္ဘောကြီးလည်း ပေါ်ပေါက်လာပြီး သူနှင့်အတူ တစ်သားတည်း ပေါင်းစည်းသွားသေးသည်။ ထိုသို့ဖြင့် သူသည် ကြယ်ပျံကြီးတစ်လုံးကဲ့သို့ ကောင်းကင်ယံကြီးအား ထိုးခွင်းကာ တန်ကျိုးကျစ်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားနေတော့သည်။ တန်ကျိုးကျစ်မှာမူ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။ သူသည် တာအိုဂါထာတော်ကြီး၏ စွမ်းအားများကြောင့် တုန်လှုပ်ချောက်ချားနေရဆဲပင်။

ဝမ်ပေါင်လဲ့မှာမူ သူ၏အနီးသို့ ချက်ချင်းဆိုသလိုပင် ရောက်ရှိလာပြီး တွေဝေတုန်းဆိုင်းနေခြင်း မရှိဘဲ သူ၏ ညာဘက်လက် နတ်ဘုရားလက်နက်ကြီးဖြင့် ခုတ်ထစ်လိုက်တော့သည်။

ထို တိုက်ကွက်ထဲတွင် ဝမ်ပေါင်လဲ့၏ ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် ကျင့်ကြံခြင်းစွမ်းအားများနှင့် သူ၏ အံ့ဩမှင်တက်ဖွယ်ရာ အမြန်နှုန်းများ ကိန်းအောင်နေသည် မဟုတ်ပါလော။ ထို့ကြောင့် ၎င်းမှာ မိုးကောင်းကင်ကြီးကိုပင် တုန်ရီသွားစေနိုင်လောက်အောင် အားကောင်းနေသည်။

ထို တိုက်ကွက်ကြီးမှာ ဟင်းလင်းပြင်ကြီးကိုပင် ဟက်တက်ကွဲသွားစေသောကြောင့် ဝမ်ပေါင်လဲ့၏ ဘေးပတ်ပတ်လည်ရှိ စကြဝဠာကြီးထဲ၌ အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ပေါက်လာသကဲ့သို့ ဖြစ်သွားရပြီး အရိုးထဲထိ စိမ့်ဝင်နိုင်စွမ်းရှိသော အအေးဓာတ်များ ထွက်ပေါ်လာရတော့သည်။

တန်ကျိုးကျစ်မှာ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည့်တိုင်အောင် ထို အအေးဓာတ်အား အာရုံခံမိလိုက်သောအခါ အမူအရာ ပြောင်းလဲသွားရဆဲပင်။ သို့သော် သူသည် စဉ်းစားတွေးတောနေရန် အချိန်မရှိသလို စကားပြောနေရန်လည်း အချိန်မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူ၏အမြင်တွင် ဝမ်ပေါင်လဲ့မှာ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် လုံးဝမတူသောကြောင့်ပင်။

သို့သော် သူသည် တိုက်ပွဲပေါင်း မြောက်မြားစွာထဲ၌ တိုက်ခိုက်ဖူးခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ယခုလို အန္တရာယ်များနှင့် ကြုံလိုက်ရသည့်အချိန်တွင် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်ကာ သူ၏ ရှေ့တွင် စိန်အလင်းရောင်ဖန်သားပြင်တစ်ခု ဖန်တီးလိုက်၏။ ထို့နောက် သူသည် နောက်သို့ အလျင်အမြန် ထွက်ပြေးဆုတ်ခွာသွားလိုက်သည်။ သို့သော် ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏အနီးသို့ ရောက်ရှိလာပြီဖြစ်သည်။ ထို့ကြောင့် သူ၏ နတ်ဘုရားလက်နက်ကြီးမှာ ဝင်းလက်တောက်ပသည့် သက်‌တံ့ရှည်ကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး တန်ကျိုးကျစ်၏ ရှေ့တွင် ရှိနေသည့် စိန်အလင်းရောင်ဖန်သားပြင်ပေါ်သို့ ကျရောက်သွားတော့သည်။

