← Chapters

လူယုတ်လူညံ့တစ်အုပ်

Vol. 79 Ch. 1094

လူယုတ်လူညံ့တစ်အုပ်

Vol. 79 Ch. 1094

ညကောင်းကင်တွင် ကြယ်များက တလက်လက်ဖြစ်နေပြီး အေးစက်သောပင်လယ်လေညင်းတစ်ခုက တည်ငြိမ်သောပင်လယ်ပြင်၌ လှုပ်ယမ်းနေလျက်ရှိသည်။

လူရာချီတင်ဆောင်လာသည့် တန်ဖိုးကြီးသင်္ဘောနှစ်စီးက ပင်လယ်ပြင်အလယ်၌ တိတ်တဆိတ် ကျောက်ချနေသည်။ ရောင်စုံအလင်းများနှင့် တန်ဆာဆင်ထားသဖြင့် ၎င်းတို့က ပင်လယ်ပြင်ပေါ်ရှိ ကြီးမားသော ရောင်စုံကျောက်မျက်ရတနာများလိုပင်။

သစ်သီးမျိုးစုံ၊ အဆာပြေစားစရာများနှင့် လှပသောပရိဘောဂများ ခင်းကျင်းထားသည့် စားပွဲရှည်တစ်လုံးအား သင်္ဘောကုန်းပတ်ပေါ်တွင် ချထား၏။ သလင်းခွက်များက သွေးရည်များနှင့်တူသည့်ဝိုင်နီများ အပြည့်ဖြည့်ထားသည်၊ ဥရောပနွယ်ဖွားလူငယ်နှစ်ယောက်က ဝိုင်ခွက်များ မြှောက်ရင်း စကားပြောနေကြ၏။

“မင်းက ပစိဖိတ်ကို ရောက်နေတာဆိုတော့ နတ်ဘုရားတွေက အိပ်ပျော်နေတာပဲ ဖြစ်ရမယ်၊ ဝစ်လ်အက်။ ပိရမစ်က မင်းရဲ့အော်ဒိုကုမ္ပဏီကို ဖျက်ဆီးခဲ့တာ ကြာလှပြီ၊ မင်းက ဆာတန်မာန်လ်နတ်နဲ့ တွေ့ဆုံပြီး သူနဲ့တောင် အတူသောက်နေတယ်လို့ ကောလဟလ ပြောနေကြတယ်။ ဘယ်လိုလုပ်ပြီး မင်းက ဒီနေရာမှာ ထွက်ပေါ်လာရတာလဲ”အိန်ဂျယ်လိုဒိုလန်က နွေးထွေးသောအပြုံးနှင့် စပြောလိုက်၏။

အနီရောင်ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားသည့် ရွှေရောင်ဆံပင်နှင့်ဝစ်လ်အက်က ပခုံးတွန့်လျက် ဝိုင်တစ်ခွက် မော့သောက်လိုက်သည်။ ထို့နောက် အဖြူရောင်လက်ကိုင်ပဝါကို ကောက်ယူလျက် ပါးစပ်ထောင့်ရှိ ဝိုင်အကျန်များအား သုတ်ကာ အေးဆေးသက်သာစွာ ပြုံးလျက် ပြန်ဖြေ၏ “အရှင်တွေက အိပ်ပျော်နေတာလား၊ ဟမ့်။ ဒါနဲ့ ပတ်သက်ပြီးတော့ မသိပေမယ့် ဆာတန်မာန်လ်နတ်က ငါ့ကို အများကြီးသဘောမကျတာတော့ သေချာတယ်။ မင်းကမှ ဆာတန်လ်မာန်နတ်သဘောကျတဲ့သူပဲ၊ အိန်ဂျယ်လို”

အိန်ဂျယ်လိုမျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွား၏။ “အိုး၊ ချစ်လှစွာသောဝစ်လ်၊ မင်းက ငါ့စရိုက်ကို သိတယ်မလား။ ငါ့ကို ဖြေစမ်းပါ၊ ဘာလို့ မင်း ပစိဖိတ်ကို ရောက်လာတာလဲ။ မင်းလဲ ရတနာတွေ ရဖို့ ကြိုးစားနေတာလို့ ငါ့ကို မပြောဘူးမလား”

