← Chapters

အသိဉာဏ်ရှိပါ

Vol. 30 Ch. 406

အသိဉာဏ်ရှိပါ

Vol. 30 Ch. 406

လီထျန်းရှင် မျက်နှာပျက်သွားပြီး မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်းက တမုဟုတ်ချင်း ပြောင်းလဲသွားသည်။ မှော်အစီအရင် ကောင်းကင်နတ်သိုင်းအရာ၌ လီထျန်းရှင်သည် တစ်လောကလုံးတွင် နံပါတ်တစ်ဖြစ်သည်ဟု ဆိုလျှင် မမှားပေ။

သူ၏လက်ဝါးသိုင်းက ရုပ်ခန္ဓာကောင်းကင်နတ်သိုင်း ထင်ရသော်လည်း အမှန်တွင် မှော်အစီအရင်ကောင်းကင်နတ်သိုင်း ဖြစ်၏။ လက်ဝါးသိုင်းကွက်အတွင်း၌ အတွင်းဟင်းလင်းပြင်တစ်ခု ပုန်းကွယ်နေပြီး ပြောင်းလဲမှုပေါင်းများစွာ ကိန်းဝပ်နေသည်။ လက်ဝါးသိုင်းကို ဖွဲ့တည်ထားသော ကြယ်များ လည်သွားသည့်အခါ အားလှိုင်းက ပြောင်းလဲသွားတတ်ပြီး စွမ်းအားလည်း တူညီတော့မည်မဟုတ်ပေ။

ဤကောင်းကင်နတ်သိုင်းသည် ပြီးပြည့်စုံလွန်း၍ နောက်ပိုင်း သူ တီထွင်ဖန်တီးခဲ့သော ကောင်းကင်နတ်သိုင်းအားလုံး ၎င်းကို မကျော်နိုင်ခဲ့ပေ။ သစ်ခုတ်သမား၏ သင်ကြားပို့ချမှုများမှတစ်ဆင့် သူ၏ပေါင်းစည်းကျင့်စဉ်ကို ဖန်တီးကာ မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်းဟု နာမည်ပေးခဲ့သည်။ မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်းက မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာထဲရှိ ကောင်းကင်နတ်သိုင်းအားလုံးကို ထိန်းချုပ်နိုင်၏။

သို့တိုင်တောင် သူ လက်ဝါးအားလှိုင်းကို မည်မျှပြောင်းလဲစေကာမူ ရှင်းအန်းက အ‌ရေးမစိုက်ပေ။ သူက ကောင်းကင်နတ်သိုင်း၏ အပြောင်းအလဲများကိုပင် ခန့်မှန်းစရာမလိုဘဲ ခွန်အားသက်သက်ဖြင့် ဖြိုခွဲပစ်နေသည်။

နတ်ဘုရား၏ လက်သီး၊ နတ်ဘုရား၏ အင်အား၊ နတ်ဘုရား၏ မှော်စွမ်းအားတို့ဖြင့် ရှင်းအန်းက နတ်ဘုရားတစ်ပါးပမာ သူ၏ကောင်းကင်နတ်သိုင်းကွက်များကို အေးအေးလူလူ ဖျက်စီးပစ်နေသည်။

လီထျန်းရှင်၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာပြီး ရှင်းအန်း၏လက်ဝါးမှ ကြောက်မက်ဖွယ်ရာ အားလှိုင်းတစ်ခု တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။ ထိုအားလှိုင်းက သူ၏ချီစွမ်းအင်ကို တွန်းထုတ်ကာ မိစ္ဆာမျိုးစေ့ကို ထိုးနှက်လိုက်၏။

ရွာလူကြီးနှင့် မျက်ကန်းတို့ စိတ်နှလုံးမိစ္ဆာကို ရှင်းလင်းပြီး စစ်ယိုယိုအား ကယ်တင်ရန် တွေးခဲ့ဖူးသော်လည်း လီထျန်းရှင်၏ မူလဝိညာဉ်က စစ်ယိုယို၏ တာအိုနှလုံးသားထဲ၌ အမြစ်တွယ်နေ၍ ဖယ်ရှားရန် နည်းလမ်းမရှိခဲ့ပေ။ တထာဂတလည်း လီထျန်းရှင်ကို မချေချွတ်နိုင်ခဲ့သော်လည်း ရှင်းအန်းက မိစ္ဆာမျိုးစေ့အား ဖျက်စီးချင်နေသည်။

