မျှော်လင့်ချက်ဆေးလုံး၏အစွမ်း
Vol. 79 Ch. 1093
ဆန်းကြယ်နတ်ဆိုးအိုကြီး၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားပြီး သူက ကမန်းကတန်းမေးလိုက်သည် “သူဌေးမှာ ဒီအတွက် နည်းလမ်းတစ်ခုခုများ ရှိလား”
ထန်ရှုက လျှပ်စစ်အလား လျင်မြန်စွာ ရွေ့လျားသွား၏၊ သူ့လက်ဖဝါးက ဆန်းကြယ်နတ်ဆိုးအိုကြီး၏နဖူးပြင်အား ဖိချလိုက်သည်။ ကြယ်ကောင်းကင်ဘုံအဆီအနှစ်အဆင့်သို့ တက်လှမ်းပြီးကတည်းက သူက ပစ်မှတ်၏စိတ်ထဲသို့ အရာအမျိုးမျိုးအား အလွယ်တကူ ပုံဖော်နိုင်သည်။
‘ဘာခွန်အားလဲ’
မသိစိတ်အရ ဆန်းကြယ်နတ်ဆိုးအိုကြီးက ရှောင်တိမ်းချင်သော်လည်း ထန်ရှု၏အရှိန်က မြန်လွန်းကာ သူ့ခွန်အားက သန်မာသည်။ သူက လုံးဝမရှောင်တိမ်းနိုင်ခဲ့။ သူ့စိတ်က ထန်ရှုမှ သူ့အား ထိခိုက်စေမည့်အတွေးများ ပြည့်နှက်နေစဉ် သားရဲထိန်းချုပ်ပညာရပ်က သူ့စိတ်ထဲ၌ ရုတ်တရက် ထွက်ပေါ်လာသည်။
“ဒါက…”
သူက အဆုံးစွန်းထိတိုင် ထိတ်လန့်တုန်လှုပ်သွား၏။ ထန်ရှု၏ခွန်အားကြောင့် သူက ထိတ်လန့်တုန်လှုပ်သွားရသော်လည်း ထန်ရှုပြသခဲ့သည့်ဆန်းကြယ်သောနည်းလမ်းက သူ့အား ပိုတောင် ထိတ်လန့်စေသည်။ အလွန်အားကောင်းသောပုံရိပ်များကသာ ယခုကဲ့သို့ တိုက်ရိုက်ကူးပြောင်းရေးနည်းစနစ်တစ်ခု ပြုလုပ်နိုင်သည်ဟု သူ ကြားဖူးသည်။ ထို့ပြင် သူရရှိခဲ့သည့်ပညာရပ်က အလောင်းသားရဲပိုသန်မာလာချိန်တွင် သူ့အား ဆန့်ကျင်မည့်ပြဿနာအား ဖြေရှင်းနိုင်၏။
များမကြာမီ သားရဲထိန်းချုပ်ပညာရပ်အာ ဆန်းကြယ်နတ်ဆိုးအိုကြီးထံ လွှဲပြောင်းပေးပြီးနောက် ထန်ရှုက လူအိုကြီးအား လွှတ်ကာ မီတာအနည်းငယ်အကွာသို့ နောက်ဆုတ်လျက် ပေါ့ပေါ့ပါးပါးနှင့် ပြောလိုက်သည် “ငါ့စကားတွေကို စိတ်ထဲမှာ မှတ်ထားပါ။ ပြင်ပအရာတွေအားလုံးက ပြင်ပအရာတွေပဲ၊ မင်းတကယ်အားကိုးရမှာက မင်းရဲ့ကိုယ်ပိုင်ခွန်အားပဲ။ ကောင်းပြီလေ၊ ဧည့်ခန်းတစ်ခုရှာပြီး အဲဒီမျှော်လင့်ချက်ဆေးလုံးကို လွတ်လွတ်လပ်လပ် သုံးစွဲတော့”
ထန်ရှုအား ကြည့်ရင်း လေးစားမှုက ဆန်းကြယ်နတ်ဆိုးအိုကြီး၏မျက်နှာပေါ်တွင် သိသာထင်ရှားလာသည်။ သူက ရိုသေလေးစားစွာ ခေါင်းညိတ်ကာ သက်ပြင်းတစ်ချက်ချလိုက်ပြီး အလောင်းသားရဲနှင့်အတူ လျင်မြန်စွာ ထွက်သွား၏။ သူက ကြုံရာအခန်းတစ်ခု ရှာပြီးနောက် မျှော်လင့်ချက်ဆေးလုံးကို ယူထုတ်ကာ တင်ပျဉ်ခွေထိုင်လျက် စတင်ကျင့်ကြံလိုက်သည်။