“မင်း သိပါတယ်။ ငှက်တွေက အစာအတွက် သေရသလို လူတွေက ကြွယ်ဝမှုအတွက် သေရတယ်ဆိုတာကိုလေ”ဝစ်လ်အက်က ပြန်ဖြေ၏ “ဒီနေရာမှာ ရတနာအချို့ မြှုပ်နှံထားတယ်လို့ ပြောကြတယ်၊ ဒါကြောင့် ငါလဲ ကံလာစမ်းကြည့်တာပေါ့။ ဒါပေမယ့် အဲဒါက ကောင်းကင်ဘုံမှော်ဆရာကလန်ထုတ်လွှင့်ထားတဲ့သတင်းအတုဆိုတာကို သိပြီးနောက် ငါ ထပ်ဂရုမစိုက်တော့ပါဘူး။ ငါ့မှာ ဝိုင်ရှိတယ်၊ စားကောင်းသောက်ဖွယ်တွေရှိတယ်၊ အလှလေးတွေရှိတယ်။ ဒါ့အပြင် ဒီနေရာက စိုင်းဖန်နဲ့ သိပ်မဝေးဘူးလေ။ ဒီနေရာမှာ အပန်းဖြေရတာ မဆိုးပါဘူး၊ ငါ့ကို အတော်လေးစိတ်ကျေနပ်စေပါတယ်”

“မင်း ပြောချင်တာက မင်းက အခု အပန်းဖြေနေတာပေါ့”အိန်ဂျယ်လိုက ပြန်ဖြေ၏။

ဝစ်လ်အက်က တခစ်ခစ်ရယ်လျက် ပြော၏ “ငါက အပန်းဖြေနေတယ်လို့ မပြောခဲ့ပါဘူးနော်။ ငါ ဒီနေရာကို ရတနာရှာဖို့ လာခဲ့တာလို့ ပြောတာမလား။ အဟားဟား…ငါ့ရဲ့အဲဒီအဖိုးကြီးက ငါ့ကို တစ်ချိန်လုံး ဖျစ်ညှစ်နေတယ်။ သူက ငါ့ကို ဘဏ်တစ်ခုရဲ့ပိုက်ဆံထုတ်စက်တစ်ခုလို့ သတ်မှတ်ထားတာ၊ ဒါက ငါ့ကို သေမတတ်မောပန်းစေတယ်”

“ဝါးဟားဟား”အိန်ဂျယ်လိုက ရယ်လျက်သာ တုံ့ပြန်လိုက်သည်။

ထို့နောက် ဝစ်လ်အက်က ဆက်ပြော၏ “ဒါနဲ့ ဘေဘီလိုနီယမ်အေဂျင်စီကနေ မော်ဒယ်ကောင်းအချို့ ငါ ရလာတယ်၊ သူတို့က ငါတို့ကို စောင့်မျှော်နေတယ်။ ငါ့ကို မငြင်းနဲ့နော်။ ငါ သူတို့အားလုံးကို စစ်ဆေးထားပြီးပြီ၊ သူတို့ရဲ့စကေးတွေက ရှယ်ပဲ”

“ကြက်ကလေးတွေနဲ့ ပတ်သက်ပြီး မပြောနဲ့အုံး”အိန်ဂျယ်လိုက နွေးထွေးစွာ ပြုံးလျက် ပြောလိုက်သည် “အစက အချိန်အချို့ပေးပြီး မင်းကို ရှာမလို့ စီစဉ်ထားတာ၊ မင်းကို ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ လုပ်ငန်းကိစ္စတစ်ခု ပြောကြရအောင်၊ နောက်မှပဲ ပျော်စရာအချို့ ရှာကြတာပေါ့”

ဝစ်လ်အက်က မျက်မှောင်ကြုတ်လျက် တည့်တိုးသာ ပြန်ဖြေ၏ “အလုပ်နဲ့ပတ်သက်ပြီး ငါ မင်းကို အကြိမ်တစ်သန်း ပြောခဲ့တယ်မလား။ ငါက ခရစ်စမတ်ကနေ ခရစ်စမတ်အထိ အလုပ်များနေတာ။ ဒါကြောင့် လက်ရှိမှာ ပျော်ဖို့ပဲ ငါ့ခေါင်းထဲမှာ ရှိတယ်”

