စကားပိုပြောလို့လဲ အသုံးမဝင်
Vol. 79 Ch. 1095
ဇိမ်ခံသင်္ဘောကုန်းပတ်ပေါ်တွင် မိုအားဝူက ဆိုဖာတစ်ခု ရွှေ့ယူလာသည်။ ထန်ရှုက ပြုံးကာ ဆိုဖာပေါ်တွင် ထိုင်ချ၏၊ ထို့နောက် စီးကရက်တစ်လိပ်ထုတ်ကာ မီးညှိလိုက်သည်။ အနှီနှစ်ယောက်အား ပြုံးကာ ကြည့်လျက် သူက ပြုံးစပ်စပ်နှင့် ပြောသည် “မင်း သိလား၊ မင်းတို့ရဲ့အလေးစားဆုံးနတ်ဘုရားဖြစ်တဲ့ဆာတန်မာန်လ်နတ်ကတောင် မင်းကို တွေ့ဖို့ တက်ကြွနေတာ၊ မင်းကို သူ့ဆီ ဘယ်သူစေလွှတ်လိုက်လဲဆိုတာ မေးမှာ မဟုတ်တဲ့အတွက် ငါ ဘယ်သူလဲဆိုတာ သိဖို့ မင်းအနေနဲ့ လိုအပ်မယ်လို့ ငါ မထင်ဘူး”
အိန်ဂျယ်လိုက ထန်ရှုအား စိုက်ကြည့်ကာ မေးလိုက်၏ “ငါတို့ကြားမှာ ရန်ငြိုးတစ်ခုခုရှိလို့လား”
“ရှိတာပေါ့၊ အမုန်းက သွေးပင်လယ်လောက် နက်ရှိုင်းတယ်”ထန်ရှုက ခေါင်းညိတ်လိုက်သည် “ဒါ မင်းတင်မကဘူးနော်။ မင်းခေါ်လာတဲ့လူတွေရာ၊ မင်းတို့မိသားစုထိန်းချုပ်ထားတဲ့အက်စ်အိုအီးကုမ္ပဏီအပါအဝင် မင်းတို့ဒိုလန်အိမ်တော်ရဲ့ချီးစုတ်တွေ အကုန်လုံးပါတယ်”
အိန်ဂျယ်လိုက သူ့အကြည့်အား ဆန်းကြယ်နတ်ဆိုးအိုကြီးထံ ပြောင်းကာ ဒေါသတကြီးအော်ပြောလိုက်၏ “ဆန်းကြယ်နတ်ဆိုးအိုကြီး၊ ငါတို့က မိတ်ဆွေတွေပဲ၊ အတူတူအလုပ်လုပ်လာတာလဲ နှစ်ပေါင်းများစွာ ကြာပြီ၊ မင်း ဘာလို့ ငါ့ကို သစ္စာဖောက်ဖို့ ရွေးချယ်ခဲ့ရတာလဲ”
“ငှက်ကောင်းတွေက အသိုက်ဆောက်ဖို့အတွက် သစ်ပင်ကောင်းတွေ ရှာရစမြဲပါပဲ။ ငါ့ရဲ့သူဌေးက အံ့ဩတုန်လှုပ်ဖွယ်ရာခွန်အားရှိတယ်၊ ဒါကြောင့် သူ့ကို သစ္စာခံဖို့ ငါ ဆန္ဒရှိရတာပေါ့”ဆန်းကြယ်နတ်ဆိုးအိုကြီးက ပြုံးဖြဲဖြဲလုပ်လျက် ပြော၏ “မင်း သိလား၊ ငါက မင်းတို့ဒိုလန်အိမ်တော်နှင့် ပူးပေါင်းဆောင်ရွက်ရာကနေ အကျိုးအမြတ်အချို့ ရခဲ့တယ်ဆိုတာ တကယ်ပါ။ ဒါပေမယ့် ငါ့သူဌေးဆီကနေ ရခဲ့တာတွေနဲ့ ယှဉ်ရင် နေ့နဲ့ညကို နှိုင်းယှဉ်ရသလိုပါပဲ။ မင်းက မင်းရဲ့ဆိုးဝါးတဲ့ကံကိုပဲ အပြစ်တင်နိုင်တယ်၊ အိန်ဂျယ်လို။ ငါ့သူဌေးရဲ့လူတွေက ရင်ဆိုင်ဖို့လွယ်တဲ့သူတွေ မဟုတ်ဘူးဆိုတာ မင်းရဲ့စိတ်ထဲမှာ မှတ်ထားပါ”
