← Chapters

မလောပါနဲ့ တာအိုရောင်းရင်း

Vol. 66 Ch. 906

မလောပါနဲ့ တာအိုရောင်းရင်း

Vol. 66 Ch. 906

သူသည် ခြိမ်းခြောက်နေစရာပင် မလိုတော့ပေ။ ရှန်လင်းကျစ်မှာ ဝမ်ပေါင်လဲ့ တန်ကျိုးကျစ်၏ ဝိညာဉ်အား ချက်ချင်း စုပ်ယူနိုင်ခဲ့ပြီးနောက် အစွမ်းထက်လာသည်ကို မြင်လိုက်ရသဖြင့် ကြောက်ရွံ့ထိတ်လန့်နေရပြီ ဖြစ်သည်။ သူသည် ထိုကဲ့သို့ စုပ်ယူခံလိုက်ရမည်ဆိုပါက အသက်ပြန်ရှင်လာနိုင်ခြေ ရှိတော့မည်မဟုတ်ကြောင်း ခံစားနေရ၏။ သူသည် ဝမ်ပေါင်လဲ့ မည်သည့်နည်းလမ်းဖြင့် ထိုကဲ့သို့ စုပ်ယူခဲ့မှန်း မသိပါသော်လည်း ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာနေသည့် ကျောချမ်းဖွယ်ရာ အငွေ့အသက်များကြောင့် သွေးပျက်လုမတတ် ချောက်ချားနေရတော့သည်။

" တာအိုရောင်းရင်း။ အရင်ဆုံး သေသေချာချာ ဆွေးနွေးကြတာပေါ့။ မလောပါနဲ့... " ရှန်လင်းကျစ်မှာ ကတုန်ကယင်နှင့် ဆိုလိုက်၏။ သူသည် ထိုစကားအား ပြောခွင့်မရလိုက်မည်ကို စိုးရိမ်နေသည်။ သို့သော် သူ ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့မှာ သူ၏ ညာဘက်လက်ကို မြှောက်ကာ သူ့အား လှမ်း၍ဖမ်းဆုပ်လိုက်၏။ ထို့နောက် သူသည် သူ့အား နတ်ဆိုးမျက်လုံးကြီးထဲသို့ လှမ်းပစ်တော့မည်ပုံစံ ဟန်ဆောင်လိုက်ပြီး တည်ကြည်စွာဆိုလိုက်တော့သည်။

" ကျုပ်က မလောပါဘူး။ ဒါပေမဲ့ ခဗျားကို အသက်ရှင်ခွင့်ပေးတော့ရော ကျုပ်အတွက် ဘာအကျိုးရှိမှာမလို့လဲ "

