ရှင်းအန်း၏ သေတ္တာ
Vol. 30 Ch. 407
“အားဆေး”
ရှင်းအန်း အတန်ငယ် ကြောင်အသွားသည်။ သူ့ရင်ဘတ်က ဖောင်းခနဲ ပွင့်ထွက်သွားပြီး ရင်ခေါင်းရိုးများက အသားကို ထိုးခွဲကာ ထွက်လာသည်။ အသားက ရင်ခေါင်းရိုးများကို ဆန့်ကျင်နေပုံရ၏။ မြင်ကွင်းက အလွန်ချောက်ချားဖွယ် ကောင်းလှသည်။
သူ့ကိုယ်ထဲရှိ ကောင်းကင်သွေးကလည်း ကိုယ်ထဲမှ စိမ့်ထွက်လာသည်။ ထို့နောက် ခြေထောက်တစ်ချောင်း ပြုတ်ထွက်သွားသည်။
“မင်း ငါ့ကို ခပ်လိုက်တာ အားဆေးဟုတ်လား။ အဆိပ် မဟုတ်ဘူးလား”
နောက်ခေါင်းတစ်ခေါင်း ပြုတ်ကျသွားသည့်အခါ ရှင်းအန် ပျာယာခတ်လာသည်။ မျက်လုံးများ၊ နားရွက်များနှင့် နှာခေါင်းလည်း လျှောကျသွား၏။
ပြုတ်ကျသွားသော မျက်လုံးများ၊ နှာခေါင်းနှင့် လျှာတို့က ခုန်ဆွခုန်ဆွ လျှောက်ပြေးပြီး ခေါင်းနှင့် ပြန်ဆက်ရန် ကြိုးစားကြသော်လည်း ပြုတ်ပြုတ်ကျလာကြသည်။ တစ်ခုနှင့်တစ်ခု ဆက်မရပေ။
ဧကရာဇ်ယန်ဖန်း၊ မျက်ကန်းနှင့် ကျန်ရှိသူများလည်း မျှော်လင့်ချက်ရောင်ခြည် သမ်းလာ၍ တမုဟုတ်ချင်း တိုက်ခိုက်လိုက်ကြသည်။ ရှင်းအန်းက မျက်ကန်း သူ့ဆီ ထိုးသွင်းလိုက်သော လုံထောင်ကို ဖမ်းဆုပ်လိုက်သော်လည်း ၎င်းကို ဆုပ်ကိုင်လိုက်သည်နှင့် သူ့လက်မောင်းက လှံနှင့်အတူ ပျံထွက်သွားသည်။
သူ ဧကရာဇ်ယန်ဖုန်း၏ လက်သီးကို ကာလိုက်သည့်အခါ သူ့ကျောဆစ်ရိုး ပြုတ်ထွက်သွားသည်။ ကျောရိုးကလည်း သူ့အရိုးမဟုတ်ပေ၊ ကောင်းကင်အရိုး ထည့်ထားခြင်း ဖြစ်၏။
“အားဆေး မဟုတ်ဘူး အားဆေး လုံးဝမဟုတ်ဘူး”
ရှင်းအန်း ထိတ်လန့်နေသည်။ အဘွားစစ်က သူ့ရင်ဘတ်ကို လက်ဝါးဖြင့် ရိုက်ထည့်လိုက်သည်။ သူမ သုံးလိုက်သည်က လီထျန်းရှင်၏ မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်း ဖြစ်ကာ သူ့ရင်ဘတ်ကို ဖောက်ဝင်သွားသည်။
ထိုအခါ သူ့နှလုံးက မြေကြီးပေါ် ပြတ်ကျသွားပြီး နှစ်ချက် ခုန်မြောက်သွားသည်။
“ဒါ ဘယ်လိုလုပ် အားဆေး ဖြစ်နိုင်မှာလဲ”
ယခုအချိန်ထိတိုင်အောင် ရှင်းအန်းကား မသေနိုင်သေးပေ။ သူက အားထုတ်ထုတ်၍ သိုင်းကွက်များကို ခုခံရင်း ထိတ်လန့်သထက် ထိတ်လန့်လာသည်။
အားဆေးဆိုသည်က သန်မာအားကောင်းလာစေမည့် ဆေးမဟုတ်ပါလော။ အဘယ်ကြောင့် သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းများ ပြိုကွဲကုန်သနည်း။