အိန်ဂျယ်လိုက စိတ်ထဲ၌ အကြီးအကျယ် တုန်လှုပ်သွား၏။ သူ့အိပ်မက်ထဲလျှင်ပင် ဆန်းကြယ်နတ်ဆိုးအိုကြီးက ထိုလူငယ်အား သူဌေးအဖြစ် မိတ်ဆက်လိမ့်မည်ဟု မတွေးထားခဲ့ပေ။
‘ဒါ ဆိုးတာပဲ’
သူက သေရေးရှင်ရေးအနေအထားတစ်ခု၌ ရှိနေသည်ကို အိန်ဂျယ်လိုက သဘောပေါက်သည်။ သူက သူ့အိမ်မှ လူအနည်းငယ်သာ ခေါ်လာခဲ့ပြီး သူတို့ထဲမှလေးယောက်က သူ၏အနီးကပ်ဆုံးလူယုံတော်များပင်။ သူတို့က အလွန်သန်မာသော်လည်း ဆန်းကြယ်နတ်ဆိုးအိုကြီးအတွက် ပြိုင်ဘက်မဟုတ်သေးပေ။ ထိုလေးယောက်က ပူးပေါင်းလျှင်ပင် ဆန်းကြယ်နတ်ဆိုးအိုကြီးအား ယှဉ်နိုင်ရုံသာ တတ်နိုင်မည်။
သို့သော် အစစ်အမှန်ကပ်ဘေးက ဆန်းကြယ်နတ်ဆိုးအိုကြီးမဟုတ်ဘဲ ထိုဆန်းကြယ်သောလူငယ်နှင့်သူ့လူများပင်။ သန်မာသူများကိုသာလေးစားသည့် ဆန်းကြယ်နတ်ဆိုးအိုကြီးအား အညံ့ခံစေနိုင်သည့်အတွက် သူတို့၏ခွန်အားက သူ့အထက်တွင် ရှိသည်ဟု ဆိုလို၏။
‘ငါ ဘာလုပ်ရမလဲ။ ဒီနေ့ ဒီပင်လယ်ထဲမှာပဲ ငါ သေရမှာလား”
မလွယ်ကူမှုက အိန်ဂျယ်လိုတစ်ကိုယ်လုံး ပြည့်သွား၏။ သူက အနီးရှိဝစ်လ်အက်အား လှည့်ကြည့်လိုက်ပြီးနောက် အနည်းငယ် စိတ်အေးသွားသည်။
ဝစ်လ်အက်က တိတ်ဆိတ်နေသော်ငြား သူက ထန်ရှုနှင့်သူ့လူများအား တည်ငြိမ်စွာ လေ့လာနေခဲ့သည်။ အိန်ဂျယ်လိုက သူ့ဘက် လှည့်ကြည့်လာသောအခါ သူက သရော်သောမျက်နှာနှင့် တုံ့ပြန်လိုက်သည် “ငါတို့အိမ်ကို အာဖရိကက ဒန်တီစိန်မိုင်းတွင်းရဲ့လေးဆယ်ရာခိုင်နှုန်းဝေစုပေးပါ။ ဒါဆို မင်းနဲ့ ပူးပေါင်းပြီး ဒီပြဿနာကို ဖြေရှင်းပေးမယ်”
အိန်ဂျယ်လိုက ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည် “သဘောတူတယ်”
ပြုံးလျက် ဝစ်လ်အက်က မိုအားဝူအား ကြည့်ကာ ဆိုလိုက်သည် “မင်း ငါ့ကို မှတ်မိမယ်ဆိုတာ သေချာပါတယ်၊ ရဲဘော်ဟောင်းရေ။ ငါတို့နောက်ဆုံးတွေ့ခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီ၊ ဒါပေမယ့် မင်းက မင်းရဲ့သခင်ကို ရွေးချယ်ပြီးပြီဖြစ်မယ်လို့ ငါ မထင်ထားဘူး။ အတိတ်မှာတုန်းက မင်းတို့ကောင်တွေကို ဧည့်ခံဖို့ ငါ လူအချို့လွှတ်ခဲ့ပါတယ်”
