မင်း တရားလွန်နေပြီနော်
Vol. 65 Ch. 904
ဝမ်ပေါင်လဲ့ ထို ကျောက်စိမ်းတံဆိပ်ပြားကို ထုတ်ယူကာ ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ရွှေရောင်နွားချေးပိုး အချုပ်အနှောင်ကြီးအား ထိန်းချုပ်နေသည့် တန်ကျိုးကျစ်မှာ နှလုံးသားတစ်ခုလုံး တုန်ရီသွားရပြီး မျက်နှာအမူအရာ ပြောင်းလဲသွားတော့သည်။ သူသည် ထိုကဲ့သို့သော ကျောက်စိမ်းတံဆိပ်ပြားမျိုးကို ယခင်တုန်းက မြင်ဖူးပေသည်။ ထို့ကြောင့်လည်း သူသည် ၎င်းအား မြင်လိုက်ရသောအခါ ယခုလို အမူအရာပြောင်းလဲသွားရခြင်းဖြစ်၏။ ထို့အပြင် သူသည် ဝမ်ပေါင်လဲ့၏ နောက်ကြောင်းရာဇဝင်များကိုလည်း ခန့်မှန်းနေခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ထိုစကားများကို ကြားလိုက်ရသောအခါ အံ့ဩတုန်လှုပ်သွားရတော့သည်။ အကယ်၍ အခြားတစ်ယောက်ယောက်ကသာ ထိုစကားများကို ပြောနေခဲ့သည်ဆိုပါက သူသည် လုံးဝယုံမည်မဟုတ်ပေ။
သို့သော် ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်နှင့် ကျောထောက်နောက်ခံများကြောင့် သူသည် ဝမ်ပေါင်လဲ့အား ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်နေရ၏။ ထို့ကြောင့် သူသည် သူ၏ နတ်ဘုရားအာရုံခံနိုင်စွမ်းဖြင့် ထို ကျောက်စိမ်းတံဆိပ်ပြားအား အကဲခတ်ကြည့်ရှုလိုက်တော့သည်။ ထို့ကြောင့် သူ၏ဝိညာဉ်မှာ မတည်မငြိမ် ဖြစ်သွားရပြီး ရွှေရောင်နွားချေးပိုး အချုပ်အနှောင်ကြီးမှာလည်း တစ်ခဏမျှ အထိန်းအကွပ်မဲ့သွားရ၏။ သူသည် ၎င်းအား ချက်ချင်းပြန်၍ ထိန်းချုပ်လိုက်ပါသော်လည်း နောက်ကျသွားပြီ ဖြစ်သည်။
သူနှင့် ဝမ်ပေါင်လဲ့တို့၏ တိုက်ပွဲထဲ၌ အချိန်ဆိုသည့် အရာမှာ အသက်တမျှအရေးကြီးနေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ထိုကဲ့သို့ တစ်ခဏမျှ အထိန်းအကွပ်မဲ့သွားသည့် အခိုက်အတန့်မှာ ဝမ်ပေါင်လဲ့အတွက် လုံလောက်ပေသည်။ သူသည် မျက်ဝန်းများ အရောင်တောက်ပသွားပြီးနောက် သူ၏ ခန္ဓာကိုယ်အား မြူခိုးများအဖြစ် ပြောင်းလဲသွားစေလိုက်၏။ ထို့နောက် သူသည် လျှပ်စီးကဲ့သို့ မြန်ဆန်သော အမြန်နှုန်းဖြင့် ရွှေရောင်နွားချေးပိုး အချုပ်အနှောင်ကြီးထဲမှ ဖောက်ထွက်လာတော့သည်။ သူ သတ်ဖြတ်လိုစိတ် အရိပ်အယောင်များ ကိန်းအောင်းနေသည့် မျက်ဝန်းတစ်စုံဖြင့် အပြင်ဘက်၌ ပြန်လည်ပေါ်ပေါက်လာချိန်တွင် တန်ကျိုးကျစ်မှာ မျက်နှာအမူအရာ ပြောင်းလဲသွား၏။