" အကျိုးရှိပါတယ် " ရှန်လင်းကျစ်မှာ ထိတ်ထိတ်ပျာပျာနှင့် ချက်ချင်းအော်ပြောလိုက်၏။

" တာအိုရောင်းရင်း။ ကျွန်... ကျွန်တော့်ကို မသတ်ဘူးလို့ ကတိပေးရင် တာအိုရောင်းရင်းကို ကျွန်တော့်ရဲ့ သခင်အဖြစ် သတ်မှတ်ပါ့မယ်။ ကျွန်တော် ဟို သိုလှောင်လက်စွပ်ကိုလည်း ကူဖွင့်ပေးနိုင်ပါတယ်။ အဲဒီ လက်စွက်ထဲက ပစ္စည်းသုံးခုရဲ့ နောက်ကြောင်းရာဇဝင်နဲ့ အဲဒီပစ္စည်းတွေကို အသုံးပြုနိုင်မယ့် နည်းလမ်းတွေကိုလည်း ရှင်းပြပါ့မယ်။ ကျေးဇူးပြုပြီးတော့ စိတ်လိုက်မာန်ပါ မလုပ်လိုက်ပါနဲ့သခင်။ ကျွန်တော်က သခင့်အတွက် အရမ်းကို အသုံးဝင်မှာပါ " ရှန်လင်းကျစ်မှာ မျက်လုံးကြီးထဲသို့ စုပ်ယူမခံလိုသောကြောင့် အောက်ကျို့ကာ အလောတကြီး ဆိုလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာလည်း ထိုစကားများကို စောင့်ဆိုင်းနေခြင်းဖြစ်၏။ ထို့ကြောင့်လည်း သူသည် တန်ကျိုးကျစ်အား စုပ်ယူခါနီးတွင် ရှန်လင်းကျစ်အား အပြင်သို့ တမင်တကာ ထုတ်ခဲ့ခြင်း ဖြစ်ပေသည်။ သူသည် ရှန်လင်းကျစ် ထိုမြင်ကွင်းအား အစမှအဆုံးအထိ သေချာမြင်လိုက်ရအောင် ပြသခဲ့ခြင်း ဖြစ်၏။ သို့မှသာ သူသည် ရှန်လင်းကျစ်အား အချိန်ကုန်ခံ၍ စစ်ဆေးမေးမြန်းနေစရာ လိုတော့မည်မဟုတ်ပေ။

ယခုတွင် သူ၏နည်းလမ်းမှာ အလုပ်ဖြစ်သွားသည့်ပုံပင်။ ရှန်လင်းကျစ်မှာ သူ့အား သူ၏သခင်အဖြစ် သတ်မှတ်လိုက်ပြီမဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် သူ့ကိုယ်သူ ကျေနပ်သွားပါသော်လည်း အပြင်ပန်းတွေမူ မျက်မှောင်ကြုတ်ကာ တွေဝေတုံ့ဆိုင်းနေသည့်ပုံစံဟန်ဆောင်နေလိုက်၏။ သူသည် ထိုကမ်းလှမ်းချက်အား လက်ခံရန်သင့်မသင့် စဉ်းစားတွေးတောနေသည့်ပုံ ပေါက်နေသည်။

ရှန်လင်းကျစ်မှာ ဝမ်ပေါင်လဲ့သည် သူ့အား ခြောက်လှန့်ချင်သောကြောင့်သာ ထိုကဲ့သို့ ဟန်ဆောင်နေခြင်းဖြစ်သည်ဟု ခန့်မှန်းမိထားပါသော်လည်း ဘာမှမတတ်နိုင်ပေ။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့ သူ့အား ယုံကြည်လာစေရန် အံကြိတ်ကာ အဖိုးတန် သတင်းအချက်အလက်အချို့အား ပြောပြလိုက်ရတော့သည်။

" သခင်။ ကျွန်တော် အဲဒီ သိုလှောင်လက်စွပ်ထဲက ပစ္စည်းသုံးခုကို ရှေးဟောင်းနယ်မြေတစ်ခုထဲမှာ ရှာတွေ့ခဲ့တာ။ အဲဒီ ပစ္စည်းသုံးခုက လူပုံစံ စက္ကူရုပ်ရယ်၊ ကြယ်စင်စုလေးရဲ့ ပုံစံတူ ကိုးခုထဲက တစ်ခုရယ်နဲ့ ဆုတောင်းပြည့် ပုလင်းရယ်ပဲ "

ဝမ်ပေါင်လဲ့မှာ ထိုစကားများကို နားထောင်လိုက်ပြီးနောက် စိတ်ဝင်တစားဖြစ်သွားပြီး ရှန်လင်းကျစ်အား စိုက်ကြည့်လိုက်၏။

ရှန်လင်းကျစ်မှာ ဝမ်ပေါင်လဲ့၏ အကြည့်အား သတိထားမိလိုက်သောအခါမှ စိတ်အေးသွားရပြီး သက်ပြင်းချနိုင်တော့သည်။ သို့သော် သူသည် တွေဝေတုံ့ဆိုင်းနေ၍ မဖြစ်ကြောင်းသိထား၏။ ထို့ကြောင့် သူသည် အံကြိတ်ကာ စကားဆက်ပြောလိုက် ပြန်သည်။

