← Chapters

ကျုပ် ဘယ်သူလဲဆိုတာ ပြောပြမယ် 

Vol. 65 Ch. 903

ကျုပ် ဘယ်သူလဲဆိုတာ ပြောပြမယ် 

Vol. 65 Ch. 903

သူသည် မြန်ဆန်လွန်းနေသောကြောင့် တန်ကျိုးကျစ်မှာ တုံ့ပြန်ချိန်ပင်မရလိုက်ပေ။ ထို့ကြောင့် တန်ကျိုးကျစ်တစ်ယောက် အမူအရာများ ပြောင်းလဲသွားစဉ်မှာပင် မြူခိုးများမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားကြ၏။

ထိုအခါ တန်ကျိုးကျစ်မှာ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲသွားရသဖြင့် စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်ရတော့သည်။ ထို့အပြင် သူသည် အသက်အန္တရာယ်နှင့် ရင််ဆိုင်လိုက်ရသည့်အလား ခံစားလိုက်ရသဖြင့် တစ်ကိုယ်လုံး တုန်ရီသွားရ၏။ သူ၏ ဝိညာဉ်မှာလည်း တဆတ်ဆတ် တုန်ရီနေရပြီ ဖြစ်သည်။ သူသည် ခန္ဓာကိုယ်တစ်ခုလုံးထဲ၌ မီးတောက်များ ပြည့်နှက်သွားပြီး အရှင်လက်လက် မီးမြှိုက်ခံနေရသည့်အလား ခံစားနေရတော့သည်။

တန်ကျိုးကျစ်မှာ သူသည် ယခုလို အသက်အန္တရာယ်မျိုးနှင့် ကြုံတွေ့နေရသည်ဖြစ်ရာ တွေဝေတုံ့ဆိုင်းနေ၍ မဖြစ်ကြောင်း သိထား၏။ ထို့ကြောင့် သူသည် မျက်ဝန်းများနီမြန်းသွားပြီး အသံကုန်အော်ဟစ်လိုက်သဖြင့် သူ၏ ဦးခေါင်းတစ်လုံးမှာ ပေါက်ကွဲသွားတော့သည်။ သူသည် ထို ပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် စွမ်းအားများကို အသုံးပြုကာ သူ၏ခန္ဓာကိုယ်ထဲမှ မြူခိုးများကို တွန်းထုတ်နိုင်ရန် ကြိုးစားလိုက်၏။ ထိုနည်းလမ်းမှာ အလုပ်ဖြစ်ပေသည်။ သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားခဲ့ကြသည့် မြူခိုးများမှာ ရပ်တန့်သွားကြပြီး အပြင်ဘက်သို့ တွန်းထုတ်ခံနေရသည့်ပုံ ပေါက်လာတော့သည်။

သို့သော် ထိုမျှလောက်နှင့် လုံလောက်မှုမရှိသေးသောကြောင့် တန်ကျိုးကျစ်မှာ အသံကုန်အော်ဟစ်ကာ ကျန်ရှိနေသေးသည့် လက်လေးဖက်ထဲမှ နှစ်ဖက်အား ထပ်၍ ဖောက်ခွဲပစ်လိုက်ရတော့သည်။

ခေါင်းတစ်လုံးနှင့် လက်နှစ်ဖက်တို့၏ ပေါက်ကွဲအားများမှာ အားကောင်းသော တွန်းကန်အားများအဖြစ် ပြောင်းလဲသွားသဖြင့် သူသည် သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားခဲ့သည့် မြူခိုးများအားလုံးကို အပြင်ဘက်သို့ ပြန်လည်တွန်းထုတ်နိုင်စွမ်း ရှိသွား၏။

ထို မြူခိုးများ လွင့်ပါးပျောက်ကွယ်သွားကြသောအခါ တန်ကျိုးကျစ်မှာ ဖြူဖပ်ဖြူရော်ဖြစ်နေသည့် မျက်နှာဖြင့် နောက်သို့ အလျင်အမြန် ဆုတ်ခွာသွား၏။ ထို့နောက် သူ အပြင်ဘက်သို့ တွန်းထုတ်လိုက်သည့် မြူခိုးများမှာ သူ ရှိနေခဲ့သည့် နေရာတွင် ပြန်လည်စုဝေးလာကြပြီးနောက် ဝမ်ပေါင်လဲ့၏ လူရိပ်အဖြစ် ပြောင်းလဲသွားတော့သည်။

