← Chapters

သတ္တိသိပ်ကောင်းနေတယ်ပေါ့

Vol. 66 Ch. 905

သတ္တိသိပ်ကောင်းနေတယ်ပေါ့

Vol. 66 Ch. 905

ထိုသို့ ပေါက်ကွဲသွားရာမှ ထွက်ပေါ်လာသည့် တုန်ခါမှုလှိုင်းများမှာ ဖျက်ဆီးအားကောင်းသည့် လေပြင်းမုန်တိုင်းတစ်ခုအသွင် ပြောင်းလဲသွားပြီး အရပ်မျက်နှာအနှံ့သို့ တိုက်ခတ်သွား၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်စိသူငယ်အိမ်များ ကျဥ်းမြောင်းသွားရတော့သည်။ သူသည် ယခုလို လိုက်လံဖမ်းဆီးရဲနေသည်ဖြစ်ရာ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက် သူ့ကိုယ်သူ ဖောက်ခွဲပစ်ရာမှ ထွက်ပေါ်လာမည့် စွမ်းအားများကို သိရှိထားပြီးသားဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏ပြိုင်ဘက် ပေါက်ကွဲသွားသည်နှင့် တစ်ပြိုင်နှင့် လက်နှစ်ဖက်စလုံးဖြင့် မန္တန်လက်ကွက်များ အလျင်အမြန် ဖော်လိုက်ပြီး မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ စွမ်းအားများအားလုံးကို ထုတ်သုံးလိုက်တော့သည်။ ထို့နောက် သူသည် နောက်သို့ဆုတ်ခွာသွားရင်း နတ်ဧကရာဇ် တရားမျှတမှုဒိုင်းကာအား အသုံးပြုလိုက်သလို သူ၏ သိုလှောင်အိတ်ထဲမှ ဧကရာဇ် ရုပ်သေးရုပ် ဆယ့်နှစ်ရုပ်နှင့် ဓမ္မစစ်သင်္ဘောကြီးများကိုလည်း ထုတ်ယူလိုက်သေးသည်။ သူသည် ချုပ်နှောင်ခံထားရသည့် ရှန်လင်းကျစ်ကိုပင် ချန်ထားခဲ့ခြင်းမရှိဘဲ အပြင်ဘက်သို့ထုတ်ကာ သူ့ကိုယ်သူ ကာကွယ်လိုက်၏။

ယခုတွင် သူသည် သူ၏ သရုပ်မှန် ပေါ်သွားမည်ကို စိုးရိမ်နေရန် အချိန်မရှိတော့ပေ။ ထို့ကြောင့် နတ်ဆိုးမျက်လုံးပညာရပ်နှင့်အတူ အမှောင်မီးတောက်များ တောက်လောင်လာကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး ဧရာမ အနက်ရောင် မီးလုံးကြီးတစ်လုံးအသွင် ပြောင်းလဲသွားတော့သည်။

ထို အခြင်းအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်၏။ တစ်အောင့်ခန့်အကြာတွင် တန်ကျိုးကျစ် ပေါက်ကွဲသွားရာမှ ထွက်ပေါ်လာသည့် ပြင်းအားများမှာ စကြဝ‌ဠာကြီးထဲ၌ ပြည့်နှက်သွားတော့သည်။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက ထိုပေါက်ကွဲမှုမှာ အလွန်အင်မတန်မှ စူးရှတောက်သည့် အလင်းတန်းကြီးတစ်ခုနှင့် တူနေ၏။ ထိုသို့ဖြင့် ထစ်ချုန်းသံများ မြည်ဟည်းလာပြီး ဝမ်ပေါင်လဲ့မှာ နောက်သို့ လျင်မြန်စွာ ထွက်ပြေးဆုတ်ခွာသွားနေသည့်တိုင်အောင် ထို အလင်းတန်းကြီး၏ လွှမ်းခြုံခြင်းကို ခံလိုက်ရဆဲပင်။