ယခုတွင် ဝမ်ပေါင်လဲ့၏ နောက်၌ နတ်ဆိုးမျက်လုံးပညာရပ်ကြီးမှာ အသက်ဝင်လာသောကြောင့် ဧရာမ အနက်ရောင် မျက်လုံးကြီးတစ်လုံး ပွင့်လာပြီး တန်ကျိုးကျစ်အား စိုက်ကြည့်နေပြီ ဖြစ်သည်။ ထို မျက်လုံးကြီး တန်ကျိုးကျစ်အား စိုက်ကြည့်လိုက်သည်နှင့် မျက်လုံးဖြင့် မမြင်နိုင်သော အချုပ်အနှောင် စွမ်းအားတစ်မျိုး ပေါ်ပေါက်လာသဖြင့် တန်ကျိုးကျစ်၏ ခန္ဓာကိုယ်မှာ တစ်ခဏမျှ ရပ်တန့်သွားရ၏။ ထို့ကြောင့် သူ နှလုံးသားတစ်ခုလုံး တုန်ရီသွားရပြီး စိတ်ထဲတွင် ကျိန်ဆဲနေစဉ်မှာပင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ မှုန်ဝါးဝါးဖြစ်သွားပြီး တစ်အောင့်ခန့်အကြာတွင် သူ၏ကိုယ်ထဲမှ လူရိပ်လေးခု ပျံထွက်လာတော့သည်။
ထို လူရိပ်လေးခုမှာ သူ၏ ဝိညာဉ်ဖြင့် ဖန်တီးထားသော လူရိပ်များ ဖြစ်ကြပေသည်။ ၎င်းတို့မှာ အသွားထက် ဓားလေးလက်ကဲ့သို့ တန်ကျိုးကျစ်ဆီ တန်းတန်းမတ်မတ် ဦးတည်သွားကြ၏။ သို့သော် ၎င်းတို့မှာ သူ့အား တိုက်ခိုက်ခြင်းမရှိဘဲ အလိုလို ပေါက်ကွဲသွားကြသည်။
၎င်းမှာ ဝမ်ပေါင်လဲ့ စဉ်းစားမိသည့် အမြန်ဆုံးနှင့် ဖျက်ဆီးအားအကောင်းဆုံးတိုက်ကွက် ဖြစ်ပေသည်။ ထိုတိုက်ကွက်မှာ အလွန်အင်မတန်မှ မြန်ဆန်လွန်းနေ၏။ ထို့ကြောင့် တန်ကျိုးကျစ်၏ ခန္ဓာကိုယ် ပြန်လည်တည်ငြိမ်သွားစဉ်မှာပင် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားလေးခုမှာ သူ၏အနီးသို့ ရောက်ရှိလာပြီး တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားကြတော့သည်။
ထိုအခါ စကြဝဠာကြီးထဲ၌ ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားပြီး တန်ကျိုးကျစ်၏ အော်ဟစ်မြည်တမ်းသံများမှာ ထို ထစ်ချုန်းသံများ၏ အောက်၌ တိမ်မြုပ်သွားရ၏။
ဝမ်ပေါင်လဲ့၏ တိုက်ကွက်မှာ မြန်ဆန်ကာ ရက်စက်ကြမ်းကြုတ်ပြီး အလွန်အင်မတန်မှ အစွမ်းထက်ပေသည်။ ထို့အပြင် ၎င်းမှာ အလွန်အင်မတန်မှ တိကျ၏။ သို့သော်... သူနှင့် ဂြိုဟ်အဆင့် ကျင့်ကြံသူ တစ်ယောက်၏ ကျင့်ကြံခြင်း အခြေခံအုတ်မြစ်များမှာ အနည်းငယ်ခန့် အဆင့်အတန်း ကွာဟနေဆဲပင်။ ထို့ကြောင့် သူသည် တန်ကျိုးကျစ်အား ဒဏ်ရာအပြင်းအထန် ရသွားအောင် လုပ်နိုင်ပါသော်လည်း သူ့အား ချက်ချင်း သတ်ဖြတ်ပစ်နိုင်မည်တော့ မဟုတ်ပေ။