" လူပုံစံစက္ကူရုပ်ရဲ့ နောက်ကြောင်းရာဇဝင်က လျှို့ဝှက်ဆန်းကြယ်တယ်ဗျ။ ဒါပေမဲ့ ကျွန်တော် နှစ်ပေါင်းများစွာ စူးစမ်းလေ့လာရှာဖွေထားတဲ့ ရှေးဟောင်းမှတ်တမ်းတွေအရဆိုရင် အဲဒီ လူပုံစံစက္ကူရုပ်က ဒဏ္ဍာရီလာ ကြယ်သုဿာန်နဲ့ ဆက်နွှယ်နေတာ သေချာတယ် "

" ကြယ်သုဿာန်ပွင့်တဲ့အချိန်တိုင်း ဝင်ခွင့်ရတဲ့သူတွေကို သွားခေါ်ကြတဲ့ လှေတွေအများကြီး ရှိတယ်လို့ ပြောကြတယ်။ အဲဒီ လှေတွေက လူတိုင်းကို လိုက်ခေါ်ပြီးသွားရင် ဘယ်သူမှ နေရာအတိအကျမသိတဲ့ ကြယ်သုဿာန်ဆီကို ပြန်သွားကြတာ။ အဲဒီ လှေတွေက တော်တော်လေးကို ထူးခြားတယ်ဗျ။ ဝင်ခွင့်ရှိတဲ့လူတွေပဲ အဲဒီလှေတွေကို မြင်နိုင်တာ။ တခြားလူတွေဆိုရင် မမြင်ရဘူး "

" ဒဏ္ဍာရီတွေ အရဆိုရင်တော့ အဲဒီ လှေတွေပေါ်က လှေသမားတွေက... လူပုံစံစက္ကူရုပ်တွေတဲ့ "

" အဲတာမလို့ သိုလှောင်လက်စွပ်ထဲက လူပုံစံစက္ကူရုပ်ကလည်း အဲဒီ လှေသမားတွေထဲက တစ်ယောက်ဖြစ်နေလိမ့်မယ်လို့ ကျွန်တော်က ခန့်မှန်းထားတာ။ ဒါပေမဲ့ ဘာကြောင့်မှန်းတော့မသိဘူး သူက ကြယ်သုဿာန်ဆီ ပြန်မသွားခဲ့ဘူးလေ... "

ရှန်လင်းကျစ်မှာ ထိုသို့ဆိုလိုက်ပြီးနောက် ရပ်တန့်သွားပြီး ဝမ်ပေါင်လဲ့အား သနားကမား အကြည့်ဖြင့် လှမ်းကြည့်လိုက်၏။ သူသည် ဝမ်ပေါင်လဲ့ သူ့အား မသတ်ဖို့ ကတိပေးသည်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

ထို ကတိမှာ နှုတ်ကတိတစ်ခုသာ ဖြစ်နေမည် ဖြစ်ပါသော်လည်း ရှန်လင်းကျစ်မှာ လက်ခံရမည်ဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့အား သစ္စာဆိုရန် အတင်းအကျပ် ဖိအားပေးနိုင်မည်မဟုတ်ကြောင်း သိထား၏။ သို့သော် သူသည်အခြားရွေးချယ်စရာ မရှိပေ။ ထို့အပြင် သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းများနှင့် ပတ်သတ်သည့် အကြောင်းအရာများအား ဝမ်ပေါင်လဲ့ မသိအောင် ထိမ်ချန်ထားခြင်းမှာလည်း သူ့အတွက် အကျိုးရှိမည်မဟုတ်ပေ။

