ကံကောင်းသော အကြောင်းရင်း
Vol. 79 Ch. 1104
ထန်ရှုက ခေါင်းညိတ်လိုက်သည်။ သူ့လူများ လွှတ်ကာ နယ်ကျဲ့အား တစ်ခါ စုံစမ်းခဲ့ပြီး နယ်ဖမ်းကန်းက စီးပွားရေးသမားတစ်ယောက်ဖြစ်သည်ကို သိခဲ့ရသည်။ ထိုလူက သူ့အဖေနှင့် ဒီလိုနက်ရှိုင်းသောဆက်ဆံရေးတစ်ခုရှိလိမ့်မည်ဟု သူ တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။ သူတို့က ဂိုထောင်ဆီ ဉီးတည်လာနေရင်း ထန်ယွမ်ဒီက ပြောလိုက်သည် “ဖမ်းကန်းရဲ့အကိုကြီးကလဲ ငါနဲ့အတူ အန္တရာယ်တွေ၊ သေရေးရှင်ရေးတွေ ဖြတ်ကျော်ခဲ့တဲ့လူတစ်ယောက်ပဲ၊ သား။ ဒါပေမယ့် ဒိုလန်အိမ်တော်နဲ့ တိုက်ပွဲမှာ သူက ကျဆုံးခဲ့ရတယ်။ ဖမ်းကန်းကတော့ အထူးအကြောင်းပြချက်အချို့ကြောင့် စောစောစီးစီး အနားယူခဲ့တယ်”
ဆယ်စုနှစ်နှစ်ခု ဖြတ်ကျော်ပြီးဖြစ်သော်လည်း အတိတ်တွင် သူ့အဖေ တည်ဆောက်ခဲ့သည့် အစီအစဉ်က ဘာကြောင့် အကောင်အထည်ပေါ်နေသလဲဆိုသည်ကို ထန်ရှုက ရုတ်တရက် သဘောပေါက်သွားသည်။ ဆက်လက်လုပ်ဆောင်နေသည့်လူများ ရှိနေသေးသောကြောင့်ပင်။
သတ်ဖြတ်လိုစိတ်တစ်ခုက နယ်ဖမ်းကန်း၏မျက်လုံးများထဲ၌ လင်းလက်သွားသော်ငြား သူက ခေါင်းခါယမ်းကာ ပြောလိုက်သည် “ငါ့အကိုက ငါ့ကို မြေတောင်မြှောက်ပေးခဲ့တယ်၊ အကောင်းအဆိုးတွေကို ငါတို့ အတူတကွ ရင်ဆိုင်ခဲ့ကြတယ်။ သူ ဒီလောက် အမြန်ထွက်သွားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး၊ ဒါကြောင့် အဲဒီဒိုလန်အိမ်တော်ကို ငါ သေချာပေါက် ဖျက်ဆီးပစ်မယ်။ သူတို့ရဲ့ကလန်သားတွေအားလုံး သေရမယ်”
ထန်ရှု၏အဟုန်က ရပ်သွားပြီး နယ်ဖမ်းကန်း၏နောက်ကျောအား ကြည့်လိုက်သည်။ သူ့ပုံရိပ်က ရုတ်တရက် ရွေ့လျားသွားပြီး နယ်ဖမ်းကန်းအရှေ့၌ ရုတ်ချည်း ထွက်ပေါ်လာ၏။ သူက သိုလှောင်လက်စွပ်မှ ငွေရောင်အပ်လေးချောင်းကို ယူထုတ်ကာ နယ်ဖမ်းကန်း၏သွေးကြောဆုံမှတ်များအား ထိုးဖောက်လိုက်သည်၊ တစ်ချိန်တည်းတွင် သူက ဓားမြှောင်တစ်လက်ကို ကိုင်လျက် နယ်ဖမ်းကန်း၏အဆုတ်အပြင်ဘက်ရှိသွေးကြောဆုံမှတ်ပေါ်တွင် ဒဏ်ရာတစ်ခု ပြုလုပ်လိုက်၏။
“ရှုအာ”
“ထန်ရှု…”