ဘုန်း ဘုန်း ဘုန်း
သူ့ခန္ဓာကိုယ် ရုတ်တရက် ပေါက်ကွဲသွား၍ သွေးများ လွင့်စင်ပန်းထွက်သွားသည်။ သွေးသည် တခြားသိုင်းပညာရှင်တစ်ယောက်၏ ကောင်းကင်သွေး ဖြစ်သည့်အတွက် ကျန်ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို ဆန့်ကျင်ငြင်းငယ်လိုက်သည်။
“မင်း ငါ့ကို ဘာအဆိပ်ခပ်ခဲ့တာလဲ”
မြေကြီးပေါ် ပြုတ်ကျသွားသည့် ရှင်းအန်၏ခေါင်းက ခုန်ဆွခုန်ဆွ ရောက်လာသည်။ ချင်မူ ရှောင်ရန် အချိန်မရှိတော့ပေ။ ထိုအခိုက်အတန့်တွင် ထော့ကျိုး၏လက်က လျှပ်စီးလို လျင်မြန်စွာ လှုပ်ရှားသွားပြီး တွားသွားပြေးလာ၏။ သူက ခေါင်းကို ခုန်အုပ်ကာ အော်ဟစ်လိုက်သည်။ “ငါ့ခြေထောက်တွေ ပြန်ပေး”
ထိုခေါင်းက အကျယ်ကြီး ဟိန်းကာ ထော့ကျိုးကို မှုတ်ထုတ်လိုက်သည်။ သို့သော် ထော့ကျိုးက ပြန်ပြေးလာပြီး ခေါင်းကို တိုက်ခိုက်ပြန်၏။
ခြေထောက်တစ်ဖက်က ချင်မူ့ဆီ တဟုန်ထိုး ပြေးလာသည်။ နားကန်း သူ့လက်ထဲရှိ စုတ်တံကို လှုပ်ခါလိုက်ကာ ထိုခြေထောက်ကို ပန်းချီကားထဲ ထည့်လိုက်သည်။
နားကန်း ပက်လက်လန်ကျသွားပြီး ဟောဟဲဟောဟဲ အသက်ရှူနေရသည်။ သူ ဆွဲလိုက်သော ပန်းချီထဲတွင် ကျားရိုင်းတစ်ကောင်က ခြေထောက်တစ်ဖက်ကို ကိုက်ချီကာ ထွက်ပြးသွား၏။
ချင်မူ စိတ်သက်သာရာရသွားသည်။ သူ ရှင်းအန်းအား ပေးလိုက်သည်မှာ အမှန်တကယ်ပင် အားဆေး ဖြစ်သည်။
ရှင်းအန်းကို အဆိပ်ခပ်ရန်က မဖြစ်နိုင်ပေ။ ဆေးဆရာပင် လုပ်နိုင်ပါ့မည်လား မသေချာ။
ရှင်းအန်းက မျက်ကန်း၊ နားကန်း၊ လီထျန်းရှင်နှင့် ဧကရာဇ်ယန်ဖုန်းကို အပြတ်အသတ် အနိုင်ယူခဲ့သည်။ အကုန်လုံးက ပြိုင်ဘက်ကင်း သိုင်းပညာရှင်များဖြစ်၏။ ဧကရာဇ်မယ်တော်ကြီးနှင့် အမျိုးသမီးသိုင်းပညာရှင်များမှာမူ တစ်ကျော့ပင် မခံနိုင်လိုက်ပေ။
ရှင်းအန်းသည် နဂါးထိန်းဧကရာဇ်ထက် အဆများစွာ သန်မာအားကောင်းသည်မှာ သေချာ၏။ သူ၏ဆေးပညာကလည်း ဤကမ္ဘာပေါ်တွင် ထိပ်တန်းဖြစ်သည့်အတွက် ချင်မူ အဆိတ်ခပ်လျှင် သူ့အနေဖြင့် အလွယ်တကူ မြင်နိုင်လိမ့်မည်။
ရှင်းအန်းက မယုံနိုင်ဖွယ်ကောင်းလောက်အောင် သန်မာသော်လည်း သူ၏ဟာကွက်များကလည်း သိသာထင်ရှားသည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများက တခြားခန္ဓာကိုယ်များမှ ယူထားခြင်းဖြစ်၍ သူ့ခန္ဓာကိုယ်နှင့် သဟဇာတမဖြစ်ပေ။ တစ်ခုကိုတစ်ခု ဆန့်ကျင်နေကြသည်။