ထို့အပြင် အဆုံးမဲ့မျိုးနွယ်စုဝင် ဂြိုဟ်အဆင့် ကျင့်ကြံသူများမှာ အခြား မျိုးနွယ်စုများထဲမှ ဂြိုဟ်အဆင့် ကျင့်ကြံသူများနှင့် အနည်းငယ်ခန့် ကွဲပြားခြားနားကြပေသည်။ သူတို့၏ ခန္ဓာကိုယ်အစစ်များ ပေါ်ပေါက်လာသည်နှင့် သူတို့အား သတ်ဖြတ်နိုင်ရန်မှာ သိသိသာသာပို၍ ခဲယဉ်းသွားမည်ဖြစ်သည်။ သူတို့ရောက်နေသည့် တာအိုနယ်မြေ၏ အမည်မှာ အဆုံးမဲ့တာအိုနယ်မြေ ဖြစ်နေသည်ဖြစ်ရာ အဆုံးမဲ့မျိုးနွယ်စုဝင်များ အခြား မျိုးနွယ်စုဝင်များထက် ပို၍အသာစီးရနေသည်မှာ မထူးဆန်းပေ။
အဆုံးမဲ့မျိုးနွယ်စုဝင်များအားလုံးမှာ သူတို့၏ ခြေလက်များအားလုံးကို ဖောက်ခွဲပစ်နိုင်သည့် မွေးရာပါ နတ်ဘုရားစွမ်းရည်တစ်ခုအား ပိုင်ဆိုင်ထားကြသည်မဟုတ်ပါလော။ သူတို့ဆီတွင် အပိုပါသည့် ဦးခေါင်းနှစ်လုံးနှင့် လက်လေးဖက်တို့မှာ တိုက်ခိုက်ရေးပိုင်းတွင်သာမက ခုခံကာကွယ်ရေးပိုင်းတွင်ပါ အသုံးဝင်ပေသည်။ ၎င်းတို့မှာ အလိုအလျောက်ပေါက်ကွဲကာ ရန်သူများအား ထိခိုက်အောင် လုပ်နိုင်သလို အသက်အန္တရာယ်များကိုလည်း ခုခံတွန်းလှံနိုင်ပေသည်။ သို့ဖြစ်ရာ အဆုံးမဲ့မျိုးနွယ်စုဝင်များမှာ အသက်သုံးချောင်း ပိုင်ဆိုင်ထားသည်ဟုပင် ဆိုနိုင်ပေသည်။
သို့ဖြစ်ရာ ထို အဆုံးမဲ့မျိုးနွယ်စုဝင်များအား ကျင့်ကြံခြင်း စွမ်းအားနှင့် တိုက်ရည်ခိုက်ရည်စွမ်းအား အသာဖြင့် အလျင်အမြန် သတ်ဖြတ်နိုင်မှသာ သူတို့မှာ အပြီးတိုင် ဇီဝိန်ချုပ်သွားကြမည် ဖြစ်သည်။ သို့သော် လက်ရှိတွင် ဝမ်ပေါင်လဲ့မှာ ထိုသို့ စွမ်းဆောင်နိုင်ဦးမည် မဟုတ်ပေ။ ထို့ကြောင့် တန်ကျိုးကျစ်မှာ နာကျင်စွာ အော်ဟစ်မြည်တမ်းနေရသည့်တိုင်အောင် သူ၏ ဦးခေါင်းတစ်လုံးနှင့် လက်တစ်ဖက်ကို စတေးလိုက်တော့သည်။ တစ်ချိန်ထဲမှာပင် သူသည် ရွှေရောင်နွားချေးပိုး အချုပ်အနှောင်ကြီးကိုလည်း အသုံးပြုကာ ခုခံကာကွယ်နိုင်ရန် ကြိုးစားနေ၏။ ထိုသို့ဖြင့် နောက်ဆုံးတွင် သူသည် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားလေးခု၏ ပေါက်ကွဲမှု စွမ်းအားများထဲမှ အသက်ရှင်လျက် ပြန်လည်လွတ်မြောက်လာတော့သည်။