ထိုအခါ ကောင်းကင်ယံထဲ၌ ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားပြီး နားစည်များပင် ကွဲအက်သွားစေနိုင်သည့် အက်ကွဲသံများ ထွက်ပေါ်လာ၏။ စိန်အလင်းရောင် ဖန်သားပြင်ကြီးမှာမူ အသက်ရှူကြိမ် အနည်းငယ်မျှသာ တောင့်ခံနိုင်ခဲ့ပြီးနောက် အစိတ်စိတ်အမွှာမွှာ ကြေမွသွားပြီး အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားသည်။

တန်ကျိုးကျစ်မှာ ထို ဖန်သားပြင်၏ အကူအညီဖြင့် ဝမ်ပေါင်လဲ့နှင့် ဝေးရာသို့ ထွက်ပြေးဆုတ်ခွာသွားနိုင်ခဲ့ဆဲပင်။ သို့သော် ဝမ်ပေါင်လဲ့၏ နတ်ဘုရားလက်နက် တိုက်ကွက်ကြီး ဖန်တီးပေးလိုက်သည့် လေပြင်းမုန်တိုင်းကြီးနှင့် ၎င်း၏ အံ့ဩမှင်တက်ဖွယ်ရာ အငွေ့အသက်များကြောင့် တန်ကျိုးကျစ်၏ ဝိညာဉ်မှာ တုန်ရီသွားရဆဲပင်။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ ချုပ်တည်းနိုင်စွမ်း မရှိတော့ဘဲ အော်ပြောမိလိုက်တော့သည်။

" မင်းက ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်ဘဲ ဂြိုဟ်အဆင့်မှာ ရှိနေတာပဲကွ "

ချုပ်နှောင်ခံထားရသည့် ရှန်လင်းကျစ်မှာလည်း တန်ကျိုးကျစ်နည်းတူ တုန်လှုပ်ချောက်ချားနေရ၏။ သူ၏ အမူအရာမှာဆိုလျှင် လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။ သူသည် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေပြီး မယုံကြည်နိုင်လောက်အောင်ဖြစ်ကာ နှလုံးသားထဲ၌ ကြောက်စိတ်များ ကြီးထွားလာတော့သည်။

သူသည် လှည့်စားခံလိုက်ရပြီဖြစ်ကြောင်း ချက်ချင်း တွေးမိလိုက်၏။ ဝမ်ပေါင်လဲ့မှာ သူ ယခုလို ပေါ်ပေါက်လာရန် မျှားခေါ်ခဲ့ခြင်း ဖြစ်ရပေမည်။

" တောက်ကွာ " ရှန်လင်းကျစ်မှာ သွေးပျက်နေရပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် အစွန်းကုန်ထုတ်လွှတ်ကာ အချုပ်အနှောင်ကြီးထဲမှ ဖောက်ထွက်ရန် ကြိုးစားလိုက်ပါသော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ထာဝရဝိညာဉ်အဆင့်တွင်သာ ရှိနေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ဝမ်ပေါင်လဲ့ အချိန်ပေးကာ ဖန်တီးထားခဲ့သည့် အချုပ်အနှောင်ကြီးထဲမှ ချက်ချင်း ဖောက်ထွက်နိုင်မည် မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာ သူတို့နှစ်ယောက်စလုံး မျက်နှာအမူအရာများ ပြောင်းလဲသွားသည်ကို သတိထားမိလိုက်သောအခါ မျက်ဝန်းများ အရောင်တောက်ပသွားပြီး ရုတ်တရက်ဆိုသလို ရယ်မောလိုက်၏။