အမှောင်မီးတောက်မှာ အသက်ရှူကြိမ် သုံးကြိမ်တိတိ လောင်ကျွမ်းသွားပြီးနောက် လွင့်ပါးပျောက်ကွယ်သွား၏။ နတ်ဆိုးမျက်လုံးကြီးမှာလည်း အသက်ရှူကြိမ် သုံးကြိမ်ခန့်သာ တောင့်ခံနိုင်ခဲ့သည်။ ထို့နောက် ဧကရာဇ်ရုပ်သေးရုပ် ဆယ့်နှစ်ရုပ်အလှည့်သို့ ရောက်လာ၏။ ၎င်းတို့မှာ အသက်ရှူကြိမ် နှစ်ကြိမ်မျှသာ တောင့်ခံနိုင်ခဲ့ပြီးနောက် အပြင်ခန္ဓာကိုယ်များ ပျက်စီးသွားကြပါသော်လည်း ဝမ်ပေါင်လဲ့မှာ ၎င်းတို့၏ ဝိညာဉ်များအား အချိန်မီ ပြန်၍သိမ်းဆည်းနိုင်ခဲ့၏။ ထို့နောက် နောက်ထပ် အသက်ရှူကြိမ် နှစ်ကြိမ်အကြာတွင် ရှန်လင်းကျစ်မှာလည်း သူ့ကိုယ်သူ ဖောက်ခွဲလိုက်ရသည်။ သို့သော် သူ၏ ဝိညာဉ်မှာလည်း ဝမ်ပေါင်လဲ့၏ သိမ်းဆည်းခြင်းကို ခံလိုက်ရဆဲပင်။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ တန်ကျိုးကျစ်၏ ပေါက်ကွဲမှုစွမ်းအားများကို ခုခံကာကွယ်ခဲ့သဖြင့် အသက်ရှူကြိမ် ဆယ်ကြိမ်အတွင်းတွင် မည်သည့် ထိခိုက်ဒဏ်ရာကိုမှ မခံစားခဲ့ရပေ။ အသက်ရှူကြိမ် ဆယ်ကြိမ် ကုန်ဆုံးပြီးသွားသောအခါမှသာ သူသည် ထိုပေါက်ကွဲမှုကြီး၏ ပြင်းများကို ခံစားလိုက်ရသည်။ သို့ဖြစ်ရာ သူသည် ပြင်ပစွမ်းအားများကို အသုံးပြုကာ ထို ပေါက်ကွဲမှုစွမ်းအားများအား တစ်ဝက်ကျော်အထိ လျှော့ချနိုင်ခဲ့၏။ ထို့ကြောင့် ကျန်ရှိနေသေးသည့် စွမ်းအားများမှာ သူ့အား ရိုက်ခတ်သွားသည့်တိုင်အောင် သူသည် ဒဏ်ရာ သိပ်မရလိုက်ပေ။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အေးစက်စွာတောက်ပသွားပြီး သူ၏ ညာဘက်လက်ကို မြှောက်ကာ အမှောင်မီးတောက်များအား ထပ်၍ စုစည်းလိုက်ပြန်သည်။ ထို့နောက် ရှုပ်ထွေးသည့် ဂါထာရွတ်ဖတ်သံများ ပျံ့လွင့်လာပြီး စကြဝဠာကြီးထဲ၌ ပဲ့တင်ထပ်သွား၏။

" အမှောင်ပညာရပ်၊ ဝိညာဉ်လမ်းညွှန် " ထို ဂါထာရွတ်ဖတ်သံကြီးမှာ မျက်လုံးဖြင့် မမြင်နိုင်သည့် စွမ်းအင်လှိုင်းများအဖြစ် ပြောင်းလဲသွားပြီ တန်ကျိုးကျစ် ပေါက်ကွဲသွားရာမှ ထွက်ပေါ်လာသည့် တုန်ခါမှုလှိုင်းများကို လျစ်လျူရှုကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။ ထိုစဉ်တွင် ပေါက်ကွဲမှု၏ အရှေ့တောင်အရပ်တွင် မှုန်ဝါးဝါး အရိပ်ကြီးတစ်ခု ပေါ်ပေါက်လာပြီး စွမ်းအင်လှိုင်းများမှာ ၎င်းအား လွှမ်းခြုံသွား၏။

