တာအိုဆရာတယန်နှင့် ပြန်တွေ့ခြင်း
Vol. 19 Ch. 253
ဟန်မူယဲ့တို့ရောက်လာကြောင်း မြင်လိုက်ရသောအခါတွင် ခေါင်းဆောင်တောက်ရင်က လက်ကိုဝှေ့ယမ်းလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။
“ဟန်မူယဲ့၊ မင်းစားပြီးပြီလား။ သူတို့ကို နည်းနည်းလောက်ပေးလိုက်ပါ”
ဟန်မူယဲ့က ထိုလူများကို ကြည့်သည်။ သူတို့၏ကိုယ်ပေါ်တွင် ကျင့်ကြံခြင်းအရိပ်အယောင်များကို မြင်ရသည်။ သို့သော်လည်း ကျင့်ကြံခြင်းခြင်း ဖျက်ဆီးခံခဲ့ရပြီး သာမန်လူသားများ ဖြစ်နေသည်။
သူက လက်မြှောက်လိုက်ပြီး သိုလှောင်လက်စွပ်ထဲတွင် ရှိသော စပါးစိမ်းတောင်ကုန်း၏ ဝိညာဉ်သစ်သီးများကို ထုတ်ယူလိုက်သည်။ ထို့နောက် ထိုလူများကို ခွဲဝေပေး၏။
ဝိညာဉ်သစ်သီးများရလာသောအခါတွင် လူတိုင်းက ဦးညွှတ်လိုက်ကြပြီး နှစ်ကိုက်သုံးကိုက်အတွင်းမှာ ကုန်စင်အောင် စားလိုက်ကြသည်။
“ကျေးဇူးပါ၊ ကျေးဇူးပါ ...”
လူတိုင်း၏ရှေ့တွင် မီးခိုးရောင်ဆံပင်ဖြင့် လူအိုကြီးက ဟန်မူယဲ့ကို ကြည့်လျှက် လက်သီးဆုပ်ကာ သက်ပြင်းချသည်။
“ဒီလိုဝိညာဉ်သစ်သီးမျိုးကို အရသာမခံရတာ နှစ်တစ်ရာကြာနေပြီ”
သူ့စကားများအရ ထိုဝိညာဉ်သစ်သီးမျိုးကို လွန်သောနှစ်တစ်ရာခန့်၌ စားဖူးပုံရသည်။
ဟန်မူယဲ့ ထုတ်ပေးလိုက်သောသစ်သီးအားလုံးသည် ထူးခြားသော ဝိညာဉ်သစ်သီးများ ဖြစ်ကြသည်။
ထိုလူအိုကြီးက ဝိညာဉ်သစ်သီးကို စားသုံးနိုင်သည့်အတွက် ယခင်က အဆင့်အတန်းတစ်ခု ရှိခဲ့ပေလိမ့်မည်။
‘ဒါပေမဲ့ အဲဒီလိုလူမျိုးက ဘာဖြစ်လို့ ဒီနေရာမှာ မိုင်းတူးနေတာလဲ’
“ခင်ဗျားတို့ရဲ့ကျင့်ကြံခြင်းက ဖျက်ဆီးခံရပြီး ဘာဖြစ်လို့ ဒီမှာမိုင်းတူးနေရတာလဲ”
ဟန်မူယဲ့က ဝိညာဉ်သစ်သီးစားပြီး အနည်းငယ်အခြေအနေကောင်းလာသောလူများကို ကြည့်၍ မေးသည်။
ဟန်မူယဲ့၏ စကားကို ကြားလိုက်ရသောအခါတွင် လူအိုကြီးက သက်ပြင်းချလျက် ပြောသည်။
“ငါတို့အားလုံးက မူလမီးတောက်နန်းတော်ရဲ့ တပည့်တွေပါ။ ငါတို့က လွန်ခဲ့တဲ့နှစ်တစ်ရာတိုက်ပွဲမှာ ရှုံးနိမ့်သွားခဲ့တယ်”