နှစ်ရက်ကြာပြီးနောက်။
တွမ်ရက်ဂျီက စိုင်းဖန်ရှိ မြေအောက်အဖွဲ့များအားလုံးအား သူ့လက်အောက်ထဲသို့ ထိန်းချုပ်ထားနိုင်ခဲ့သည်။ ဒီရက်များအတွင်း သူက လူများစွာ သတ်ခဲ့သည်၊ သို့သော် စိုင်းဖန်ရှိ မြေအောက်လောက၏အရှင်သခင်ဖြစ်လာရန် သူက ချော့တစ်ခါချောက်တစ်လှည့်နည်းလမ်းအား အသုံးပြုနေသည်နှင့် တူ၏။ ဒီအချိန်အတွင်း အခြားအဖွဲ့များမှ လေ့ကျင့်သူအချို့က သူ့အား ဖယ်ရှားချင်ခဲ့သည်။ နောက်ဆုံးတွင် ထန်ရှုက ပါဝင်ဆောင်ရွက်ခဲ့ပြီး ရက်စက်ကြမ်းကြုတ်သောအဖွဲ့အချို့အား သတ်ဖြတ်ပြီးနောက် အနေအထားက တည်ငြိမ်လာ၏။
ဝှစ်…
စိတ်လှုပ်ရှားသောအကြည့်တစ်ခုနှင့် ထန်ကွမ်းက ထန်ရှုအရှေ့၌ တိတ်တဆိတ် ထွက်ပေါ်လာသည်။ သူက ရိုသေလေးစားစွာ ပြောလိုက်၏ “ငါ ရွှေအမြုတေနှောင်းပိုင်းအဆင့်ကို တက်လှမ်းပြီးပြီ၊ မကြာခင်မှာ အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ချိုးဖြတ်နိုင်လောက်မှာပါ၊ ဂိုဏ်းချုပ်”
“မျှော်လင့်ချက်ဆေးလုံးထဲမှာပါတဲ့ မကျေမချမ်းမှုတွေက မင်းအပေါ် သက်ရောက်မှုအများကြီး ရှိလား”ထန်ရှုက ခေါင်းညိတ်ကာ ပြုံးလိုက်သည်။
“မရှိပါဘူး”ထန်ကွန်းက ပြုံးကာ ပြန်ဖြေလိုက်သည်။
ထန်ရှုက ခေါင်းညိတ်လိုက်သည် “မင်းက ငယ်ငယ်ကတည်းက လေ့ကျင့်ခဲ့တယ်၊ သေခြင်းရှင်ခြင်းတိုက်ပွဲတွေနဲ့လဲ အသားကျနေတယ်၊ ဒါကြောင့် မင်းရဲ့စိတ်က ဓားသွေးကျောက်လို သွေးထားပြီးသားဖြစ်နေတာပေါ့။ ဟမ်။ ထန်အန်း၊ မင်းလဲ ရွှေအမြုတေနှောင်းပိုင်းအဆင့်ကို ချိုးဖြတ်သွားတာလား”
လှပတင့်တယ်သောပုံရိပ်တစ်ခုက ထန်ကွမ်းဘေးနား၌ ထွက်ပေါ်လာ၏။ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်လျက် မျက်နှာဖုံးတပ်ထန်အန်းက ပြောလိုက်သည် “ငါ ရွှေအမြုတေနှောင်းပိုင်းအဆင့်ကို တက်လှမ်းပြီးသွားပြီ၊ ဆရာအဘိုး”
“ကြည့်ရတာ ငါ့ရဲ့ထန်ဂိုဏ်းမှာ မင်းတို့မောင်နှမနှစ်ယောက်က အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ပထမဆုံးချိုးဖြတ်သွားမယ်ထင်တယ်။ မင်းတို့ ပိုပိုသန်မာလာဖို့ ငါ မျှော်လင့်ထားတာကြောင့် ဆက်ကြိုးစားကြပါ။ အနည်းဆုံး မင်းတို့က ငါ့နောက်မှာ အများကြီးပြတ်ကျန်လို့မရဘူး”