“ချစ်လှစွာသောမစ္စတာအက်ရေ၊ မင်းတို့အိမ်ရဲ့ဆက်သွယ်ရေးကွန်ရက်အရ အာဖရိကက ဒန်တီစိန်မိုင်းတွင်းလုယက်ခံလိုက်ရတဲ့သတင်းကို မင်း ကြားမယ်ဆိုတာ ငါ သေချာတယ်”အိန်ဂျယ်လိုက ထူးဆန်းစွာ ပြောလိုက်၏ “အဲဒါကို လုယက်ခဲ့တာက ငါတို့ဒိုင်လန်အိမ်ရဲ့လူတွေ ဖြစ်တာကြောင့် အဲဒါနဲ့ ပတ်သက်ပြီး မင်းကို ဖုံးကွယ်နေဖို့ မလိုဘူးလို့ ငါ ထင်တယ်။ ဒါပေမယ့် ငါတို့နဲ့ အဲနေရာက ဒေသခံအချို့နဲ့ နက်ရှိုင်းတဲ့ပြဿနာတွေ ရှိတယ်၊ သူတို့ကို ရင်ဆိုင်ရတာ အတော်လေးဒုက္ခများတယ်”

ဝစ်လ်အက်၏မျက်နှာက အနည်းငယ် ပြောင်းလဲသွား၏။ သူက အိန်ဂျယ်လိုဒိုလန်အား နက်ရှိုင်းသောအကြည့်နှင့် တစ်ချက်ကြည့်လိုက်သည်၊ ထို့နောက် သူက လေးနက်စွာနှင့် ပြန်ဖြေ၏ “မင်းရဲ့အဆိုပြုချက်က ငါ့ရဲ့စိတ်ဝင်စားမှုကို နိုးဆွခဲ့တယ်ဆိုတာ ငါ ဝန်ခံပါတယ်။ ဒါက ကောင်းတဲ့အဆိုပြုချက်တစ်ခုလို့ ငါ ထင်တယ်”

“ကောင်းပြီလေ”အိန်ဂျယ်လိုဒိုင်လန်က ယုံကြည်ချက်ရှိရှိနှင့် ဆက်ပြောသည် “အဲဒီဒေသခံအရှင်သခင်တွေရဲ့ခေါင်းတွေကို တိတ်တဆိတ်ဖြတ်ဖို့ ငါ မင်းတို့အိမ်ရဲ့အကူအညီကို လိုအပ်တယ်။ အကျိုုးအမြတ်ရဲ့နှစ်ဆယ်ရာခိုင်နှုန်းကို မင်းတို့အိမ်ကို ပေးမယ်။ ဘယ်လိုလဲ”

မျက်လုံးလက်သွားလျက် ဝစ်အက်က မိနှစ်အနည်းငယ်ကြာ စဉ်းစားလိုက်သည်။ ထို့နောက် သူက လက်ထောင်ပြကာ ပြောလိုက်၏ “ငါ လေးဆယ်ရာခိုင်နှုန်းလိုချင်တယ်”

အိန်ဂျယ်လိုက သူ့အား စိုက်ကြည့်ကာ အော်လိုက်သည် “ချီးလိုပဲ။ အဲဒီဒန်တီစိန်မိုင်းတွင်းကို လုယက်ဖို့အတွက်နဲ့ ငါတို့ဒိုလန်အိမ်က ဆုံးရှုံးမှုကြီးမားခဲ့တယ်၊ အခု မင်းက လေးဆယ်ရာခိုင်နှုန်းကို လိုချင်တာလား။ မင်းပဲ ရူးနေတာလား ဒါမှမဟုတ် ဒီကမ္ဘာကြီးကပဲ ရူးနေတာလား။ ဒါ မဖြစ်နိုင်ဘူးလေ။ ပြီးတော့ ငါက မင်းကို ကတိပေးရင်တောင် ငါ့မိသားစုရဲ့အကြီးအကဲတွေက ဒါကို သဘောတူမှာမဟုတ်ဘူး”