ထန်ရှု၏အပြုအမူများကို မြင်ပြီး ထန်ယွမ်ဒီနှင့်နယ်ကျဲ့တို့၏အသားအရောင်က တရစပ်ပြောင်းလဲသွားပြီး သူ့အား အလန့်တကြား အော်ခေါ်လိုက်သည်၊ အနားတစ်ဝိုက်ရှိလူများက အကြည့်ချင်းဖလှယ်လျက် သူတို့ဆီ ရွေ့လျားလာ၏။
ထန်ရှုက သူ့အဖေနှင့်နယ်ကျဲ့တို့အား လစ်လျူရှုလိုက်သည်။ မျက်နှာဖြူရော်နေသောနယ်ဖမ်းကန်းအား ကြည့်ရင်း ထန်ရှုက နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “ပထမဆုံးမြင်လိုက်ရချိန်မှာ ဉီးလေးရဲ့ခန္ဓာကိုယ်မှာ ပြဿနာအချို့ရှိနေတာကို ငါ သဘောပေါက်ခဲ့တယ်။ ဉီးလေးရဲ့သတ်ဖြတ်လိုစိတ်က ပြင်းထန်လွန်းပြီး အဲဒါက ဉီးလေးရဲ့နှလုံးနဲ့အဆုတ်ထဲမှာရှိတဲ့သွေးလည်ပတ်ခြင်းကို သက်ရောက်စေတယ်။ ဉီးလေးက ဘာတစ်ခုမှ မမြင်ရပေမယ့် ဒီအခြေအနေအတိုင်း ဆက်သွားရင် သတ်ဖြတ်လိုစိတ်၊ မကျေမချမ်းဖြစ်မှုနဲ့ ယင်စွမ်းအင်က ဖြစ်ပေါ်စေတဲ့ အခြားမကောင်းတဲ့ခံစားချက်တွေက ဉီးလေးရဲ့ဉီးနှောက်ကို တိုက်စားပြီး အဆုတ်နဲ့နှလုံးတွေကို ပျက်ဆီးစေလိမ့်မယ်၊ ပြီးရင် ဉီးလေးက နာကျင်ရင်း သေသွားရလိမ့်မယ်”
“အခု တင်ပျဉ်ခွေထိုင်ပြီး ကျွန်တော် ပြောသလိုလုပ်ပါ”
“စိတ်ချပါ။ ဉီးလေးက ကျွန်တော့်အဖေရဲ့သေဖော်ရှင်ဘက်ညီအကိုပဲ၊ ကျွန်တော် လေးစားရတဲ့ အကြီးအကဲတစ်ယောက်ပဲ။ ကျွန်တော် ဉီးလေးကို အန္တရာယ်မဖြစ်စေရပါဘူး”
ဤသည်ကို ကြာပြီးနောက် နယ်ဖမ်းကန်း၏အသားအရောင်က ပုံမှန်အခြေအနေသို့ လျင်မြန်စွာ ပြန်ရောက်သွားသည်။ သူက ထန်ယွမ်ဒီအား ယုံကြည်သည်။ ထို့ကြောင့် ထန် ယွမ်ဒီ၏သားဖြစ်သောထန်ရှုကိုလည်း ယုံကြည်သည်။
တင်ပျဉ်ခွေထိုင်လျက် နယ်ဖမ်းကန်းက မျက်လုံးမှိတ်လိုက်သည်။
“ဉီးလေးက ချီကုန်းလေ့ကျင့်ထားတာဖြစ်ရမယ်၊ ဒါပေမယ့် ပွင့်နေတဲ့မရီးဒျာန်တွေက ယင်အမျိုးအစားပဲ၊ ဒါကြောင့် ဉီးလေးရဲ့ကျင့်ကြံခြင်းနည်းစနစ်ကိုယ်တိုင်က ပြဿနာဖြစ်နေတာ”ထန်ရှုက နက်ရှိင်းသောအသံနှင့် ဆက်ပြောလိုက်သည် “အဲဒါကို ကျင့်ကြံခဲ့သူက အမျိုးသမီးတစ်ယောက်ဆိုရင် ပြဿနာမရှိပါဘူး၊ ဒါပေမယ့် ဉီးလေးက ယန်စွမ်းအင်ရှိတဲ့အမျိုးသားတစ်ယောက်ဖြစ်တာကြောင့် အဲဒါကို လေ့ကျင့်တာက ဉီးလေးအတွက် ကြီးမားတဲ့ပြဿနာတစ်ခုဖြစ်လာခဲ့တာပဲ”