မောင်နှမနှစ်ယောက်သား အကြည့်များဖလှယ်လျက် တင်းကြပ်စွာ ခေါင်းညိတ်တုံ့ပြန်လိုက်သည်။
များမကြာမီ မိုအားဝူနှင့်ဟောင်လဲ့တို့က ထန်ရှုအရှေ့၌ ထွက်ပေါ်လာ၏။ နှစ်ယောက်လုံးက စိတ်လှုပ်ရှားနေပြီး အရိုအသေပေးပြီးနောက် တင်ပြလိုက်သည် “ငါတို့ ရွှေအမြုတေနှောင်းပိုင်းအဆင့်ကို ချိုးဖြတ်ခဲ့ပါတယ်၊ ဂိုဏ်းချုပ်။ ဒါပေမယ့် ငါတို့ရဲ့နယ်ပယ်အသစ်က အခုထိ မတည်ငြိမ်သေးဘူး”
“ဒါ အရမ်းကောင်းနေပါပြီ”ထန်ရှုက ပြုံးကာ ပြောလိုက်သည် “နောက်ပိုင်းနေ့ရက်တွေမှာ လုံ့လဝီရိယရှိစွာနဲ့ ကျင့်ကြံပေါ့၊ ဒါဆို မင်းတို့ရဲ့နယ်ပယ်ကို အမြန် တည်ငြိမ်အောင် လုပ်နိုင်မှာပါ”
“နားလည်ပါပြီ”နှစ်ယောက်သား ခေါင်းညိတ်လိုက်သည်။
ထို့နောက် မိုအားဝူက ထန်ကွမ်းအား လှည့်ကြည့်ကာ ပြုံးဖြဲဖြဲနှင့် ပြောလိုက်သည် “အခု ငါ့ရဲ့ကျင့်ကြံခြင်းက မင်းကို လိုက်မီသွားပြီနော်၊ ငါ မင်းကို ကျော်ဖြတ်ဖို့ ဘယ်လောက်မှ ကြာမှာ မဟုတ်တော့ဘူး”
ထန်ကွမ်းက အထင်သေးစွာ ပြုံးလျက် တုံ့ပြန်လိုက်သည်။ သူက လက်နှစ်ချောင်းဆန့်ထုတ်ကာ ပြော၏ “မင်း သိလား၊ ရက်နှစ်ဆယ်ပဲပေး၊ ငါ အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ချိုးဖြတ်နိုင်မှာ။ မင်းက အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ချိုးဖြတ်ဖို့ ယုံကြည်ချက်ရှိရင်တောင် ဘယ်လောက်ကြာမယ်လို့ထင်လဲ”
“အာ…”မိုအားဝူက ပါးစပ်အဟောင်းသားနှင့် ချက်ချင်း ကိုးရိုးကိုးရားဖြစ်သွားသည်။ မျှော်လင့်ချက်ဆေးလုံး၏သက်ရောက်မှုကြောင့်သာ သူက ရွှေအမြုတေနှောင်းပိုင်းအဆင့်သို့ ချိုးဖြတ်သွားနိုင်ခြင်းပင်။ ထို့ပြင် အခြေတည်စိတ်ဝိညာဉ်အဆင့်အား ချိုးဖြတ်ရန် မဆိုထား၊ သူ၏နယ်ပယ်အသစ်ကိုပင် တည်ငြိမ်အောင်မလုပ်ရသေးပေ။
ထို့ပြင် တစ်ခုတော့ သူ ကောင်းကောင်းသိ၏၊ ထန်ကွမ်းက အခြေတည်စိတ်ဝိညာဉ်အဆင့်သို့ တက်လှမ်းသွားသည်နှင့် သူ့ခွန်အားက အဆများစွာ တိုးလာပေလိမ့်မည်။ ဤကောင်က သူ၏အားကုန်ထုတ်တိုက်ခိုက်မှုအား ခုခံရန် လက်တစ်ချောင်းသာ လှုပ်ရန် လိုပေမည်။