ထို မှုန်ဝါးဝါး အရိပ်ကြီးမှာ တန်ကျိုးကျစ်၏ ဝိညာဉ်ဖြစ်ပြီး ၎င်းမှာ ပေါက်ကွဲမှုကို အခွင့်ကောင်းယူကာ ထွက်ပြေးနေခြင်းဖြစ်သည်။

" မ... မဖြစ်နိုင်တာ။ မင်းက အမှောင်ဂိုဏ်းသားတစ်ယောက်ပဲ " တန်ကျိုးကျစ်မှာ မျက်နှာအမူအရာ လုံးဝပြောင်းလဲသွားရပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရတော့သည်။ သူသည် စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းနေပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူ၏ ညာဘက်လက်ဖြင့် သူ့အား ဖမ်းဆုပ်ထားသည်ဖြစ်ရာ အလွယ်တကူ ထွက်ပြေးနိုင်စွမ်းမရှိဘဲ ဖြစ်နေရသည်။ သူသည် ဘေးပတ်ပတ်လည်မှ အရှိန်အဟုန်ဖြင့် စုဝေးလာနေကြသည့် စွမ်းအင်လှိုင်းများ၏ ဖိနှိပ်ချုပ်တီးခြင်းကို ခံထားရသောကြောင့် မည်မျှပင် ကြိုးစားရုန်းကန်နေစေကာမူ အချည်းနှီးပင်။ ထိုသို့ဖြင့် တစ်အောင့်ခန့်အကြာတွင် သူသည် ဝမ်ပေါင်လဲ့၏ ရှေ့သို့ ဆွဲခေါ်ခံလိုက်ရပြီး ဖမ်းဆုပ်ခံလိုက်ရတော့ဟည်။

" ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ရတာ တကယ် ပင်ပန်းတာပဲဟ " ဝမ်ပေါင်လဲ့မှာ နှာမှုတ်ကာ သူ၏လက်ထဲရှိ တန်ကျိုးကျစ်၏ ဝိညာဉ်အား စိုက်ကြည့်နေလိုက်၏။ ၎င်းမှာ မှုန်ဝါးဝါး ဖြစ်နေသည့်တိုင်အောင် တန်ကျိုးကျစ်၏ ပုံပန်းသွင်ပြင်နှင့် ဆင်တူနေဆဲပင်။ တစ်ချိန်ထဲမှာပင် သူသည် အလွန်အင်မတန်မှ သိပ်သည်းဆကောင်းသော ဝိညာဉ်စွမ်းအားများကို ခံစားနေရသည်။

အမှောင်ပညာရပ်၏ ချုပ်နှောင်ခြင်းကို ခံထားရသော တန်ကျိုးကျစ်၏ ဝိညာဉ်မှာမူ လုံးဝရုန်းကန်နိုင်စွမ်းမရှိတော့ပေ။ ထို့အပြင် သူသည် သူ၏ဝိညာဉ်အား ဖောက်ခွဲကာ အလိုလို သတိမေ့သွားအောင် လုပ်နိုင်စွမ်းပင် မရှိတော့ချေ။ အမှောင်ပညာရပ်၏ အောက်တွင် သူ၏ ကြိုးစားအားထုတ်မှု အားလုံးမှာ အချည်းနှီးသာ ဖြစ်နေမည် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူ့အား တစ်ခဏမျှ အကဲခတ်ကြည့်ရှုနေလိုက်၏။ သူသည် ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ဝိညာဉ်အား ယခုမှ ပထမဆုံးအကြိမ်အဖြစ် ဖမ်းဆီးဖူးသည် မဟုတ်ပါလော။ ထို့အပြင် သူသည် စကြဝဠာကြီး၏ အတွင်းပိုင်းထဲတွင် ထိုဝိညာဉ်အား ခေါ်ဆောင်သွားရန် ဆန္ဒပြင်းပြနေသည့် ဆွဲငင်အားတစ်ခု ရှိနေသည်ကိုလည်း အာရုံမိလိုက်သေးသည်။ ထို ဆွဲငင်အားမှာ အားပျော့နေပြီး အမှောင်ပညာရပ်၏ နှောင့်ယှက်ခြင်းကို ခံထားရသောကြောင့် ဝမ်ပေါင်လဲ့မှာ ၎င်းအား ခုခံတွန်းလှန်နိုင်စွမ်း ရှိနေဆဲပင်။