" နောက်ဆုံးတော့ ကျုပ် ခဗျားတို့ နှစ်ယောက်စလုံးကို မျှားခေါ်နိုင်ခဲ့ပြီ။ ကြည့်ရတာ ကျုပ်ရဲ့ အစီအစဉ်တွေ အလဟဿ မဖြစ်တော့ဘူးထင်တယ် " သူ ထိုသို့ဆိုလိုက်သည်နှင့် ရှန်လင်းကျစ်မှာ ပို၍ပင် ထိတ်ထိတ်ပျာပျာ ဖြစ်သွားရပြီး တန်ကျိုးကျစ်မှာလည်း စိုးရိမ်စိတ်များ ပိုမို ကြီးထွားလာရတော့သည်။ သူသည် သူ၏ နတ်ဘုရားစိတ်ဆန္ဒဖြင့် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် အခြားမည်သူမှ ရှိမနေကြောင်း သိလိုက်ရသည့်တိုင်အောင် သူ၏ ဘေးပတ်ဝန်းကျင်အား အာရုံစိုက်နေရဆဲပင်။

ဝမ်ပေါင်လဲ့မှာလည်း သူ ထိုသို့ ဖြစ်သွားအောင် ထိုစကားများကို ပြောခဲ့ခြင်းဖြစ်ပေသည်။ တန်ကျိုးကျစ်တစ်ယောက် ဗျာများကာ အာရုံထွေပြားသွားသည်နှင့် တစ်ပြိုင်နက် သူသည် ရှေ့သို့ ပြေးထွက်လာပြီး အသွားထက် ဓားတစ်လက်ကဲ့သို့ တန်ကျိုးကျစ်ဆီသို့ ထပ်၍ ဦးတည်သွားလိုက်တော့သည်။

သူ ထိုသို့ ပြေးထွက်သွားသည်နှင့် သူ၏ မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ ၎င်း၏ စွမ်းအားများအားလုံးကို ထုတ်လွှတ်လိုက်၏။ ဝမ်ပေါင်လဲ့မှာ သူ၏ ဘယ်ဘက်လက်သီးအား ဆုပ်လိုက်သောအခါ ၎င်းမှာ ရုတ်တရက်ဆိုသလို ဧရာမဝဲကြီးတစ်ခုအသွင် ပြောင်းလဲသွားသည်။ ထို့နောက် ၎င်းမှာ ဆွဲငင်အားတစ်မျိုးကို ထုတ်လွှတ်ရင်း ဆွေ့ရှင်းပေါင်ပညာရပ်အဖြစ် ပြောင်းလဲသွားတော့သည်။

ထိုပညာရပ်မှာ သူ ပြည်ထောင်စုကြီးထဲတွင် ရှိနေခဲ့စဉ်တုန်းက လေ့လာခဲ့သည့် သာမန် နတ်ဘုရားစွမ်းရည်တစ်ခုသာ ဖြစ်ပါသော်လည်း သူ၏ လက်ရှိခြင်းကျန်ခြင်းအဆင့်နှင့် မင်းဧကရာဇ်ချပ်ဝတ်တန်ဆာကြီးတို့၏ အားဖြည့်ပေးမှုများကြောင့် ၎င်း၏ ပြင်းအားမှာ အံ့ဩမှင်တက်ဖွယ်ရာ အဆင့်တစ်ခုသို့ ရောက်နေပြီ ဖြစ်သည်။

ထို ဆွေ့ရှင်းပေါင်ပညာရပ်မှာ ဂြိုဟ်များကိုပင် ကွဲအက်သွားအောင်လုပ်ကာ ဖောက်ခွဲပစ်နိုင်စွမ်း

ရှိပေသည်။

တန်ကျိုးကျစ်မှာမူ နှလုံးသားထဲ၌ စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေပြီး မျက်စိမျက်နှာပျက်နေရပြီ ဖြစ်သည်။ လက်ရှိအခြေအနေများအရ သတ္တိပိုကောင်းသည့်သူမှာ အနိုင်ရရှိမည်ဖြစ်ကြောင်း သူက သိထား၏။ အကယ်၍ သူသည် သူ့ပြိုင်ဘက်၏ စွမ်းအားများကို လျှော့ချနိုင်စွမ်း မရှိပါက ထိုနေရာတွင်ပင် ချက်ချင်းသေဆုံးသွားနိုင်ပေသည်။ ထို့ကြောင့် သူသည် စိတ်တထင့်ထင့် ဖြစ်နေရသည့်တိုင်အောင် မျက်ဝန်းများထဲမှ တိုက်ခိုက်လိုစိတ်များ ပေါက်ကွဲထွက်ပေါ်လာဆဲပင်။ ထို့နောက် ဝမ်ပေါင်လဲ့ သူ့ဆီသို့ ပြေးလာချိန်တွင် သူသည် အသံကုန် အော်ဟစ်လိုက်၏။