" မင်းက ဘယ်သူလဲကွ " တန်ကျိုးကျစ်မှာ ထိုကဲ့သို့သော ကြောက်မက်ဖွယ်ရာ မြင်းကွင်းကြီးကို မြင်လိုက်ရသဖြင့် ထိတ်လန့်ကြောက်ရွံ့နေသည့် မျက်ဝန်းများဖြင့် မေးမိလိုက်၏။

သူ ထိုကဲ့သို့ ကြောက်ရွံ့နေရသည်မှာ မထူးဆန်းပေ။ သူသည် ဝမ်ပေါင်လဲ့နှင့် အချိန်အကြာကြီး မတိုက်ခိုက်ခဲ့ပါသော်လည်း သူတို့နှစ်ယောက် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခဲ့သည့် အချိန်တိုင်း အသက်အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရသည် မဟုတ်ပါလော။ ဝမ်ပေါင်လဲ့၏ မိုက်ရူးရဲဆန်သော တိုက်ကွက်များကြောင့် သူသည် ခေါင်းခဲလာရပြီ ဖြစ်သည်။

သူ့အတွက် စိတ်ရှုပ်စရာအကောင်းဆုံး အရာများမှာ သူ၏ ထူးဆန်းထွေလာ နတ်ဘုရားစွမ်းရည်များ ဖြစ်ပေသည်။ သူသည် သူ၏ လက်ဖဝါးနှစ်ဖက်ဖြင့် ရိုက်ခံခဲ့ရပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးသွားခဲ့ရပါသော်လည်း တစ်အောင်ခန့်အကြာတွင် မြူခိုးများအဖြစ် ပြန်လည်ပြောင်းလဲသွားပြီး သူ့အား သတ်ဖြတ်နိုင်လုနီးပါး အခြေအနေအထိ ရောက်ရှိသွားခဲ့သည် မဟုတ်ပါလော။ ထိုကဲ့သို့သော ထူးဆန်းအံ့ဖွယ် ပညာရပ်ကြီးကြောင့် သူသည် သူ၏ ပြိုင်ဘက်အား ယခင်တုန်းကထက်ပို၍ သတိထားရတော့မည် ဖြစ်သည်။

သို့သော် သူသည် အဆုံးမဲ့တာအိုနယ်မြေကြီးမှာ အလွန်အင်မတန်မှ ကြီးမားပြီး ကွဲပြားခြားနားသည့် လူမျိုးပေါင်း မြောက်မြားစွာ ရှိနေသည်ဖြစ်ကြောင်း သိထားသည် မဟုတ်ပါလော။ သူသည် အဆုံးမဲ့မျိုးနွယ်စုဝင်တစ်ယောက် ဖြစ်နေသည့်တိုင်အောင် သူ မမြင်ဖူးသည့် လူမျိုးများနှင့် လူမှုအဖွဲ့အစည်း အမြောက်အမြား ရှိနေဆဲပင်။ ထို့ကြောင့် သူသည် သူ၏ရှေ့တွင် ရှိနေသည့် ပြိုင်ဘက်မှာ အထူးလူမှုအဖွဲ့အစည်းတစ်ခုထဲမှ ကျင့်ကြံသူတစ်ယောက် ဖြစ်ရမည်ဟု အရင်ဆုံး ကောက်ချက်ချမိလိုက်၏။

ထို့ကြောင့်လည်း သူသည် သံသယဖြစ်နေသည့် လေသံဖြင့် သူ မည်သူမည်ဝါဖြစ်ကြောင်း မေးမြန်းလိုက်ခြင်းဖြစ်၏။ သူ ထိုသို့ မေးမြန်းလိုက်ခြင်းကို ကြည့်လျှင် သူသည် ထွက်ပြေးရန် ကြံရွယ်ထားကြောင်း သိသာပေသည်။ သူသည် ရှန်လင်းကျစ်ပြောသည့် အခွင့်အရေးအား ရရှိနိုင်ရုံလောက်နှင့် သူ၏အသက်အား စတေးပစ်မည် မဟုတ်ပေ။