ဧကရာဇ်ယန်ဖုန်းနှင့် မျက်ကန်း ဘေးနှစ်ဖက်မှ တိုက်ခိုက်လိုက်ကြသည်။ ယွီကျောက်ချင်းလည်း ထလာပြီး တိုက်ခိုက်၏။ ရှင်းအန်း၏ လက်လေးဖက်က ဧကရာဇ်ယန်ဖုန်းနှင့် မျက်ကန်း၏ သိုင်းကွက်များကို ရင်ဆိုင်နေပြီး သူ၏ချီစွမ်းအင်က ငယ်ထိပ်မှ ထွက်လာကာ ကောင်းကင်တံတားတစ်စင်းအသွင် ဖွဲ့တည်လိုက်သည်။ မူလဝိညာဉ်က တံတားပေါ်တွင် ရပ်၍ ယွီကျောက်ချင်းကို ခုခံနေသည်။ ရှင်းအန်းသည် လူသုံးယောက်၏ သိုင်းကွက်များကို တွန်းလှန်နေရသော်လည်း ဒဏ်ရာအပြင်းအထန် ရနေသည်မှာ သူ မဟုတ်ပေ။

မည်မျှကြောက်မက်ဖွယ်ရာ ကောင်းလှသနည်း။

ဧကရာဇ်ယန်ဖုန်းမှာ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ကို မကျော်နိုင်ဖြစ်နေသည်။ မျက်ကန်းအနေဖြင့် ရှင်းအန်၏ သိုင်းကွက်များကို ဖောက်ထွက်နိုင်သော်လည်း ရှင်းအန်း၏ အင်အားက သန်မာအားကောင်းလွန်း၏။ မှော်စွမ်းအင်ကလည်း မျက်ကန်းထက် ပိုမိုသိပ်သည်းသည့်အတွက် သူ၏လှံချက်များက ချက်ကောင်းကို မထိပေ။

ကောင်းကင်တံတားပေါ်ရှိ ယွီ‌ကျောက်ချင်းနှင့် ရှင်းအန်း၏ မူလဝိညာဉ်အကြား တိုက်ပွဲမှာလည်း ပြင်းထန်နေသည်။ ရှင်းအန်း၏ မူလဝိညာဉ်က အလွန်ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်းက တစ်ချက်တစ်ချက် နဂါးစိမ်းနတ်ဘုရားအသွင်မှ ကျားဖြူနတ်ဘုရား ဖြစ်သွားတတ်သည်။ တစ်ခါတရံ လိပ်နက်နတ်ဘုရားအဖြစ် ပြောင်းလဲသွားပြီး မီးငှက်နတ်ဘုရားလည်း ဖြစ်လာတတ်၏။

သူက သိုင်းပညာရှင်များ၏ နတ်ဘုရားအဆင့် မူလဝိညာဉ်များကိုပင် လုယူထားချေသည်။

“မပျက်စီးနိုင်ဘူး၊ မပျက်စီးနိုင်ဘူး...”

လီထျန်းရှင်၏ပါးစပ်မှ သွေးများ စီးကျနေပြီး မိစ္ဆာမျိုးစေ့က တဖြည်းဖြည်း တုန်ခါလာသည်။ သို့သော် မိစ္ဆာမျိုးစေ့ မပျက်စီးခင်၊ ရုပ်ခန္ဓာကိုယ်က ရှင်းအန်း၏ အင်အားကို တောင့်ခံနိုင်မည်မဟုတ်ပေ။

ဤခန္ဓာကိုယ်က စစ်ယိုယို၏ ခန္ဓာကိုယ်မဟုတ်ပါလော။ လီထျန်းရှင်က သူ၏မူလဝိညာဉ်ကို စိတ်နှလုံးမိစ္ဆာအဖြစ် ပြောင်းလဲကာ သူမတာအိုနှလုံးသားထဲတွင် မိစ္ဆာမျိုးစေ့ စိုက်ပျိုးခဲ့သည်။ ထို့နောက် စစ်ယိုယို၏ ခန္ဓာကိုယ်ကို ငှား၍ သူ့ကိုယ်သူ အားဖြည့်ရင်း သန်မာအားကောင်းလာခြင်း ဖြစ်၏။ မကြာသေးမီကမှ သူ စစ်ယိုယို၏ခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်ခဲ့သည်။ ထို့ကြောင့် စစ်ယိုယို၏ သိုင်းအဆင့်က ကြောက်မက်ဖွယ်ရာ မြင့်တက်သွားပြီး လွန်ခဲ့သည့်တစ်နှစ်က သေခြင်းရှင်ခြင်းအဆင့်ကို ကျော်ဖြတ်ကာ ကောင်းကင်တံတားအဆင့်သို့ ဝင်ရောက်ခဲ့၏။