" အဆုံးမဲ့တာအိုခန္ဓာကိုယ် " သူ ထိုသို့ အော်ဟစ်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်ထဲမှ ထစ်ချုန်းသံများ ထွက်ပေါ်လာ၏။ ထို့နောက် သူ၏ ကိုယ်ထဲမှ နောက်ထပ် လက်လေးဖက်နှင့် ခေါင်းနှစ်လုံး ထိုးထွက်လာသဖြင့် သူသည် လက်ခြောက်ဖက်နှင့် ခေါင်းသုံးလုံး ပိုင်ဆိုင်သွားတော့သည်။

၎င်းမှာ အဆုံးမဲ့မျိုးနွယ်စုဝင်များအားလုံး၏ ခန္ဓာကိုယ်အစစ် ဖြစ်ပေသည်။ သူ၏ ခန္ဓာကိုယ်အစစ် ပေါ်ပေါက်လာသည်နှင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများနှင့် တိုက်ရည်ခိုက်ရည် စွမ်းအားများမှာလည်း ပိုမို အားကောင်းလာတော့သည်။ ထို့အပြင် သူ၏ခန္ဓာကိုယ် အပြင်ဘက်၌ လေမုန်တိုင်းတစ်ခု ပေါ်ပေါက်လာပြီး ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်တိုက်ခတ်သွားသည်။

သူတို့နှစ်ယောက်စလုံးမှာ လျှပ်စီးတန်းများကဲ့သို့ မြန်ဆန်လွန်းနေ၏။ သာမန် ကျင့်ကြံသူများမှာဆိုလျှင် သူတို့၏ ခန္ဓာကိုယ်များကိုပင် ရှင်းရှင်းလင်းလင်း မြင်နိုင်မည်မဟုတ်ပေ။ သူတို့မှာ မှုန်ဝါးဝါးဖြစ်နေသည့် အလင်းကွက်ကြီးနှစ်ကွက် အချင်းချင်း ဝင်တိုက်သွားသည်ကိုသာ မြင်လိုက်ရမည် ဖြစ်သည်။

ထိုအခါ အုန်းခနဲ အသံကျယ်ကြီးတစ်သံ မြည်ဟည်းသွားပြီး ဝမ်ပေါင်လဲ့၏ ဆွေ့ရှင်းပေါင်ပညာရပ်မှာ တန်ကျိုးကျစ်၏ လက်နှစ်ဖက်ကြောင့် ရပ်တန့်သွား၏။ ဝမ်ပေါင်လဲ့၏ ‌ဆွေ့ရှင်းပေါင် ပညာရပ် ကိန်းအောင်းနေသည့် ထို လက်သီးချက်ကြီးမှာ တန်ကျိုးကျစ်အား နောက်သို့ တွန်းထုတ်နိုင်ခဲ့ခြင်း မရှိသည့်တိုင်အောင် သူ၏ လက်နှစ်ဖက်မှာ အပြင်းအထန် တုန်ရီသွားရဆဲပင်။

သူတို့နှစ်ယောက် ထိုကဲ့သို့ ထိပ်တိုက်ရင်ဆိုင်တွေ့သွားသည့်အချိန်တွင် တန်ကျိုးကျစ်မှာ မျက်ဝန်းများ အေးစက်စွာတောက်ပသွား၏။ သူသည် လက်နှစ်ဖက်ဖြင့် သူ့ကိုယ်သူ ခုခံကာကွယ်လိုက်ပြီးနောက် အခြား လက်နှစ်ဖက်ကိုမြှောက်ကာ ဝမ်ပေါင်လဲ့၏ ဦးခေါင်းအား လှမ်းရိုက်လိုက်တော့သည်။