သူသည် ထိုအချက်အလက်များအား ရှာဖွေနိုင်ခဲ့သည်ဖြစ်ရာ ၎င်းတို့မှာ လျှို့ဝှက်ချက်များ မဖြစ်နိုင်ပေ။ ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် အချိန်ပေးလိုက်ရုံမျှဖြင့် ထို သတင်းအချက်အလက်များအား သိရှိသွားမည်သာဖြစ်သည်။

ရှန်လင်းကျစ်မှာ ထို သတင်းအချက်အလက်များဖြင့် ဝမ်ပေါင်လဲ့အား ဖိအားပေးရန် ကြိုးစားမည်ဆိုပါက ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်နေမည်သာ ဖြစ်ကြောင်း သိထား၏။ သို့သော် ဝမ်ပေါင်လဲ့အား သူ သိထားသမျှ အချက်အလက်များအားလုံးကို ပြောပြလိုက်မည်ဆိုလျှင် အသက်ရှင်နိုင်ခြေ ရှိပေသည်။ ထို့ကြောင့် သူသည် သနားကမား အမူအရာဖြင့် အသနားခံလိုက်၏။

ရှန်လင်းကျစ်၏ ဆုံးဖြတ်ချက်မှာ မှန်ကန်သည်ဟုဆိုရပေမည်။ အကယ်၍ သူသာ ဝမ်ပေါင်လဲ့အား ဖိအားပေးခဲ့မည်ဆိုပါက ဝမ်ပေါင်လဲ့၏ အကျင့်စရိုက်မျိုးနှင့်သာဆိုလျှင် သူသည် ရှန်လင်းကျစ်အား ပြန်၍ ချုပ်နှောင်လိုက်မည်သာ ဖြစ်သည်။ ထို့နောက် သူ ဂြိုဟ်အဆင့်သို့ ရောက်သွားသည့်အချိန်မှ ရှန်လင်းကျစ်၏ ဝိညာဉ်အား ရှာဖွေလိုက်ရုံပင်။

ထို့အပြင် ဝမ်ပေါင်လဲ့မှာ သူ သေသေရှင်ရှင် ဂရုစိုက်နေမည် မဟုတ်ပေ။ သို့သော် ယခုတွင်မူ ရှန်လင်းကျစ်မှာ အလိုက်တသိ ပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့် ဝမ်ပေါင်လဲ့မှာ အားရကျေနပ်သွား၏။ ထို့အပြင် သူသည် သူ၏ အစီအစဉ်မှာ အလုပ်ဖြစ်သည်ဟုလည်း ခံစားလိုက်ရသည်။ ဝမ်ပေါင်လဲ့မှာ ချက်ချင်း စကားပြန်ပြောခဲ့ခြင်းမရှိဘဲ စိတ်ထဲတွင် တစ်ခဏမျှ စဉ်းစားတွေးတောနေလိုက်၏။ သူသည် သူ ဝိညာဉ်လှေကြီးနှင့် ကြုံခဲ့ရသည့် ဖြစ်ရပ်ကြီးနှင့် ရှန်လင်းကျစ်၏ ပြောစကားများကို ဆက်စပ်တွေးတောကြည့်လိုက်သောအခါ နှလုံးသားတစ်ခုလုံး တုန်ရီသွားရတော့သည်။

" ကြည့်ရတာ ငါ့ရဲ့ ခန့်မှန်းချက်တွေက မှန်နေတာပဲ " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ ထို့နောက် သူသည် နတ်မျက်လုံး လူမှုအဖွဲ့အစည်း ရှိရာဘက်သို့ ရုတ်တရက် လှမ်းကြည့်လိုက်ပြီး ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်ပေါက်လာတော့သည်။