သို့သော် သူသည် သူ၏ အမှောင်ပညာရပ်ဖြင့် ထိုဝိညာဉ်အား တိုက်ခိုက်ကာ ဖျက်ဆီးပစ်ခြင်းမရှိပါက ခဏအကြာတွင် ထို ဆွဲငင်အားမှာ အဆမတန် အားကောင်းလာမည်ဖြစ်ပြီး ထိုဝိညာဉ်အား စုပ်ယူသွားမည်သာဖြစ်ကြောင်း ခံစားနေရသည့်။ ထိုသို့သာဆိုပါက နှစ်ပေါင်းများစွာ ကုန်ဆုံးပြီးသွားချိန်တွင် တန်ကျိုးကျစ်မှာ အသက်ပြန်ရှင်လာနိုင်ခြေ ရှိပေသည်။

သို့သော် သူ၏ဝိညာဉ်အား အမှောင်ပညာရပ်နှင့် ဖျက်ဆီးပစ်လိုက်မည်ဆိုလျှင်မူ သူသည် ဘယ်သောအခါမှ အသက်ပြန်ရှင်လာနိုင်တော့မည် မဟုတ်ပေ။

" အဲတာ အဆုံးမဲ့ မျိုးနွယ်စုရဲ့ မိုးကောင်းကင်တာအိုများလား " ဝမ်ပေါင်လဲ့မှာ အတွေးများထဲတွင် နစ်မျောသွားပြီးနောက် သူ၏ နောက်တွင် နတ်ဆိုးမျက်လုံးကြီး ပေါ်ပေါက်လာ၏။ ထို့နောက် ထိုမျက်လုံးကြီးမှာ ပွင့်လာသဖြင့် အေးစက်စက် မျက်ဝန်းကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။ အကယ်၍ သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက ထို မျက်ဝန်းကြီးမှာ ဝမ်ပေါင်လဲ့၏ မျက်ဝန်း ဖြစ်နေသည်ကို မြင်လိုက်ရမည်သာ ဖြစ်သည်။

သူ နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ ပထမမျိုးဆက် ခေါင်းဆောင်ကြီးအား သတ်ဖြတ်ခဲ့ပြီးနောက် သူ၏ နတ်ဆိုးမျက်လုံးပညာရပ်မှာ ထိုကဲ့သို့ ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။ ယခုတွင် နတ်ဆိုးမျက်လုံးပညာရပ်မှာ သူ၏ကိုယ်ပိုင် နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်နေပြီဖြစ်ရာ သူသည် အနာဂတ်တွင် မည်သည့်အန္တရာယ်နှင့်မှ ကြုံတွေ့ရတော့မည်မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာ နတ်ဆိုးမျက်လုံးပညာရပ်၏ အနက်ရောင် မျက်လုံးကြီးအား အာရုံခံမိလိုက်ပြီးနောက် မျက်ဝန်းများ ထူးဆန်းစွာတောက်ပသွား၏။ သူသည် သူ၏လက်ထဲတွင်ရှိနေသည့် ဝိညာဉ်အား ထို နတ်ဆို မျက်လုံးထဲသို့ ထည့်ကာ ‌၎င်းအား စုပ်ယူ၍ သူ၏ ကျင့်ကြံခြင်းစွမ်းအားများအဖြစ် ပြောင်းလဲရန် ပြင်လိုက်သည်။ သို့သော် သူသည် ချက်ချင်းဆိုသလိုပင် ရပ်တန့်သွား၏။ သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် သူ၏ သိုလှောင်အိတ်ထဲမှ ရှန်လင်းကျစ်အား ထုတ်ယူလိုက်တော့သည်။