သူ၏ အငွေ့အသက်များမှာ အလွန်အင်မတန်မှ ဖိနှိပ်အားကောင်းနေသောကြောင့် ထိုလက်ကြီးနှစ်ဖက် ဝမ်ပေါင်လဲ့၏ ဦးခေါင်းအား ရိုက်ခတ်မိသွားသည်နှင့် ၎င်းမှာ ချက်ချင်း တစ်စစီ ကြေမွသွားရမည်သာ ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာလည်း အားမန်အပြည့်ဖြင့် အလျင်အမြန် ပြန်လည် တုံ့ပြန်တိုက်ခိုက်လိုက်သည်။ ထိုအခါ သူ၏ ညာဘက်လက်ထဲမှ နတ်ဘုရားလက်နက်ကြီးမှာ ချက်ချင်းဆိုသလိုပင် ရုပ်လုံးပေါ်လာ၏။ ထို့နောက် သူသည် ရှောင်တိမ်းနေခြင်း မရှိဘဲ တန်ကျိုးကျစ်၏ လည်ပင်းအား လှမ်းခုတ်လိုက်တော့သည်။

ထိုကဲ့သို့ မိုက်ရူးရဲဆန်လွန်းသည့် တိုက်ကွက်ကြီးကြောင့် တန်ကျိုးကျစ်၏ ဝိညာဉ်မှာ ဆတ်ခနဲ တုန်ရီသွားရ၏။ သူသည် အလွန်အင်မတန်မှ ရက်စက်ကြမ်းကြုတ်သည့် တိုက်ကွက်များကိုသာ ပိုင်ဆိုင်ထားသော အရူးတစ်ယောက်နှင့် တိုက်ခိုက်နေရသကဲ့သို့ ခံစားနေရတော့သည်။ ထို့ကြောင့် သူသည်လည်း အံကြိတ်လိုက်ပြီး မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ တောက်ပလာ၏။ ထို့နောက် သူသည် နောက်ထပ် လက်နှစ်ဖက်အား ထပ်မြှောက်လိုက်ပြီး ဝမ်ပေါင်လဲ့၏ နတ်ဘုရားလက်နက်ကြီးအား ခုခံတားဆီးနိုင်ရန် ကြိုးစားလိုက်သည်။

နတ်ဘုရားလက်နက်ကြီး၏ စွမ်းအားများကို သူ၏ လက်နှစ်ဖက်တည်းနှင့် အပြီးတိုင် တားဆီးနိုင်ရန်မှာ မဖြစ်နိုင်ပါသော်လည်း ထိုအခိုက်အတန့်တွင် ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များမှာ တန်ကျိုးကျစ်၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်ပေါ်လာ၏။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ထိုလက်နှစ်ဖက်အား ဖောက်ခွဲပစ်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့၏ တိုက်ကွက်ကြီးအား အတင်းအဓမ္မ ခုခံတားဆီးလိုက်တော့သည်။

ထို အခြင်းအရာများအားလုံးမှာ သူတို့နှစ်ယောက် ထိပ်တိုင်ရင်ဆိုင်တွေ့သွားသည့် အခိုက်အတန့်လေးထဲ၌ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ တိုက်ကွက်တစ်ကွက်ချင်းစီတိုင်းမှာ သူတို့၏ အသက်အား အဆုံးအဖြတ်ပေးနိုင်စွမ်း ရှိပေသည်။ တန်ကျိုးကျစ်မှာ ဂြိုဟ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ကျင့်ကြံခြင်းအဆင့်အပိုင်းတွင် အသာစီးရထား၏။ သူသည် ဝမ်ပေါင်လဲ့၏ ဘယ်ဘက်လက်နှင့် ညာဘက်လက်ထဲမှ ထွက်ပေါ်လာသည့် နတ်ဘုရားစွမ်းရည်များကို ခုခံတားဆီးနိုင်ခဲ့ပြီး ယခုတွင် သူ၏ လက်နှစ်ဖက်မှာ ဝမ်ပေါင်လဲ့၏ ဦးခေါင်းဆီသို့ အရှိန်အဟုန်ပြင်းစွာ ဦးတည်သွားနေပြီ ဖြစ်သည်။