သို့တိုင်အောင် စစ်ယိုယို၏ မူလဝိညာဉ်မှာ ရှင်းအန်း၏ သိုင်းကွက်များကို ခံနိုင်ရည်မရှိပေ။ လီထျန်းရှင်၏ မိစ္ဆာမျိုးစေ့ မပြိုကွဲခင် ရှင်းအန်း၏လက်ထဲတွင် စစ်ယိုယို သေရလိမ့်မည်။

“စစ်ယိုယို သေတာနဲ့ ဒီခန္ဓာကိုယ်က ငါ့အပိုင် ဖြစ်လာလိမ့်မယ်။ ဒါဆို ငါ လွတ်လပ်သွားပြီး ရှင်းအန်း ငါ့ကို မထိန်းချုပ်နိုင်တော့ဘူး...”

လီထျန်းရှင် အလွန်ဝမ်းသာနေသည်။ စစ်ယိုယို၏ ပြစ်မျိုးမှဲ့မထင် ခန္ဓာကိုယ်ကို သူ အပိုင်စီးရန် ကြိုးစားခဲ့သော်လည်း မျက်ကန်း၊ ရွာလူကြီးနှင့် တထာဂတတို့ကြောင့် မအောင်မြင်ခဲ့ပေ။ ယခုတော့ သူ၏ဆန္ဒ ပြည့်ဝပေတော့မည်။

သူ ချစ်သည်မှာ စစ်ယိုယိုမဟုတ်ဘဲ သူမ၏ခန္ဓာကိုယ် ဖြစ်သည်။ နတ်ဘုရားများပင် မနာလိုဖြစ်ရလောက်အောင် လှရက်လွန်းသော မိန်းမတစ်ယောက် ဖြစ်ရခြင်းက မည်မျှကောင်းလှမည်နည်း။

ထင်ပေါ်လွန်းသည့် အလှ၊ ဆွဲဆောင်မှုလွန်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရလျှင် သူ့အား လူတိုင်း သမင်လည်ပြန် ငေးမောစိုက်ကြည့်ရလိမ့်မည်။ သူ့အတွက်ဆိုလျှင် ကောင်းကင်ယံက လမင်းကြီးကိုပင် ခူးဆွတ်ပေးရသည်ဖြစ်စေ မည်သည့်အရာကိုမဆို ဖြည့်ဆည်းပေးကြလိမ့်မည်။ လူတိုင်း သူ့ကို အရူးအမူး ချစ်ကြလိမ့်မည်။

သူ မည်သည့်အရာကိုမဆို တောင့်တလိုက်ရုံနှင့် ရလိမ့်မည်။

ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းသခင်ဟောင်း ဖြစ်သည်နှင့်အားလျော်စွာ သူက သိုင်းစွမ်းရည်သာ မြင့်မားခြင်းမဟုတ်ပေ။ သူ လွတ်လာလျှင် သူ့ကို တားနိုင်မည့်သူ ဤကမ္ဘာပေါ်တွင် မရှိတော့။

ကောင်းကင်နတ်ဆိုးဂိုဏ်းသားများသည် ထွက်ပြေးလွတ်မြောက်သိုင်းမျိုးစုံကို တတ်မြောက်ကျသည်။ သူက ဤနယ်ပယ်တွင် ဆရာတစ်ဆူပင် ဖြစ်၏။

ယခု သူ့အနေဖြင့် ရှင်းအန်း စစ်ယိုယို၏ မူလဝိညာဉ်အား ဖယ်ရှားလိုက်မည်ကို စောင့်ရုံသာ လိုသည်။ ထို့နောက်တွင် သူ လွတ်လပ်သွားပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်မည်။

သို့တိုင်အောင် အကြောင်းပြချက်ဟူ၍မရှိဘဲ လီထျန်းရှင်၏ နှလုံးသားထဲတွင် စိုးရိမ်စိတ်တို့ ဖြစ်တည်လာ၏။

လွန်ခဲ့သော နှစ်တစ်ရာတုန်းက သာယာလှပ‌သော မနက်ခင်းတစ်ခုကို သူ မြင်ယောင်လိုက်မိသည်။ ထိုအချိန်က လူငယ်ဂိုဏ်းချုပ် စစ်မိသားစု၏ ကလေးမလေးကို‌ ခေါ်၍ သူ့ကို လာရှာသည့်အချိန် ဖြစ်သည်။