‘မူလမီးတောက်နန်းတော်တဲ့လား’
‘အဲဒါက နေမင်းရောင်ဝါနန်းတော်ရဲ့ အမွေအနှစ်ထင်တယ်’
ဟန်မူယဲ့က ရှောက်ယိုစွန်းကို ကြည့်သည်။
“လွန်ခဲ့တဲ့နှစ်တစ်ရာက တိုက်ပွဲလား”
စွန်းယိုရှောက်က လူအိုကြီးကို ကြည့်၍ တီးတိုးပြောသည်။
“လွန်ခဲ့တဲ့နှစ်တစ်ရာတုန်းက ငါတို့ထန်တောင်ကုန်းဂိုဏ်းရဲ့တပည့်ဟာ ဒီနေရာမှာ ပြင်ပဘုံကျင့်ကြံသူတွေကို မူလမီးတောက်နန်းတော်နဲ့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့သေးတယ်”
စွန်းယိုရှောက်၏ စကားကြောင့် လူအိုကြီးက မျက်လုံးပြူးသွားသည်။
လူအိုကြီး၏နောက်တွင် ရှိနေသော ကျင့်ကြံသူများက စွန်းယိုရှောက်ကို ဝမ်းနည်းခြင်း၊ နာကြည်းခြင်းများဖြင့် ကြည့်လိုက်ကြသည်။
“မင်း .... မင်းက ထန်တောင်ကုန်းဓားဂိုဏ်းရဲ့ တာအိုရောင်းရင်းလား”
မီးခိုးရောင်ဆံပင်ဖြင့် လူအိုကြီးက ထိန်းချုပ်မရသောဝမ်းနည်းမှုများနှင့်အတူ စွန်းယိုရှောက်ကို ကြည့်သည်။
“ဘာဖြစ်လို့ မင်းတစ်ယောက်တည်းရောက်လာတာလဲ ....”
....
မိုင်းတွင်းထဲတွင် ထိုတပည့်များ စိတ်အေးသွားစေရန် အချိန်အတော်ကြာသွား၏။
မီးခိုးရောင်ဆံပင်နှင့်လူအိုကြီးသည် သွမ့်ယန်ကျိဖြစ်ပြီး မူလမီးတောက်နန်းတော်၏ အကြီးအကဲတစ်ယောက်ဖြစ်သည်။
သူသည် ကျင့်ကြံခြင်းပျက်စီးမသွားမီက ကမ္ဘာမြေအဆင့် သွေးကြောဖွင့်ကျင့်ကြံသူတစ်ယောက် ဖြစ်၏။
လွန်သောနှစ်တစ်ရာခန့်က ထန်တောင်ကုန်းဓားဂိုဏ်း၏ ဒါဇင်နှင့်ချီသောတပည့်များသည် ဤကမ္ဘာသို့ဝင်ရောက်လာပြီး မူလမီးတောက်နန်းတော်နှင့် ဆက်သွယ်ကြ၏။
သူတို့က အတူတူပူးပေါင်းပြီး ပြင်ပဘုံကျင့်ကြံသူများကို တိုက်ခိုက်ကြသည်။
အဆုံးမှာတော့ မူလမီးတောက်နန်းတော်သည် ပြင်ပဘုံကျင့်ကြံသူများ၏ ပြိုင်ဘက်မဟုတ်ခဲ့ပါ။
ထန်တောင်ကုန်းဓားဂိုဏ်း၏ တပည့်များသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ပြန်သွားပြီး စစ်တပ်တစ်တပ်ခေါ်ဆောင်လာခဲ့မည်ဟု ကတိပေးထားခဲ့ကြသည်။