“ဒါနဲ့ ကူးဝါကိုနဲ့ဆန်းကြယ်နတ်ဆိုးအိုကြီးတို့ကရော။ သူတို့ အခုထိ မပြီးသေးဘူးလား”ထန်ရှုက ပြုံးကာ မေး၏။
လေးယောက်သား တစ်ပြိုင်နက်တည်း ခေါင်းခါပြလိုက်သည်။
“ကူးဝါကိုက ရွှေအမြုတေအဆင့်ကို လျင်မြန်စွာ တိုးတက်လာခဲ့တယ်ဆိုပေမယ့် ဒါတွေအားလုံးက ဂျပန်ကနေ သူမ ရခဲ့တဲ့ ကောင်းကင်မြေကြီးရတနာတွေအားလုံးကို ဆေးလုံးတွေနဲ့ ဖလှယ်ခဲ့လို့ပဲ။ သူမရဲ့ခန္ဓာကိုယ်မှာ မစုပ်ယူရသေးတဲ့ဆေးအာနိသင်တွေ အများကြီး ကျန်သေးတယ်။ ကြည့်ရတာ သူမက အချိန်တိုအတွင်းမှာ မျှော်လင့်ချက်မဲ့ဆေးလုံးကို မသန့်စင်နိုင်ဘူးထင်တယ်။ ငါ သူမကို အထူးလေ့ကျင့်မှု ပေးရမယ့်ပုံပဲ”
“ငါတို့ရော ဒီအထူးလေ့ကျင့်မှုမှာ ပါဝင်နိုင်လား၊ ဂိုဏ်းချုပ်”မိုအားဝူက ကမန်းကတန်းမေးလိုက်သည်။
အထူးလေ့ကျင့်ခြင်း၊ ထန်ရှုက သီးသန့်စီစဉ်ထားသောအရာပင်…။ သူတို့ ပြီးမြောက်သွားသည်နှင့် သူတို့၏ခွန်အားက ခုန်ပေါက်သလို တိုးတက်သွားပေလိမ့်မည်။ လေ့ကျင့်ခြင်းက ပုံမှန်အားဖြင့် နာကျင်သော်လည်း ၎င်းက သူတို့အတွက် အလွန်အကျိုးရှိသည်၊ ထို့ကြောင့် မိုအားဝူက မမေးဘဲ မနေနိုင်ပေ။
“မင်းတို့က အထူးလေ့ကျင့်မှုကို မလိုအပ်ဘူး၊ အားဝူ”ထန်ရှုက ခေါင်းခါယမ်းကာ ပြုံးလိုက်သည် “မင်းတို့က တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားလေ့ကျင့်ဖို့ပဲ လိုတယ်။ ပြီးတော့ ငါ ကူးဝါကိုကို ပေးမယ့် လေ့ကျင့်ခြင်းက မင်းတို့အတွက် အများကြီး သက်ရောက်မှုရှိစေမှာ မဟုတ်ဘူး။ အာ၊ ဆန်းကြယ်နတ်ဆိုးအိုကြီးက ပြီးသွားပြီပဲ။ သူက အခြေတည်စိတ်ဝိညာဉ်အဆင့်ကို မချိုးဖြတ်သွားပေမယ့် ထန်ကွမ်းနဲ့ထန်အန်းတို့လို့ပဲ ပြီးပြည့်စုံခြင်းရွှေအမြုတေအဆင့်ကို ရောက်သွားပြီ”
ဝှစ်…
ထန်ရှု၏အသံက လွင့်ပါးသွားပြီးနောက် နတ်ဆိုးအိုကြီး၏ပုံရိပ်က လူတိုင်း၏အရှေ့၌ ထွက်ပေါ်လာ၏။ မျက်နှာပေါ်တွင် ကျေနပ်အားရသောအကြည့်နှင့် သူက ထန်ရှုအား ဉီးညွှတ်လျက် စိတ်လှုပ်ရှားစွာ ပြောလိုက်သည် “ငါ ရွှေအမြုတေနှောင်းပိုင်းအဆင့်ကို တက်လှမ်းခဲ့ပြီ၊ သူဌေး။ အစက ရတနာတွေအများကြီး ပြင်ဆင်ထားပြီး တာအိုဆရာသခင်အဆိပ်ပြန်အလာကို စောင့်နေတာ၊ ဒါမှ ရွှေအမြုတေအဆင့်ကို တက်လှမ်းနိုင်ဖို့ သူ ငါ့ကို ကူညီပေးနိုင်မှာ။ ဒါပေမယ့် အခု ကြည့်ရသလောက် သူ့ကို မလိုတော့ပုံပဲ”