“ဒါ စစ်ယိုယိုတဲ့။ ဒီမျိုးဆက်ရဲ့ ကောင်းကင်နတ်မယ် ဆိုပေမယ့် ငါ သူ့ကို မသင်ပေးနိုင်ဘူး။ ငါထက်စာရင် မင်းက ငယ်လည်းငယ်သေးတယ်ဆိုတော့ ငါ့ထက် ဒုက္ခခံနိုင်မှာပါ”

လူငယ်ဂိုဏ်းချုပ်က ကလေးမလေးကို သူ့လက်ထဲ အပ်ကာ ခပ်သုတ်သုတ် လှည့်ပြန်သွားသည်။ ကလေးမလေးက အလွန်အန္တရာယ်များသော သားရဲကြီးတစ်ကောင်အလား သူ ထွက်ပြေးသွား၏။

ထိုအချိန်တုန်းက စစ်ယိုယိုမှာ ဆယ့်သုံးနှစ်သာ ရှိသေးသည်။ သူတို့နှစ်ယောက်၏ ပထမဆုံးတွေ့ဆုံမှုကို သူ မှတ်မိပါသေး၏။

နွေးထွေးသော သူမ၏လက်ကလေးက သူ့နှလုံးသားကို ဖြစ်ညစ်လိုက်သကဲ့သို့ သူ ခံစားလိုက်ရပြီး သူ့မျက်ဝန်းထဲတွင် ကလေးမလေးသာ ရှိတော့သည်။ သူ၏ရင်ခုန်သံတို့က ဘင်ခရာတီးသကဲ့သို့ ဆူညံနေပြီး သူ အကြီးအကျယ် ပျော်ရွှင်မိခဲ့သည်။

သို့သော် သူက သူမ၏ဆရာ ဖြစ်၍ တပည့်ဖြစ်သူအပေါ် မကောင်းသည့် အတွေးမထားသင့်ကြောင်း သူ သိပါသည်။

သူ စစ်ယိုယိုကို သိထားသမျှအကုန်လုံး စိတ်ပါလက်ပါ သင်ပေးခဲ့ပြီး ဆရာကျင့်ဝတ်နှင့် သိက္ခာကို အမြဲ စောင့်ထိန်းခဲ့သည်။ သို့ပါသော်လည်း နက်မှောင်ရွှန်းလဲ့နေသည့် သူမ၏မျက်ဝန်းများနှင့် ဆုံလိုက်တိုင်း မကောင်းသောအတွေးတို့သည် သမာဓိကို နှောင့်ယှက်၍ သူ၏တာအိုနှလုံးအား လှိုက်စားခဲ့၏။

စစ်ယိုယိုက အလွန်အစအနောက်သန်သော လူလည်မလေး ဖြစ်သည်။ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရှိ လူတိုင်း သူမ ဒုက္ခပေးသည်ကို ခံရ၍ အမြဲ ပြဿနာတက်ခဲ့သည်။ လီထျန်းရှင်မှာ တပည့်မလေး၏ အရှုပ်ထုပ်များကို ရှင်းလင်းရင်း အလုပ်များခဲ့ရသည်။

သို့သော် ထိုအချိန်က သူ အပျော်ဆုံးအချိန်လည်း ဖြစ်သည်။ သူမအရှုပ်ထုပ်များကို ရှင်းလင်းရင်း အလုပ်များရသော်လည်း သူမကို သူ အလိုလိုက်ထားမိသည်။ သူမ မျက်နှာတစ်ချက် ညှိုးရမည်ကို သူ မလိုလားပေ။

သူ့အရှေ့တွင် စစ်ယိုယိုက စကားနားထောင်ပြီး လိမ္မာသည်။ ပညာကိုလည်း အတတ်မြန်၍ သူ အလွန်သဘောကျခဲ့၏။ စစ်မိသားစုတွင် တုံးအညံ့ဖျင်းသော အမျိုးသမီးဟူ၍ မရှိပေ။

ထိုစဉ်တုန်းက သူတို့နှစ်ယောက်၏ ဆရာတပည့်ဆက်ဆံရေးက အလွန်ခိုင်မာခဲ့ပြီး မကောင်းသည့်အတွေးများကို သူ မြိုသိပ်ရင်း ကျင့်သားရလာခဲ့သည်။