ရှန်လင်းကျစ်မှာ အပြင်ဘက်၌ ပေါ်ပေါက်လာသည်နှင့် တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားရ၏။ သူသည် ထိတ်လန့်တုန်လှုပ်ကာ မျှော်လင့်ချက်များ ပျက်သုဉ်းနေသည့် မျက်ဝန်းတစ်စုံဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေသည်။ သူသည် တိုက်ပွဲကြီးတစ်ခုလုံးအား မမြင်လိုက်ရသည့်တိုင်အောင် တန်ကျိုးကျစ်မှာ ထွက်ပြေးသွားခဲ့ရရုံသာမက သူ၏ အပြင်ခန္ဓာကိုယ်ကိုပါ ဖောက်ခွဲပစ်ခဲ့ရသည်ဖြစ်ရာ ထို ဝက်ခေါင်းမျက်နှာဖုံးနှင့် ကျင့်ကြံသူကြီးမှာ မည်မျှ ကြောက်မက်ဖွယ်ရာကောင်းကြောင်း သိရှိထားပြီး ဖြစ်သည်။ ထို့အပြင် တန်ကျိုးကျစ်၏ ဝိညာဉ်မှာလည်း အရှင်လက်လက် ဖမ်းဆီးခံထားရသေးသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် နှလုံးသားထဲ၌ နာကြည်းမှုများဖြင့် ပြည့်နှက်သွားတော့သည်။

" ငါ့ကို သတ်မှာဖြင့် သတ်လိုက်။ ငါ အဆင်သင့် ပြင်ပြီးသွားပြီ " ရှန်လင်းကျစ်မှာ ရင်ထဲ၌ နာကြည်းနေရပါသော်လည်း စိတ်ဓာတ်ပြတ်သားမှုအပြည့်ဖြင့် ကြိမ်းဝါးလိုက်၏။ သူသည် သူ၏ အပြင်ခန္ဓာကိုယ် ပျက်စီးသွားခဲ့သည့် ပထမဆုံး အကြိမ်ကတည်းက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့ပြီးသား ဖြစ်သည်။ သို့ဖြစ်ရာ သူသည် သေဆုံးသွားပြီး နှစ်ပေါင်းများစွာ အကြာတွင် အသက်ပြန်ရှင်လာနိုင်‌ခြေရှိသည်ဟု အပြည့်အဝယုံကြည်နေ၏။

" သတ္တိသိပ်ကောင်းနေတယ်ပေါ့ ဟုတ်လား " ဝမ်ပေါင်လဲ့မှာမူ ရှန်လင်းကျစ်အား စိုက်ကြည့်ကာ ရုတ်တရက်ဆိုသလို ရယ်မောလိုက်၏။ ထို့နောက် သူသည် ရှန်လင်းကျစ်၏ ရှေ့၌ တန်ကျိုးကျစ်၏ ဝိညာဉ်အား သူ၏ နောက်တွင်ရှိနေသည့် ဧရာမ နတ်ဆိုးမျက်လုံးကြီးထဲသို့ ပစ်ထည့်လိုက်တော့သည်။ ထိုအခါ ထို နတ်ဆိုးမျက်လုံးကြီး၏ သူငယ်အိမ်မှာ ချက်ချင်းဆိုသလို ပြန့်ကားသွား၏။ ထို့နောက် ၎င်းမှာ အာကာသတွင်းနက်ကြီး တစ်ခုကဲ့သို့ တန်ကျိုးကျစ်၏ ဝိညာဉ်အား စုပ်ယူလိုက်တော့သည်။