ထန်ရှုက မေးငေါ့လိုက်သည်။
“သူက ဝစ်လ်အက်ပါ၊ သူဌေး”မိုအားဝူက လေးစားစွာ ပြောလိုက်သည် “အရင်က ငါ လေ့ကျင့်လေ့ရှိတဲ့လေ့ကျင့်ရေးစခန်းကို သူ့မိသားစုက တည်ထောင်ခဲ့တာပဲ။ ငါ သိသလောက်ဆိုရင် အက်အိမ်တော်ရဲ့အဖွဲ့ဝင်တွေက အရမ်းသန်မာတယ်။ ဒီဝစ်လ်က အက်အိမ်တော်ရဲ့နံပါတ်တစ်တွေထဲက တစ်ယောက်ပဲ။ သူ ငါ့ကို တစ်ခါ ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးတယ်”
“ငါ သိပြီ”ထန်ရှုက ခေါင်းညိတ်လိုက်သည် “သူက မင်းတို့ကောင်တွေလို့ ပြောခဲ့တယ်။ မင်းတို့ထဲမှာ အခြားတစ်ယောက်ယောက်ရှိတာလား”
ကူးဝါကို၏အမူအရာက အနည်းငယ်အရုပ်ဆိုးသွားသည်။ ဝစ်လ်အက်၏သတ်ဖြတ်ခြင်းမြင်ကွင်းအား သူမ တစ်ခါ မြင်ဖူးသည်။ လုံးဝကို ရူးသွပ်ကာ သွေးဆာသည်။ ထိုအချိန်တုန်းက သူ၏ဆန့်ကျင့်ဘက်၌ မနေခဲ့မိသည့်အတွက် သူမက စိတ်ထဲ၌ ဝမ်းသာမိခဲ့၏၊ သို့မဟုတ်လျှင် သူမက လူသေဖြစ်နေခဲ့ပြီ။ ထန်ရှု၏စကားကို ကြားပြီး သူမက ရှေ့တစ်လှမ်းတိုးကာ တင်ပြလိုက်သည် “ဂိုဏ်းချုပ်၊ အရင်တုန်းက ငါ အဖွဲ့ဝင်ဖြစ်ခဲ့တဲ့လုပ်ကြံသတ်ဖြတ်သူအဖွဲ့အစည်းက ငါ့ကို လုပ်ကြံသတ်ဖြတ်ဖို့ တာဝန်တစ်ခုပေးခဲ့တယ်၊ အဲတုန်းက သူနဲ့ငါက တစ်ဖက်တည်းကပဲ။ ဒါကြောင့် အဲ့အချိန်တုန်းက သူ့ရဲ့လုပ်ဆောင်ချက်တွေကို ငါ မြင်တွေ့ခဲ့တယ်။ သူက အရမ်းသန်မာတယ်။ ဒါ့အပြင် သူက ငါ့ကိုလဲ ခေါ်ယူစုဆောင်းချင်ခဲ့တယ်၊ ဒါပေမယ့် ငါ ဝတ်ကျေတန်းကျေပဲ တုံံ့ပြန်ခဲ့တယ်။ ပြီးနောက် အခွင့်အရေးတစ်ခု ရှာပြီး ငါ ဂျပန်ကို ပြန်သွားခဲ့တာပဲ”
ထန်ရှုက လျှပ်တစ်ပြက်အတွင်း နားလည်လိုက်ပြီး ပြုံးကာ ပြောလိုက်သည် “ငါ သိပြီ။ ဒါဆို အရင်က ဒီဝစ်လ်အက်က မင်းတို့ရဲ့မျက်လုံးထဲမှာ အလွန်အားကောင်းတဲ့လူတစ်ယောက်ဖြစ်ခဲ့တာပေါ့။ ဒီလိုဆိုမှတော့ ငါ မင်းတို့ကို အဖြေနှစ်ခုပေးမယ်။ သူ့ကို မသတ်နဲ့။ သူ့ကို ဈေးကောင်းကောင်းနဲ့ ရောင်းနိုင်တယ်”
မိုအားဝူနှင့်ကူးဝါကိုတို့က အကြည့်ချင်းဖလှယ်ကာ ချက်ချင်းခေါင်းညိတ်လိုက်ကြသည်။
