← Chapters

အသက်ဈေးနှုန်း

Vol. 79 Ch. 1096

အသက်ဈေးနှုန်း

Vol. 79 Ch. 1096

ဝစ်လ်အက်၏နှလုံးသားထဲတွင်လည်း ကြောက်ရွံ့မှုတို့ ရစ်ခိုလာသည်။ သူ၏ဆုံးဖြတ်ချက်အပေါ် နောင်တရသည်၊ အိန်ဂျယ်လိုပေးခဲ့သောအကျိုးအမြတ်ကိုသာ ဂရုစိုက်ခဲ့မိသည်။ ယခု သူ၏မှားယွင်းသောဆုံးဖြတ်ချက်ကြောင့် သူ့ကိုယ်သူ အန္တရာယ်ထဲသို့ ကျရောက်စေခဲ့၏။

“ပြေးရမှာလား၊ ဒါပေမယ့် ဘယ်လိုလုပ်ရမှာလဲ”

သူတို့က သမုဒ္ဒရာထဲတွင် ရှိပြီး ပင်လယ်ရေများက ပတ်ပတ်လည် ဝန်းရံထား၏။ ထွက်ပြေးရန် ဘယ်လိုမှ မဖြစ်နိုင်ပေ။

“ဒါနဲ့ ပတ်သက်ပြီး ငါတို့ပြောကြရင် ဘယ်လိုလဲ၊ မစ္စတာထန်”

ဝစ်လ်အက်ပတ်လည်ရှိ လူအိုကြီးလေးယောက်က မိုအားဝူနှင့်ကူးဝါကိုတို့အား လျင်မြန်စွာ တားဆီးလိုက်၏၊ ဝစ်လ်အက်က အမြန်ဆုံးဖြတ်ချက်ချကာ အော်လိုက်သည်။

အထင်သေးသောအကြည့်တစ်ခုက ထန်ရှု၏မျက်လုံးများထဲ၌ လင်းလက်သွားပြီး သူက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည် “မင်းက အိန်ဂျယ်လိုကို ကူညီဖို့ ဆုံးဖြတ်ခဲ့ပြီး မင်းရဲ့လူအမြောက်အများကို ငါ့လူတွေက သတ်ခဲ့တယ်။ ငါတို့ကြားမှာ ပြောစရာတစ်ခုခုရှိအုံးမယ်လို့ မင်း ထင်လား”

“ငါက လူအရင်းအမြစ် ဘယ်တော့မှ မကင်းမဲ့ဘူး၊ မစ္စတာထန်”ဝစ်လ်အက်က နက်ရှိုင်းသောလေသံနှင့် တုံ့ပြန်လိုက်သည် “မင်းက ငါ့လူတစ်ဖွဲ့ကို သတ်ခဲ့ရုံပဲ၊ ဒါကို ငါ အစားထိုးလို့ရပါတယ်။ မင်းသာ လိုချင်ရင် ငါ လူတစ်အုပ် လွှတ်ပေးပြီး မင်းလူတွေက သူတို့ကို စိတ်တိုင်းကျ သတ်ဖြတ်လို့ရပါတယ်”

“ဟီးဟီး၊ သူတို့ရဲ့သူဌေးက ဒီလောက်တောင် ကြင်နာပြီး သူတို့ရဲ့အသက်ကို အလေးထားတဲ့အတွက် မင်းလူတွေအစား ငါ ဂုဏ်ယူမိပါတယ်”ထန်ရှုက လက်မထောင်ကာ ချီးကျူးလိုက်၏ “ဝစ်လ်အက်၊ ငါ မင်းကို ပြောလိုက်မယ်။ ငါ့မှာ မင်းကို သတ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး၊ ငါ့အတွက် ဈေးကောင်းတစ်ခုရဖို့ မင်းကို ခဏခေါ်ထားရုံပါပဲ။ မင်းက ပြောချင်မှတော့ ပြောလေ၊ ငါ စိတ်ဝင်စားသလား ကြည့်ရတာပေါ့”

ဒါက ဝစ်လ်အက်လိုချင်သောအရာပင်။ သို့သော် သူက ပြန်ဖြေမည့်ဆဲဆဲတွင် တစ်ဖက်မှ စူးရှသောအကြည့်တစ်ချက်အား သူ ရုတ်တရက် ခံစားလိုက်ရသည်။

