ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
Vol. 79 Ch. 1101
ထန်ရှုက ချန်ယန်နန်အား စိတ်ပျက်မှုအချို့နှင့် ကြည့်လိုက်သည်။ စွမ်းရည်အသုံးပြုသူတစ်ယောက်ဖြစ်လာပြီးနောက် ချန်ယန်နန်က သဘောထားကျဉ်းမြောင်းနေအုံးမည်ဟု သူ ဘယ်တော့မှ မထင်ထားခဲ့ပေ။ လေ့ကျင့်ရေးစခန်းရှိကလေးများက တကယ်ငယ်ရွယ်သော်လည်း သူတို့က အားကောင်းသောခွန်အားကို ပိုင်ဆိုင်သည်၊ သူတို့ထဲကဘယ်သူမဆို သိုင်းဆရာကြီးတစ်ယောက်အား အလွယ်တကူသတ်ဖြတ်နိုင်သည်။
“ငါ့နောက်ကို လိုက်လာကြ”
အမိန့်ပေးပြီးနောက် သူက ချန်ယန်နန်၊ ကူးဝါကို၊ ကူးရင်၊ မိုအားဝူနှင့် ကျန်လူများအား လေ့ကျင့်ရေးကွင်းဆီသို့ လျင်မြန်စွာ ခေါ်လာခဲ့သည်။
ချန်ယန်နန်၏နှလုံးသားထဲရှိမကျေမနပ်ချက်က မသေးငယ်ပေ၊ သူမ၏မျက်လုံးများက ထန်ရှု၏နောက်ကျောအား ဓားသွားများပမာ အဆက်မပြတ်စိုက်ကြည့်နေသည်။ သူမအား အလေးအနက်မထားဟု ခံစားရသောကြောင့် သူမက သူ့အား အတော်ကလေးမကျေမနပ်ဖြစ်၏။ သူက ဂျပန်အမျိုးသမီးကူးဝါကို၏လေ့ကျင့်မှုအား ကိုယ်တိုင်လုပ်ဆောင်ပေးခဲ့ပြီး သူ့အတန်းဖော်ဟောင်းဖြစ်သည့်သူမကိုမူ ကလေးစစ်သားတစ်အုပ်ထဲသို့ ပစ်ထုတ်ခဲ့သည်။ ဒါက သူမက ထိုကလေးများအတွက် ကလေးထိန်းလုပ်ပေးရမည်ဟု ဆိုလိုသည်မဟုတ်လော။
များမကြာမီ ထန်ရှုတို့အဖွဲ့က လေ့ကျင့်ရေးကွင်းသို့ ရောက်လာသည်။ ကလေးအချို့က ပြေးလွှားရင်း လေးလံသောသဲအိတ်အချို့အား သယ်နေ၏၊ အခြားကလေးအချို့က ကျောက်တုံးပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် တိတ်တဆိတ် ကျင့်ကြံနေကြသည်။
“လူစုကြ…”
ထန်ရှုက လေပေါ်တွင် ခြေချလျက် မီတာဒါဇင်အမြင့်သို့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်သွား၏။ သူက လေ့ကျင့်ရေးကွင်းရှိကလေးတစ်ထောင်နီးပါးထံ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
ဝှစ်…ဝှစ်…ဝှစ်…ဝှစ်…
ပုံရိပ်များက လျင်မြန်စွာ ရွေ့လျားသွားသည်။ ဆယ်စက္ကန့်အတွင်း ကလေးတစ်ထောင်နီးပါးက စုဝေးလာခဲ့၏။
ထန်ရှုနောက်မှ ချန်ယန်နန်က အထင်သေားသောအကြည့်တစ်ခု ရှိနေတုန်းပင်။ သူမအား မျက်နှာပျက်အောင် လုပ်ရန် ထန်ရှုက ခေါ်လာသည်ဟု တွေးထားသည်။