မည်သည့်အချိန်က သူ ပြောင်းလဲသွားခဲ့သနည်း။

စစ်ယိုယို အရွယ်ရောက်လာခဲ့သည်။ သူမ၏ ရွှတ်ရွှတ်နောက်နောက် အကျင့်လေးများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး တင့်တယ်ကြော့ရှင်းသော အလှတရားက အစားထိုးဝင်ရောက်လာခဲ့၏။ သူမ လှုပ်ရှားလိုက်တိုင်း၊ စကားပြောလိုက်တိုင်း ဆွဲဆောင်မှုရှိနေရာ သူ သူမအပေါ်မှ အကြည့်မခွာနိုင်အောင် ဖြစ်ခဲ့မိသည်။

ဆရာတစ်ယောက်အနေဖြင့် တပည့်အပေါ် မကောင်းသည့်အတွေးများ မထားသင့်ကြောင်း သိပါသော်လည်း သူ မမြိုသိပ်နိုင်တော့ပေ။

စစ်ယိုယို ရေချိုးသည်ကို သူ ချောင်းကြည့်သည်။ သူမ ဝတ်ဖူးသော အဝတ်များကို သူ သိမ်းထားသည်။ သူ သူမကို အရူးအမူး စွဲလမ်းလာခဲ့၏။

သို့သော် စစ်ယိုယို သိသွားသည့်အခါ သူ့အား တစတစ ရှောင်ဖယ်ခဲ့သည်။

ထိုအချိန်မှစပြီး သူ၏စွဲလမ်းမှုက လောဘအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်လိမ့်မည်။

မရနိုင်လေလေ၊ လိုချင်လေလေ ဖြစ်လာပြီး တွေးလေလေ၊ သူ့နှလုံးသားသည် ဖောက်ပြန်လာ၏။ သူ ချစ်သည်က သူ့တပည့်မဟုတ်ဘဲ အလှဆုံးခန္ဓာကိုယ် ဖြစ်သည်ဟု သူ ခံစားလာခဲ့ရသည်။

သူ၏ပြောင်းလဲမှုကို သူ သတိထားမိ၍ တုန်လှုပ်ချောက်ချားမိခဲ့သည်။

တာအိုနှလုံးသား ဖောက်ပြန်ပျက်ပြားသွားခြင်းကြောင့် သူ ထိတ်လန့်လာသည်။ တာအိုနှလုံးသားကို ကယ်တင်ရန် သူ အကြံတစ်ခု ရလိုက်သည်။

‘ဆရာနှင့်တပည့် မပေါင်းဖက်ရ’ ဟူသော စည်းမျဉ်းက ရှိနေချေရာ သူ့အနေဖြင့် စစ်ယိုယိုဖြစ်လာပြီး လှပသောခန္ဓာကိုယ်ဖြင့် ဆက်လက်နေထိုင်သွားနိုင်သည်။

သူ ဂိုဏ်းသခင်အာဏာကို အသုံးချပြီး အကြံအစည်ကို စတင်အကောင်အထည် ဖော်၏။ သူ့ကို ဆန့်ကျင်သော ဂိုဏ်းသားအားလုံး ထောင်သွင်းအကျဉ်းချမခံရလျှင် ကွပ်မျက်ခံရသည်။ နောက်ဆုံးတော့ သူ၏ဆန္ဒအတိုင်း ပထမဇနီးကို ကွာရှင်းကာ တပည့်ဖြစ်သူကို လက်ထပ်လိုက်၏။

ထိုညတွင် စစ်ယိုယိုက သူ့ကို သတ်ရန် အပြင်းအထန် တိုက်ခိုက်ခဲ့သော်လည်း သူ မျှော်လင့်ထားပြီးဖြစ်သည်။ ထို့နောက် သူ သူမ၏တာအိုနှလုံးသားထဲတွင် စိတ်နှလုံးမိစ္ဆာအဖြစ် ပုန်းအောင်းနေထိုင်ကာ သူမ ဖြစ်လာနိုင်မည့်နေ့ကို စောင့်နေခဲ့သည်။

လီထျန်းရှင် ထိုအဖြစ်အပျက်အားလုံးကို ပြန်တွေးပြီး မျက်လုံးများ ကြောင်ငေးနေ၏။

‘ငါ ရှုံးသွားပြီ။ သူ့ကို ပထမဆုံး တွေ့လိုက်ရတဲ့ အဲဒီမနက်ခင်းမှာကတည်းက ငါ့တာအိုနှလုံးသားက ပျက်စီးသွားခဲ့တာပဲ...”