အိန်ဂျယ်လိုဒိုလန်က သူ့အား ဒေါသတကြီး စိုက်ကြည့်ကာ အော်လိုက်သည် “ဝစ်လ်၊ မင်း ဘယ်လိုလုပ်နိုင်ရတာလဲ။ မင်းက ငါ့ရဲ့သူငယ်ချင်းလေ၊ မင်းနဲ့ငါတို့ သိလာတာလဲ ဆယ်စုနှစ်တစ်ခုကျော်ပြီ။ မင်းလဲ ဆန်းကြယ်နတ်ဆိုးအိုကြီးလို ငါ့ကို သစ္စာဖောက်မယ်လို့ မပြောဘူးမလား။ ငါ မင်းကို အာဖရိကက ဒန်တီစိန်မိုင်းတွင်းရဲ့အကျိုးအမြတ်ခြောက်ဆယ်ရာခိုင်နှုန်းကို ပေးပါ့မယ်”

ဝစ်လ်အက်က ကြွယ်ဝမှုအား သဘောကျသည်၊ ရွှေငွေကျောက်မျက်ရတနာများဖြင့် စီခြယ်ထားသော နန်းတော်တစ်ခုထဲတွင် နေရန် သူက အိပ်မက်မက်ထား၏။

သို့သော် အသက်နှင့်ကြွယ်ဝမှုကြား တစ်ခုခုကို ရွေးချယ်ရမည်ဆိုလျှင် သူက ရှေ့တစ်ခုအား ရွေးချယ်ရန် ဘယ်တော့မှ တုံ့ဆိုင်းလိမ့်မည်မဟုတ်ပေ။ သူက မရူးပေ။

ဝစ်လ်အက်က သက်ပြင်းတစ်ချက်ရှိုက်ကာ အိန်ဂျယ်လိုထံမှ လျင်မြန်စွာ ခွာလျက် နှာခေါင်းရှုံ့လိုက်သည် “သူငယ်ချင်းတွေတဲ့လား။ ငါတို့ကြားမှာ အကျိုးအမြတ်က လွဲပြီး ဘာမှမရှိဘူး။ မင်းလဲ သူတို့ရဲ့ခွန်အားကို မြင်တွေ့တာပဲ၊ အိန်ဂျယ်လို။ အရှုံးပေးပြီး မင်းရဲ့သင်္ချိုင်းကိုပဲ ဖြောင့်ဖြောင့်တန်းတန်းသွားပါ။ ဒါပေမယ့် ငါကတော့ မင်းရဲ့နောက်ကို လိုက်မှာမဟုတ်ဘူး”

ထိုသို့ပြောပြီးနောက် သူက အိန်ဂျယ်လို၏သတ်ဖြတ်ခြင်းအကြည့်အား လစ်လျူရှုကာ ထန်ရှုအား ကြည့်လိုက်သည် “ချစ်လှစွာသောမစ္စတာထန်ရေ၊ ငါက ငါ့ရဲ့အသက်ကို အရမ်းနှစ်သက်ပါတယ်။ ငါ လေအေးတွေ ရှုရှိုက်ချင်ပါသေးတယ်။ ငါ မင်းနဲ့ လုပ်ချင်တဲ့အပေးအယူက ရိုးရှင်းပါတယ်။ ငါ့မှာ‌ တောင်တစ်လုံးလောက် ကြွယ်ဝမှုရှိသလို ငါ့ရဲ့အက်အိမ်တော်လဲ အတူတူပါပဲ။ မင်းက ကြွယ်ဝမှုကို လိုချင်တယ်ဆိုရင် ငါတို့ရဲ့ခင်မင်ရင်းနှီးမှုအနေနဲ့ မင်းက ငါ့ကို သွားခွင့်ပေးသရွေ့ ငါ မင်းကို ကြွယ်ဝမှုတွေ များစွာ ကမ်းလှမ်းနိုင်ပါတယ်”

‘ခင်မင်ရင်းနှီးမှုတဲ့လား’