ထန်ရှုက ဆန့်ကျင်ဘက်သင်္ဘောပေါ်ရှိ အိန်ဂျယ်လိုနှင့်ဝစ်လ်တို့အား ကြည့်ကာ ပေါ့ပေါ့ပါးပါးပြုံးလိုက်သည် “ငါ့လူတွေအတွက် လက်စားချေဖို့ပဲ ငါ ဒီနေရာကို လာခဲ့တာ။ ဒါပေမယ့် ကံကောင်းမှုတစ်ခုနဲ့ ကြုံရလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဒါ မဆိုးဘူးပဲ”
ထန်ရှုအား ရန်လိုသောမျက်လုံးများနှင့် စိုက်ကြည့်ရင်း အိန်ဂျယ်လိုက နက်ရှိုင်းသောလေသံနှင့် မေးလိုက်သည် “ငါတို့ကြားမှာ ဘယ်လိုရန်ငြိုးမျိုး ရှိနေသလဲဆိုတာ ငါ ရှင်းရှင်းလင်းလင်းမသိသေးဘူး၊ မစ္စတာ။ ဒါ့အပြင် မင်းအနေနဲ့ ဖုံးကွယ်ဖို့ လိုလို့လား။ မင်းက ဆန်းကြယ်နတ်ဆိုးအိုကြီးကို မင်းလက်အောက်ရောက်အောင် လုပ်နိုင်မှတော့ မင်းကိုယ်တိုင်က အရမ်းသန်မာရမယ်။ မင်းက ဘယ်သူလဲ”
“ဒါဆိုလဲ ငါ ဆေးလိပ်သောက်ရင်းနဲ့ ပြောကြတာပေါ့”ထန်ရှုက လက်ထဲရှိ စီးကရက်အား ကြည့်ပြီးနောက် ပြုံးကာ ပြောလိုက်သည် “ငါ မင်းကို ပြောပြရတာပေါ့။ ငါက တရုတ်ကထန်ရှုပဲ။ ပြီးတော့ မင်း၊ အိန်ဂျယ်လိုဒိုလန်၊ မင်းက မင်းရဲ့မျိုးရိုးဗီဇစစ်သည်တော်တွေကို ခေါ်ပြီး စိုင်းဖန်မှာ ငါ့ရဲ့လူတွေကို ချောင်းမြောင်းတိုက်ခိုက်ခဲ့တယ်။ ဒါဆိုရင် ငါ မင်းကို မေးမယ်၊ ဘာလို့ မင်းက ငါ့ရဲ့လူတွေကို ချောင်းမြောင်းတိုက်ခိုက်ရတာလဲ”
အိန်ဂျယ်လို၏ခေါင်းက ရှုပ်ထွေးမှုတို့ ပြည့်နေ၏။ သူက ထန်ရှုအား ပဟေဌိဖြစ်သောမျက်နှာနှင့် ကြည့်ကာ မေးလိုက်သည် “မင်းရဲ့လူတွေလား။ သူတို့က ဘယ်သူတွေလဲ။ စိုင်းဖန်မှာ ငါ လူအများကြီး သတ်ခဲ့တယ်”
“ဒုက္ခတွေ ကောင်းကင်ကနေ ကျလာတဲ့အခါမှာ ရှောင်တိမ်းနိုင်ပေမယ့် လွတ်မြောက်ဖို့တော့ ဘယ်မျှော်လင့်ချက်ရှိပါ့မလဲ”ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်သည် “မင်းက စိုင်းဖန်မှာ ဒီလောက်များတဲ့လူတွေကို သတ်ခဲ့ပုံထောက်ရင် မင်းက ရူးသွပ်နေတဲ့ခွေးတစ်ကောင်ပဲ ဖြစ်ရမယ်။ ဒါဆို ငါ မင်းကို ပြောပြရတာပေါ့၊ သူ့နာမည်က ရွှေခြင်္သေ့ကျင်းရှီပဲ၊။ မင်း သူ့အကြောင်း ကြားဖူးတယ်မလား”