“သူက ဒီကမ္ဘာကနေ ထွက်သွားပြီဖြစ်တာကြောင့် မင်း သူ့ကို နောက်ထပ်မလိုတော့ဘူး”ထန်ရှုက ပြုံးလိုက်သည် “ပြောရရင် ရွှေအမြုတေနှောင်းပိုင်းအဆင့်ကျင့်ကြံသူတွေက ငါ့အတွက်တော့ ပုရွက်ဆိတ်တွေလိုပဲ၊ ဆန်းကြယ်နတ်ဆိုးအိုကြီး။ အနာဂတ်မှာ မင်း အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ရောက်တော့မှသာ ဒီနှစ်ဆင့်ကြား ကွာဟချက် ဘယ်လောက်ကြီးသလဲကို မင်း နားလည်နိုင်လိမ့်မယ်”
‘အခြေတည်စိတ်ဝိညာဉ်အဆင့်လား’
ဆန်းကြယ်နတ်ဆိုးအိုးကြီးက ဟန်ဆောင်ပန်ဆောင်ပြုံးလိုက်သည် “ရွှေအမြုတေနှောင်းပိုင်းအဆင့်ကို ချိုးဖြတ်နိုင်ရုံနဲ့တင် ငါ ကျေနပ်ပါပြီ၊ သူဌေး။ ဒီတစ်သက်တော့ ငါ အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ရောက်ရှိမယ်မထင်ဘူး”
“ဘာလို့လဲ”ထန်ရှုက မေးငေါ့လိုက်သည်။
“ငါ့ရဲ့ကျင့်ကြံခြင်းပညာရပ်ကြောင့်ပဲ”ဆန်းကြယ်နတ်ဆိုးအိုကြီးက အကူအညီမဲ့စွာ ပြန်ဖြေသည် “ဒီကျင့်ကြံခြင်းပညာရပ်ရဲ့အမြင့်ဆုံးအဆင့်က ရွှေအမြုတေနှောင်းပိုင်းအဆင့်အထိပဲ။ နောက်အဆင့်တွေ တက်လှမ်းဖို့အတွက် ငါ့မှာ ကျင့်ကြံခြင်းပညာရပ်မရှိတော့ဘူး”
“မင်းက ငါ့ကို အညံ့ခံပြီး မင်းရဲ့သစ္စာရှိမှုကိုလဲ ငါက စိုးရိမ်ပူပန်စရာမလိုမှတော့ အနည်းဆုံး ကြီးမြတ်သောတက်လှမ်းခြင်းအဆင့်အထိ ရောက်ရှိစေမည့် ကျင့်ကြံခြင်းပညာရပ်ကို ငါ မင်းကို သင်ကြားပေးရမှာပေါ့”သူ၏ဆိုလိုရင်းအား လျင်မြန်စွာ ဖမ်းမိကာ ထန်ရှုက ပြောလိုက်၏ “မင်းရဲ့လုပ်ဆောင်ချက်တွေက အရမ်းကောင်းမယ်ဆိုရင် ကြီးမြတ်သောတက်လှမ်းခြင်းအဆင့်ကိုကျော်လွန်တဲ့အခြားအဆင့်တွေအတွက်ကျင့်ကြံခြင်းပညာရပ်ကိုပါ သင်ကြားပေးအုံးမယ်”
ထိတ်လန့်တုန်လှုပ်သောအကြည့်တစ်ခုက ဆန်းကြယ်နတ်ဆိုးအိုကြီး၏မျက်နှာပေါ်တွင် ထွက်ပေါ်လာ၏။ ထန်ရှုလက်က သူ့နဖူးအား ထပ်ဖိလိုက်ပြီး ကျင့်ကြံခြင်းပညာရပ်တစ်ခု၏အကြောင်းအရာများက သူ့စိတ်ထဲ၌ ချက်ချင်း ထွက်ပေါ်လာသည်။ ဆန်းကြယ်နတ်ဆိုးအိုကြီးက အနည်းငယ် တုန်ယင်သွားလျက် ပျော်ရွှင်မိသွား၏။
ဒါက ကျင့်ကြံခြင်းပညာရပ်တစ်ခုပင်။