ဟင့်၊ ဤအကောင်က အိန်ဂျယ်လို၏တစ်ဖက်ထဲ၌ ရပ်တည်ပြီး သူ့အား ဘုံရန်သူတစ်ယောက်အဖြစ် ရှုမြင်ခဲ့သည်။ သို့သော် သေခြင်းတရား၏ခြိမ်းခြောက်မှုကို ရင်ဆိုင်ရသောအခါတွင် သူက အိန်ဂျယ်လိုအား ရောင်းချခဲ့သည်။ ဒီလိုခင်မင်ရင်းနှီးမှုအား လက်ခံခဲ့လျှင် သူ့ဒိုင်းကာအဖြစ် တိုဖူးအား အသုံးပြုသလို ဖြစ်ပေလိမ့်မည်။

သို့သော် ဝစ်လ်အက်၏အဆိုပြုချက်က သူ့အား စိတ်ဝင်စားစေသည်။ သူက ပိုက်ဆံအသေအလဲလိုအပ်သည်။ သူ့လက်အောက်ရှိလူ့စွမ်းအားက ကြီးထွားနေပြီး ရင်းမြစ်သုံးစွဲမှုနှုန်းက သူ မျှော်လင့်ထားသည်ထက် ကျော်လွန်သည်။ ထို့ကြောင့် သူက ဝစ်လ်အက်အား အခွင့်အရးတစ်ခုပေးရန် ရွေးချယ်ရမည်။

“ငါ အရင်မေးချင်တာတစ်ခုရှိတယ်။ မင်းရဲ့အသက်ကို ဝယ်ဖို့ မင်းရဲ့ကြွယ်ဝမှုဘယ်လောက်ကို အသုံးပြုချင်လဲ။ မင်းရဲ့အသက်က ဘယ်လောက်ထိ ထိုက်တန်တယ်လို့ မင်း ထင်လဲ”ထန်ရှုက ပြုံးကာ မေးလိုက်သည်။

ခဏစဉ်းစားရင်း သူ့လူလေးယောက်က အရိုက်ခံရပြီး သွေးအန်နေသည်ကို ဝစ်လ်အက်က မြင်လိုက်ရသည်။ သူက ချက်ချင်း‌ အော်ပြောလိုက်သည် “အမေရိကန်ဒေါ်လာတစ်ဘီလီယံ။ ငါ့အသက်ကို ဒေါ်လာတစ်ဘီလီယံနဲ့ ဝယ်မယ်”

‘အိုကေ’ဟု လက်ဟန်ပြုလျက် ထန်ရှုက ကျယ်လောင်စွာ ရယ်လိုက်သည် “အဟား၊ ဒါ အရမ်းကောင်းတယ်။ ဒီပဏက ကျေနပ်မှုအပြည့်ဖြစ်စေတယ်။ အားဝူ၊ ကူးဝါကို၊ စောင့်နေအုံး။ ဝစ်လ်အက်၊ မင်းရဲ့အသက်ကိုတော့ ဝယ်ပြီးပြီ၊ နောက်ထပ်အသက်တွေကိုရော ဘာလို့မဝယ်တာလဲ။ မင်းရဲ့ဒီလူလေးယောက်က အတော်လေသန်မာတယ်၊ သူတို့ရဲ့အသက်က ဘယ်လောက်တန်မလဲ”

အေးစက်စက်အလင်းတစ်ခုက ဝစ်လ်အက်၏မျက်လုံးများထဲ၌ လင်းလက်သွားသည်။ သူ့အား မကာကွယ်နိုင်သည့် ဒီအမှိုက်လေးယောက်အတွက် သူက အကြွေတစ်စေ့တောင် မသုံးချင်ပေ။ သို့သော် ထန်ရှုက သူ့ထံမှ ထပ်ရိတ်သိမ်းချင်နေသေးသည်ကို သူ‌ ပြောနိုင်၏၊ ထို့နောက် သူက ခဏစဉ်းစားပြီးနောက် အံကြိတ်လိုက်သည် “ဒေါ်လာသန်းတစ်ရာ၊ ငါ သူတို့ကို ဒေါ်လာသန်းတစ်ရာသတ်မှတ်မယ်၊ လက်ခံလား”