အမှန်အတိုင်းဆိုရလျှင် သူသည် ရှန်လင်းကျစ် ပြောသည့် အခွင့်အရေးမှာ ဤ နေရာတွင် ရှိချင်မှ ရှိလိမ့်မည်ဟုပင် သံသယဝင်နေ၏။ အကယ်၍ သူ၏ ပြိုင်ဘက်ဆီတွင် ကြယ်စင်စုလေး အမှန်တကယ် ရှိနေမည်ဆိုပါက သူသည် ‌၎င်းအား ထုတ်သုံးပြီးနေလောက်ပြီ ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်နှင့်ဆိုပါက အစွမ်းကုန်ထုတ်လိုက်လျှင် ထိုလေးအား အသုံးပြုနိုင်လောက်ပေသည်။ အကယ်၍ သူသာ ၎င်းအား ထုတ်သုံးလိုက်မည်ဆိုပါက တန်ကျိုးကျစ်မှာ ထွက်ပြေးနိုင်တော့မည်မဟုတ်ဘဲ သေချာပေါက် သေဆုံးသွားရမည်သာ ဖြစ်သည်။

ထို့အပြင် ယခုအကြိမ်တွင် သူသည် ထောင်ချောက်ဆင်ခံလိုက်ရသည် မဟုတ်ပါလော။ ထို့ကြောင့် တန်ကျိုးကျစ်မှာ နောက်သို့ ဆက်လက်ဆုတ်ခွာသွားနိုင်ရန်သာ ဆန္ဒပြင်းပြနေ၏။ သို့သော်ငြားလည်း သူသည် အနည်းငယ်ခန့် မကျေမချမ်း ဖြစ်နေရဆဲပင်။ သူသည် ဝမ်ပေါင်လဲ့အား လိုက်လံဖမ်းဆီးနေခဲ့သည်မှာ အချိန်အတော်အတန် ကြာနေပြီဖြစ်ရာ လက်ဗလာနှင့် မပြန်ချင်ပေ။ ထို့ကြောင့် သူသည် အနာဂတ်တွင် လက်စားချေနိုင်ရန်အတွက် လိုအပ်သည်များကို ပြင်ဆင်ထားလိုသောကြောင့် သူ၏နာမည်အား မေးမြန်းလိုက်ခြင်း ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့မှာမူ တန်ကျိုးကျစ်၏ မေးခွန်းအား ကြားလိုက်ရသည်နှင့် ပြုံးသွား၏။ သူသည် အခြားသူများ သူ့အား ထိုမေးခွန်း မေးမြန်းကြသည်ကို အလွန်အင်မတန်မှ နှစ်သက်ပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ရုပ်လုံး ပြန်ပေါ်လာပြီးနောက် နှုတ်ခမ်းအား လျှာဖြင့်လျက်ကာ အော်ဟစ်ရယ်မောရင်း တန်ကျိုးကျစ်အား စိုက်ကြည့်၍ ပြန်ဖြေလိုက်တော့သည်။

" ကျုပ်က ခဗျားရဲ့ ဖေဖေကြီးလေ "

သူသည် လက်ရှိတွင် အဆုံးမဲ့မျိုးနွယ်စုထဲ၌ အသုံးပြုသည့် ဘာသာစကားဖြစ်သော အမှောင်ဂိုဏ်း၏ ဘာသာစကားဖြင့် ထိုကဲ့သို့ ပြန်ဖြေလိုက်သည်ဖြစ်ရာ တန်ကျိုးကျစ်မှာ သူ၏ အဖြေအား ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရသဖြင့် မျက်နှာ အမူအရာ ပိုပျက်သွားရတော့သည်။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်ပြီးနောက် နှာမှုတ်လိုက်၏။ သူသည် သူလိုချင်သည့်အဖြေ မရသောကြောင့် မျက်ဝန်းများ အေးစက်စွာ တောက်ပသွားရတော့သည်။

" ဘာပဲဖြစ်ဖြစ်ကွာ။ နောက်ထပ်တစ်ကြိမ် ထပ်ကြိုးစားကြည့်တာပေါ့။ ဒီအတိုင်း နောက်ပြန်လှည့်လို့ ဘယ်ဖြစ်မလဲ " တန်ကျိုးကျစ်မှာ ထိုသို့တွေးလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာတော့သည်။