ခဏအကြာတွင် နတ်ဆိုးမျက်လုံးကြီးမှာ ၎င်း၏ အတွင်းပိုင်းထဲ၌ မုန်တိုင်းတစ်ခု တိုက်ခတ်နေသည့်အလား စတင်ဖောင်းကားလာ၏။ ထို့အပြင် ၎င်းမှာ အထိန်းအကွပ်မဲ့စွာ တုန်ရီနေပြီဖြစ်သည်။ ထို စုပ်ယူမှုကြီးမှာ နတ်‌ဆိုးမျက်လုံးကြီးအတွက် အာဟာရဓာတ် အမြောက်အမြား ပေးစွမ်းနိုင်ခဲ့သည်ဖြစ်ကြောင်း သိသာထင်ရှားပေသည်။

သူသည် ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်အား သတ်ဖြတ်ကာ သူ၏ ဝိညာဉ်အား စုပ်ယူလိုက်သည် မဟုတ်ပါလော။

ထစ်ချုန်းသံများမှာ နတ်ဆိုးမျက်လုံးကြီးထဲမှ အဆက်မပြတ် ထွက်ပေါ်လာနေပြီ ဖြစ်သည်။ ထို မျက်လုံးကြီးမှာ ထိုကဲ့သို့ စုပ်ယူနေရင်း တန်ပြန်အားများကိုလည်း စတင်ခံစားလိုက်ရ၏။ အပူစီးကြောင်းတစ်ခုမှာ နတ်ဆိုးမျက်လုံးကြီးထဲမှတစ်ဆင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသဖြင့် သူသည် တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားရသည်။ ထိုအချိန်တွင် မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးထဲမှ ကုန်ခန်းသွားခဲ့သည့် စွမ်းအင်များ အားလုံးမှာ ချက်ချင်း ပြန်ပြည့်သွား၏။ တစ်ချိန်ထဲမှာပင် သူ၏ ကျင့်ကြံခြင်း စွမ်းအားများမှာလည်း အပြည့်ပြန်ဖြစ်သွားသည်။

ဝမ်ပေါင်လဲ့မှာ သူသည် ထာဝရဝိညာဉ်အဆင့်တွင် ဆက်ရှိနေ၍ မဖြစ်တော့ကြောင်း နားလည်ထား၏။ ထို့ကြောင့် တန်ကျိုးကျစ်၏ ဝိညာဉ်စွမ်းအား အမြောက်အမြား ကျန်ရှိနေသေးသည့်တိုင်အောင် သူသည် ပြည့်လျှံနေသည့် ပုလင်းတစ်လုံးကဲ့သို့ ဖြစ်နေသောကြောင့် ၎င်းအား ဆက်လက်ဆုပ်ယူနိုင်စွမ်း မရှိတော့ပေ။ သို့ဖြစ်ရာ သူ ဂြိုဟ်အဆင့်သို့ ဖောက်ထွက်ပြီးသွားမှသာလျှင် ဆက်လက် စုပ်ယူနိုင်တော့မည်ဖြစ်သည်...

သူသည် ထိုကဲ့သို့ ရပ်တန့်သွားရသည်တိုင်အောင် ဂြိုဟ်အဆင့် ဝိညာဉ်တစ်ခုအား စုပ်ယူရခြင်း၏ အကျိုးကျေးဇူးများမှာမူ ကုန်ဆုံးသွားခြင်း မရှိသေးပေ။ နတ်ဆိုးမျက်လုံးကြီးမှာ သိသိသာသာ ပြောင်းလဲလာပြီး ၎င်း၏ သူငယ်အိမ်ထဲ၌ နောက်ထပ် သူအိမ်ငယ်တစ်ခု စတင် ပေါ်ပေါက်လာသည့်ပုံပင်။