လက်မထောင်ပြလျက် ထန်ရှုက ချီးကျူးလိုက်သည် “မင်းက ဒီလောက်တောင် သဘောထားကြီးတာပဲ၊ မင်းရဲ့ရက်ရောမှုက ငါ့ကို အတော်ကလေး ထိတ်လန့်စေခဲ့တယ်။ ဒီနေရာက ငါ့ရဲ့လူတွေကို မင်း မြင်တယ်မလား၊ သူတို့ကို ငါ ဘယ်လောက်တန်ဖိုးသတ်မှတ်မယ်လို့ မင်း ထင်လဲ”

ဝစ်လ်အက်၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားပြီး သူက မိုအားဝူ၊ ကူးဝါကိုနှင့် ကျန်လူများအား ကြည့်ကာ မေးလိုက်သည် “မင်းအတွက် သူတို့က ဘယ်လောက်တန်လဲ”

ထန်ရှုက ဆိုဖာမှ ထကာ လက်ငါးချောင်းထောင်ပြလိုက်သည်။

ဝစ်လ်အက်က အံ့ဩမှင်တက်သွားသည် “ဒေါ်လာသန်းငါးရာလား။ မင်းနောက်လိုက်တွေရဲ့တန်ဖိုးက ဒေါ်လာသန်းငါးရာတန်တယ်လို့ မင်း ပြောတာလား။ မင်း ငါ့ကို ဟာသလုပ်နေတာလား”

“မဟုတ်ဘူး။ ငါ့လူတွေ တစ်ယောက်မှ ဒေါ်လာသန်းငါးရာမတန်ဘူး”ထန်ရှုက ခေါင်းခါယမ်းလိုက်သည်။

ထို့နောက် သူက ဆက်ပြော၏။ “ဒေါ်လာတစ်ဘီလီယံဝက်ပေးရင်တောင် ငါက ငါ့လူတွေကို ရောင်းမှာ မဟုတ်ဘူး၊ သူတို့အားလုံးက ငါ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ရတနာတွေမို့လို့ပဲ”

အထင်သေးမှုက ဝစ်လ်အက်၏မျက်နှာပေါ်တွင် သိထားနေလေသည်။ သူက ခေါင်းခါယမ်းကာ ပြောလိုက်၏ “မင်းက ဟာသပြောရတာ ဒီလောက် ကြိုက်မယ်လို့ ငါ မထင်ထားခဲ့ဘူး၊ မစ္စတာထန်။ လူတွေ အပါအဝင် ဒီကမ္ဘာက အရာအားလုံးက တန်ဖိုးရှိတယ်။ ငါ့ရဲ့ကိုယ်ပိုင်အသက်က တန်ဖိုးရှိတယ်၊ ပြီးတော့ ငါချစ်တဲ့သူတွေ အပါအဝင် သူတို့မှာလဲ သူတို့ရဲ့ကိုယ်ပိုင်တန်ဖိုးသတ်မှတ်ချက်ရှိတယ်။ ဒါကြောင့် တန်ဖိုးက လုံ‌လုံလောက်လောက်မြင့်မားနေသရွေ့ ငါ…”

“မင်းက သူတို့ကို ရောင်းချနိုင်တယ် ဒါမှမဟုတ် သတ်နိုင်တယ်လို့ မင်း ပြောတာလား”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည်။

ဝစ်လ်အက်က မဖြေပေ၊ သို့သော် သူ့အမူအရာက သူ့အတွေးအား သစ္စာဖောက်ခဲ့သည်၊ ထန်ရှု၏ခန့်မှန်းချက်နှင့် တစ်ထပ်တည်းဖြစ်ကြောင်းပင်။

စိတ်ထဲတွင် ထန်ရှုက သက်ပြင်းချလိုက်သည်။ သူက မိုအားဝူနှင့်ကူးဝါကိုတို့အား ကြည့်ကာ ပေါ့ပေါ့ပါးပါးနှင့် မေးလိုက်၏ “ဒါ လုံလောက်တယ်လို့ မင်းတို့ ထင်လား”

ကူးဝါကိုက ရှေ့တိုးလာလျက် လေးစားစွာ ပြန်ဖြေ၏ “တန်ဖိုးကို ငါးနဲ့ မြှောက်လိုက်ရင်တောင် သူ လက်ခံနိုင်ပါသေးတယ်၊ ဂိုဏ်းချုပ်”

‘ငါးနဲ့ မြှောက်မှာလား’