ထိုအခါ ဝမ်ပေါင်လဲ့မှာလည်း မျက်လုံးများ မှေးသွားပြီး ရှေ့သို့ပြေးထွက်လာ၏။ ထိုသို့ဖြင့် သူတို့နှစ်ယောက်မှာ စကြဝဠာကြီးထဲ၌ ထိပ်တိုက်ရင်ဆိုင်တွေ့သွားကြပြန်သည်။ ထို့ကြောင့် နတ်ဘုရားစွမ်းရည်များ ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့တွင် ထစ်ချုန်းသံများ မြည်ဟည်းသွားကြသည်။ သူတို့မှာ အချိန်တိုလေးအတွင်းတွင် အချက်ရေတစ်ရာကျော် အပြန်အလှန် ထိုးနှက်ခဲ့ကြ၏။

တန်ကျိုးကျစ်မှာ အစွမ်းထက်ပြီး သူ၏ ဂြိုဟ်အဆင့် စွမ်းအားများကို ထုတ်သုံးခဲ့သည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ ပထမအကြိမ်တုန်းကထက်ပင် ပို၍ ထူးဆန်းလာ၏။ သူသည် မကြာခဏဆိုသလို မြူခိုးများအဖြစ် ပြောင်းလဲသွားနေသောကြောင့် တန်ကျိုးကျစ်၏ ဝှက်ဖဲများအား ရှောင်တိမ်းနိုင်စွမ်း ရှိနေသလို တုံ့ပြန်တိုက်ခိုက်နိုင်စွမ်းလည်း ရှိနေတော့သည်။ ထို့ကြောင့် တန်ကျိုးကျစ်မှာ သူ၏ တိုက်ကွက်များအား ရှောင်တိမ်းနေရုံမှတစ်ပါး မခြားရွေးချယ်စရာ မရှိပေ။

ထိုသို့ဖြင့် သူတို့၏ ပတ်ပတ်လည်ရှိ စကြာဝဠာကြီးထဲ၌ ပေါ်ပေါက်လာကြသည့် စွမ်းအင်လှိုင်းများမှာ ပို၍ပင် အရွယ်အစား ကြီးမားလာကြတော့သည်။ ထို့ကြောင့် နောက်ဆုံးတွင် စကြဝဠာကြီးထဲ၌ လေပြင်းမုန်တိုင်းတစ်ခု ပေါ်ပေါက်လာသည်။ ထိုလေပြင်းမုန်တိုင်းကြီး အရပ်မျက်နှာအနှံ့သို့ တိုက်ခတ်သွားစဉ် တန်ကျိုးကျစ်မှာ ဝမ်ပေါင်လဲ့၏ ဆွေ့ရှင်းပေါင် ပညာရပ်ကြောင့် နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားနေရ၏။ သို့သော် သူသည် ထိုသို့ ထွက်ပြေးဆုတ်ခွာသွားနေရင်း ညာဘက်လက်ကိုမြှောက်ကာ အော်ဟစ်လိုက်တော့သည်။

" ရွှေရောင်နွားချေးပိုး အချုပ်အနှောင် " သူ ထိုသို့အော်ဟစ်လိုက်သည်နှင့် မလှမ်းမကမ်းတွင် ရစ်ဝဲနေသည့် ရွှေရောင် နွားချေးပိုးကြီးမှာ ရုတ်တရက်ဆိုသလို ၎င်း၏ တောင်ပံများကို ဖြန့်ကာ စူးရှကျယ်လောင်စွာ အော်မြည်လိုက်၏။ ထို့နောက် ၎င်းမှာ ချက်ချင်းဆိုသလိုပင် တစ်ကိုယ်လုံး မှုန်ဝါးဝါးဖြစ်သွားပြီး တန်ကျိုးကျစ်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်းပျံသန်းလာတော့သည်။ ထို့အပြင် ၎င်းမှာ လမ်းတစ်လျှောက်တွင် ပုံစံပြောင်းလဲသွားပြီး မျက်စိတစ်မှိတ်အတွင်းတွင် ဧရာမ ရွှေရောင်အချုပ်အနှောင်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထိုအချိန်တွင် တန်ကျိုးကျစ်မှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများ အားလုံးကို ထုတ်လွှတ်လိုက်သဖြင့် နဖူးပေါ်တွင် သွေးကြောများ ထောင်လာပြီး သူ၏နောက်တွင် ဂြိုဟ်တစ်လုံး၏ ပုံရိပ်တစ်ခု ရုပ်လုံးပေါ်လာသည်။ ထိုအခါ အချုပ်အနှောင် အလင်းရောင်များများမှာ ဝင်းလက်တောက်ပလာပြီး ဝမ်ပေါင်လဲ့အား ဖိနှိပ်ချုပ်တည်းထားလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာများကို မြင်လိုက်ရသောအခါ မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားရပြီး ၎င်းအား ရှောင်တိမ်းနိုင်ရန် အစွမ်းကုန်ကြိုးစားလိုက်၏။ သို့သော် သူသည် ရွှေရောင် နွားချေးပိုး အချုပ်အနှောင်ကြီး၏ တမူထူးခြားသော စွမ်းအားများကို ချက်ချင်းဆိုသလိုပင် အာရုံခံမိလိုက်သည်။ ၎င်းမှာ ဘေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးအား ဖိနှိပ်ချုပ်တည်းထားသဖြင့် ဝမ်ပေါင်လဲ့မှာ မည်သည့်နေရာတွင်မှ ပုန်းကွယ်နိုင်လိမ့်မည်မဟုတ်ကြောင်း ခံစားနေရ၏။ ထို့အပြင် ၎င်းမှာ ထိုအချုပ်အနှောင်ကြီး၏ အစွမ်းများထဲမှ တစ်ခုသာဖြစ်ပေသည်...