မူလမီးတောက်နန်းတော်သည် စစ်ကူများရောက်လာမည်ကို အမြဲတမ်းအားဖြင့် စောင့််နေခဲ့ကြသည်။
သူက နှစ်တစ်ရာတိုင်အောင် စောင့်နေခဲ့သည်။
“မင်းတို့က အခုမှရောက်လာတယ်။ ငါ့မူလမီးတောက်နန်းတော်က ပျက်စီးသွားလောက်ပြီ”
သွမ့်ယန်ကျိက ဝမ်းနည်းကြေကွဲစွာ ပြောသည်။
သူ့စကားများကို ကြားလိုက်ရသောအခါတွင် ရှောက်ယိုစွန်း၏ အမူအရာက ကမောက်ကမဖြစ်သွားသည်။ သူက သက်ပြင်းချလျက် ပြောသည်။
“အကြီးအကဲသွမ့်က သိမှာမဟုတ်ဘူး။ ထန်တောင်ကုန်းဓားဂိုဏ်းရဲ့တပည့်တွေက အရှေ့ပင်လယ်ကို ပြန်လာတဲ့အချိန်မှာ မိစ္ဆာတွေရဲ့တိုက်ခိုက်မှုကို ခံခဲ့ရတယ်”
“အရှေ့ပင်လယ်ကို နှစ်ယောက်ပဲ ပြန်ရောက်လာနိုင်ခဲ့တယ်”
“ပြီးတော့ နောက်ပိုင်းမှာ အရှေ့ပင်လယ်ရဲ့မိစ္ဆာစစ်တပ်က တိုက်ခိုက်လာတဲ့အတွက် ဒီကိုလာဖို့ နှောင့်နှေးသွားရတယ်”
သူက လိမ်ညာနေခြင်းမဟုတ်ပေ။
သို့သော်လည်း အဆုံးတွင်တော့ သူတို့သည် ဤကမ္ဘာငယ်လေးကို အလေးအနက်မထားကြပါ။
သွမ့်ယန်ကျိက ရှောက်ယိုစွန်း၊ ဟန်မူယဲ့နှင့် တခြားလူများကို ကြည့်လိုက်ပြီးနောက် စိတ်ဓာတ်ကျသော အမူအရာများ ဖြစ်ပေါ်လာသည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ လူလေးယောက်သာ ရောက်လာ၏။
ဤလူများသည် မူလမီးတောက်နန်းတော်ကို မကယ်တင်နိုင်ပေ။
ထို့အပြင် နှစ်တစ်ရာကြာသွားပြီ ဖြစ်သောကြောင့် မူလမီးတောက်နန်းတော်၏ အမွေအနှစ်မှာ ဆက်ရှိနေရန် မသေချာတော့ပေ။
“ဟူး ဟူး ....”
ထိုအချိန်တွင် မိုင်းတွင်း၏ အပြင်ဘက်မှ အသံတစ်သံထွက်လာသည်။
“အလုပ်မလုပ်ဘူးလား”
“မင်းတို့က သေချင်နေတာပဲဖြစ်ရမယ်”
အပြင်ဘက်မှ အော်သံတချို့ထွက်လာသည်။
ပါးလျသောနှုတ်ခမ်းများနှင့် ပိန်ပါးသောတာအိုတန်ခိုးရှင်တစ်ယောက်သည် အစိမ်းရောင်ဝတ်စုံနှင့် ကျင့်ကြံသူများကို ဦးဆောင်လျှက် အထဲသို့ ဝင်လာသည်။
ဟန်မူယဲ့က တာအိုတန်ခိုးရှင်နှင့် အကြည့်ချင်းဆုံသွားသည်။
တာအိုတန်ခိုးရှင်က ကြောင်အသွားသည်။
“ဟန် ဟန် ဟန် ....”