" အဲဒီ ဝိညာဉ်လှေကြီးက နတ်မျက်လုံး လူမှုအဖွဲ့အစည်းဆီကို သွားနေတာများ ဖြစ်နေမလား။ နတ်မျက်လုံးလူမှုအဖွဲ့အစည်းဆီမှာ ဝင်ခွင့်တစ်နေရာ ရှိတယ်လေ။ အဲဒီ ဝင်ခွင့်နေရာက တော်ဝင်မိသားစုရဲ့ သွေးမျိုးဆက်ထဲမှာ ကိန်းအောင်းနေတာမလို့ အပြင်လူတွေ အလွယ်တကူ ယူနိုင်မှာမဟုတ်ဘူးလို့ ယမုန့်က ပြောခဲ့တာ။ သူတို့က ကြယ်သုဿာန် ပွင့်တဲ့ အချိန်မှပဲ အဲဒီ ဝင်ခွင့်နေရာကို တခြားလူတွေဆီ လွှဲပြောင်းပေးခွင့်ရှိတာတဲ့ "

" အဲလိုသာဆိုရင်... ယမုန့်က သတင်းအချက်အလက် အစုံအလင် မသိထားတာပဲ ဖြစ်ရမယ်။ နတ်မျက်လုံးလူမှုအဖွဲ့အစည်းက ကြယ်သုဿာန် ပွင့်တဲ့အချိန်မှာ မဟုတ်ဘဲ ကြယ်ကြွေလှေ ရောက်လာတဲ့အချိန်မှာ ဝင်ခွင့်နေရာကို လွှဲပြောင်းပေးမှာများလား " ဝမ်ပေါင်လဲ့မှာ ခေါင်းထဲ၌ အတွေးမျိုးစုံပေါ်ပေါက်လာပြီး မျက်ဝန်းများ အရောင်လက်သွား၏။

" ငါ့ဆီမှာလည်း ဝင်ခွင့်တစ်နေရာ ရှိနေတာများလား " ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးမိလိုက်ပြီးနောက် ထိုအတွေးအား ခေါင်းထဲမှ ချက်ချင်း ထုတ်ပယ်လိုက်၏။ သူသည် တော်ဝင်သွေးမျိုးဆက်အား ပိုင်ဆိုင်ထားသည့်ပုံ ပေါက်နေပါသော်လည်း ၎င်းမှာ နတ်ဆိုးမျက်လုံးပညာရပ်နှင့်သာ ဆက်နွှယ်နေခြင်းဖြစ်ပြီး သူ၏ အပြင်ခန္ဓာကိုယ်နှင့် သက်ဆိုင်မှု လုံးဝမရှိပေ။ ထို့ကြောင့် သူသည် တော်ဝင်မိသားစုဝင် အစစ်များနှင့် သွေးတော်သားစပ်မှု မရှိပေ။

သို့ဖြစ်ရာ သူသည် ထိုဝင်ခွင့်နေရာအား ပိုင်ဆိုင်ထားနိုင်စရာအကြောင်း လုံးဝ မရှိချေ။

" ဒါပေမဲ့ စမ်းကြည့်လို့ အကျိုးမယုတ်ပါဘူး... " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ သူသည် လူပုံစံစက္ကူရုပ် ရှန်လင်းကျစ်နှင့် တန်ကျိုးကျစ်တို့နှစ်ယောက်အား သူပုန်းနေသည့် နေရာအား ရှာတွေ့သွားနိုင်စေရန် တမင်တကာ တုန်ရီသွားခဲ့သည်ကို ပြန်သတိရသွားသည်။ ထို့အပြင် သူသည် တာအိုဂါထာတော်အား အသုံးပြုခဲ့ပြီးနောက် ထို လူပုံစံစက္ကူရုပ်မှာ ထူးဆန်းနေသည်ဟုလည်း ခံစားခဲ့ရ၏။

သူသည် ထို သဲလွန်စများအားလုံးကို ပေါင်းစည်းလိုက်ပြီးနောက် အဖြေအတိအကျ ရှာမတွေ့သေးသည့်တိုင်အောင် လမ်းကြောင်းမှန်ပေါ်သို့ ရောက်နေပြီဟု ယုံကြည်နေ၏။ ထို့ကြောင့် သူသည် တစ်ခဏမျှ စဉ်းစား‌တွေးတောလိုက်ပြီး ရှန်လင်းကျစ်၏ ဝိညာဉ်အား စိုက်ကြည့်ကာဆိုလိုက်တော့သည်။