သို့သော် သူသည် အများကြီးပေးဆပ်ခဲ့ရ၏။ ရွှေရောင်နွားချေးပိုး အချုပ်အနှောင်ကြီးမှာ ထိခိုက်ပျက်စီးသွားရပြီ ဖြစ်သလို သူ၏ ခန္ဓာကိုယ်အစစ်မှာလည်း ချုံးချုံးကျသွားရပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာလည်း မတည်မငြိမ် ဖြစ်လာရတော့သည်။ သူသည် အခြေအနေဆိုးနေပြီဖြစ်ပြီး ဘယ်ဘက်လက်တစ်ဖက်သာ ကျန်ရှိတော့၏။ ထို့ကြောင့် သူသည် သွေးထွက်သံယိုနှင့် နောက်သို့အလျင်အမြန် ဆုတ်ခွာသွားရသည်။ သူသည် ကြောက်ရွံ့တုန်လှုပ်ကာ နှလုံးသားတစ်ခုလုံး ဗြောင်းဆန်နေရသဖြင့် ဆက်လက်တိုက်ခိုက်ရန် ဆန္ဒမရှိတော့ပေ။ သူ၏ အသိစိတ်ထဲတွင် ထိုနေရာမှ ထွက်ခွာသွားလို့သည့် အတွေးတစ်ခုတည်းသာ ရှိနေတော့သည်။
ထို့ကြောင့် တန်ကျိုးကျစ်မှာ ထို ပေါက်ကွဲမှုများထဲမှ ပြေးထွက်လာပြီးနောက် သူ၏ ဘယ်ဘက်လက်ကို အသုံးပြုကာ မန္တန်လက်ကွက်များ ချက်ချင်း ဖော်လိုက်ပြီး ရွှေရောင်နွားချေးပိုး အချုပ်အနှောင်ကြီးအား ရွှေရောင်နွားချေးပိုးကြီးအဖြစ် ပြန်လည် ပြောင်းလဲသွားစေလိုက်၏။ ထို့နောက် သူသည် လှစ်ခနဲလှုပ်ရှားကာ ထို နွားချေးပိုးကြီးထဲသို့ ဝင်သွားလိုက်ပြီးနောက် ၎င်းအား ထိန်းချုပ်နိုင်ရန် အစွမ်းကုန်ကြိုးစားလိုက်တော့သည်။ ခဏအကြာတွင် ၎င်းမှာ ရွှေရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ခပ်လှမ်းလှမ်းရှိ စကြဝဠာကြီးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
သူသည် သူ့ ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည့် ရန်သူကြီးမှာ ထူးဆန်းလွန်းနေသောကြောင့် ကြောက်ရွံ့တုန်လှုပ်နေရပြီ ဖြစ်သည်။ သူ ထွက်ပြေးသွားသောအခါ ထောင့်တစ်နေရာတွင် ချုပ်နှောင်ခံထားရသည့် ရှန်လင်းကျစ်မှာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားရပြီး မျှော်လင့်ချက်များအားလုံး ပျက်သုဉ်းသွားရတော့သည်။
ဝမ်ပေါင်လဲ့မှာလည်း စိတ်ကသိကအောက် ဖြစ်နေရ၏။ သူသည် ကိုယ်ပွားလေးခု ဖန်တီးကာ ၎င်းတို့အား ဖောက်ခွဲလိုက်ရသဖြင့် အင်အား အမြောက်အမြား ဆုံးရှုံးလိုက်ရသည် မဟုတ်ပါလော။ သို့သော် သူသည် သတ်ဖြတ်လိုစိတ် အရိပ်အယောင်များ တောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် အံကြိတ်လိုက်ဆဲပင်။
" ငါ ကျူပင်ခုတ် ကျူငုတ်မကျန် မလုပ်မိခဲ့လို့ အခုလို နောက်ဆက်တွဲ ပြဿနာတွေနဲ့ ကြုံနေရတာ။ အဲဒီအချိန်တုန်းက ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်နေသေးလို့ ပြဿနာကို အမြစ်ကနေ မရှင်းနိုင်ခဲ့တာ ဆိုပေမဲ့ ဒီတစ်ခေါက်တော့... ငါ အဲဒီလို ထပ်အဖြစ်ခံလို့ မဖြစ်ဘူး " ဝမ်ပေါင်လဲ့မှာ မီးတောက်ခေါင်းဆောင်ကြီး၏ တာဝန်အား ထမ်းဆောင်နေခဲ့စဉ်တုန်းကသာ ရှန်လင်းကျစ်အား သတ်ဖြတ်နိုင်ခဲ့မည်ဆိုပါက ယခုလို အခြေအနေမျိုးနှင့် ကြုံနေရမည်မဟုတ်ကြောင်း နားလည်ထားသည်။