“ရွှေခြင်္သေ့လား”
မျက်နှာသုန်မှုန်သွားလျက် အိန်ဂျယ်လိုက ဒေါသတကြီး ပြောလိုက်သည် “ဒါဆို မင်းက ရွှေခြင်္သေ့ရဲ့ဆရာပေါ့။ ကြည့်ရတာ မင်းက သူဒီလောက်အားကောင်းနေရတဲ့အကြောင်းပြချက်ပဲဖြစ်မယ်။ အဲဒီအကောင်က ငါ့ရဲ့ညီလေးကို သတ်ခဲ့တယ်။ ငါက ငါ့ရဲ့ညီကို မုန်းပေမယ့် သူက ငါ့ရဲ့ညီဖြစ်နေတုန်းပဲ၊ ဒါကြောင့် အဲကောင်က သေရမယ်”
ထန်ရှုက အံ့အားသင့်သွားသည်။ သူက စီးကရက်ဖင်အား ဆတ်ခနဲ တောက်ထုတ်ကာ ပြုံးလျက် လက်ခုတ်တီးလိုက်၏ “အားဝူ၊ ဒီကောင်ရဲ့စကားတွေကို မှတ်ထား။ ကျင်းရှီက သူ့ရဲ့ညီကို သတ်ခဲ့တယ်၊ သူက ကြီးမားတဲ့လုပ်ဆောင်ချက်တစ်ခု ပြုခဲ့တယ်လို့ ဆိုလိုတာပဲ။ ငါတို့ပြန်ရောက်တဲ့အခါကျရင် သူ့ကို ဆုအနည်းငယ် ပေးဖို့ မှတ်ထားရမယ်”
“နားလည်ပါပြီ”
ထန်ရှုက ဒိုလန်အိမ်တော်အား ဘာလို့ ဒီလောက်နက်နက်ရှိုင်းရှိုင်းမုန်းတီးနေမှန်း မိုအားဝူက မသိပေ။ သို့သော် သူက အများကြီးမမေးတော့ဘဲ စိတ်ထဲ၌သာ မှတ်ထားလိုက်၏- ဒိုလန်အိမ်တော်က ကမ္ဘာ့ရန်ဘက်ဖြစ်ပြီး သူတို့အား သတ်ဖြတ်ခြင်းက ဆုလာဒ်ရနိုင်ပေသည်။
“မင်းတို့က အရမ်းသန်မာတယ်ဆိုတာ ငါ ဝန်ခံပါတယ်၊ ထန်ရှု။ ဒါပေမယ့် ငါတို့ကလဲ အားနည်းတဲ့သာမန်လူတွေ မဟုတ်ဘူး”အိန်ဂျယ်လိုက ဒေါသနှင့် ပြောလိုက်သည် “ငါတို့က အသက်မရှင်နိုင်တော့ဘူးလို့ထင်ရင် မင်းတို့ကို ငါတို့နဲ့အတူ အပါခေါ်သွားနိုင်တယ်။ မင်းတို့က ငါတို့အားလုံးကို သတ်မယ်ဆိုရင်တောင် မင်းတို့ထဲက အနည်းငယ်ပဲ အသက်ရှင်ကျန်နိုင်လိမ့်မယ်၊ ဒါကြောင့် ညှိနှိုင်းပြီး ဒီနေ့ ဒီကိစ္စကနေ ငါတို့ကို လွှတ်ပေးလိုက်တာ ပိုကောင်းတယ်…ဘယ်လိုလဲ”
“ဟမ့်၊ ငါ့လူတွေရဲ့သွေးမြေကျမှုကို အလဲအလှယ်လုပ်လို့ရမယ်ထင်နေတာလား”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည် “မင်းတို့က ငါ့လူတွေကို ချောင်းမြောင်းတိုက်ခိုက်ခဲ့မှတော့ မင်းတို့က ပေးဆပ်ဖို့ ပြင်ဆင်ထားရမယ်။ ပြောနေတာက အသုံးမဝင်ဘူး။ သူတို့အားလုံးကို သတ်…”
ဝှစ်…ဝှစ်…