“စိတ်ကို စုစည်းပြီး တည်ငြိမ်အောင် ထားပါ။ ဉီးလေးရဲ့ခန္ဓာကိုယ်အဖွဲ့အစည်းထဲမှာရှိတဲ့စွမ်းအင်ကို ထိန်းချုပ်ပြီး အဲဒါတွေအားလုံးကို အဆုတ်နဲ့သွေးကြောဆုံမှတ်တွေဆီ စီးဆင်းခွင့်ပြုလိုက်ပါ။ အဲနေရာမှာ အပေါက်တစ်ခု ဖွင့်ထားပြီးပြီ၊ အခုက ယင်စွမ်းအင်အားလုံးကို ဉီးလေးဖယ်ထုတ်ရမယ့်အလှည့်ပဲ”
နယ်ဖမ်းကန်းက ရုတ်တရက် မျက်လုံးဖွင့်ကာ ထန်ရှုအား စိုက်ကြည့်လိုက်သည် “ဒါပေမယ့် ငါ့ခန္ဓာကိုယ်ထဲက ယင်စွမ်းအင်တွေအားလုံးကို ဖယ်ထုတ်ခြင်းက ငါ့ရဲ့ကျင့်ကြံခြင်းကို ဖျက်ဆီးတာနဲ့ ညီမျှတယ်၊ တူလေး။ ငါက လက်စားတောင် မချေရသေးဘူးလေ၊ ဘယ်လိုလုပ်ပြီး မသန်မစွမ်းဖြစ်လို့ရမှာလဲ”
“ငါ့ကို ယုံကြည်ပါ၊ ဉီးလေး”ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “ဒါက ဉီးလေးအတွက် ကြီးမားတဲ့အကျိုးအမြတ်တစ်ခုတောင် ဖြစ်လာမှာ”
‘သူ့ကို ယုံကြည်ရမှာလား။ ဒါက ငါ့အတွက် အကျိုးရှိစေမှာလား’
အမူအရာ အကြိမ်အနည်းငယ် ပြောင်းလဲသွားလျက် နယ်ဖမ်းကန်းက စက္ကန့်သုံးဆယ်လောက် တုံ့ဆိုင်းနေခဲ့ပြီးနောက် သူက မျက်လုံးမှိတ်ကာ သူ့ခန္ဓာကိုယ်ထဲရှိအစစ်အမှန်ချီအား လှည့်ပတ်လိုက်ပြီး ၎င်းတို့အား အဆုတ်နှင့်သွေးကြောဆုံမှတ်များဆီသို့ စီးဆင်းစေလိုက်သည်။
ဖူး...
သွေးများ ပက်ဖျန်းသွားပြီး နယ်ဖမ်းကန်းပတ်လည်ရှိအပူချိန်က တစ်မိနစ်ဝက်အတွင်း ဒီဂရီအနည်းငယ် လျော့ကျသွား၏။ ထန်ရှုအား သက်ရောက်ခြင်းမရှိသော်လည်း နယ်ဖမ်းကန်းနှင့်အနီးကပ်ရှိနေသည့်ထန်ယွမ်ဒီနှင့်နယ်ကျဲ့တို့က ထိတ်လန့်သွားကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်၏။
အချိန်က ဖြတ်သန်းသွားနေပြီး နာရီဝက်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ နယ်ဖမ်းကန်းက အားနည်းသောအထိအတွေ့အာရုံတစ်ခုအား ခံစားမိ၏။ သူ့လေ့ကျင်ခဲ့သည့်အစစ်အမှန်ချီက ဖယ်ထုတ်ခံလိုက်ရပြီး သူ့ခန္ဓာကိုယ်ထဲရှိယင်စွမ်းအင်အားလုံးအား အပြီးတိုင်စွန့်ထုတ်လိုက်သည်။