ထို့အပြင် ယခုတွင် သူသည် ကံကောင်းသွားခဲ့ခြင်းဖြစ်၏။ သူသည် မကြာသေးမီတုန်းကမှ ဖောက်ထွက်ထားခဲ့သည်ဖြစ်ရာ တိုက်ပွဲကြီးထဲ၌ အစွမ်းကုန်ထုတ်၍ တိုက်ခိုက်နိုင်ခဲ့သည် မဟုတ်ပါလော။ သို့သော် နောင်တစ်ချိန်တွင်မူ သူသည် ယခုလို ကံကောင်းနေလိမ့်ဦးမည်ဟု အတိအကျ ပြောနိုင်မည် မဟုတ်ပေ။ ဝမ်ပေါင်လဲ့မှာ ခေါင်းထဲ၌ ထိုအတွေးများ ပေါ်ပေါက်လာသည်နှင့် သူ၏ ညာဘက်လက်ကို မြှောက်ကာ ချုပ်နှောင်ခံထားရသည့် ရှန်လင်းကျစ်အား လှမ်းဆွဲလိုက်တော့သည်။
သူသည် ရှန်လင်းကျစ်အား သူ၏ရှေ့သို့ရောက်လာအောင် ဆွဲခေါ်လိုက်ပြီးနောက် သူ့အား နောက်ထပ်တစ်ကြိမ် ထပ်၍ ချုပ်နှောင်လိုက်ပြီး သူ၏ သိုလှောင်အိတ်ထဲသို့ ပစ်ထည့်လိုက်၏။ ထို့နောက် သူသည် မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး တန်ကျိုးကျစ် ထွက်ပြေးသွားသည့် အရပ်မျက်နှာဘက်သို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားတော့သည်။
သူသည် ရက်နှစ်ဆယ်ကျော် ထိုကဲ့သို့ လိုက်လံဖမ်းဆီးနေခဲ့၏။ နောက်ဆုံးတွင် ရွှေရောင် နွားချေးပိုးကြီးမှာ ဒဏ်ရာများကြောင့် တဖြည်းဖြည်းနှင့် လေးလံနှေးကွေးလာသဖြင့် ဝမ်ပေါင်လဲ့မှာ ၎င်းအား လိုက်မီသွားပြီး တန်ကျိုးကျစ်နှင့် ထပ်၍ တိုက်ခိုက်လိုက်ပြန်သည်။
ယခုအကြိမ်တွင်မူ သူတို့မှာ မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်သော လူမှုအဖွဲ့အစည်းတစ်ခု၏ စကြဝဠာကြီးထဲ၌ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ သူတို့၏ ပတ်ပတ်လည်တွင် ထစ်ချုန်းသံများ ပဲ့တင်ထပ်နေပြီး သူတို့ဆီမှ ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းများကြောင့် ဂြိုဟ်များမှာ ပျက်စီးသွားခြင်း မရှိပါသော်လည်း အရပ်မျက်နှာအနှံ့တွင် မျောလွင့်နေကြသည့် ဥက္ကာပျံများမှာမူ တစ်စစီ ကြေမွသွားရသည်။
တန်ကျိုးကျစ်မှာ ထိုတိုက်ပွဲကြီးထဲမှ လွတ်မြောက်သွားခဲ့ပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူ့ဆီတွင် ကျန်ရှိနေသေးသည့် နောက်ဆုံး လက်တစ်ဖက်အား ဖြတ်တောက်ပစ်ခဲ့၏။ ရွှေရောင် နွားချေးပိုးကြီးမှာမူ ထွက်ပြေးနိုင်စွမ်းမရှိတော့ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ငင်နေသည့် ရွှေရောင် နွားချေးပိုးကြီးအား ချုပ်နှောင်လိုက်ပြီးနောက် သူ၏ သိုလှောင်အိတ်ထဲသို့ ပစ်ထည့်လိုက်၏။ သူသည် မောပန်းနွမ်းနယ်နေပြီဖြစ်ပြီး သူ၏ မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာလည်း သိသိသာသာ အားအင်ကုန်ခန်းနေပြီ ဖြစ်သည့်တိုင်အောင် လိုက်လံဖမ်းဆီးနေဆဲပင်။
" ရှဲ့တလု။ ဒါ နားလည်မှုလွဲသွားတာပါ။ ငါတို့နှစ်ယောက်ရဲ့ကြားမှာ ရန်ငြိုးရန်စတွေမှ မရှိဘဲ။ ဘာဖြစ်လို့ ငါ့ကို အခုလို သဲကြီးမဲကြီး လိုက်ဖမ်းနေရတာလဲကွ " တန်ကျိုးကျစ်မှာ အသိစိတ်ပျောက်လုမတတ် ဖြစ်နေရသဖြင့် ထွက်ပြေးဆုတ်ခွာသွားနေရင်း သူ၏ နတ်ဘုရားစိတ်ဆန္ဒအား ဝမ်ပေါင်လဲ့ဆီသို့ စေလွှတ်ကာ မေးမြန်းလိုက်၏။
ဝမ်ပေါင်လဲ့မှာလည်း သူ၏ စကားများသည် အဓိပ္ပါယ်ရှိပြီး အကယ်၍ သူသာ တိုက်ပွဲမစခင်တုန်းက ထိုစကားများကို ပြောခဲ့မည်ဆိုပါက အသုံးဝင်မည်ဖြစ်ကြောင်း ဝန်ခံလိုက်သည်။ သို့သော်.... အကယ်၍ လူတစ်ယောက်မှာ သူ့အား ဒဏ်ရာအပြင်းအထန်ရအောင် လုပ်ကာ သူ၏ ခန္ဓာကိုယ်အစစ်အား ဖျက်ဆီးပစ်ခဲ့မည်ဆိုပါက သူသည် မခံမရပ်နိုင်လောက်အောင် ခံစားနေမည်သာဖြစ်ကြောင်း ဝမ်ပေါင်လဲ့က ယုံကြည်နေ၏။ ထို့အပြင် သူသည် အနာဂတ်တွင် အခွင့်အရေးရမည်ဆိုပါက လက်တုံ့ပြန်နိုင်ရန် ကြိုးစားမည်သာ ဖြစ်သည်။
သို့ဖြစ်ရာ သူသည် သူ၏ ရန်သူအား လွှတ်ပေးလိုက်မည်ဆိုပါက အနာဂတ်တွင် ပြဿနာများနှင့် မလွဲမသွေ ကြုံတွေ့ရမည်သာဖြစ်ကြောင်း မှတ်ယူထားသည်။
" စိတ်မပူပါနဲ့။ ငါ အနာဂတ်မှာ လက်စားချေဖို့ လုံးဝ မကြိုးစားဘူးလို့ ကျိန်ဆိုပါတယ်ကွာ။ မင်း ရှဲ့မိသားစုဝင်တစ်ယောက် ဖြစ်နေမှန်း ငါ ကြိုသိခဲ့ရင် အစကတည်းက လိုက်ဖမ်းခဲ့မှာတောင် မဟုတ်ဘူးကွ " ဝမ်ပေါင်လဲ့တစ်ယောက် စိတ်ပြောင်းသွားခြင်း မရှိသည်ကို မြင်လိုက်ရသဖြင့် တန်ကျိုးကျစ်မှာ စိုးရိမ်စိတ်များ ကြီးထွားလိုက်ရပြီး အလောတကြီး ရှင်းပြလိုက်၏။ သို့သော် ဝမ်ပေါင်လဲ့မှာမူ အေးစက်စက် လေသံကြီးဖြင့်သာ ပြန်ပြောလိုက်သည်။