လူ့ခန္ဓာကိုယ်တွင် ခုခံအားစနစ်ရှိကြောင်း ဆေးဆရာ ချင်မူ့ကို တစ်ခါသင်ပေးခဲ့ဖူးသည်။ မူလကိုယ်၏ ခုခံအားက ကျူးကျော်လာသည့် ပြင်ပအစိတ်အပိုင်းများကို တမုဟုတ်ချင်း သိရှိပြီး ဖျက်စီးပစ်တတ်၏။
ထို့ကြောင့် ရှင်းအန်း၏ ကိုယ်အစိတ်အပိုင်းများ တစ်ခုကိုတစ်ခု ဆန့်ကျင်စပြုလာခြင်းဖြစ်သည်။
ရောဂါအများစုသည် ခုခံအားကျဆင်းမှုမှ အရင်းခံဖြစ်တည်လာသည့်အကြောင်းကိုလည်း ဆေးဆရာ ချင်မူ့အား သင်ပြခဲ့ဖူးသည်။ ဥပမာ အားရှိအောင် စား၍ ခုခံအား မြှင့်တင်ခြင်းဖြင့် တုပ်ကွေးရောဂါကို တိုက်ထုတ်နိုင်သည်။
ဤအချက်နှစ်ချက်အပေါ် အခြေခံပြီး ချင်မူ ရှင်းအန်းကို ရင်ဆိုင်နိုင်မည့် နည်းလမ်းတစ်ခုအား တွေးမိလိုက်သည်။ အားဆေးက ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုစီ၏ ခုခံအားကို မြှင့်တင်ပေးနိုင်သည်။ ထိုအခါ အစိတ်အပိုင်းများ၏ ဆန့်ကျင်မှုက အားကောင်းလာပြီး အမြင့်ဆုံးအထိ ရောက်ရှိသွားမည်။
ဒုက္ခိတဘိုးဘွားကျေးရွာ၏ တစ်ယောက်တည်းသော ကလေးဖြစ်သည်နှင့်အားလျော်စွာ ချင်မူသည် ငယ်ငယ်ကတည်းက စည်းကမ်းအတင်းကြပ်ဆုံး သင်ကြားမှုများကို ဖြတ်ကျော်ခဲ့ရပြီး ဘိုးဘွားကိုးဦး၏ အထုအထောင်းလည်း ခံခဲ့ရသည်။ စည်းကမ်းကြီးသော မိသားစုကြောင့် သူတို့၏ဆုံးမသင်ကြားမှုများနှင့် ကောင်းမွန်သော အလေ့အကျင့်တို့က သူနှလုံးသားထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်လာပြီး သူ၏ကိုယ်ပိုင်အလေ့အကျင့် ဖြစ်လာခဲ့သည်။
ဆေးဆရာတွင် ကြီးမြတ်သော စိတ်ထားနှင့် ဖြောင့်မတ်သော အမူအကျင့်ရှိသည်။ သူ့အတွက် ဆေးပညာက အနုပညာဖြစ်သည်။ အားဆေးနှင့် အဆိပ်ကြားတွင် ကန့်သတ်ချက်မရှိပေ။ အဆိပ်ကို အားဆေးအဖြစ် သုံး၍ လူကယ်နိုင်သလို၊ အားဆေးဖြင့်လည်း သေအောင် အဆိပ်နိုင်သည်။
ချင်မူ ရေနဂါးများကို ဆေးကုပေးနေတုန်းက ဖော်ခဲ့သည်မှာ ထိုအားဆေးဖြစ်သည်။ နဂါးချီလင်၏ သွားရည်ကို အခြေခံအမယ်ဖြင့် သုံး၍ ရေနဂါးများ စားသည့် ဆေးအမျိုးအစားအားလုံးဖြင့် ပေါင်းစည်းလိုက်သည့်အခါ အားဆေး၏ပြင်းအားက မြင့်တက်သွား၏။
အားဆေးလုံးများကို စားပြီးနောက် သူတို့၏ဒဏ်ရာများ လျင်မြန်စွာ ပျောက်ကင်းသွားပြီး ကြွက်သားများ တောင့်တင်းခိုင်မာလာသည်။ ကျိုးသွားသော အရိုးများ ပြန်ဆက်သွားသည်သာမက ပြတ်သွားသည့် အရွတ်များလည်း လျင်မြန်စွာ ပြန်ထွက်လာခဲ့သည်။