ရှင်းအန်း၏ အရှိန်အပြင်း သိုင်းကွက်များကြောင့် လီထျန်းရှင် သွေးအန်ပြီး ဆက်တိုက်နောက်ဆုတ်နေရသည်။

လူငယ်ဂိုဏ်းချုပ် စစ်ယိုယိုကို လာပို့ကတည်းက တပည့်ဖြစ်သူကို သူ မြင်မြင်ချင်း ချစ်မိသွားခဲ့သည်။ သူ့တာအိုနှလုံးသားကို ဖျက်စီးခဲ့သူက စစ်ယိုယိုမဟုတ်ဘဲ သူကိုယ်တိုင်သာ ဖြစ်နေသည်။

စွဲလမ်းမှုကြောင့် ဆရာနှင့်တပည့်ပတ်သက်မှုကို အရောင်ဆိုးခဲ့မိ၍ သူ၏တာအိုနှလုံးသားသည် ဖောက်ပြန်ပျက်စီးလာခဲ့ကာ တခြားသူများ၏ မျက်လုံးထဲတွင် ဟာသသဖွယ် ဖြစ်လာခဲ့၏။

သူ သူမ၏ခန္ဓာကိုယ်ကို ရလိုခဲ့ခြင်းမဟုတ်ဘဲ အစမှအဆုံးအထိ သူမကိုသာ မြတ်မြတ်နိုးနိုး ချစ်ခဲ့မိခြင်းဖြစ်သည်။ ဖောက်ပြန်ပျက်စီးနေသော တာအိုနှလုံးသားက သူ့ကို စစ်ယိုယို ဖြစ်ချင်သည်ဟု ထင်မိအောင် လုပ်ခဲ့ခြင်းဖြစ်သည်။

“ပထမဆုံး မြင်လိုက်ရကတည်းက ငါ ရှုံးနိမ့်သွားခဲ့တာပဲ။ ဂိုဏ်းချုပ်၊ ခင်ဗျား ကျုပ်ကို ဒုက္ခပေးတယ်..”

စစ်ယိုယိုကို လာပို့သည့် မနက်ခင်းတုန်းက လူငယ်ဂိုဏ်းချုပ် ပြောခဲ့သော စကားနောက်တစ်ခွန်းကို လီထျန်းရှင် ဖျတ်ခနဲ အမှတ်ရလိုက်သည်။ “မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာမှာ ‘မဟာဉာဏ်အလင်းပွင့်’ လို့ခေါ်တဲ့ စာလုံးနှစ်လုံး ပါတယ်။ အဓိပ္ပါယ်က အသိဉာဏ်ရှိပါလို့ ဆိုလိုတယ်။ နတ်ဂိုဏ်းသခင်အနေနဲ့ အဲဒီစာလုံးနှစ်လုံးနဲ့ ကိုက်ညီ‌အောင် နေဖို့ မမေ့နဲ့”

ထိုအချိန်တုန်းက ကလေးမလေးကိုသာ မျက်လုံးထဲတွင် မြင်နေခဲ့၍ ထိုစကားက တစ်ဖက်နားမှဝင်ကာ တစ်ဖက်နားမှ ထွက်သွားခဲ့သည်။ ယခုတော့ သူ ရှင်းလင်းပြတ်သားစွာ ကြားယောင်လိုက်ရချေပြီ။

“အသိဉာဏ်ရှိပါတဲ့လား.... ငါ မလိုက်နာမိခဲ့ဘူး”

လီထျန်းရှင် မာန်သွင်းဟိန်းဟောက်လိုက်သည့်အခါ ကြောက်မက်ဖွယ်ရာ မိစ္ဆာအလင်းတန်းက စစ်ယိုယို၏ နှလုံးသားထဲမှ ထွက်ပြီး ရှင်းအန်း၏ နှလုံးသားဆီသို့ တရှိန်ထိုး ပြေးဝင်သွားသည်။

အနက်ရောင်အလင်းတန်းက တံတားသဖွယ် ပြုမူကာ လီထျန်းရှင်၏ မူလဝိညာဉ်ကို ရှင်းအန်းဆီ ကူးပြောင်းပေးလိုက်၏။

“ငါ့တပည့် မင်း လွတ်လပ်ပါပြီ”