" ကျုပ် ခဗျားကို မယုံဘူးဗျာ " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ အရှိန်မြှင့်တင်လိုက်၏။ ထိုအခါ သူ၏ မင်းဧကရာဇ် ချက်ဝတ်တန်ဆာကြီးမှာ ၎င်း၏ စွမ်းအားများအားလုံးကို ထုတ်လွှတ်လိုက်သဖြင့် သူသည် တန်ကျိုးကျစ်အား ချက်ချင်း လိုက်မီသွားပြီး သူ၏ နတ်ဘုရားလက်နက်ကြီးဖြင့် ထပ်၍ လှမ်းခုတ်လိုက်တော့သည်။
တန်ကျိုးကျစ်မှာလည်း သွေးရူးသွေးတန်းဖြစ်နေသည့် အမူအရာဖြစ် ခုခံကာကွယ်နိုင်ရန် အကောင်းဆုံးကြိုးစားလိုက်၏။ ထို့ကြောင့် ထစ်ချုန်းသံများ မြည်ဟည်းသွားပြီး သူသည် တိုက်ခိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ ထိုသို့ဖြင့် သူတို့နှစ်ယောက် တိုက်ခိုက်နေသည့် သူစိမ်း လူမှုအဖွဲ့အစည်းတစ်ခု၏ စကြဝဠာကြီးထဲတွင် သွေးများဖြင့် ပြည့်နှက်သွား၏။
" မင်း တရားလွန်နေပြီနော် " တန်ကျိုးကျစ်မှာ သူသည် တဖြည်းဖြည်းနှင့် အားအင်ချည့်နဲ့လာပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာလည်း မတည်မငြိမ် ဖြစ်လာသည်ကို အာရုံခံမိလိုက်သဖြင့် အရူးတစ်ယောက်ကဲ့သို့ အော်ဟစ်လိုက်၏။ သူသည် ဖိနှိပ်ချုပ်တည်းခံထားရပြီဖြစ်ရာ ရွေးချယ်စရာ နည်းလမ်းတစ်ခုသာ ရှိတော့ပေသည်။
ထိုနည်းလမ်းမှာ... ရှန်လင်းကျစ် လုပ်ခဲ့သည့်အတိုင်း သူ၏ အပြင်ခန္ဓာကိုယ်အား ဖောက်ခွဲကာ သူ၏ဝိညာဉ်ဖြင့် ထွက်ပြေးလွတ်မြောက်နိုင်မည့် အခွင့်အရေးတစ်ခုကို ဖန်တီးရန်ဖြစ်သည်။ ထို နည်းလမ်း၏ နောက်ဆက်တွဲ အကျိုးဆက်များမှာ အလွန်အင်မတန်မှ ကြီးမားနေမည်ဖြစ်ပါသော်လည်း ယခုတွင် သူသည် ရွေးချယ်စရာတစ်ခုသာ ကျန်တော့ပေသည်။ ထို့အပြင် သူသည် သူ၏ ဝိညာဉ်အား ဖုံးကွယ်ပေးနိုင်သည့် လျှို့ဝှက်ဆန်းကြယ် ပညာရပ်တစ်ခုကို တတ်မြောက်ထားသည်ဖြစ်ရာ သူ ထွက်ပြေးသွားချိန်တွင် သူ့အား အာရုံခံနိုင်စွမ်းရှိမည် မဟုတ်ပေ။ ထို့ကြောင့် သူသည် မျက်ဝန်းများ နီမြန်းလာပြီး အသံကုန် အော်ဟစ်လိုက်တော့သည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲမှ ရွှေရောင်အလင်းရောင်များ ထွက်ပေါ်လာ၏။ ထို့နောက် ထို အလင်းရောင်များမှာ ချက်ချင်းဆိုသလိုပင် စူးရှတောက်ပလာပြီး သူ၏ နောက်တွင် ဂြိုဟ်တစ်လုံး၏ ပုံရိပ်ယောင်တစ်ခု ပေါ်ပေါက်လာတော့သည်။ ခဏအကြာတွင် ထို ပုံရိပ်ယောင်ကြီးမှာ အရွယ်အစား ကြီးမားလာပြီး အက်ကွဲသံများ ထွက်ပေါ်လာ၏။ နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်ကြီးနှင့် ဂြိုဟ်ကြီးတို့မှာ ပေါက်ကွဲပျက်စီးသွားတော့သည်။