ချင်မူ လျှို့ဝှက်နဂါးထိန်းသံစဉ်ဖြင့် ရေနဂါးများကို ထိန်းချုပ်၍ ပြေးဝင်သွားတုန်းက ရှင်းအန်း၏လက်များ သူတို့ကို ခုခံခဲ့သည်။ ထိုအချိန်တွင် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် အားကောင်းသည့် အားဆေးက ရှင်းအန်း၏လက်ထဲ ဝင်ရန် အခွင့်အရေးရသွားသည်။ ထို့နောက် သူ့နှလုံးသားထဲအထိ စိမ့်ဝင်သွား၍ သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး ပြိုကွဲသွားခြင်း ဖြစ်သည်။
ချင်မူသည် ဒဏ်ရာရထားသည့် နဂါးများကိုပင် သက်သာလာစေနိုင်သည့် အပြင်းဆုံးအားဆေးကို ဖော်ခဲ့၏။ ထိုအားဆေး ရှင်းအန်း၏ကိုယ်ထဲ ဝင်သွားသည့်အချိန်တွင် ဆေးစွမ်းအင်က အာနိသင်ပြလာပြီး ခုခံအားကို အဆပေါင်းမရေမတွက်နိုင်အောင် မြှင့်တင်ပေးလိုက်သည်။
သူ့ကို အဆိပ်ခပ်လျှင် သေအောင် သတ်နိုင်မည်မဟုတ်သော်လည်း အားဆေးတိုက်လိုက်ခြင်းဖြင့် တစစီ ပြိုကွဲသွားအောင် လုပ်နိုင်သည်။ ဤသည်က ဆေးဆရာ ချင်မူ့ကို သင်ပေးခဲ့သော ဆေးကုသခြင်း အနုပညာပင် ဖြစ်၏။
ယွီကျောက်ချင်း၊ ဧကရာဇ်မယ်တော်ကြီးနှင့် ကျန်ရှိသူများလည်း ဒဏ်ရာများကို ဖိနှိပ်ကာ တိုက်ခိုက်ကြသည်။ ရှင်းအန်း၏ခန္ဓာကိုယ်မှာ တစစ ပြုတ်ထွက်သွား၍ မြေကြီးပေါ်ရှိ ခေါင်းများက ခုန်ဆွခုန်ဆွ အော်ဟစ်နေကြသည်။ “ငါ့ကို ဒီလို သတ်ဖို့ ကြိုးစားတယ်ပေါ့လေ။ မင်းတို့တွေ တုံးလွန်းတယ်”
ပြန့်ကြဲနေသော သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းများက အသေသတ်သိုင်းကွက်များ ထုတ်လွှတ်လိုက်သော်လည်း ရုပ်ခန္ဓာကိုယ်၏ အထောက်အပံ့ မရှိသောကြောင့် မှော်စွမ်းအင်သည် ယခင်ထက် များစွာနည်းပါး၏။ သူ၏ကောင်းကင်ရတနာများကလည်း တခြားသူများဆီမှ ကောင်းကင်ရတနာများ ဖြစ်သည့်အတွက် သူ၏ခန္ဓာကိုယ်ထဲမှ ခုန်ထွက်သွားကြရာ မှော်စွမ်းအင်လည်း တကွဲတပြား ဖြစ်ကုန်သည်။ သူ၏သိုင်းကွက်များတွင် စောစောကကဲ့သို့ အားအဟုန်မပါတော့ပေ။
သို့တိုင်အောင် သူ၏သိုင်းစွမ်းရည်သည် အလွန်မြင့်မားနေသေး၏။ ထို့အပြင် ခေါင်းများ၊ ခြေထောက်များ၊ လက်များ၊ မျက်လုံးများက ပတ်ပတ်လည်တွင် ပျံဝဲနေရာ အကုန်လုံး ခေါင်းမွှေးများ ထောင်ကုန်ကြတော့သည်။