ပုံရိပ်နှစ်ခုက လျှပ်စီးအလား လျင်မြန်စွာ ရွေ့လျားသွားပြီး အဝေးဆယ်မီတာအကွာရှိ သင်္ဘာပေါ်သို့ အရင်ရောက်သွားသည်၊ မိုအားဝူနှင့်ကူးဝါကိုတို့ပင်။ သူတို့က သူတို့၏အင်မော်တယ်ဓားများအား အသီးသီးထုတ်လွှတ်လိုက်ကြ၏။ သို့သော် သူတို့၏ပစ်မှတ်က အိန်ဂျယ်လိုဒိုလန်မဟုတ်၊ ဝစ်လ်အက်သည်သာ။
ထန်ကွမ်းနှင့်ဟောင်လဲ့တို့က အကြည့်ချင်းဖလှယ်ကာ ပြုံးလိုက်သည်။ သူတို့က နောက်မှ လိုက်သွား၏။ သို့သော် တစ်စုံတစ်ယောက်က သူတို့ထက် ပိုမြန်နေသည်- ဆန်းကြယ်နတ်ဆိုးအိုကြီးပင်။ သူက ထန်ရှုထံမှ ကျင့်ကြံခြင်းအဆင့်မြင့်တက်သည့်ချိုမြိန်သောအကျိုးအမြတ်အား ရရှိခဲ့၏။ သူက ရွှေအမြုတေနှောင်းပိုင်းအဆင့်သို့ ချိုးဖြတ်ခဲ့သည်၊ ထို့ကြောင့် ထန်ရှုအရှေ့၌ သူ ဘာလုပ်နိုင်သည်ကို ဖော်ပြရန် မစောင့်နိုင်ပေ။ သူ တွေးသည်…ထန်ရှုက သူ့အား နောက်ထပ်မျှော်လင့်ချက်ဆေးလုံးတစ်လုံး ပေးလျှင် ထိုက်တန်သည်ဟု။
ပုံရိပ်များက မုန်တိုင်းပမာ သူတို့ထံ ပြေးလာနေသည်ကို မြင်ပြီး အိန်ဂျယ်လိုနှင့်ဝစ်လ်တို့က တစ်ပြိုင်နက်နီးပါး နောက်ဆုတ်လိုက်ကြ၏။ သူတို့လူများက သူတို့နေရာအား လျင်မြန်စွာ အစားထိုးလာကြပြီး တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
“ဒါ စိတ်ဝင်စားစရာပဲ”
အသားအရေနီမြန်းသည့် ဆံဖြူယောကျ်ားလေးယောက်က ထူးဆန်းသောလက်နက်များကိုင်လျက် ဝစ်လ်အက်အနားတစ်ဝိုက် လေထဲ၌ ထွက်ပေါ်လာသည်။ သူတို့က အေးစက်စက်အရှိန်အဝါများ ထုတ်လွှတ်နေကြ၏၊ သူတို့က သတ်ဖြတ်ခြင်းလက်နက်များဖြစ်သည်ဟူသောသက်သေတစ်ခုပင်။
“စိတ်ဝင်စားစရာပါလား။ ငါ့အတွေးတွေအတိုင်း အတိအကျပဲ…”
မိုးကာဖျင်ကြမ်းဖိနပ်၊ အဠဂံဉီးထုပ်များနှင့် တည်ငြိမ်သောမျက်နှာထားရှိသည့် လူအိုကြီးနှစ်ယောက်က အခန်းမှ ရုတ်ချည်း ထွက်ပေါ်လာပြီး အိန်ဂျယ်လိုဒိုလန်အား ဘယ်နှင့်ညာမှ ကာကွယ်လိုက်သည်။ သူတို့က အိန်ဂျယ်လို၏ဘေးကင်းမှုအား ကာကွယ်ရန်တာဝန်ရှိသည့် ဒိုလန်အိမ်တော်၏ကျွမ်းကျင်သူများဖြစ်ကြ၏၊ မျိုးရိုးဗီဇပြောင်းလဲပစ္စည်းများအား အကြိမ်ပေါင်းများစွာ ထိုးသွင်းထားသည့် မျိုးရိုးဗီဇစစ်သည်တော်များဖြစ်ကြသည်။ သူတို့က ကြေးနီနှင့်သံအရိုးမျာရှိသည့်သူများဖြစ်ကြကာ လျှပ်စီးအလားလျင်မြန်သောအရှိန်နှင့်မကုန်ခန်းနိုင်သောခွန်အားတို့ရှိ၏။