" ကောင်းပြီလေ။ မင်း လူပုံစံစက္ကူရုပ်နဲ့ ပတ်သတ်လို့ တခြား သိထားတာတွေ ရှိသေးရင် ဖုံးကွယ်မနေနဲ့။ အခုချက်ချင်း ပြောပြ။ အဲတာဆို ငါ မင်းကို သနားညှာတာဖို့ စဉ်းစားပေးမယ် "

ရှန်လင်းကျစ်မှာ ထိုစကားများကို မျှော်နေခြင်း မဟုတ်ပါသော်လည်း သူသည် လောဘကြီး၍ မဖြစ်ကြောင်း သိထား၏။ ထို့ကြောင့် သူသည် ရိုသေကျိုးနွံမှု အပြည့်ရှိသည့် အမူအရာဖြင့် သူ သိထားသမျှ အချက်အလက်အားလုံးကို ပြောပြလိုက်တော့သည်။

" သခင်။ ကျွန်တော် အဲဒီ လူပုံစံစက္ကူရုပ်ကို အပြစ်မလုပ်ရဲဘူး။ သူနဲ့ပတ်သတ်လို့ ဒီလောက်ပဲ သိထားတာပါ... ဒါပေမဲ့ ကျွန်တော် သိုလှောင်လက်စွပ်ထဲက တခြားပစ္စည်းတွေအကြောင်းကိုလည်း သိထားပါသေးတယ်... " ရှန်လင်းကျစ်မှာ အနည်းငယ်ခန့် စိုးထိတ်နေရပြီ ဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့မှာ လူပုံစံစက္ကူရုပ်အား ပို၍ စိတ်ဝင်စားနေသည်ဖြစ်ကြောင်း သတိထားမိနေသည် မဟုတ်ပါလော။ သို့သော် သူသည် ၎င်းနှင့် ပတ်သတ်၍ များများစားစားသိထားခြင်း မရှိသောကြောင့် ဝမ်ပေါင်လဲ့ အမျက်တော်ရှသွားမည်ကို စိုးရိမ်နေရ၏။ ထို့ကြောင့်လည်း သူသည် အလျင်အမြန် ဆက်ပြောလိုက်၏။

" သိုလှောင်လက်စွပ်ထဲက လေးရဲ့ စွမ်းအားက မိုးကောင်းကင်ကြီးကိုတောင် တုန်ရီသွားစေနိုင်တယ်ဗျ။ သခင်။ အဲဒီ လေးရဲ့ နောက်ကြောင်းရာဇဝင်က တော်တော်လေးကို ထူးခြားတယ်။ ကျွန်တော်ကိုယ်တိုင် နှစ်ပေါင်းများစွာ စူစမ်းလေ့လာမှုတွေ ပြုလုပ်ထားတာမလို့ အဲဒီလေးက အဆုံးမဲ့တာအိုနယ်မြေထဲမှာရှိတဲ့ ကြယ်စင်စုလေးရဲ့ ဒဏ္ဍာရီလာ ပုံစံတူကိုးခုထဲက တစ်ခုဖြစ်တယ်ဆိုတာ အပြည့်အဝ အာမခံနိုင်ပါတယ် "