ရုတ်တရက် ခြေထောက်များက တဟုန်ထိုး ပြေးပြီး ရှင်းအန်း၏သေတ္တာနှင့် ဆက်သွားသည်။ ခြေထောက်များက အားကုန်ထုတ်၍ သေတ္တာကို လေပေါ် ပင့်မြှောက်လိုက်၏။
“သူ ထွက်ပြေးတော့မယ်” ထော့ကျိုးက လက်များကို ခြေထောက်များသဖွယ် အားပြု၍ တဟုန်ထိုး ပြေးကာ ခြေထောက်နှစ်ချောင်းအား ဖမ်းဆုပ်လိုက်သည်။ “ငါ့ခြေထောက်တွေ ပြန်ပေးစမ်း”
သေတ္တာ ပွင့်လာပြီး ခေါင်းများ ၊ မျက်လုံးများ ခုန်ထွက်လာကာ ထော့ကျိုးကို တိုက်ခိုက်ကြသည်။
ဧကရာဇ်ယန်ဖုန်းက မာန်အပြည့်ဖြင့် ဟိန်းဟောက်လိုက်သည့်အခါ သူ့ပါးစပ်မှ သွေးရောင်မြားတစ်စင်း ထွက်လာသည်။ ထိုသွေးမြားက သွေးနဂါးအသွင် ဖွဲ့တည်လျက် ကောင်းကင်ယံ၌ ပျံဝဲနေ၏။ ဧကရာဇ်ယန်ဖုန်းက နဂါးကျောပေါ် ခုန်တက်ပြီး သေတ္တာဆီ ဦးတည်သွားသည်။
မျက်ကန်းလည်း လှံကို အားပြု၍ ကောင်းကင်ပေါ် ခုန်တက်လိုက်သည်။ လုံထောင်က ခန္ဓာကိုယ်ကို လှုပ်ခါကာ သူ့ကို သေတ္တာဆီ ဆွဲခေါ်သွား၏။
အဘွားစစ်၊ ယွီကျောက်ချင်း၊ ဧကရာဇ်မယ်တော်ကြီးနှင့် ကျန်ရှိသူများအားလုံး သိုင်းကွက်များ ထုတ်ဖော်၍ ကောင်းကင်ယံသို့ ပြေးတက်ကာ သေတ္တာကို တိုက်ခိုက်ကြသည်။
ဘုန်း
ဧကရာဇ်ယန်ဖုန်း ပြုတ်ကျလာပြီး မြေကြီးနှင့် မိတ်ဆက်သွား၏။
ထော့ကျိုးလည်း ပြုတ်ကျလာသော်လည်း ခြေထောက်နှစ်ချောင်းကို မလွှတ်တမ်း ဖက်ထားသည်။ ချင်မူ အပြေးခုန်ပြီး လက်ဆန့်ကာ ထော့ကျိုးကို ဖမ်းလိုက်သော်လည်း သူ့ဒဏ်ရာအားလုံး ပွင့်ထွက်ကုန်၍ ပြုတ်ကျသွားသည်။ ထော့ကျိုးလည်း သူနှင့်အတူ ပြုတ်ကျသွား၏။
“မူအာ၊ အားကိုးမရတဲ့ကောင်လေး..” ထော့ကျိုးမှာ မြေကြီးပေါ် ပြုတ်ကျပြီးနောက် နှစ်ပတ်သုံးပတ်မျှ ကျွမ်းပြန်သွားသည်။ ထို့နောက် မျက်ဖြူဆိုက်ကာ သတိလစ်သွားသော်လည်း သူ့လက်များက ခြေထောက်နှစ်ချောင်းကို တင်းတင်းကြပ်ကြပ် ဖက်ထားဆဲ ရှိသည်။
ချင်မူ ခေါင်းကုတ်ကာ တွေးလိုက်မိသည်။ ‘နဂါးတွေနဲ့ဆို မြန်မြန်ဖမ်းနိုင်မှာ’
သူ တမုဟုတ်ချင်း လျှို့ဝှက်နဂါးထိန်းသံစဉ်ကို တီးမှုတ်လိုက်ရာ နဂါးများက ဒဏ်ရာများကို ဖိနှိပ်၍ သူ့ဆီ ပြေးလာကြသည်။
ဘုန်း ဘုန်း ဘုန်း
သိုင်းပညာရှင်များ ကောင်းကင်ယံမှ ပြုတ်ကျနေသည့်အချိန် ဧကရာဇ်ယန်ဖုန်းက ကုန်းထနေသည်။ မယ်တော်ကြီးလည်း ပြုတ်ကျလာသည်ကို မြင်လျှင် သူ ကပျာကယာ ပြေး၍ ဖမ်းလိုက်၏။ သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ လဲကျသွားပြန်သည်။