ဟန်မူယဲ့က ပြုံးလိုက်ပြီး သူ့ကို ကြည့်သည်။
“တာအိုဆရာ တယန်ပါ့လား”
“မတွေ့ရတာ အတော်ကြာသွားပြီပဲ”
“ခင်ဗျားက ဓားဝိညာဉ်မဟုတ်တော့ဘဲ ကြွက်မိစ္ဆာဖြစ်နေပြီလား”
ပိန်ပါးသောတာအိုတန်ခိုးရှင်က ဓားဆေးလုံးထဲတွင် ရှိသော တာအိုဆရာတယန်ဖြစ်သည်။
သူက ဤကမ္ဘာမှတစ်ဆင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။
“မင်း၊ မင်း”
တာအိုဆရာတယန်၏ မျက်လုံးများက ကြမ်းတမ်းလာပြီး အော်ဟစ်လိုက်သည်။
“မင်းက အချိန်ကိုက်ရောက်လာတာပဲ။ ဒီတစ်ကြိမ်မှာတော့ ငါက လက်စားချေနိုင်တော့မယ်”
ထို့နောက် သူ့ခန္ဓာကိုယ်က ကြီးထွားလာပြီး ဆယ်ပေရှိသောကြွက်တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ သူက ဘေးတွင် ရှိသော ကျောက်တုံးနံရံကို ဝင်တိုက်လိုက်သည်။
သူက မြန်ဆန်စွာဖြင့် ထွက်ပြေးသွား၏။
‘ပြေးချင်တာလား’
လွန်သောနှစ်တစ်သောင်း၏ ဖြစ်ရပ်များကို ပိုမိုစိတ်ဝင်စားလာသောဟန်မူယဲ့က တာအိုဆရာတယန်ကို ထွက်ပြေးခွင့် မပြုနိုင်ပါ။
သူက လက်မြှောက်လိုက်ပြီး လက်ညှိုးညွှန်ပြသည်။ ဓားအလင်းတန်းတစ်ခုသည် တာအိုဆရာတယန်နောက်သို့ လိုက်သွား၏။
ဓားဆေးလုံး…။
ဓားအလင်းသည် အေးစက်ပြီး ထက်မြက်သည်။ ဓားအလင်းမှာ တာအိုတန်ခိုးရှင်တယန်ဆီသို့ ချက်ချင်းရောက်သွားသည်။
“ဘုန်း”
ဓားအလင်းက ညှာတာမှုမရှိဘဲ တာအိုတန်ခိုးရှင်တယန်၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိုက်ပြီး ပေတစ်ထောင်ရှိသောလိုဏ်ဂူကို ဖြစ်ပေါ်လာစေသည်။ ထို့နောက် ဟန်မူယဲ့ဆီသို့ ပြန်လာ၏။
ဓားချက်ကြောင့် မိုင်းတွင်းထဲတွင် ကျောက်တုံးများပြိုကျလာသောအသံများကို ကြားနေရသည်။
ရှောက်ယိုစွန်းက ဟန်မူယဲ့ကို လှည့်ကြည့်မိသည်။
သူက နားမလည်နိုင်ဖြစ်နေသည်။ ကျောင်းတော်သားတစ်ယောက်နှင့်တူသော ဆရာတူအစ်ကိုဟန်က အတော်လေးရက်စက်နေသည်။
ထို့အပြင် သူက ဓားဆေးလုံးကို ကြည့်မိသည်။
ဟန်မူယဲ့က သူနှင့်တိုက်ခိုက်သောအချိန်မှာ နောက်ကျောတွင် လွယ်ထားသော ဓားအိမ်ထဲက ဓားကိုသာ အသုံးပြု၏။
‘ဆရာတူအစ်ကိုဟန်မှာ လှည့်ကွက်တွေ ဘယ်လောက်များများ ရှိနေတာလဲ’
“ကျုပ်တို့ကို ချမ်းသာပေးပါ ....”