ထို အခိုက်အတန့်တွင် ရွှေရောင် နွားချေးပိုးကြီးပေါ်ရှိ ကမ္ဗည်းစာလုံးများမှာ ဝင်းလက်တောက်ပလာသဖြင့် ၎င်း၏ ဖိနှိပ်ချုပ်တည်းမှု စွမ်းအားများမှာ ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းစွမ်းအားများနှင့် ဝိညာဉ်များပေါ်တွင်ပါ အကျိုးသက်ရောက်မှု ရှိလာတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နှလုံးသားတစ်ခုလုံး တဆတ်ဆတ် တုန်ရီသွားရ၏။ သူသည် ထိုစွမ်းအားများကို ပြန်လည်ခုခံတွန်းလှန်နိုင်မည့် နည်းလမ်းတစ်ခုအား ပိုင်ဆိုင်ထားပါသော်လည်း ၎င်းအား အသုံးပြုလိုက်မည်ဆိုပါက အားအင်များကုန်ခန်းသွားကာ ထိခိုက်ဆုံးရှုံးမှုများနှင့် ကြုံတွေ့လိုက်ရမည်သာ ဖြစ်သည်။

အကယ်၍ သူ နတ်မျက်လုံး လူမှုအဖွဲ့အစည်းဆီသို့ ပြန်ရောက်သွားချိန်၌ ထိုကဲ့သို့ အားအင်ကုန်ခန်းနေမည်ဆိုပါက အခက်အခဲများနှင့် ရင်ဆိုင်ရမည် မဟုတ်ပါလော။ တစ်ချိန်ထဲမှာပင် သူ အားအကုန်ခံ၍ အသုံးပြုရမည့် ထိုနည်းလမ်းမှာ သူ၏ပြိုင်ဘက်အား သတ်ဖြတ်နိုင်မည်ဆိုပါက သို့မဟုတ် ဒဏ်ရာအပြင်းအထန်ရသွားအောင် လုပ်နိုင်မည်ဆိုပါက အကျိုးရှိပေသည်။ သို့သော် ရွှေရောင်နွားချေးပိုး အချုပ်အနှောင်ကြီး၏ အစွမ်းများကြောင့် ထိုနည်းလမ်းမှာ သူ့အား ထို ရွှေရောင် နွားချေးပိုးကြီးအား ခုခံတွန်းလှန်နိုင်ရန်သာ ကူညီပေးနိုင်မည် ဖြစ်သည်။ အကယ်၍ သူသည် တန်ကျိုးကျစ်နှင့် ဆက်လက်တိုက်ခိုက်နေမည်ဆိုပါက အားအင်များ ပို၍ ကုန်ခမ်းလာရမည်သာ ဖြစ်သည်... သို့သော် သူသည် ထိခိုက်နစ်နာဆုံးရှုံးမှုများအတွက် နှမြောတဿ ဖြစ်ကာ တုံ့ဆိုင်းနေမည်ဆိုလျှင် ရွှေရောင်နွားချေးပိုး အချုပ်အနှောင်ကြီးထဲမှ ထွက်ပြေးလွတ်မြောက်နိုင်ရန် ပို၍ ခဲယဥ်းလာမည် ဖြစ်သည်။ သူသည် ချုပ်နှောင်ခံလိုက်ရသည်နှင့် အခွင့်အရေးများ အားလုံးကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီး ဘေးကျပ်နံကျပ် အခြေအနေထဲသို့ ရောက်ရှိသွားမည် မဟုတ်ပါလော။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ခေါင်းခဲလာရ၏။ သူသည် လက်ရှိတွင် ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့်တွင် ရှိနေပြီး သာမန် ကျင့်ကြံသူများထက် ပို၍ အဆင့်မြင့်သည့် ကျင့်ကြံခြင်း အခြေခံအုတ်မြစ်တစ်ခုကို ပိုင်ဆိုင်ထားသောကြောင့် ဂြိုဟ်အဆင့် ကျင့်ကြံသူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိနေရမည် ဖြစ်ပါသော်လည်း သူနှင့် တန်ကျိုးကျစ်၏ ကြားတွင် ကွာခြားချက်များ ရှိနေသေးသည်ဟု ခံစားနေရဆဲပင်။