ထို့ပြင် ၎င်းက ကြီးမြတ်သောတက်လှမ်းခြင်းအဆင့်အထိ ကျင့်ကြံစေနိုင်သည်။ ယနေ့ခေတ်တွင် ထိုကဲ့သို့သောကျင့်ကြံခြင်းပညာရပ်က ရွှေတောင်ကြီးတစ်ရာထက် ပိုတန်ဖိုးရှိ၏။
“ဒီဆန်းကြယ်နတ်ဆိုးအိုကြီးက အခုကစပြီး မင်းကို အကြွင်းမဲ့သစ္စာရှိပါ့မယ်၊ ဂိုဏ်းချုပ်”ဆန်းကြယ်နတ်ဆိုးအိုကြီးက လက်သီးဆုပ်လျက် ကျမ်းကျိန်လိုက်သည်။
“ငါ့ရှေ့မှာ စကားလုံးတွေနဲ့ သစ္စာရှိကြောင်း ပြနေဖို့ မလိုဘူး၊ အနာဂတ်မှာ မင်းရဲ့အပြုအမူတွေနဲ့ပဲ အဲဒါကို သက်သေပြပါ”ထန်ရှုက ပြုံးကာ ပြောလိုက်သည်။
“ကောင်းပါပြီ”
ယခင်က သူက လက်ခံရန် ဆန္ဒမရှိဘဲ ထန်ရှု၏ထိန်းချုပ်မှုအောက်မှ လွတ်မြောက်ရန် သူ့ဉီးနှောက်က အကြိမ်ပေါင်းများစွာ လှုပ်ရှားနေခဲ့သည်။ သို့သော် ယခု ကူးဝါကိုပြောခဲ့သည်က အဓိပ္ပါယ်ရှိသည်ဟု သူ တွေးမိ၏။ ထန်ရှုနောက်လိုက်ခြင်းက ကြီးမားသောအခွင့်အလမ်းတစ်ခုအား ရရှိခြင်းပင်။
နှစ်နာရီကြာပြီးနောက် ကူးဝါကိုက ထန်ရှုအရှေ့၌ စိတ်အားထက်သန်သောမျက်နှာနှင့် ထွက်ပေါ်လာသည်။ လူတိုင်းက သူမထက် ဉီးစွာ ကျင့်ကြံခြင်းပြီးစီးနေသည်ကို မြင်ပြီးနောက် သူမမျက်နှာပေါ်ရှိ အပြုံးက ချက်ချင်း ပျောက်ကွယ်သွားပြီး ရိုသေလေးစားစွာ ပြောလိုက်သည် “ငါက ရွှေအမြုတေအလယ်ဆင့်ကို ချိုးဖြတ်ခဲ့ပြီ၊ ဂိုဏ်းချုပ်။ ပြီးတော့ မကြာခင်မှာ ငါ ရွှေအမြုတေနှောင်းပိုင်းအဆင့်ကို တက်လှမ်းနိုင်မယ်ဆိုတာ သေချာတယ်”
“မဟုတ်ဘူး၊ မင်းရဲ့ကျင့်ကြံခြင်းအဆင့်တိုးတက်တာ မြန်လွန်းနေတယ်။ ဒါက မင်းရဲ့အခြေအုတ်မြစ်ကို မခိုင်ဖြစ်စေလိမ့်မယ်”ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “ကိစ္စတွေပြီးလို့ ပြန်ရောက်တဲ့အခါကျရင် ငါ မင်းအတွက် အထူးလေ့ကျင့်ရေးပရိုဂရမ်တစ်ခု စီစဉ်ပေးမယ်။ မင်းရဲ့နယ်ပယ်အသစ်ကို တည်ငြိမ်သွားပြီး မျှော်လင့်ချက်ဆေးလုံးအပြင် မင်းရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ဆေးအာနိသင်အကြွင်းအကျန်တွေအားလုံးကို စုပ်ယူပြီးမှ မင်း ရွှေအမြုတေနှောင်းပိုင်းအဆင့်ကို တက်လှမ်းနိုင်မယ်”
“ဂိုဏ်းချုပ်၊ ငါ့ရဲ့ခန္ဓာကိုယ်ထဲမှာ ဆေးအာနိသင်အကြွင်းအကျန်တွေ ရှိသေးတယ်လို့ သင် ပြောတာလား၊ မျှော်လင့်ချက်ဆေးလုံးရဲ့စွမ်းအင်ကိုတောင် ငါ အပြည့်အဝမစုပ်ယူရသေးတာလား” ကူးဝါကိုက သံသယနှင့် မေးခွန်းထုတ်လိုက်သည်။