မျက်နှာချင်းဆိုင်တွင် တာအိုတန်ခိုးရှင်တယန်နှင့် အတူပါလာသော အဆင့်နိမ့်ကျင့်ကြံသူများက ခြေထောက်များ အားနည်းသွားသည်ဟု ခံစားလိုက်ကြရသည်။ သူတို့က ဟန်မူယဲ့၏ လက်ဝါးပေါ်တွင် ရှိသော တောက်ပနေသည့်ဓားအလင်းကို ကြည့်၍ အသနားခံလိုက်ကြသည်။
ထိုဓားချက်ကို တောင့်ခံနိုင်သောလူမရှိပေ။
“တာအိုရောင်းရင်းဟန်၊ သူတို့ကို ငါတို့လက်ထဲ အပ်လိုက်ပါ”
ဟန်မူယဲ့၏နောက်တွင် မူလမီးတောက်နန်းတော်၏ အကြီးအကဲဖြစ်သူ သွမ်ယန်ကျိ၏ အသံ ထွက်ပေါ်လာသည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။
သူက လက်မြှောက်လိုက်လျှင် ဓားဆေးလုံးသည် ဓားအလင်းအဖြစ်ပြောင်းလဲသွားသည်။ ထို့နောက် သွမ့်ယန်ကျိတို့၏ ချိန်းကြိုးများကို ဖြတ်တောက်ပေးလိုက်သည်။
အချုပ်အနှောင်မရှိတော့ဘဲ ဝိညာဉ်သစ်သီးများကို စားသုံးထားသောကြောင့် သွမ့်ယန်ကျိတို့က အဆင့်နိမ့်ကျင့်ကြံသူများကို ကောင်းမွန်စွာကိုင်တွယ်နိုင်သည်။
ဟန်မူယဲ့နှင့် ခေါင်းဆောင်တောက်ရင်တို့အဖွဲ့က မိုင်းတွင်းထဲမှ ထွက်လာပြီး မြေပြင်ဆီသို့ ဦးတည်လိုက်သည်။
သူတို့နောက်တွင် အက်ကွဲသွားသောအသံနှင့် ထူးဆန်းသောအော်သံများကို ကြားလိုက်ရသည်။
“သေစမ်း၊ ငါ့ကို ဘယ်လိုနှိပ်စက်ခဲ့လဲ မှတ်မိသေးလား”
“ဟားဟား၊ နောက်ဆုံးမှာတော့ လက်စားချေဖို့အခွင့်အရေးရလာခဲ့ပြီ။ အဲဒီညကို မှတ်မိသေးလား”
“ငရဲကိုသွားလိုက် ....”
....
မိုင်းတွင်းထဲမှ ထွက်လာသောအခါတွင် နွေးထွေးသောအငွေ့အသက်ကို ခံစားလိုက်ရသည်။
ဤကမ္ဘာငယ်လေးသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် ကွာခြားမှုသိပ်မရှိပေ။ ပတ်ဝန်းကျင်က စိမ်းလန်းနေသည်။
ခေါင်းဆောင်တောက်ရင်သည် မိုင်းတွင်းအရှေ့မှာရပ်နေပြီး အဝေးရှိတောင်တန်းများကို ကြည့်၍ ညင်သာစွာ ပြောသည်။
“ဒီကမ္ဘာရဲ့ကောင်းကင်တာအိုက ကောင်းကင်အံ့ဖွယ်ကမ္ဘာထက် အားနည်းတဲ့အတွက် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတွေကို လက်မခံနိုင်ဘူး”
“ကောင်းကင်ဘုံတစ်ဝက်အဆင့်အထက်မှာရောက်နေတဲ့ ကျွမ်းကျင်သူတွေက ငြင်းပယ်ခံရလိမ့်မယ်”
ကမ္ဘာသည် အဆင့်နိမ့်လျှင် ကျင့်ကြံခြင်းကလည်း အားနည်းလိမ့်မည်။
၎င်းအထက်တွင် အကန့်အသတ်တစ်ခု ရှိနေ၏။
သို့သော်လည်း ဤကမ္ဘာမျိုးမှာ အဆင့်နိမ့်ကျင့်ကြံသူများ အဆင့်တက်ရန် ပိုမိုလွယ်ကူသည်။
ခေါင်းဆောင်တောက်ရင်က ပြုံးလျက် ပြောသည်။