ချင်မူ ရေနဂါးများဆီမှ အင်အားငှားယူပြီးသည့်အခါ ယွီကျောက်ချင်း ပြုတ်ကျလာသည်။ ချင်မူ သူမကို ဖမ်းရန် ပြင်လိုက်သော်လည်း သူမအဝတ်အစားများက တောင်ပံများအသွင် ပြောင်း၍ တဖတ်ဖတ် ခတ်ရင်း ပြတ်ကျသည့်အရှိန် ရပ်အောင် လုပ်နေကြောင်း မြင်လိုက်သည်။
ချင်မူလည်း မဖမ်းတော့ဘဲ နေလိုက်သည်။ ထိုအချိန်တွင် ယွီကျောက်ချင်းက အားကုန်သွား၍ တောင်ပံများ ပျော့ခွေကာ ပြုတ်ကျလာသည်။ ချင်မူ သူမကို ဖမ်းရန် နောက်ကျသွားချေပြီ။
သေတ္တာကို တိုက်ခိုက်နေသည်မှာ အဘွားစစ်နှင့် မျက်ကန်းသာ ကျန်တော့၏။ ချင်မူ ကောင်းကင်ယံသို့ တမုဟုတ်ချင်း ခုန်တက်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရေနဂါးများမှာ ဒဏ်ရာအပြင်းအထန် ရထားသဖြင့် ကြာကြာတောင့်ခံနိုင်မည်မဟုတ်ပေ။ တိုက်ပွဲကို သူ မြန်မြန် အဆုံးသတ်ရန် လိုသည်။
ကောင်းကင်ယံတိုက်ပွဲက အတိုင်းထက်အလွန် ထူးဆန်းသည်။ အဘွားစစ်နှင့် မျက်ကန်းမှာ သွေးအလိမ်းလိမ်းဖြင့် သေတ္တာအပေါ်တွင် ရပ်ကာ ဘက်ပေါင်းစုံမှ သိုင်းကွက်များကို ခုခံနေရ၏။
သူတို့ကို တိုက်ခိုက်နေသည်မှာ ရှင်းအန်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ ဖြစ်သည်။ သူ၏ကောင်းကင်မျက်လုံးများမှ ကောင်းကင်အလင်းတန်းများ ထုတ်လွှတ်နေပြီး သူ၏ဦးခေါင်းထိပ်ဖျားများက သပိတ်များသဖွယ် ပျံဝဲနေသည်။ သူ့လက်သီးများ၊ ခြေထောက်များသာမက အသည်း၊ နှလုံး၊ သရက်ရွက်၊ အဆုတ်များ၊ ကျောက်ကပ်များနှင့် အရေပြားကလည်း သူတို့ကို တိုက်ခိုက်နေကြသည်။
ထိုမျှ ဆန်းပြားသောတိုက်ပွဲအား ကြားပင် မကြားဖူးခဲ့ပေ။
မျက်ကန်း၏ နဂါးနက်က သူတို့နှစ်ယောက်ကို ရစ်ခွေလျက် ကာကွယ်ပေးနေသောကြောင့် အဘွားစစ်က ခွန်အားအကြီးဆုံး ဖြစ်လာသည်။ သူမက မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်းဖြင့် သူတို့ဆီ ရောက်လာသည့် ကောင်းကင်ခန္ဓာအစိတ်အပိုင်းများအား ရိုက်ထုတ်နေသည်။
ချင်မူ တိုက်ပွဲကွင်းပြင်သို့ တန်းတန်းမတ်မတ် ပြေးသွားသည်။ သူက အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် မျက်လုံးတစ်လုံးဘေးမှ ဖြတ်လာ၏။
ဝှစ်