ရှင်းအန်း၏ တာအိုနှလုံးသားထဲ သူ ဝင်လိုက်ပြီး စိတ်ထဲ အေးချမ်းသွားသည်။

အဘွားစစ်က နိုးလာပြီး ဆွံ့အမှင်သက်နေသည်။ ယွီကျောက်ချင်းက သွေးအန်လျက် ကောင်းကင်ယံမှ ပြုတ်ကျလာသည်။ မျက်ကန်း၏ ကောင်းကင်လှံလုံထောင် ကွေးသွားပြီး မျက်ကန်း လက်ကျိုးသွားသည်။ ဧကရာဇ်ယန်ဖုန်းမှာ ရှင်းအန်၏ ပင့်မြှောက်ခံလိုက်ရာ မြေကြီးထဲ ဦးစိုက်ရိုက်ထည့်ခံလိုက်ရသည်။

မယ်တော်ကြီးနှင့် အမျိုးသမီးသိုင်းပညာရှင်များက ဒယိမ်းဒယိုင် ကုန်းထနေကြသည်။ ထော့ကျိုးက လက်နှစ်ဖက်ဖြင့် တွားသွားလာနေ၏။ နားကန်း၏နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာပြီး စုတ်တံကို ကိုင်ထားသော သူ့လက်များ တုန်ရီနေသည်။

ချင်မူက ဆေးလုံးများ ကမန်းကတန်း ဖော်၍ ဒဏ်ရာရနေသော ရေနဂါးများကို ကုပေးနေသည်။

အကုန်လုံး ရှုံးနိမ့်သွား၏။ အပြတ်အသတ် ရှုံးနိမ့်သွားပြီဖြစ်သည်။

ရှင်းအန်း၏လက်ဝါးက အဘွားစစ်၏ မူလဝိညာဉ်ကို ဖျက်စီးရန် အဘွားစစ်ဆီ ပြေးဝင်လာသည်။

ရုတ်တရက် သူမမျက်နှာအရှေ့လေးမှာပင် လက်ဝါးက ရပ်သွား၍ လေလှိုင်းကြောင့် သူမ၏လှပနက်မှောင်သော ဆံပင်လေးများ ရှုပ်ပွသွားသည်။

ရှင်းအန်း၏ခေါင်းတစ်လုံးက လွန်ခဲ့သော နှစ်တစ်ရာက မနက်ခင်းတုန်းကအတိုင်း သူမကို နူးညံ့နွေးထွေးသောအကြည့်ဖြင့် ငုံ့ကြည့်သည်။ “ယိုယို၊ မိန်းမလှလေးလိုပဲ ပျော်ပျော်နေပါ။ သွားတော့ မြန်မြန်...” လီထျန်းရှင်၏အသံက ရှင်းအန်း၏ခေါင်းမှ ထွက်လာသည်။ သူက ခက်ထန်စွာ အော်ဟစ်လိုက်၏။ “ရှင်းအန်း၊ ငါနဲ့အတူ သေရွာလိုက်ခဲ့။ ကောင်းကင်နတ်ဆိုးပြိုကွဲသိုင်း....”

“ဂိုဏ်းသခင်လီ၊ ခင်ဗျားက တော်တော်သတ္တိကောင်းတာပဲ။ မိစ္ဆာမျိုးစေ့လေးတစ်စေ့တည်းနဲ့ ကျုပ်ရဲ့ ရုပ်ခန္ဓာကို သိမ်းပိုက်လို့ရမယ် ထင်နေလား”

ရှင်းအန်း၏ ကျန်ခေါင်းနှစ်လုံးမှ အော်ဟစ်သံများ ထွက်လာသည်။ ရုတ်တရက် ရှင်းအန်း၏ခန္ဓာကိုယ်မှ ပြင်းပြင်းထန်ထန် ပေါက်ကွဲသွားသံ မြည်ဟည်းလာ၏။ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ခါလာကာ ခြေလက်များ ထိန်းချုပ်မရတော့ပေ။

ထော့ကျိုးက သူ့ကိုယ်သူ တွန်း၍ ခန်းမထဲမှ ပျံထွက်လာသည်။ သူ့လက်နှစ်ဖက်က ရှင်းအန်း၏ မျက်လုံးနှစ်လုံးဆီ လာနေ၏။

ယွီကျောက်ချင်းက ရှိသမျှအားကုန်ထုတ်၍ ရောင်စုံအလင်းတန်းများဖြင့် ရှင်းအန်း၏ခန္ဓာကိုယ်ကို ချုပ်လိုက်သည်။ ထိုအချိန်တွင် မျက်ကန်းက လက်တစ်ဖက်ဖြင့် လှံကို မြှောက်ကာ ရှင်းအန်၏နှလုံးသားထဲသို့ အားစိုက်ထိုးထည့်လိုက်၏။ ဧကရာဇ်ယန်ဖုန်းလည်း မာန်သွင်းဟိန်းဟောက်၍ ဦးစိုက်ကျွမ်းပြန်အနေအထားဖြင့် လေပေါ်ပျံတက်လိုက်သည်။ သူ့ဆီမှ နဂါးအသွင်မိုးကြိုးတန်းများက ရန်သူကို တရပ်စပ် ပစ်ချလိုက်သည်။