“ဥပမာပေးရရင် တစ်သက်လုံး ကမ္ဘာမြေအဆင့်ကို မရောက်နိုင်တဲ့လူတွေက ဒီနေရာမှာ အဆင့်တက်သွားနိုင်တယ်”
ခေါင်းဆောင်တောက်ရင်၏ စကားများကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ခေါင်းညိတ်သည်။
အရာအားလုံးတွင် ကောင်းကျိုးနှင့်ဆိုးကျိုးရှိသည်။
ဤကမ္ဘာ၏ အမြင့်ဆုံးကန့်သတ်ချက်က နိမ့်ပါးပြီး ကျင့်ကြံခြင်းအပေါ်မှာ ဖိနှိပ်မှုကလည်း အားနည်းသည်။
“ရှေးခေတ်အချိန်မှာ ဂိုဏ်းကြီးတွေက ကောင်းကင်ဘုံလိုဏ်ဂူနဲ့ ကောင်းချီးနယ်မြေတွေကြောင့် အဆင့်နိမ့်ကျင့်ကြံသူတွေကို အများအပြားမွေးထုတ်နိုင်တယ်”
ဘေးတွင်ရပ်နေသော ရှောက်ယိုစွန်းက ပြောသည်။
‘အဆင့်နိမ့်ကျင့်ကြံသူတွေကို အရေအတွက်များများ မွေးထုတ်တာလား’
‘အထင်ကြီးစရာပဲ’
“အနောက်ဘက်နယ်စပ်ကုန်းမြေကနေ ဒီကမ္ဘာငယ်လေးကိုကူးပြောင်းလာတဲ့ လေဟာနယ်စွမ်းအားက အရမ်းအားနည်းနေတယ်။ မဟုတ်ရင် လူငယ်တွေကိုပျိုးထောင်ပေးဖို့အတွက် ဒီနေရာကို အသုံးပြုနိုင်တယ်”
ခေါင်းဆောင်တောက်ရင်က နောင်တများဖြင့် ပြောသည်။
ဤနေရာသို့ တည်နေရာရွှေ့ပြောင်းနိုင်သော လေဟာနယ်စွမ်းအားက မည်မျှကြာအောင် ရှိနေမည် ဖြစ်ကြောင်း မသိနိုင်ပေ။ ပျက်စီးနေသောအခြေအနေအရ ကြာကြာ မခံနိုင်လောက်တော့ပေ။
ဟန်မူယဲ့တို့က တခြားနေရာသို့မသွားဘဲ မိုင်းတွင်းရှေ့၌ စောင့်နေကြသည်။
ဟန်မူယဲ့က နေရာလွတ်တစ်ခုမှာထိုင်နေပြီး လက်ထဲတွင် ရှိသောဓားဆေးလုံးကို ညင်သာစွာလှည့်ပတ်လိုက်သောကြောင့် ဓားအလင်းများ ဖြာထွက်လာစေသည်။
သူ့ရှေ့တွင် တာအိုဆရာတယန်ပေါ်လာသည်။
တာအိုဆရာတယန်က ထွက်ပေါ်လာသည်နှင့် ချက်ချင်းထွက်ပြေးရန် ပြင်လိုက်သည်။
ဟန်မူယဲ့က ခပ်ဟဟရယ်ပြီး ဓားဆေးလုံးကိုလှုပ်ခါ၍ တာအိုတန်ခိုးရှင်တယန်၏ ဦးထိပ်ကို ရိုက်ချလိုက်သည်။
ဓားဆေးလုံးက သူ့ခန္ဓာကိုယ်တစ်လျှောက် ဝင်ရောက်သွားပြီး တစ်ကိုယ်လုံး တုန်ခါသွားစေသည်။ တာအိုဆရာတယန်မှာ ထိုနေရာတွင် ရပ်နေလိုက်ရ၏။
တိုက်ခိုက်မှုကြောင့် တာအိုတန်ခိုးရှင်တယန်၏ ခန္ဓာကိုယ်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာသည်။
“ခင်ဗျား ထပ်ပြီးပြေးလို့ရတယ်။ ခင်ဗျားကို ဓားဆေးလုံးအဖြစ် ချက်ချင်းသန့်စင်လိုက်ရုံပဲ”
ဟန်မူယဲ့က လက်မြှောက်လိုက်သောအခါတွင် ဓားဆေးလုံးသုံးလုံးသည် ကြယ်သုံးစင်းဝင်္ကပါအဖြစ်ပြောင်းလဲသွားပြီး တာအိုတန်ခိုးရှင်တယန်ကို အလယ်မှာ ဖိနှိပ်လိုက်သည်။
“ကြယ်သုံးစင်းဝင်္ကပါ။ မင်း၊ မင်းက သူ့ရဲ့အမွေဆက်ခံသူပဲ ....”