သို့သော် ကလေးများ၏လျင်မြန်သောလှုပ်ရှားမှုကို မြင်သောအခါ သူမ၏နှလုံးခုန်သံက မြန်ဆန်လာပြီး သူမက အံ့အားသင့်စွာနှင့် ပြောလိုက်သည် “ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ထန်ရှုက သူမအား စိတ်မဝင်စားစွာနှင့် တစ်ချက်ကြည့်လိုက်သည်။ ကလေးများက အရိုအသေပေးပြီးနောက် သူက နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “မင်းက သူတို့ကို အထင်သေးတယ်မလား၊ ဒါကြောင့် ဒီနေ့ ငါ မင်းကို သင်ခန်းစာတစ်ခုပေးမယ်”
ထိုသို့ပြောပြီးနောက် သူ့အကြည့်အား ကလေးများထံ ပြောင်းကာ ကျယ်လောင်စွာ အော်ပြောလိုက်သည် “မင်းတို့အားလုံးက ထန်ဂိုဏ်းရဲ့အနာဂတ်ပါရမီရှင်တွေပဲ။ မင်းတို့က အရမ်းငယ်ပေမယ့် ကမ္ဘာကြီးရဲ့ကြမ်းတမ်းရက်စက်မှုကို သိကြတယ်။ အားနည်းသူတွေက လူအများရဲ့တက်နင်းစော်ကားခြင်းကို ခံရပြီး သနားစရာကောင်းတဲ့ဘဝနဲ့ပဲ ရှင်သန်နိုင်တယ်ဆိုတာကို မင်းတို့က မြင်တွေ့ပြီးသားဖြစ်တယ်။ ဒီနေ့ မင်းတို့ကို စစ်ဆေးဖို့ ဆုံးဖြတ်ထားတယ်။ မင်းတို့ ကြိုးစားကျင့်ကြံထားသလဲဆိုတာရဲ့ရလဒ်ကို မြင်တွေ့ရလိမ့်မယ်လို့ ငါ မျှော်လင့်တယ်”
“ဟုတ်ကဲ့ပါ၊ ဆရာ”
ကလေးများက တညီတညာတည်း ပြန်ဖြေသည်။
ကျေနပ်စွာ ခေါင်းညိတ်လျက် ထန်ရှုက ချန်ယန်နန်အား လက်ညှိုးထိုးပြလိုက်သည် “သူမက ငါတို့ဂိုဏ်းရဲ့အဖွဲ့ဝင်အသစ်ပဲ။ သူမနဲ့ငါက သူငယ်ချင်းကောင်းတွေပဲ။ ဒါကြောင့် သူမက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတယ်။ သူမက ဒီကို အရင်က ရောက်လာတယ်၊ မင်းတို့နဲ့ လေ့ကျင့်ရမယ်ဆိုတာ သိပြီးနောက် သူမက မင်းတို့ကို အထင်သေးခဲ့တယ်။ မင်းတို့အားလုံးက အရွယ်မရောက်သေးတဲ့ကလေးတစ်အုပ်ပဲလို့ သူမက တွေးခဲ့တယ်။ သူမက မင်းတို့ကို အထင်သေးတာကို မင်းတို့ရော ဖြစ်စေချင်လား”
“မဖြစ်စေချင်ပါဘူး…ငါတို့ ငြင်းတယ်…”
ကလေးတစ်ထောင်နီးပါး၏မျက်လုံးများက ချန်ယန်နန်ထံ တစ်ပြိုင်နက်တည်း စိုက်ကြည့်လိုက်ကြသည်။ သူတို့က သူမအား သင်ခန်းစာပေးရန် မစောင့်နိုင်တော့ပေ။
“ငါ မင်းကို ဒီအခွင့်အရေးပေးမယ်၊ ချန်ယန်နန်”ထန်ရှုက ဆွပေးလိုက်သည် “မင်းနဲ့ ဖလှယ်ဖို့ ဒီကလေးတွေထဲက ကြိုက်တဲ့တစ်ယောက်ကို မင်းရွေးပါ။ မင်းမှာ စွမ်းအင်ရှိပြီး သူတို့အားလုံးကို တစ်ယောက်ပြီးတစ်ယောက် လဲကျအောင် လုပ်နိုင်မယ်ဆိုရင် ငါ မင်းကို သဘောတူပေးမယ်။ မင်းက သူတို့ထဲကတစ်ယောက်ကိုပဲ ရှုံးနိမ့်အောင် လုပ်နိုင်ရင်တောင် ငါ့ရဲ့အရင်သဘောထားအတွက် မင်းကို တောင်းပန်ပြီး မင်းအတွက် အထူးလေ့ကျင့်ခြင်းတစ်ခုကို စီစဉ်ပေးမယ်။ မင်းက ကျင့်ကြံခြင်းအရင်းအမြစ်အမြောက်အများရဖို့လဲ မျှော်လင့်ထားနိုင်တယ်၊ ဒါဆိုရင် မင်းရဲ့ကျင့်ကြံခြင်းက လျင်မြန်စွာ တိုးတက်လာပြီး ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာနိုင်တယ်”
ထိုကလေးများ၏အရှိန်ကို မြင်ပြီးနောက် သူမနှလုံးသားက ခုန်သွားသလို ချန်ယန်နန်က ခံစားလိုက်ရသည်။ သို့သော် ထန်ရှု၏စကားကို ကြားပြီးနောက် ပပျောက်ကာစဒေါသက သူမနှလုံးသားထဲ၌ ထပ်မံပြည့်နှက်သွား၏ “နင် စိတ်လွတ်သွားတာလား။ နင်က ငါ့ကို ဒီကလေးတွေကို အနိုင်ကျင့်စေချင်တာလား။ ငါက အထူးစွမ်းရည်နိုးထခဲ့ပြီးဆိုတာ နင် သိပြီးသားမလား။ သာမန်လူကြီးရှစ်ယောက်ကနေဆယ်ယောက်ကတောင် ငါ့အတွက် ပြိုင်ဘက်မဟုတ်ဘူး”
“လူကြီးရှစ်ယောက်ကနေဆယ်ယောက်လား”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည် “ဒါ အံ့အားသင့်စရာပဲဟ…မင်းသာ သူတို့ထဲကတစ်ယောက်ကို ရွေးလိုက်စမ်းပါ။ မင်းလိုပြောင်မြောက်တဲ့စွမ်းရည်အသုံးပြုသူတစ်ယောက်က ဒီကလေးတွေကို အနိုင်ယူနိုင်သလားဆိုတာ ငါ မြင်ချင်တယ်”
“နင်…”
ချန်ယန်နန်က သူမ၏အသက်ရှုသံကို ထိန်းချုပ်လျက် ကလေးများထံ လှည့်ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်သည် “မင်းတို့ထဲကတစ်ယောက် ထလာစမ်း။ ထန်ရှုရဲ့လေ့ကျင့်ပေးမှုကနေ မင်းတို့တွေ ဘာတွေသင်ယူထားသလဲဆိုတာ ငါ မြင်ချင်တယ်”
ဝှစ်…
ပုံရိပ်တစ်ခုက သူမအရှေ့၌ လျင်မြန်စွာ ထွက်ပေါ်လာသည်။ ကောင်လေး၏အရှိန်က မြန်လွန်းသဖြင့် ချန်ယန်နန်ပင် မတုံ့ပြန်နိုင်ခဲ့ဘဲ သူက သူမအရှေ့၌ ထွက်ပေါ်လာသည်ကိုသာ ခံစားမိခဲ့၏။
“ငါ့နာမည်က ထန်ကျင်း၊ ကျေးဇူးပြုပြီး ငါ့ကို သင်ကြားပေးပါ”
ခုနှစ်နှစ်ကျော်ထန်ကျင်းက အရွယ်ရောက်သူတစ်ယောက်အလား ပြုမူခဲ့ပြီး လက်သီးဆုပ်လျက် ဆိုလိုက်သည်။
ချန်ယန်နန်က ရယ်ခြင်း၊ စိတ်ဆိုးခြင်းနှင့် သဘောကျခြင်းတို့ တစ်ချိန်တည်း ဖြစ်ပျက်သွား၏။ သူမအား ဟာသလုပ်သည့်အတွက် ထန်ရှုအား ဒေါသထွက်သော်လည်း သူမအရှေ့ရှိကလေးနှင့်တိုက်ခိုက်ရန်အတွက်မူ တွန့်ဆုတ်နေမိသည်။ သူမက ခဏတုံ့ဆိုင်းပြီးနောက် ခေါင်းခါယမ်းကာ ပြောလိုက်သည် “မင်းက ထန်ကျင်းမလား။ ကျေးဇူးပြုပြီး မင်းကိုယ်မင်း အရူးတစ်ယောက်လို မလုပ်ပါနဲ့။ မင်းက ကလေးပဲ ရှိသေးတာ၊ ငါ စိတ်တိုလို့ အဲလိုတွေ ပြောခဲ့မိတာပါ။ မစိုးရိမ်ပါနဲ့၊ ငါ မင်းကို နာကျင်အောင် မလုပ်ပါဘူး”