“အမှိုက်တွေ” ရှင်းအန်း၏ခန္ဓာကိုယ် ပြိုကွဲသွားသည့်အခါ သူ၏သေတ္တာထဲမှ ခေါင်းများ၊ လက်များ၊ ရင်ဘတ်တစ်ခု၊ နှလုံးတစ်ခုနှင့် ခြေထောက်များ ခုန်ထွက်လာသည်။ ခေါင်းအားလုံးက အကြီးအကျယ် ဒေါသထွက်နေကြသည်။ “အမှိုက်တွေ။ ကောင်းကင်နတ်ဆိုးပြိုကွဲသိုင်း သုံးလိုက်တော့ရော ငါ့ကို ဘာလုပ်နိုင်မှာမလို့လဲ”

လူတိုင်း သွေးများအန်လျက် လွင့်ထွက်သွားကြသည်။

ထိုအချိန်တွင် ချင်မူက ခုန်လိုက်ပြီး ရေနဂါးများက သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်သည်။ ရွှင်ပျော်ပျော်ဓားက အစိတ်အပိုင်းများ ပြန်ဆက်နေသော ရှင်းအန်းကို ခုတ်ချလိုက်၏။

“ဖယ်စမ်း”

ရှင်းအန်း၏လက်မောင်းများက ပြုတ်ထွက်လာပြီး ရေနဂါးများကို ဒဏ်ရာအပြင်းအထန် ရသွားစေသည်။ ရေနဂါးများမှာ မြေကြီးပေါ် ပြုတ်ကျကာ ပြန်မထနိုင်တော့ပေ။

ရှင်းအန်းက လက်မောင်းများကို ပြန်ခေါ်ပြီး သူ့ခန္ဓာကိုယ်အစိတ်အပိုင်းများအား ဆက်လက်တပ်နေသည်။ သူက ချင်မူ့ကို လက်ညှိုးဖြင့် တောက်လိုက်ပြီး အေးစက်စက် ပြောလိုက်၏။ “မင်းက ငါ့အတွက် လိုနေသေးလို့သာ မဟုတ်ရင် အသက်ကလေးရှူလိုက်ရုံနဲ့ မင်းကို သတ်ပစ်လိုက်လို့ရတယ်... အမ်”

သူ ယခုလေးတင် တပ်လိုက်သည့် လက်မောင်းက သူ့ချိုင်းအောက်မှ ပြုတ်ထွက်ပြီး မြေကြီးပေါ် ဘုတ်ခနဲ ကျသွားသည်။

ရှင်းအန်း မှင်သက်သွား၏။ သူ ထိုလက်မောင်းကို ငုံ့ကြည့်နေသည့်အချိန်မှာပဲ သူ့မျက်လုံးတစ်လုံးက ကျွတ်ကျသွားပြီး မြေကြီးပေါ်၌ နှစ်ပတ်လိမ့်သွားသည်။

“ဘာတွေဖြစ်နေတာလဲ” ရှင်းအန်း အကျပ်ရိုက်သွားသည်။ နားရွက်တစ်ဖက် ပြုတ်ထွက်လာသဖြင့် လှမ်းဖမ်းလိုက်သော်လည်း ထိုလက်မောင်းလည်း ပြုတ်ထွက်သွား၏။

သူ ချင်မူ့ကို ကမန်းကတန်း မော့ကြည့်လိုက်သည့်အခါ ထိုခေါင်းလည်း လိမ့်ကျသွားသည်။ သူက မြေကြီးပေါ်မှ လှမ်းအော်လိုက်သည်။ “မင်း ငါ့ကို အဆိပ်ခပ်လိုက်တာလား”

ချင်မူ ကုန်းရုန်းထ၍ သွေးများကို သုတ်ပြီးနောက် အညှာအတာကင်းမဲ့စွာ ပြောလိုက်သည်။ “ခင်ဗျားအတွက် အားဆေးပဲ ဖော်ပေးလိုက်တာပါ။ အာနိသင်က ကွက်တိပဲ”

All Chapters