ထိုမြင်ကွင်းကြောင့် ချုပ်နှောင်ခံထားရသည့် ရှန်လင်းကျစ်မှာ ကြိုးစားရုန်းကန်နေရာမှ တစ်ခဏမျှ ငြိမ်သက်သွားပြီး စိတ်လှုပ်တရှား ဖြစ်သွားရ၏။ တစ်အောင့်ခန့် အကြာတွင် သူ ‌မြင်‌တွေ့ချင်နေသည့် မြင်ကွင်းကြီးမှာ အမှန်တကယ် ပေါ်ပေါက်လာတော့သည်။

ဘေးပတ်ဝန်းကျင် တစ်ခုလုံး၌ ထစ်ချုန်းသံများ မြည်ဟည်းနေပြီး ဝမ်ပေါင်လဲ့မှာ သွေးရူးသွေးတန်း ဖြစ်လာရပါသော်လည်း အချည်းနှီးပင်။ သူသည် နောက်သို့ ထွက်ပြေးဆုတ်ခွာနိုင်ရန် အစွမ်းကုန်ထုတ်ကာ ကြိုးစားလိုက်ပါသော်လည်း တန်ကျိုးကျစ်မှာ သူ့အား ခွင့်ပြုမည်မဟုတ်ပေ။ ထို့ကြောင့် တစ်အောင့်ခန့်အကြာတွင် သူ၏ လက်ကြီးနှစ်ဖက်မှာ ဝမ်ပေါင်လဲ့၏ ဦးခေါင်းအား ရိုက်ခတ်သွားသဖြင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားရပြီး စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်ရတော့သည်။ ထို့နောက် သူ၏ ဦးခေါင်းမှာ ပေါက်ကွဲသွားပြီး သူ၏ ခန္ဓာကိုယ်မှာလည်း တန်ကျိုးကျစ်၏ တိုက်ကွက်ကြီးအား တောင့်ခံနိုင်စွမ်း မရှိသည့်ပုံဖြင့် ပေါက်ကွဲသွားကာ သွေးစသွေးနများအဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွား၏။

သူသည် ရုတ်ခြည်းဆိုသလို သေဆုံးသွားခဲ့သည်ဖြစ်ရာ တန်ကျိုးကျစ်ပင်လျှင် သူ၏ အောင်မြင်မှုကြောင့် မှင်တက်သွားရ၏။ သူသည် တစ်ခုခုမှာ လွဲနေသည်ဟု ခံစားနေရဆဲပင်။ သို့သော် သူ ထိုသို့ ခံစားလိုက်ရပြီး ပြန်လည်တုံ့ပြန်နိုင်စွမ်း မရှိခင်မှာပင် အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားကြသည့် သွေးစသွေးနများမှာ မြူခိုးများအဖြစ် ချက်ချင်း ပြောင်းလဲသွားတော့သည်။

ထို သွေးစသွေးနများမှာ အရက်မျက်နှာအနှံ့သို့ လွင့်စင်သွားခဲ့သည်ဖြစ်ရာ ယခုတွင် မြူခိုးများမှာ တန်ကျိုးကျစ်၏ ခန္ဓာကိုယ်ပတ်ပတ်လည်၌ ရစ်ပတ်ထားကြပြီ ဖြစ်သည်။ ထို သွေးစသွေးနများ မြူခိုးများအဖြစ် ပြောင်းလဲသွားသည့်နှင့် တစ်ပြိုင်နက် တန်ကျိုးကျစ်မှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားရပြီး မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။ ထိုအချိန်တွင် ထိုမြူခိုးများမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားကြတော့သည်။

All Chapters