“ကံဆိုးမိုးမှောင်ကျသလို စကားကို မပြောစမ်းပါနဲ့”ဝစ်လ်အက်က နှာခေါင်းရှုံ့လိုက်သည် “ဒန်တီစိန်မိုးတွင်းကို လုယက်ခဲ့တဲ့သူတွေက ဘာဆုံးရှုံးမှုတစ်ခုမှ မရှိခဲ့ပါဘူးကွာ။ အက်အိမ်တော်က ဒီလောက်ကတော့ စုံစမ်းနိုင်ပါသေးတယ်။ ကောင်းပြီလေ၊ ငါ့ရဲ့တောင်းဆိုချက်ကို နည်းနည်းလျော့လိုက်မယ်။ သုံးဆယ်ရာခိုင်နှုန်းပဲ။ ဒီထက်လျော့မယ်ဆိုရင် ငါတို့အက်အိမ်က လက်မခံတော့ဘူး။ ပူးပေါင်းဖို့အတွက် မင်း အခြားသူတွေကို ရှာနိုင်တယ်”

‘သုံးဆယ်ရာခိုင်နှုန်းလား…’

ဒါက အိန်ဂျယ်လို လက်ခံနိုင်သေးသည့်ပမာဏတစ်ခုပင်။ လက်တွေ့တွင် အာဖရိကရှိအနေအထားက အလွန်ရှုပ်ထွေးသည်။ သုံးဆယ်ရာခိုင်နှုန်းအသာထား၊ ငါးဆယ်ရာခိုင်နှုန်းဆိုလျှင်ပင် သူက အသင့်ဖြစ်၏။ သို့သော် သူ့အိမ်က ဝေစုပိုကြီးမားရန်အတွက် သူက လှည့်ကွက်အချို့ သုံးရပေမည်။

“ကောင်းပြီ၊ သဘောတူတယ်”

အိန်ဂျယ်လိုဒိုလန်နှင့်ဝစ်လ်အက်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ တစ်ချိန်တည်း၌ နှစ်ယောက်သား ပြုံးလိုက်ကြ၏။

ထို့နောက် ဝစ်လ်အက်က လက်ခုပ်တီးလိုက်သည်၊ လူကြီးတစ်ယောက်က ရုတ်တရက် အခန်းထဲသို့ ပြေးဝင်လာ၏။ မိနစ်အနည်းငယ်ကြာပြီးနောက် လုံးကြီးပေါက်လှရွှေရောင်ဆံပင်နှင့်အမျိုးသမီးလေးယောက်က သူနှင့်အတူ ထွက်လာသည်။ ဝစ်လ်အက်က အိန်ဂျယ်လိုအား ကြည့်ကာ ပြုံးဖြဲပြောလိုက်သည် ‘ငါတို့တွေ အတူတူ ပျော်ကြရင် ဘယ်လိုလဲ။ တစ်ယောက်ကို နှစ်ယောက်စီပေါ့”

အိန်ဂျယ်လိုက အမျိုးသမီးများကို ကြိုက်သည်၊ အထူးသဖြင့် အမျိုးသမီးမော်ဒယ်များကိုပင်။ သို့သော် သူက လုပ်စရာတစ်ခုရှိသေးသဖြင့် ခေါင်းခါလိုက်သည် “ငါ အရေးတကြီးပြောစရာအချို့ရှိတယ်လို့ မင်းကို ပြောခဲ့ပြီးသားပဲမလား။ မကြာခင် မိတ်ဆွေအချို့ ရောက်လာလိမ့်မယ်၊ ဒါကြောင့် သူတို့ကို စောင့်နေကြရအောင်”