ထန်ရှုက နယ်ဖမ်းကန်း၏အခြေအနေအား အာရုံစိုက်ထားသည်။ နယ်ဖမ်းကန်းအခြေအနေကို တွေ့ရှိပြီးနောက် သူက နယ်ဖမ်းကန်းခန္ဓာကိုယ်မှ ငွေအပ်လေးချောင်းအား ချက်ချင်း ဆွဲထုတ်လိုက်သည်၊ ထို့နောက် သူက လိမ်းဆေးယူထုတ်ကာ အဆုတ်ပေါ်ရှိဒဏ်ရာအပေါ် လိမ်းလိုက်၏။ ထို့နောက် ဆေးလုံးတစ်လုံးယူကာ နယ်ဖမ်းကန်း၏ပါးစပ်ထဲသို့ ထည့်သွင်းပေးပြီးနောက် ပြောလိုက်သည် “အာရုံစုစည်းပြီး ဉီးလေးရဲ့ချီကို သန့်စင်ပါ။ ဉီးလေးရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ချီစီးကြောင်းကို အာရုံခံပါ၊ ပြီးရင် ဒီကျင့်ကြံခြင်းလမ်းကြောင်းအရ အဲဒါကို လှည့်ပတ်ပါ”
ထိုသို့ပြောပြီးနောက် ထန်ရှုက နယ်ဖမ်းကန်း၏လက်ကောက်ဝတ်အား ကိုင်ကာ သူ့သွေးကြောအား စစ်ဆေးလိုက်သည်၊ ထို့နောက် ဆေးလုံးထဲရှိစွမ်းအင်အား လျင်မြန်စွာ စုပ်ယူနိုင်ရန်အတွက် မူလဖရိုဖရဲစွမ်းအင်တစ်မျှင်အား နယ်ဖမ်းကန်း၏ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းပေးလိုက်သည်။
“ဟမ်…”
မရီးဒျာန်နှင့်သွေးကြောဆုံမှတ်အသစ်များဖွင့်လှစ်ခြင်းက ကျင့်ကြံသူတစ်ယောက်အတွက် ပျော်စရာကောင်းသောဖြစ်စဉ်တစ်ခုဖြစ်သော်လည်း နယ်ဖမ်းကန်းက ဤနာကျင်မှုဖြစ်စဉ်၏ဆယ်ပုံတစ်ပုံကိုပင် ထပ်မခံစားလိုတော့ပေ။
သို့သော် သူက ထန်ရှုပြောခဲ့သလို ဘယ်လိုအကျိုးအမြတ်ရမည်ကို သိချင်သည်။ ထို့ကြောင့် သူက တောင့်ခံ၏။
ဤတစ်ကြိမ်တွင် သုံးနာရီက ကုန်ဆုံးသွားပြီး သူ့ဉီးနှောက်က မြည်ဟည်းသံများနှင့် ပြည့်နှက်လာသလို နယ်ဖမ်းကန်းက ခံစားမိလာသည်။ သူ့ခန္ဓာကိုယ်ထဲရှိနာကျင်မှုက ဒီရေလှိုင်းတစ်ခုအလား ပျောက်ကွယ်သွားပြီး နွေးထွေးသောစွမ်းအင်စီးကြောင်းတစ်ခုက သူ့ခန္ဓာကိုယ်တစ်လျှောက် လည်ပတ်လာကာ သက်သောင့်သက်သာရှိမှုတစ်ခု မွေးဖွားလာ၏။
သက်သောင့်သက်သာရှိလွန်းသဖြင့် သူက ရေနွေးစိမ်နေသလို ခံစားမိ၏။
ထို့နောက် ထန်ရှု၏အသံက သူ့နားထဲ၌ ထွက်ပေါ်လာသည် “ဒီအစစ်အမှန်အဆီအနှစ်စွမ်းအင်လှည့်ပတ်လမ်းကြောင်းကို မှတ်ထားပါ။ အနည်းဆုံး၄၉ရက်တိတိ နေ့တိုင်းနေ့တိုင်း လှည့်ပတ်ပါ။ သုံးလပြည့်ရင် ဉီးလေးက ကျင့်ကြံခြင်းလမ်းကြောင်းပေါ် အောင်မြင်စွာ ခြေချနိုင်ပြီး ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာလိမ့်မယ်”
‘ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်လား’