ထန်ရှုက အလွန်အံ့အားသင့်သွားသည်။ ကူးဝါကိုက ဒီလိုမတန်တဆပမာဏတစ်ခု တောင်းဆိုလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ဒေါ်လာ၁.၁ဘီလီယံကို ငါးနှင့် မြှောက်လျှင် ဒေါ်လာ၅.၅ဘီလီယံဖြစ်သည်။ ဝစ်လ်အက်၌ ပိုက်ဆံရှိလျှင်ပင် ဒီလောက်ပမာဏအထိ သူ ဘယ်လိုလုပ်တတ်နိုင်မည်နည်း။

သို့သော် သူ မမျှော်လင့်ထားသည့်တစ်စုံတစ်ခုက ဖြစ်ပေါ်လာသည်။

ဝစ်လ်အက်က ကူးဝါကိုအား နက်ရှိုင်းသောအကြည့်နှင့် တစ်ချက်ကြည့်ကာ အော်ပြောလိုက်၏ “ငါ့ရဲ့လေးစားရပါသော မစ္စတာထန်၊ ငါ ပြောခဲ့တာတွေက နည်းလွန်းတယ်လို့ ထင်ရင် ငါ့ကို ခွင့်လွှတ်ပေးပါ။ မင်းရဲ့နောက်လိုက်ပြောတာ မှန်တယ်လို့ ငါ ဝန်ခံတယ်။ ငါးဆဆိုရင်လဲ ငါ လက်ခံနိုင်ပါသေးတယ်။ ဒါပေမယ့် ဒါက ငါ့ရဲ့အကန့်အသတ်ကို ထိလုနီးပါးပါပဲ”

ထန်ရှုက စိတ်ထဲ၌သာ တိတ်တဆိတ် ချီးမွမ်းလိုက်သည်။ ဝစ်လ်အက်က ဒီလောက်ချမ်းသာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူသာ တရုတ်နိုင်ငံသားတစ်ယောက်ဖြစ်လျှင် နိုင်ငံကျော်သူဌေးကြီးတစ်ယောက်ဖြစ်ပေလိမ့်မည်။

“အပေးအယူဖြစ်ပြီ”ထန်ရှုက ဝစ်လ်အက်အား ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။

သေခြင်းတရားနှင့် ရင်ဆိုင်နေရချိန်တွင် အိန်ဂျယ်လိုက သေဆုံးသွားသောဝိညာဉ်တစ်ကောင်လိုပင်။ ထန်ရှု၏သူတော်ကောင်းယောင်ဆောင်သောအပြုံးနှင့်ဝစ်လ်အက်၏ခြောက်ကပ်ကပ်အားတင်းထားသောအပြုံးတို့ကို ကြည့်ရင်း သူက တကယ်ကို သွေးအန်ချင်မိသည်။ သို့သော် လက်ရှိအချိန်တွင် သူ စဉ်းစားရန်လိုအပ်သည့်အရာက သူ့အသက်အား ကယ်တယ်ရန်ပင်၊ ဤအရာက သူ့အတွက် အရေးကြီးဆုံးအရာပင်။

သူက ဝစ်လ်အက်ကဲ့သို့ ကြီးမားသောကြွယ်ဝမှုပမာဏတစ်ခု ညှစ်ထုတ်ပေးရင်ရော…

အိန်ဂျယ်လိုက ထန်ရှုအား တစ်ချက်ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်သည် “ငါ မင်းရဲ့လူတွေကို တိုက်ခိုက်ခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်၊ မစ္စတာထန်။ ငါတို့ကြားပြဿနာက ငါ့အမှားကြောင့်ပါ၊ ဒါပေမယ့် ငါ့ရဲ့အသက်ကို ဝယ်ယူဖို့ ငါ ဆန္ဒရှိပါတယ်၊ ဒါကြောင့် ကျေးဇူးပြုပြီး မင်းရဲ့တန်ဖိုးကို ပြောပါ”