“ကျေးဇူးပြုပြီး ငါ့ကို သင်ကြားပေးပါ”ထန်ကျင်းက လေးနက်သောမျက်နှာနှင့် ပြောလိုက်သည်။
“အာ…”ဤကလေးက ဒီလောက်ခေါင်းမာလိမ့်မည်ဟု ချန်ယန်နန်က မမျှော်လင့်ထားခဲ့ပေ။ ဒင်းက သူမအား စိန်ခေါ်နေသေးသည်။ သူမ သူ့ကို တိုက်ခိုက်သင့်လား။ သူက ခုနှစ်နှစ်အရွယ်ကလေးတစ်ယောက်ဖြစ်သောကြောင့် သူမ အနိုင်ရင်လျှင်တောင် ရှက်စရာတစ်ခုသာ ဖြစ်ပေသည်။ ဒါပေမယ့် သူမ ရှုံးနိမ့်သွားမယ်ဆိုရင်…ဒါ မဖြစ်နိုင်ဘူး။ သူမက ကလေးတစ်ယောက်ကို ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ။
သို့သော် ထန်ရှု၏အလေးအနက်ဖြစ်နေသောမျက်နှာကို မြင်ပြီး သူမက ခေါင်းခါယမ်းကာ ပြောလိုက်သည် “မင်းက အရိုက်အနှက်ခံချင်နေမှတော့ ငါ မင်းကို သင်ခန်းစာတစ်ခုပေးရမှာပေါ့၊ ကောင်ကလေး။ မင်းက ကမ္ဘာကြီးရဲ့ကြီးမားမှုကို မသိတဲ့ကလေးတစ်ယောက်ဆိုတာ သဘောပေါက်အောင် လုပ်ပြမယ်”
ထိုသို့ပြောပြီးနောက် သူမက သာမန်လူထက် ပိုမြန်သော အရှိန်နှင့် ရွေ့လျားလိုက်သည်။ သူမက ထန်ကျင်းအရှေ့၌ ရုတ်ချည်း ထွက်ပေါ်လာပြီး သူ့ထံ လက်သီးတစ်ချက် ပေးလိုက်သည်။ သူမက ခွန်အားအနည်းငယ်သာ ဖော်ထုတ်ထားသော်လည်း သူမ၏လက်သီးချက်က ကောင်လေးအား ထိမှန်မှာ သေချာပြီး သူ့အား ငိုအောင် လုပ်နိုင်မည်ဟု သူမက ယုံကြည်သည်။
ဝှစ်…
အရိပ်တစ်ခု လက်သွားပြီး သေချာပေါက် ထိမှန်မည်ဟု ရည်ရွယ်ထားသောလက်သီးချက်က လွဲချော်သွား၏။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ချန်ယန်နန်၏မျက်နှာက အေးခဲသွားသည်။ သူမက ခေါင်းလှည့်ကာ ထန်ကျင်း၏အရိပ်အယောင်အား ရှာမည့်ဆဲဆဲတွင် ကြီးမားသောရိုက်ချက်တစ်ခုက သူမ၏နောက်ကျောအာ ထိမှန်သွားသည်ကို ခံစားလိုက်ရပြီး သူမက ခုနှစ်မီတာကျော်သို့ လွင့်ထွက်သွားလျက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျသွားသည်။ မီတာအနည်းငယ်ထိ လိမ့်သွားပြီးမှ နောက်ဆုံးတွင် သူမက ရပ်တန့်နိုင်ခဲ့၏။
အဟွတ်…အဟွတ်…
နောက်ကျောရှိနာကျင်မှုနှင့်အတူ သူမခန္ဓကိုယ်ထဲရှိသွေးက ဖရိုဖရဲဖြစ်လာသလို ချန်ယန်နန်က ခံစားမိသည်။ သူမက လျင်မြန်စွာ ထကာ ထန်ကျင်းအား မယုံကြည်နိုင်သောအကြည့်နှင့် တစ်ချက်ကြည့််လိုက်၏။