ဤချီသန့်စင်ခြင်းအဆင့်က ဘာဆိုလိုသည်ကို ဘာမျှမသိသော်လည်း ကျင့်ကြံသူများ၏တည်ရှိမှုကိုတော့ သူ သိ၏၊ သူတို့က သူ့မျက်လုံးထဲတွင် နတ်ဘုရားနှင့်တူသောပုံရိပ်များပင်၊ ဆန်းကြယ်သောသဘာဝလွန်စွမ်းရည်များ ပိုင်ဆိုင်ထားကြပြီး လူမရေမတွက်များစွာက သူတို့အား ဝတ်ပြုစေနိုင်သည့် စွမ်းအားရှိသူများဖြစ်ကြ၏။
သူမအဖေ၏မျက်နှာပေါ်ရှိနာကျင်သောအသွင်အပြင်က ပျောက်ကွယ်သွားသည်ကို မြင်ပြီး နယ်ကျဲ့၏ဂနာမငြိမ်ဖြစ်မှုက နောက်ဆုံးတွင် ပြေလျော့သွား၏။ သူမက ထန်ရှုအား ကြည့်ကာ မေးလိုက်သည် “ဘယ်…ငါ့အဖေရဲ့အခြေအနေက ဘယ်လိုလဲ”
“သူ အခု အရမ်းအဆင်ပြေပါတယ်။ သူ့မှာ ဖြစ်ပျက်ခဲ့တာတွေက ကောင်းချီတစ်ခုလို့ ပြောနိုင်တယ်”ထန်ရှုက ပြုံးကာ ပြောလိုက်၏ “သူ့ခန္ဓာကိုယ်အဖွဲ့အစည်းထဲမှာရှိတဲ့ယင်စွမ်းအင်တိုက်စားခြင်းက သူ့ရဲ့အတွင်းပိုင်းကို ဆိုးဝါးစွာ ထိခိုက်စေပေမယ့် အဲဒါကို စွန့်ပစ်ပြီး ငါသင်ကြားပေးခဲ့တဲ့ကျင့်ကြံခြင်းနည်းစနစ်အတိုင်း ကျင့်ကြံပြီးနောက် အစစ်အမှန်အဆီအနှစ်စွမ်းအင်ကို ချန်ထားခဲ့တယ်။ အစစ်အမှန်အဆီအနှစ်စွမ်းအင်ရဲ့အားဖြည့်မှုကြောင့် သူ့ရုပ်ပိုင်းဆိုင်ရာအခြေအနေက အခုဆိုရင် သာမန်လူတွေထက် ပိုကောင်းလာပြီ”
“ရှင် ပြောတာ ဘာတစ်ခုမှ ကျွန်မ နားမလည်ဘူး”နယ်ကျဲ့က ခေါင်းခါယမ်းလိုက်သည်။
“မင်း နားမလည်လဲ ကိစ္စမရှိပါဘူး”ထန်ရှုက ပြုံးကာ ပြောလိုက်သည် “မင်းအဖေရဲ့ခန္ဓာကိုယ်ထဲမှာ ဘာအန္တရာယ်မှ မကျန်တော့ဘူးဆိုတာ မင်း သိဖို့ပဲ လိုတယ်။ နိုးလာရင် သူက အရင်ကထက် အများကြီးပိုကောင်းလာလိမ့်မယ်”
နယ်ကျဲ့၏နှုတ်ခမ်းများက အကြိမ်အနည်းငယ် တွန့်လိမ်သွားသည်။ သူမက ထိုစကားအပေါ် သံသယအချို့ရှိသည်။ ထန်ရှု၏အပြုအမူအား သူမက ရှင်းရှင်းလင်းလင်း မြင်ခဲ့၏။ သူက ငွေအပ်လေးချောင်းကို အသုံးပြုကာ သူမအဖေ၏ခန္ဓာကိုယ်အား ထိုးဖောက်ခဲ့ပြီး ဓားတစ်ချောင်းနှင့်ပင် ဒဏ်ရာတစ်ခု ပြုလုပ်ခဲ့သည်။ ဒါက သူမအဖေအတွက် အကျိုးရှိတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