ဝမ်ပေါင်လဲ့ကိုယ်တိုင်ပင်လျှင် ထိုကဲ့သို့သော ပြောင်းလဲမှုမျိုး ပေါ်ပေါက်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ နတ်မျက်လုံးပညာရပ်ထဲတွင် ထိုအကြောင်းအား ဖော်ပြထားခြင်းမရှိသောကြောင့် ဤ ပြောင်းလဲမှုမှာ နတ်မျက်လုံးပညာရပ်အား အမှောင်ပညာရပ်ဖြင့် ပြုပြင်မွမ်းမံခဲ့ပြီးနောက် အလိုလို ပေါ်ပေါက်လာရခြင်း ဖြစ်ရပေမည်။

ထိုကဲ့သို့သော အကျိုးကျေးဇူးများကြောင့် ဝမ်ပေါင်လဲ့မှာ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့သွားရသလို မျက်ဝန်းများထဲတွင်လည်း စိတ်လှုပ်တရှား ဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာရတော့သည်။ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်အား သတ်ဖြတ်ရသည်မှာ ခက်ခဲပြီး သူသည် အင်အားအများကြီး စိုက်ထုတ်ခဲ့ရပါသော်လည်း အကျိုးကျေးဇူးအမြောက်အမြား ပြန်လည်ရရှိခဲ့သည် မဟုတ်ပါလော။ အနာဂတ်တွင် ပေါ်ပေါက်လာနိုင်သည့်‌ ဘေးအန္တရာယ်တစ်ခုအား ရှင်းလင်းနိုင်ခဲ့သည်မှာ ထိုအကျိုးကျေးဇူးများထဲမှ တစ်ခုသာဖြစ်ပေသည်။ တန်ကျိုးကျစ်၏ သို‌လှောင်အိတ်မှာ ပေါက်ကွဲပျက်စီးသွားခဲ့ရပါသော်လည်း သူသည် ကျင့်ကြံခြင်းစွမ်းအားများ တိုးပွားလာခဲ့ပြီး သူ၏ မင်းဧကရာဇ်ချပ်ဝတ်တန်ဆာကြီးမှာလည်း အားပြန်ပြည့်သွားခဲ့သည်ဖြစ်ရာ သူ ကြိုးစားအားထုတ်ရသည်မှာ ထိုက်တန်မှုရှိသည်ဟု ဝမ်ပေါင်လဲ့က ခံစားလိုက်ရ၏။ ထို့အပြင် သူသည် ပိုလျှံနေသည့် တန်ကျိုးကျစ်၏ ဝိညာဉ်စွမ်းအား အမြောက်အမြားကိုလည်း သိမ်းဆည်းသိုလှောင်ထားသေးသည် မဟုတ်ပါလော။

တစ်ချိန်ထဲမှာပင် သူသည် ရွှေရောင်နွားချေးပိုးကြီးကိုလည်း ရရှိခဲ့သေးသည်။ ၎င်းမှာ အသက်ငင်နေပြီ ဖြစ်သည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ ၎င်းအား ပြန်လည်ပြုပြင်ကာ ထိန်းချုပ်နိုင်လိမ့်မည်ဟု ယုံကြည်နေ၏။ ထို နွားချေးပိုးကြီးမှာ ရွှေရောင်နွားချေးပိုး အချုပ်အနှောင်ကြီးအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိနေသည်ဖြစ်ရာ ၎င်းအား ဓမ္မရတနာတစ်မျိုးအဖြစ် အတိုင်းအတာတစ်ခုအထိ သတ်မှတ်နိုင်ပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကျေနပ်အားရမှုအပြည့်ဖြင့် နှုတ်ခမ်းအား လျှာဖြင့်လျက်လိုက်ပြီးနောက် လိပ်ပြာလွင့်လုမတတ် ကြောက်ရွံ့တုန်လှုပ်နေသည့် ရှန်လင်းကျစ်အား လောဘတက်နေသည့် မျက်ဝန်းတစ်စုံဖြင့် စိုက်ကြည့်နေလိုက်တော့သည်။

All Chapters