ကောင်လေးက ထန်ရှုအား အတော်ကလေး မကျေမနပ်ဟန်နှင့် ကြည့်ကာ ပြေလိုက်သည် “သူမက အားနည်းလွန်းတယ်၊ သူဌေး။ သူမနဲ့ဖလှယ်ရတာ နည်းနည်းလေးတောင် စိန်ခေါ်မှုမဖြစ်ခဲ့ဘူး”
ထန်ရှု၏ပြုံးနေသောမျက်နှာက ပိုထူထဲသွားပြီး သူက ချန်ယန်နန်အား ကျီစားသောအကြည့်နှင့် တစ်ချက်ကြည့်လိုက်သည်။
ချန်ယန်နန်၏မျက်နှာက ချက်ချင်း နီရဲသွားသည်။ သူမမျက်နှာပေါ်ရှိဒေါသက ပိုထူထဲသွားပြီး သူမက အော်လိုက်သည် “မင်းက ငါ့ကို အထင်သေးရဲတာပေါ့၊ ထန်ကျင်း။ စောင့်နေစမ်းပါ၊ ငါ မင်းကို ဘယ်လိုဆုံးမမလဲဆိုတာ မင်း မြင်စေရမယ်”
သူမက အသက်နှစ်ချက်ရှုလျက် ထန်ကျင်းထံ ပြေးဝင်သွား၏၊ ဤတစ်ခါတွင် သူမက ကောင်လေးအား လုံးဝမညှာတော့ဟု တွေးထား၏။ သို့သော် သူမလက်သီးက သူ့ထံ ရောက်ရှိသွားမည့်ဆဲဆဲတွင် သူမ၏အမြင်အာရုံက ဝေဝါးသွားပြီး နာကျင်မှုက သူမရင်ဘက်အား ထိမှန်သွားသည်။ မွန်းကျပ်ခံစားရင်း သူမခန္ဓာကိုယ်က နောက်သို့ လွင့်ထွက်သွား၏။
ဘန်း…
မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျသွားသဖြင့် နာကျင်မှုက သည်းမခံနိုင်လောက်ထိ မဖြစ်သော်လည်း ကြောက်ရွံ့မှုက သူမနှလုံးသားထဲ၌ ပြည့်သွားသည်။ သူမက မတုံးပေ။ ဤအခါတွင်မှ ထန်ကျင်း၏အရှိန်က မြန်လွန်းသည်ကို သူမက နောက်ဆုံး၌ သဘောပေါက်ခဲ့သည်။ သူမက အရာအားလုံး အသုံးပြုလျှင်ပင် သူမက သူ့ပြိုင်ဘက်မဟုတ်ပေ။
ဒါပေမယ့် ဒီကလေးက ခုနှစ်နှစ်လောက်ပဲ ရှိတယ်ဆိုတာ သိသာနေတာပဲ။ သူက လေ့ကျင့်ထားတယ်ဆိုရင်တောင် ဒီလိုပြောင်မြောက်တဲ့စွမ်းရည်တစ်ခု ရှိဖို့ မဖြစ်နိုင်ဘူးမလား။
ထန်ရှုက ထန်ကျင်းအား လက်ဝှေ့ယမ်းပြကာ ပြန်ဆုတ်ရန် အချက်ပြလိုက်သည်။ ထို့နောက် သူက ချန်ယန်နန်အား ကြည့်ကာ ပြုံးကာ ပြောလိုက်၏ “ဘယ်လိုလဲ။ ဒီကလေးတွေက အနိုင်ယူဖို့ လွယ်ကူတယ်လို့ ထင်နေတုန်းပဲလား။ ဒါ ဟုတ်တယ်၊ မင်း ထန်ကျင်းရဲ့စကားတွေကို ကြားတယ်မလား။ လက်ရှိမင်းက အားနည်းလွန်းပြီး သူ့အတွက် စိန်ခေါ်မှု မဟုတ်တာကြောင့် သူက မင်းနဲ့ မပြိုင်ချင်ဘူး”