ထို ကွာခြားချက်များမှာ သူတို့ အသုံးပြုသည့် ပညာရပ်များနှင့် တိုက်ပွဲထဲတွင် တောင့်ခံနိုင်စွမ်းများကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်၏။ ဥပမာပြရလျှင် သူတို့နှစ်ယောက် ထိပ်တိုက်ရင်ဆိုင်တွေ့လိုက်သည့်အချိန်တိုင်း တစ်ယောက်နှင့်တစ်ယောက် လက်ရည်တူနေရုံသာမက ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့်ပို၍ အသာစီးရနေသည့်ပုံပင် ပေါက်နေသေးသည်။ သို့သော် သူသည် ထိုသို့ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်လိုက်တိုင်း တန်ကျိုးကျစ်ထက် အဆပေါင်းများစွာပို၍ အားအင်များ ကုန်ခန်းသွားရသည်သာ ဖြစ်သည်။ သူ၏ ဝိညာဉ်စွမ်းအင် အရည်အသွေးမှာ တန်ကျိုးကျစ်၏ ဝိညာဥ်စွမ်းအင် အရည်အသွေးနှင့် မတူညီဘဲ ကွဲပြားနေသည် မဟုတ်ပါလော။

" ငါသာ ဂြိုဟ်အဆင့်ကို ရောက်သွားမယ်ဆိုရင် ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်နဲ့ဆို ဒီကောင့်ကို သတ်ရတာ အခုလောက်အထိ ပင်ပန်းနေမှာမဟုတ်ဘူး။ သူ့ကို ချက်ချင်းသတ်ဖြတ်ပစ်လို့တောင် ရရင်ရလောက်တယ် " ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် နောင်တရသွားရ၏။ သို့သော် သူ၏ နောင်တမှာ ယုတ္တိမတန်သော နောင်တသာ ဖြစ်ပေသည်။ အကယ်၍ အခြား ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ယောက်သာ သူတို့နှစ်ယောက်၏ တိုက်ပွဲအား မြင်လိုက်ရမယ်ဆိုပါက အံ့ဩတုန်လှုပ်ကာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရမည်သာ ဖြစ်သည်။

ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့်တွင် ရှိနေရုံနှင့် အစောပိုင်း ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်အား တိုက်ပွဲထဲ၌ အသာစီးယူထားနိုင်ခြင်းမှာ အဆုံးမဲ့တာအိုနယ်မြေ တစ်ခုလုံးထဲတွင် လုံးဝ မရှိခဲ့ဖူးသည့် ဖြစ်ရပ်ကြီးတစ်ခု မဟုတ်ပါသော်လည်း ထိပ်သီးအဆင့် အဖွဲ့အစည်းများနှင့် မိသားစုမျိုးနွယ်စုများထဲမှ ပါရမီရှင်များသာလျှင် အကောင်အထည်ဖော်နိုင်သည့် ဖြစ်ရပ်မျိုး ဖြစ်ပေသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နောင်တများရကာ သက်ပြင်းချနေရသည့်တိုင်အောင် ရွှေရောင်နွားချေးပိုး အချုပ်အနှောင်ကြီးအား ထုတ်သုံးခဲ့သည့် တန်ကျိုးကျစ်မှာမူ သူ၏ရှေ့တွင် ရှိနေသည့်လူမှာ မည်သူမည်ဝါ ဖြစ်နေမည်နည်းဟု ခန့်မှန်းနေမိတော့သည်။ သူသည် ဝမ်ပေါင်လဲ့မှာ ဂြိုဟ်အဆင့်တွင် ရှိ‌မနေဘဲ ထာဝရဝိညာဉ်အဆင့်တွင်သာ ရှိနေသေးကြောင်း သိရှိထားပြီးဖြစ်သည်။ သို့သော်လည်း သူသည် ထိုအချက်ကြောင့် ပို၍ပင် စိုးရိမ်တကြီး ဖြစ်လာရသလို သံသယစိတ်များလည်း ကြီးထွားလာရ၏။ သူသည် ဝမ်ပေါင်လဲ့မှာ တမူထူးခြားသည့် ကျောထောက်နောက်ခံတစ်ခုခုကို ပိုင်ဆိုင်ထားရမည်ဟု ယုံကြည်နေပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာမူ အားမလိုအားမရဖြစ်နေသည့် အမူအရာဖြင့် မျက်မှောင်ကြုတ်နေ၏။ သူသည် အားကုန်ခံစရာမလိုပဲ ထွက်ပြေးလွတ်မြောက်နိုင်မည့် နည်းလမ်းများကို စဥ်းစား‌နေခြင်းဖြစ်သည်။ ထို့ကြောင့် ရွှေရောင်နွားချေးပိုး အချုပ်အနှောင်ကြီး၏ ဖိနှိိပ်ချုပ်တည်းမှုစွမ်းအားများ သူ့ဆီသို့ ရောက်ရှိလာချိန်တွင် ဝမ်ပေါင်လဲ့မှာ သက်ပြင်းအရှည်ကြီးချကာ ဆိုလိုက်တော့သည်။

" ရှိပါစေတော့။ ကျုပ်တို့ မိသားစုမျိုးနွယ်စုထဲက လက်ရှိမျိုးဆက်ရဲ့ ပါရမီရှင်တစ်ယောက် အနေနဲ့ ခဗျားတို့နဲ့ ဆက်ပြီးတော့ ဆော့ဖို့ စိတ်မပါတော့ဘူး။ ကျုပ် ဘယ်သူလဲဆိုတာ ပြောပြမယ်။ ခဗျားတို့က သိချင်နေကြတာမလား။ ပြောပြရတာပေါ့ " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ ညာဘက်လက်ကို မြှောက်ကာ သိုလှောင်အိတ်ထဲမှ ပစ္စည်းတစ်ခုအား ထုတ်ယူလိုက်တော့သည်။ ထိုအခါ သူ၏ လက်ထဲတွင် ကျောက်စိမ်းတံဆိပ်ပြားတစ်ခု ချက်ချင်းပေါ်ပေါက်လာ၏။

၎င်းမှာ... ရှဲ့ဟေးရန် သူ့အားပေးထားခဲ့သည့် ငြိမ်းချမ်းရေး တံဆိပ်ပြား ဖြစ်ပေသည်။

သို့‌သော် ထို တံဆိပ်ပြားမှာ အစစ်တော့ မဟုတ်ပေ။ ထို တံဆိပ်ပြားအစစ်မှာ အစွမ်းကုန်သွားပြီဖြစ်ရာ သာမန် အသံလွှင့်ကျောက်စိမ်းပေလွှာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ဤ တံဆိပ်ပြားမှာမူ... ဝမ်ပေါင်လဲ့ ဥက္ကာပျံကြီးထဲ၌ ရှိနေခဲ့စဉ်တုန်းက ဖန်တီးထားခဲ့သည့် တံဆိပ်ပြားဖြစ်၏။ သူသည် လူများကို ခြောက်လှန့်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၎င်းအား ဖန်တီးခဲ့ခြင်း ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ၎င်းအား ထုတ်ယူလိုက်ပြီးနောက် လေထဲ၌ ထောင်ပြကာ မောက်မာဝင့်ကြွားမှု အပြည့်ရှိသော မျက်နှာအမူအရာဖြင့် တည်ကြည်စွာ ဆိုလိုက်တော့သည်။

" ကျုပ်က ရှဲ့မိသားစုက ရှဲ့တလုပဲ "

All Chapters