ညရောက်လာပြီး အေးစက်စက်စွမ်းအင်စီးကြောင်းက ချီနန်၏ခန္ဓာကိုယ်အား အားနည်းလာစေပြီး သူမမျက်နှာက ဖြူရော်လာသည်။ သူမမှမနီးမဝေးတွင်ထိုင်နေသောထန်ရှုက တိတ်တဆိတ် ခေါင်းခါယမ်းလိုက်သည်။ သူက သူ့ကုတ်အင်္ကျီအား ချွတ်ကာ သူမအား ကမ်းပေးပြီးနောက် ပြောလိုက်၏ “ဒါကို ဝတ်လိုက်ပါ”
နယ်ကျဲ့က ကုတ်အင်္ကျီအား ယူအား ခေါင်းညိတ်ပြလိုက်သည်။
ထန်ရှုက သူ့အာရုံအား နယ်ဖမ်းကန်းထံ ပြောင်းလိုက်သည်။ သူ့ခန္ဓာကိုယ်က ရွေ့လျားသွားပြီး သူက ချက်ချင်း ပြုံးကာ ပြောလိုက်၏ “ငါ ခန့်မှန်းတာ မှန်ရင် ဉီးလေးနယ်က နိုးလာတော့မယ်”
ထန်ရှုက ပြောလိုက်ပြီးနောက် သူ့အသံ ပျောက်ကွယ်သွားလျှင်ချင်း နယ်ဖမ်းကန်းက ကျင့်ကြံခြင်းမှ နိုးထလာသည်။ သူ့အမြင်အာရုံအား ပြန်ရလာပြီး သူက သူ့အရှေ့တွင် ထိုင်နေသော ထန်ယွမ်ဒီ၊ ထန်ရှု၊ သူ့သမီးနယ်ကျဲ့နှင့်ကျန်လူများအား မြင်လိုက်ရသည်။ သူက မြေပြင်မှ တန်းထကာ သူ့လက်နှင့်ခန္ဓာကိုယ်အောက်ပိုင်းအား လှုပ်ရှားလိုက်၏။ ယခု သူ့ခန္ဓာကိုယ်ထဲရှိခွန်အားအား အာရုံခံမိပြီး ထန်ရှုအပေါ် သူ့အကြည့်က ရုတ်တရက် ပြောင်းလဲသွားသည်။
“ဒါက အရမ်းအားကောင်းတဲ့ခွန်အားပဲ”နယ်ဖမ်းကန်းက အနည်းငယ်စိတ်လှုပ်ရှားစွာနှင့် ရေရွတ်လိုက်သည်။
“ဒါက အဆီအနှစ်စုဆောင်းခြင်းဆေးလုံးကြောင့်ပဲ။ အဲဒါက ဉီးလေးအတွက် အရမ်းအကျိုးရှိစေတယ်”ထန်ရှုက ပြုံးကာ ပြောလိုက်သည် “ဒီမတိုင်ခင်တုန်းက ကျွန်တော်ပြောခဲ့တာကို မှတ်မိသေးလား။ ဒီကျင့်ကြံခြင်းလမ်းကြောင်းအတိုင်း လေးဆယ့်ကိုးရက်တိတိ နေ့တိုင်း ဉီးလေးရဲ့အစစ်အမှန်အဆီအနှစ်စွမ်းအင်ကို လှည့်ပတ်ရမယ်။ အနည်းဆုံး သုံးလထိ ဒါကို အဆက်မပြတ်လုပ်ရမယ်”
နယ်ဖမ်းကန်းက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက တုံ့ဆိုင်းပြီးနောက် မေးလိုက်သည်။ “ထန်ရှု၊ သုံးလထိ သည်းခံနိုင်ရင် ငါ ကျင့်ကြံသူတစ်ယောက်ဖြစ်လာနိုင်တယ်လို့ မင်း ပြောခဲ့တယ်မလား။ ဒါ မှန်ရဲ့လား”
“ဒါ အမှန်ပဲ”ထန်ရှုက ခေါင်းညိတ်လိုက်သည် “ထပ်သင်ပေးရမယ့်အပိုင်းအချို့ ရှိသေးပေမယ့် ဉီးလေးကို သင်ကြားပေးခဲ့တဲကျင့်ကြံခြင်းနည်းစနစ်က အင်မော်တယ်ဖြစ်ဖို့ပဲ။ နောက်ကျရင် ဒီကျင့်ကြံခြင်းနည်းစနစ်တစ်စုံလုံးကို ဉီးလေးကို လွှဲပေးမယ်။ ဉီးလေးက အချိန်တွေကို ကျင့်ကြံခြင်းမှာ မြှုပ်နှံသရွေ့ အနာဂတ်မှာ ဉီးလေးအနေနဲ့ အင်မော်တယ်တစ်ယောက်ဖြစ်ဖို့ ပြဿနာရှိလိမ့်မှာ မဟုတ်ဘူး”