“အိုး”ထန်ရှုက သူ့အား ခပ်ရေးရေးပြုံးပြလိုက်သည်။ ရုတ်တရက် သူက လက်မထောင်ကာ ချီးကျူးလိုက်သည် “မင်းက ဉာဏ်ကောင်းတဲ့လူတစ်ယောက်ပဲ၊ ဉာဏ်ကောင်းတဲ့လူတစ်ယောက်ပဲ ဒီလောက်ထိ အသက်ရှင်နိုင်တာ။ ဒါဆို မင်းကိုယ်မင်းရော ဘယ်လိုထင်လဲ။ မင်းရဲ့အသက်က ဝစ်လ်အက်ရဲ့အသက်ထက် ပိုတန်ဖိုးရှိတယ်လို့ မင်း ထင်လား။ ဒါမှမဟုတ် မင်းက သူ့ထက် ပိုဈေးပေါလား”

အဖြူနှင့်အပြာရောင်များက အိန်ဂျယ်လို၏မျက်နှာပေါ်၌ ပြတ်တောင်းပြတ်တောင်း ဖြစ်ပေါ်သွား၏။ သူက ခေါင်းခါယမ်းကာ‌ ပြောလိုက်သည် “ငါ့အသက်က ဝစ်လ်အက်ထက် ပိုတန်တယ်လို့ ငါ ထင်ပါတယ်၊ မစ္စတာထန်။ ဒါပေမယ့် ငါ့ရဲ့ဒိုလန်အိမ်တော်က အရမ်းထူးခြားတယ်။ ငါက အိမ်တော်ဆက်ခံသူတွေထဲမှာ နံပါတ်တစ်လျာထားခြင်းခံရတဲ့သူဆိုရင်တောင် ငါ့မှာ ကြွယ်ဝမှုအများကြီးမရှိဘူး။ ဒါပေမယ့် ဝစ်လ်အက်ကတော့ မတူဘူး၊ သူ့အိမ်တော်ရဲ့လုပ်ပိုင်ခွင့်အာဏာက သူနဲ့သူ့အဖေလက်ထဲမှာပဲ။ ဒါကြောင့် သူက ဒီထက်တောင် ပိုထုတ်ပေးနိုင်သေးတယ်”

“မင်း ပါးစပ်ပိတ်ထားစမ်း၊ အိန်ဂျယ်လို”

ဝစ်လ်အက်၏မျက်လုံးများက ရုတ်ချည်း နီရဲသွားသည်။ ဤအချိန်တွင် အိန်ဂျယ်လိုက သူ့နောက်ကျောအား ထိုးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဒေါ်လာ၅.၅ဘီလီယံက သူ ထုတ်ပေးနိုင်သည့်အကန့်အသတ် ဖြစ်နေပြီ။ သူက သူ့အဖေထံမှ ပိုက်ဆံတောင်းရမည်ဆိုလျှင် အလွန်မကောင်းသောကိစ္စတစ်ခု ဖြစ်လာပေလိမ့်မည်။

ထန်ရှုက ကျယ်လောင်စွာ ရယ်လိုက်သည် “ဟားဟားဟား။ မင်းက ပိုက်ဆံတွေ ထပ်ထုတ်ပေးနိုင်သေးတယ်ပေါ့၊ ဝစ်လ်။ ကြည့်ရတာ ငါ ပြောတဲ့ပမာဏက နိမ့်လွန်းသွားတဲ့ပုံပဲ။ အိန်ဂျယ်လို၊ ငါ ရုတ်တရက် စိတ်ပြောင်းသွားပြီ။ မင်းက နှစ်နာရီအတွင်းမှာ ဝစ်လ်အက်ထက် ပိုထုတ်ပေးနိုင်ရင် မင်းအသက်ကို ငါ ချမ်းသာပေးမယ်”

အိန်ဂျယ်လိုက တုန်ယင်သွားပြီး မိနစ်အနည်းငယ်ကြာ နှုတ်ဆိတ်သွားသည်။ ထို့နောက် သူက နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “ငါ့အဖေကို ဖုန်းခေါ်ဖို့ လိုမယ်။ သူပဲ ဒီလောက်ပမာဏကို ထုတ်ပေးနိုင်မှာ၊ ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာ ဒေါ်လာတစ်ဘီလီယံလောက်ပဲ ရှိတာ” ‌

ထန်ရှုက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “သူ့ကို လက်‌တော့တစ်လုံးပေးပြီးရင် ဒေါ်လာတစ်ဘီလီယံကို ငါတို့အကောင့်ဆီ လွှဲပြောင်းခိုင်းလိုက်ပါ”

***

All Chapters