ထိုမျက်လုံး ပျောက်ကွယ်သွားသည်။ ရေနဂါးတစ်ကောင်က ချင်မူ၏ခန္ဓာကိုယ်မှ ခွာပြီး မျက်လုံးကို လက်သည်းကြားတွင် ဆုပ်ကာ သေတ္တာနှင့် ဝေးရာသို့ မြန်မြန်ထွက်ပြေးသွားသည်။ နဂါး ဝေးဝေးသွားလေ၊ ရှင်းအန်း၏ ထိန်းချုပ်နိုင်စွမ်းက အားနည်းလာလေလေဖြစ်သည့်အတွက် ထိုအစိတ်အပိုင်းကို ပြန်ယူရန်လည်း ခက်ခဲလေလေဖြစ်သည်။
ချင်မူ ချာခနဲ လှည့်လိုက်ပြီး သူ၏ကောင်းကင်ခိုးယူနေမင်းလဲလှယ် လက်များက ကောင်းကင်အလင်းတန်းများ ထုတ်လွှတ်နေသည့် မျက်လုံးနောက်တစ်လုံးကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် ရေနဂါးနောက်တစ်ကောင်က ထိုဒုတိယမျက်လုံးကို ဝေးရာသို့ သယ်သွား၏။
ချင်မူ ကောင်းကင်တစ်လျှောက် တရှိန်ထိုး ပြေးရင်း သေတ္တာကို ဝိုင်းနေသည့် ခန္ဓာကိုယ်အစိတ်အပိုင်းမျိုးစုံကို ခိုးယူလိုက်ပြီး နဂါးများအား သယ်ထုတ်သွားစေလိုက်သည်။
ရေနဂါးများ နည်းလာသည်နှင့်အမျှ သူ၏အမြန်နှုန်းလည်း တစတစ နှေးလာသည်။ ရုတ်တရက် အနက်ရောင်ဆံပင်များက ကောင်းကင်ကို အုပ်စိုးသွားပြီး အနက်ရောင်မုန်တိုင်းကြီးပမာ သူ့ဆီ ပြေးဝင်လာသည်။
“မူအာ သတိထား”
အဘွားစစ်နှင့် မျက်ကန်းက ထိုသိုင်းကွက်ကို ကာပေးရန် သူ့ဆီ အပြေးရောက်လာကြသည်။ အဘွားစစ်၏ လက်ဝါးက အနက်ရောင်ဆံပင်မုန်တိုင်းကို တွန်းထုတ်လိုက်၍ ဆံပင်များက အနက်ရောင်ဆူးအပ်များပမာ လွင့်ထွက်သွား၏။
မျက်ကန်း၏ လှံက သေတ္တာကို ချွင်ခနဲ ထိုးစိုက်လိုက်သည်။ အတွင်းထဲမှ ကြောက်မက်ဖွယ်ရာအားလှိုင်း ဖြာထွက်လာပြီး လုံထောင်ကို တွန်းထုတ်လိုက်၏။ ခန္ဓာကိုယ်အစိတ်အပိုင်းများက အပေါက်မှတစ်ဆင့် သေတ္တာထဲ ပြန်ဝင်သွားကြသည်။
ထို့နောက် သေတ္တာက သူတို့လက်ထဲမှ ရုန်းထွက်ကာ ထွက်ပြေးသွားသည်။
မျက်ကန်းက ပြေးလိုက်ရန် ပြင်လိုက်သော်လည်း ညည်းတွားလိုက်ရ၏။ သူ့ဒဏ်ရာများ ပွင့်ထွက်သွား၍ သူ ကောင်းကင်ယံမှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။
သေတ္တာက အလွန်မြန်သည်။ တခဏအတွင်း မိုင်တစ်ထောင် ရောက်သွားသည်။ ထိုအခိုက်အတန့်တွင် ခံ့ညားထည်ဝါသောအသံတစ်သံ ဟိန်းထွက်လာ၏။ “တိမ်တိုက်တိုင်းတွင် ....” အလျားလိုက်ဓားမရောင်တစ်ချက်၊ ဒေါင်လိုက်ဓားမရောင်တစ်ချက် ကောင်းကင်ကို ပိုင်းဖြတ်လိုက်သည်။ “အနားသပ် ရှိသည်”