‘ကျင့်ကြံခြင်းလမ်းကြောင်းပေါ် လျှောက်လမ်းပြီး အင်မော်တယ်တစ်ယောက်ဖြစ်မှာလား’
နယ်ဖမ်းကန်းက အကြိမ်အနည်းငယ် ပါးစပ်တွန့်သွား၏။ ထန်ရှုက အနည်းငယ်လွန်ကဲနေသည်ဟု သူက ခံစားမိသည်။
“မင်းက ငါ့ထက် ပိုကံကောင်းတာပဲ၊ ဖမ်းကန်း”ထန်ယွမ်ဒီက ရယ်ကာ ပြောလိုက်သည် “ရှုအာက ငါ့ကိုလဲ ကျင့်ကြံခြင်းနည်းစနစ်တစ်ခု သင်ကြားပေးခဲ့တယ်၊ ဒါပေမယ့် အခုထိ အစစ်အမှန်အဆီအနှစ်စွမ်းအင်ကို အောင်မြင်အောင် ငါ မကျင့်ကြံနိုင်သေးဘူး”
နယ်ဖမ်းကန်း၏မျက်လုံးများက ရုတ်တရက် တောက်ပသွား၏။ သူက ထန်ရှုအား စိတ်လှုပ်ရှားစွာ ကြည့်ကာ မေးလိုက်သည် “ဒါက ငါ့ကို တစ်ခုခု သတိပေးခဲ့တာပဲ၊ တူလေး။ မင်းက ငါ့ကို ဆေးလုံးတစ်လုံးပေးခဲ့တယ်လို့ ပြောခဲ့တယ်မလား။ မင်းရဲ့ဉီးလေးက အသက်ကြီးနေပြီ၊ နောက်ကျရင် ငါ့အနေနဲ့ ကျင့်ကြံဖို့ မလွယ်ကူလောက်ဘူး။ ဒီဆေးလုံးတွေရဲ့အကူအညီတွေနဲ့ဆိုရင် ငါ့ကျင့်ကြံခြင်းတိုးတက်မှုအရှိန်က ပိုမြန်လာနိုင်တယ်”
ထန်ရှုက ကျောက်စိမ်းပုလင်းတစ်လုံး ယူထုတ်ကာ နယ်ဖမ်းကန်းအား ပေးပြီးနောက် ပြုံးလိုက်သည် “ဒီထဲမှာ အဆီအနှစ်စုဆောင်းခြင်းဆေးလုံးဆယ်လုံးရှိတယ်၊ ဒါပေမယ့် နောက်သုံးလအတွင်းမှာ ဉီးလေး ဒါကို သောက်လို့မရဘူး။ ကျင့်ကြံခြင်းက အဆောက်အဉီးတစ်ခု တည်ဆောက်ရသလိုပဲ။ အုတ်မြစ်မခိုင်မာရင် အနာဂတ်မှာ ချီဖောက်ပြန်မှုကို အလွယ်တကူ ရင်ဆိုင်ရလိမ့်မယ်။ အလျင်လိုအနှေးဖြစ်ဆိုတဲ့စကားကို ဉီးလေးလဲ နားလည်မှာပါ၊ ဒါကြောင့် ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် နောက်သုံးလအတွင်းမှာ ဒီဆေးလုံးကို မသောက်ပါနဲ့။ နောက်ကျရင် ဒါကို မသုံးဘဲနဲ့တောင် ဉီးလေးက သိုင်းဆရာကြီးအဆင့်ကျွမ်းကျင်သူအချို့ကို အလွယ်တကူ ဖိနှိပ်နိုင်လိမ့်မယ်”
‘ငါက သိုင်းဆရာကြီးအဆင့်ကျွမ်းကျင်သူတွေကို အလွယ်တကူဖိနှိပ်နိုင်မှာလား’
နယ်ဖမ်းကန်း၏နှလုံးခုန်သံက မြန်ဆန်သွားလျက် မေးလိုက်သည် “မင်းက ငါ့ကို လိမ်နေတာတော့ မဟုတ်ဘူးမလား၊ တူလေး”
***