ထန်ရှုက တည်ငြိမ်နေပြီး ဤအရာများအားလုံးဖြစ်ပျက်သည့်အထိ လက်တစ်ချောင်းပင် မလှုပ်ပေ။ သူ့မျက်လုံးထဲတွင် ဤသင်္ဘောနှစ်စီးပေါ်ရှိလူတိုင်းက ငါးမန်းစာဖြစ်မည့်အလောင်းများသာ။
လွန်ခဲ့သောနှစ်ရက်ကဆိုလျှင် သူက ဒီလောက်ထိ ယုံကြည်ချက်ရှိလိမ့်မည်မဟုတ်ပေ။ သို့သော် မိုအားဝူနှင့်ကျန်လူများက ခွန်အားတစ်ဟုန်ထိုးတိုးတက်လာခဲ့သဖြင့် လက်ရှိက လုံးဝကွဲပြား၏။ ကူးဝါကိုပင် ရွှေအမြုတေအလယ်ဆင့်ရှိပြီး ကျန်လူများက ရွှေအမြုတေနှောင်းပိုင်းအဆင့်ရှိကြသည်။ ဤနေရာရှိ ရန်သူများအားလုံးအား ဖျက်ဆီးရန် သူတို့အတွက် လေပြေလေညင်းတစ်ခုမျှသာ။ ထို့ပြင် ဆန်းကြယ်နတ်ဆိုးအိုကြီးလည်း ရှိသေး၏။
မျှော်လင့်ထားခဲ့သလိုပင်၊ သူတို့အုပ်စုက အရှေ့ရှိ သင်္ဘောနှစ်စီးပေါ်သို့ ရောက်ရှိသွားသည်နှင့် သွေးလွှမ်းမိုးသောအစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းတစ်ခု စတင်လာခဲ့သည်။ ဆယ်မိနစ်တောင် မကြာဘဲ ကျန်လူများအားလုံးအသတ်ခံရပြီး အိန်ဂျယ်လိုဒိုလန်၊ ဝစ်လ်အက်နှင့် သူ့အားကာကွယ်သည့်လူကြီးလေးယောက်သာ ကျန်တော့၏။
မယုံကြည်နိုင်မှုက အိန်ဂျယ်လို၏မျက်လုံးများထဲ၌ သိသာနေလေသည်။ အေးစက်မှုတစ်ခုက သူ့နှလုံးသားတစ်ခုလုံး ပြည့်သွား၏။ သူက အက်စ်အိုအီးမှ မျိုးရိုးဗီဇစစ်သည်တော်လေးဆယ်ကျော် ခေါ်လာခဲ့သည်၊ သူတို့အားလုံးက ပြောင်မြောက်သောစွမ်းအားများ ပိုင်ဆိုင်ကြပြီး အက်စ်အိုအီး၏အကောင်းဆုံးလက်ရွေးစင်များဟု ပြောနိုင်သည်။ သို့သော် ထိုလူများနှင့် ရင်ဆိုင်ရချိန်၌ သူတို့က ပြန်တောင် မတိုက်ခိုက်နိုင်ခဲ့ပေ။
“ငါ ထွက်ပြေးဖို့ နည်းလမ်းတစ်ခု ရှာရမယ်”
သူက ဘယ်လိုပဲ ဆန္ဒမရှိပါစေ၊ အနေအထားက သူ့အား တွန်းပို့ခဲ့၏။ သူက မသေချင်ပေ။
***