“မိတ်ဆွေအချို့လား။ ဘယ်သူလဲ”ဝစ်လ်အက်က အံ့အားသင့်သွားသည်။

“ဆန်းကြယ်နတ်ဆိုးအိုကြီး”အိန်ဂျယ်လိုက ပြုံးကာ ပြန်ဖြေ၏။

ဝစ်လ်အက်က ကြောက်လန့်သောအကြည့်တစ်ခုနှင့် ကုလားထိုင်မှ ရုတ်ချည်း ထရပ်လျက် ကမန်းကတန်း ပြောလိုက်သည် “ငါ့ရဲ့ချစ်လှစွာသောအိန်ဂျယ်လိုရေ၊ မင်း ရူးနေတာလား။ ဘာလို့ မင်း အဲဒီဆန်းကြယ်နတ်ဆိုးအိုကြီးကို ခေါ်လိုက်တာလဲ။ သူက နေ့တိုင်းနေ့တိုင်း သေမင်းနဲ့ ကစားနေတဲ့အရူးတစ်ယောက်ပဲ။ မင်း…ချီးလိုပဲ။ ဒီလိုဆိုးဝါးတဲ့ကံနဲ့ လာတွေ့မယ်လို့ ငါ မထင်ထားပါဘူးကွာ”

“အာ။ မင်းရဲ့အသံကို ကြည့်ရတာ မင်းက အဲဒီလူကြီးကိုကြောက်လန့်နေတဲ့ပုံပဲ”အိန်ဂျယ်လိုက ထူးဆန်းစွာ ပြောလိုက်သည် “မင်းနဲ့သူ့ကြားမှာ ရန်ငြိုးဒါမှမဟုတ်တစ်ခုခုရှိနေတာလား”

“မရှိပါဘူး၊ ငါ အဲလူကြီးနဲ့ ဘာရန်ငြိုးမှ မရှိပါဘူး။ ဒါပေမယ့် သူက ငါ့အိမ်က ရတနာအချို့ကို လုယူသွားခဲ့တယ်”ဝစ်လ်အက်က လက်ဝှေ့ယမ်းကာ ပြောလိုက်သည် “ငါ့ မိသားစုရတနာကို ပြန်ပေးဖို့နဲ့ သူ့ကို ငါ တကယ်ရိုက်နှက်ချင်တယ်”

အိန်ဂျယ်လိုက အနီးနားရှိသန်မာသောလူများအား လက်ညှိုးထိုးကာ ပြုံးစပ်စပ်နှင့် ပြောလိုက်သည် “မင်းခေါ်လာတဲ့ဒီလူတွေနဲ့ အဲဒီလူအိုကြီးကို ပွဲသိမ်းအောင် မင်း လုပ်နိုင်လား”

ထူးဆန်းသောအလင်းတစ်ခုက ဝစ်လ်အက်၏မျက်လုံးများထဲ၌ လက်သွားလျက် သူက ဂုဏ်ယူစွာ ပြောလိုက်သည် “အဲဒီလူကြီးကို မရှင်းပစ်နိုင်ရင်တောင် သူတို့က ရှုံးမှာ မဟုတ်ဘူး”

“သခင်လေး”

သွယ်လျသောခါးလေးအား လှုပ်ယမ်းလျက် အလှလေးတစ်ယောက်က အခန်းမှ ထွက်လာ၏။ သူမက အိန်ဂျယ်လိုဘေးနား၌ ဆောင့်ကြောင့်ထိုင်ကာ တီးတိုးပြောလိုက်သည် “ရေမိုင်အနည်းငယ်အကွာကနေ ငါတို့ဆီ ဉီးတည်လာနေတဲ့သင်္ဘောတစ်စီးကို အခုပဲ တွေ့ခဲ့တယ်”

အိန်ဂျယ်လိုက မေးငေါ့လျက် ပြုံးစပ်စပ်နှင့် ပြောလိုက်သည် “နတ်ဆိုးအကြောင်းပြောနေတဲ့အချိန်မှာ နတ်ဆိုးက လာလိမ့်မယ်လို့ တရုတ်တွေ ပြောကြတယ်။ ငါ့ထင်တာမှန်ရင် အဲဒါက နတ်ဆိုးအိုကြီးနဲ့သူ့လူတွေပဲ ဖြစ်မယ်”

ဝစ်လ်အက်က မျက်လုံးလိမ့်လျက် ညည်းလိုက်သည် “မင်း သိလား၊ သူ့ကို ဘယ်တော့မှ ထပ်မတွေ့ရတော့ဖို့ ငါ မျှော်လင့်ထားတာ။ သူနဲ့ ငါ ဆုံတဲ့အချိန်တိုင်း ကောင်းတာတစ်ခုမှ ဖြစ်လာမှာမဟုတ်ဘူး”