ချန်ယန်နန်က ဒေါသထွက်သွားသည်။ ခုနှစ်အရွယ်ကလေးတစ်ယောက်က ဒီလောက်အားကောင်းလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သူမက ထန်ရှုအား စိုက်ကြည့်ကာ ကျယ်လောင်စွာ အော်ပြောလိုက်သည် “ထန်…ဂိုဏ်းချုပ်၊ မင်း သူ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ ထွက်လာခိုင်းတာ ဖြစ်ရမယ်။ သူက ဒီလောက်သန်မာတယ်ဆိုတာ မင်း သိပြီးသားမလား။ ဒါကြောင့် မင်းက သူ့ကို ငါ့ကို စိတ်ပျက်အောင် လုပ်ခိုင်းခဲ့တာမလား”
“ဟမ့်၊ မင်း ကြိုက်တဲ့တစ်ယောက်ကို ရွေးလို့ ငါ ပြောခဲ့တာပဲမလား”ထန်ရှုက အထင်သေးစွာနှင့် ပြန်ချေပလိုက်သည်။
“ဟုတ်ပါပြီ”
ချန်ယန်နန်က ကလေးများဘက် လှည့်ကြည့်လိုက်သည်။
“မင်း ထွက်လာစမ်း”
ရှေ့ဆုံးတန်းရှိ ခုနှစ်နှစ်လောက်ရှိမည့်ကလေးတစ်ယောက်အား သူမက လက်ညှိုးထိုးလိုက်သည်။
“ငါ ငြင်းလို့ရမလား”ကောင်လေးက အနည်းငယ်အကူအညီမဲ့နေသည် “မင်းက ထန်ကျင်းနဲ့ တိုက်ခိုက်ခဲ့တာကို ငါ အားလုံးမြင်ခဲ့တယ်။ မင်းက အားနည်းလွန်းတယ်။ မင်းနဲ့ ဖလှယ်ရတာ တကယ် ငြီးငွေ့စရာပဲ”
သူ၏တုံ့ပြန်ချက်က ချန်ယန်နန်အား ဒေါသတို့ မြူခိုးသွားစေသည်။ စောစောက သူမ ရှုံးနိမ့်သွားသောကြောင့် ထိုကောင်လေးက သူမအား အထင်သေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။
အသက်နှစ်ဆယ်ရှိသည့် အရွယ်ရောက်ပြီးသားလူတစ်ယောက်၊ စွမ်းရည်အသုံးပြုသူတစ်ယောက်ဖြစ်သည့်သူမအား ထိုကောင်လေးက နှိမ့်ချခဲ့သည်။ ဒါက…ဒါက သူမမျက်နှာအား လုံးဝဖြတ်ရိုက်လိုက်သလိုပင်။
“မင်း စောင့်နေစမ်းပါ၊ ကောင်စုတ်လေး။ ငါ မင်းရဲ့ပါးစပ်ကို ပိတ်အောင် လုပ်ပြမယ်”ချန်ယန်နန်က အော်ပြောလိုက်သည်။
“ဟာ၊ မင်းက ငါနဲ့ ဖလှယ်ချင်နေမှတော့ ဒါဆို…ငါ့ကို အလင်းပြပေးစမ်းပါ”ကောင်လေးက ပင့်သက်ရှုကာ ပြောလိုက်သည်။
“ဘာ၊ မင်းကတော့’
ချန်ယန်နန်က စိတ်ထဲ၌ ကြုံးဝါးလျက် ကောင်လေးထံ ပြေးဝင်သွား၏။ သူမက သူမ၏အမြန်ဆုံးအရှိန်ကို အသုံးပြုကာ ဘာတစ်ခုမှ မထိန်းချန်ထားတော့ဘဲ ကောင်လေးအား တိုက်ခိုက်လိုက်သည်။
ဘန်း…
တည်ငြိမ်သောမျက်နှာထားနှင့် ကောင်လေးက အလားတူလက်သီးချက်အား ထုတ်ဖော်လျက် လက်သီးချင်း ထိပ်တိုက်တွေ့လိုက်သည်။ သို့သော် သူ့ခန္ဓာကိုယ်က မြေပြင်ပေါ်တွင် အမြစ်ဆွဲထားသကဲ့သို့ ခိုင်မြဲနေသည်၊ အခြားတစ်ဖက်တွင် ချန်ယန်နန်က လွင့်ထွက်သွားပြန်၏။ ဤတစ်ကြိမ်တွင် သူမက ပိုတောင် သနားစရာကောင်းသည်၊ မျက်နှာတစ်ဝက်က မြေပြင်နှင့် ရိုက်မိသွားလျက် သူမမျက်လုံးများက ဝေဝါးသွားတော့၏။
***