" ကြယ်စင်စုလေး ဟုတ်လား " ထိုအခါ ဝမ်ပေါင်လဲ့၏ အာရုံမှာ သိုလှောင်လက်စွပ်ထဲမှ လေးပေါ်သို့ ရောက်သွား၏။ သူသည် ၎င်းမှာ ထာဝရကြယ်များနှင့် တူသည့် စက်လုံးကိုးလုံးဖြင့် အလှဆင်ထားပြီး အံ့ဩမှင်တက်ဖွယ်ရာ ကောင်းလောက်အောင် ခံ့ညားထည်ဝါနေခဲ့သည်ဖြစ်ကြောင်း မှတ်မိနေဆဲပင်။ ရှန်လင်းကျစ်၏ ပြောစကားများမှတစ်ဆင့် သူသည် ထိုလေး၏ အမည်အား သိရှိလိုက်ရ၏။

" သခင်က ဗဟုသုတ နှံ့စပ်ကြွယ်ဝလှပါပေတယ်။ ဒီလေးရဲ့ နောက်ကြောင်းရာဇဝင်ကို သိထားပြီးသား ဖြစ်နေတာကိုး။ ဟုတ်တယ်ဗျ။ ဒီလေးက ကြယ်စင်စုလေးရဲ့ ပုံစံတူတစ်ခုပဲ။ အဆုံးမဲ့တာအို နယ်မြေထဲမှာ အရမ်းကို နာမည်ကြီးတဲ့ ကြယ်နယ်မြေအဆင့်ရတနာဆယ်ခု ရှိတယ်။ အဲဒီ ရတနာ ဆယ်ခုထဲက ခြောက်ခုက ပိုင်ရှင်ရှိပြီးသား။ ဒါပေမဲ့ ကျန်တဲ့လေးခု ပျောက်နေတာ နှစ်တွေအများကြီး ရှိနေပြီ။ အဲဒီ ရတနာတွေ ဘယ်ရောက်နေမှန်း ဘယ်သူမှ မသိကြဘူး။ ကြယ်စင်စုလေးက အဲဒီ ရတနာလေးခုထဲက တစ်ခုလေ " ရှန်လင်းကျစ်မှာ မျက်နှာအမူအရာ အနည်းငယ်လေးပင် ပြောင်းလဲသွားခြင်း မရှိဘဲ မြှောက်ပင့်စကားများ ဆိုလိုက်ပြီး ချက်ချင်း ဆက်ပြောလိုက်၏။

" တကယ့် ကြယ်စင်စုလေးအစစ်က ထာဝရကြယ် အစင်း‌ရေသုံးသောင်းနဲ့ အလှဆင်ထားတာ။ အဲဒီလေးကြိုးကို တစ်ချက်ဆွဲလိုက်ရုံနဲ့ ကြယ်စင်စုတွေနဲ့ ဥပဒေသတွေအကုန် ပျက်စီးသွားနိုင်တယ်။ အဲဒီလေးက စကားလုံးနဲ့ ဖော်ပြလို့မရလောက်အောင်ကို အစွမ်းထက်တာဗျ "

" အဆောင်ပစ္စည်း သန့်စင်ခြင်းပညာရှင်တစ်ယောက်က သူ့ရဲ့ ဘဝတစ်ခုလုံး ပုံအောပြီးတော့ အဲဒီလေးရဲ့ ပုံစံတူကိုးခုကို ဖန်တီးခဲ့တာ။ အဲဒီ ပုံစံတူ တစ်ခုချင်းစီတိုင်းကို ထာဝရကြယ်ဆယ်စင်းနဲ့ အလှဆင်ထားလေ။ အဲဒီ ပုံစံတူ လေးတွေက ကြယ်စင်စုလေးအစစ်နဲ့ ယှဥ်လိုက်ရင် မိုးနဲ့မြေလို ကွာခြားနေပေမဲ့ ကြယ်နယ်မြေအဆင့် ကျင့်ကြံသူတွေတောင် အိပ်မက်ထဲမှာပဲ ပိုင်ဆိုင်ခွင့်ရှိတဲ့ အဖိုးတန် ရတနာတွေဗျ " ရှန်လင်းကျစ်မှာ ထိုသို့ဆိုလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား တစ်ချက် လှမ်းကြည့်လိုက်၏။

All Chapters