များမကြာမီ သင်္ဘောတစ်စီးက ဖြည်းဖြည်းချင်း ချဉ်းကပ်လာ၏။ သင်္ဘောကုန်းပတ်ပေါ်တွင် ရပ်နေသော ဆန်းကြယ်နတ်ဆိုးအိုကြီးအား အိန်ဂျယ်လိုနှင့်ဝစ်လ်အက်တို့က မြင်လိုက်၏၊ အိန်ဂျယ်လိုက ထရပ်ကာ လက်ထုတ်ပြလျက် ပြုံးကာ ကျယ်လောင်စွာ ပြောလိုက်သည် “ဟေး၊ ဆန်းကြယ်နတ်ဆိုးအိုကြီး၊ ကြိုဆိုပါတယ်”

သင်္ဘောက ကျောက်ချလိုက်သည်၊ ဆန်းကြယ်နတ်ဆိုးအိုကြီးက အံ့အားသင့်သွားပုံပေါ်ပြီးနောက် သူက ခြောက်ကပ်ကပ်ရယ်လိုက်သည် “ဟားဟား၊ အိန်ဂျယ်လိုဒိုလန်၊ မင်းက တကယ်စိတ်မရှည်ဖြစ်နေတာပဲ၊ ဆာတန်မာန်လ်နတ်ကို တွေ့ဖို့ မစောင့်နိုင်တော့ဘူးလား။ ငါ ရောက်လာတာကြောင့် မင်း ဒီလောက် ပျော်နေပုံထောက်ရင် ငါ ဂုဏ်ယူမိတယ်လို့ ပြောရမလား”

အိန်ဂျယ်လို၏မျက်နှာပေါ်ရှိအပြုံးက လျော့ကျသွား၏။ သူက မေးငေါ့လျက် ပြောလိုက်သည် “ဟေး၊ ဆန်းကြယ်နတ်ဆိုးအိုကြီး၊ ဒါက ပျော်ဖို့ကောင်းတဲ့ဟာသတစ်ခုမဟုတ်ဘူးနော်”

“သူက မင်းကို ဟာသလုပ်နေတာ မဟုတ်ဘူး၊ ဘာလို့ဆို ဒီနေ့ မင်းကိုယ်တိုင် ဆာတန်မာန်လ်နတ်နဲ့ တွေ့ရမှာမို့လို့ပဲ”ထန်ရှုက ထန်ကွမ်းနှင့်ကျန်လူများအား ဉီးဆောင်လျက် အခန်းထဲမှ ထွက်လာကာ ဆန်းကြယ်နတ်ဆိုးအိုကြီးဘေးနားသို့ လျှောက်လာ၏။ ဆန်းကြယ်နတ်ဆိုးအိုကြီးက ဉီးညွှတ်ပြီးနောက် ထန်ရှုနောက်၌ ရပ်လိုက်သည်။

သတိက အိန်ဂျယ်လို၏မျက်လုံးများထဲ၌ ပြည့်သွား၏၊ သူက စိတ်ထဲ၌ အနည်းငယ် ထိတ်လန့်သလို ခံစားမိလာသည်။ ဆန်းကြယ်နတ်ဆိုးအိုကြီး၏စိတ်နေသဘောထားအား သူ သိသည်၊ ဤလူက ရက်စက်ကြမ်းကြုတ်ကာ သွေးအေးရုံသာမက အလွန်အမင်းမောက်မာသည်။ ဒါပေမယ့် ဒီလူငယ်က ဘယ်သူလဲ။ ဘာလို့ ဆန်းကြယ်နတ်ဆိုးအိုကြီးက သူ့ကို ဒီလောက်လေးစားနေရတာလဲ။

“မင်း ဘယ်သူလဲ”အိန်ဂျယ်လိုက ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။ သူ့လူများက သူ့ဘေးနား၌ လျင်မြန်စွာ စုဝေးလာပြီး သူက တင်းမာစွာ မေးလိုက်သည်။

***

All Chapters