သူမအား တိုက်ရိုက်ပြန်ဖြေမည့်အစား ထန်ရှုက မေးလိုက်၏ “မင်း လေ့ကျင့်နေတဲ့အချိန်မှာ မင်းခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုကနေ ရုတ်တရက် အပူစီးကြောင်းတစ်ခု ဖြစ်လာပြီး မင်းခန္ဓာကိုယ်က နွေးထွေးလာတာကို မကြာခဏခံစားမိတယ်မလား”
“ဟုတ်ပါတယ်၊ ငါ မကြာခဏ အဲလိုတွေ့ရပါတယ်”ကူးဝါကိုက ခေါင်းညိတ်လိုက်၏။
“ဒါက မင်းခန္ဓာကိုယ်ထဲမှာ ကိန်းဝပ်နေတဲ့ ဆေးအာနိသင်တွေကြောင့်ပဲ”ထန်ရှုက ရှင်းပြလိုက်၏ “ဒီမတိုင်ခင်တုန်းက မင်းက ကောင်းကင်မြေကြီးရတနာအမြောက်အများသုံးစွဲခဲ့တယ်။ မင်းရဲ့ခန္ဓာကိုယ်က သူတို့အားလုံးကို အပြည့်အဝမစုပ်ယူမသန့်စင်နိုင်ခဲ့ဘူး။ အချိန်ကြာပြီးနောက် အဲဒါတွေက စုပုံပြီး မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ကျန်နေတာပဲ”
ကူးဝါကိုက လိုရင်းအား ချက်ချင်း ဖမ်းမိလိုက်ပြီး ခေါင်းညိတ်လိုက်သည် “ငါ သိပြီ၊ ကူးဝါကိုက သင့်ရဲ့အစီအစဉ်အတိုင်း လုပ်ပါ့မယ်၊ ဂိုဏ်းချုပ်”
ထို့နောက် ထန်ရှုက ဆန်းကြယ်နတ်ဆိုးအိုကြီးဘက်လှည့်ကာ ပြောလိုက်၏ “အိန်ဂျယ်လိုဒိုလန်ကို ဆက်သွယ်လို့ရပြီ။ သူတို့ဘယ်နေရာမှာလဲဆိုတာ ရှာပါ။ ငါတို့တွေ သူတို့ကို အမြန်ဆုံးဖယ်ရှားပစ်ရမယ်။ ဒီအကောင်တွေက ငါ့ရဲ့လူတွေကို ထိရဲတယ်။ ဒီအတွက် ဒင်းတို့ ပေးဆပ်ရမယ်…”
“နားလည်ပါပြီ…”ဆန်းကြယ်နတ်ဆိုးအိုကြီးက ခေါင်းညိတ်လိုက်သည်။
နောက်နှစ်ရက်အတွင်း ထန်ရှုက စုန့်ကွမ်းဟွေနှင့် တိတ်တဆိတ် တွေ့ဆုံသည်။ သူနှင့် ကိစ္စအချို့ ဆွေးနွေးပြီးနောက် ထန်ရှုက လူတိုင်းကို ခေါ်ကာ သင်္ဘောပေါ်တက်လျက် ပစိဖိတ်သမုဒ္ဒရာဆီသို့ ဉီးတည်၏။ တွမ်ရက်ဂျီက စိုင်းဖန်ရှိမြေအောက်လောက၏အရှင်သခင်ဖြစ်လာပြီဖြစ်သော်လည်း ထန်ရှုက သူ့အား စိုင်းဖန်၌ တစ်ယောက်တည်း ချန်ထားရန် ဆန္ဒမရှိဘဲ သူ့ကိုယ်စား စိုင်းဖန်အား ဂရုစိုက်ရန် သတ္တိရှိပြီး ယုံကြည်စိတ်ချရသူတစ်ယောက်အား ရွေးချယ်စေသည်။ ထို့နောက် တွမ်ရက်ဂျီက မျှော်လင့်ချက်ဆေးလုံး ချေဖျက်နိုင်ရန် အထူးနည်းလမ်းများ အသုံးပြုခဲ့ပြီး သူ့အား ကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ ခြေချစေ၏။
***