ရိုးသားစွာ ဂုဏ်ပြုခြင်း
Vol. 11 Ch. 209
မြို့ဝန်မုဖုန်းသည် ကိုယ်တိုင်ကိုယ်ကျ ဂုဏ်ပြုပေးသည်။ ဤတိုက်ပွဲတွင် အရေးအပါဆုံးဖြစ်ပြီး စစ်သည်များအားလုံး၏စိတ်ထဲမှ သူရဲကောင်းနေရာရရှိ ထားသော ပေထင်းဟွမ်သည် အခမ်းနားဆုံးဂုဏ်ပြုခံရသည်။ မြို့စောင့်များ သည် အဖွဲ့နှစ်ဖွဲ့ဖွဲ့ကာ မြေပေါ်ရှိ ကော်ဇောနီပေါ်တွင် ဖြန့်ထိုင်ကာ ပင်မစခန်း ကို ဦးဆောင်သည်။ ထိုနေရာတွင် မီးပုံပွဲစနေပြီဖြစ်သည်။ မြို့တွင်းမှ မြို့သူမြို့ သားများသည် လက်ရာမြောက်သောအစားအစာများ၊ ချိုမြိန်သောသေရည်များ နှင့် မိန်းမလှများကို ယူဆောင်လာသည်။ သူတို့၏ စွဲမက်ဖွယ်ကောင်းသော အသွင်အပြင်နှင့် သာယာသောသီချင်းသံများက အားလုံးကို စိတ်လှုပ်ရှားစေပြီး မူးယစ်စေသည်။
“သခင်ပေယဲ့”
မည်သူအော်လိုက်သည်မသိပေ။ သို့သော် အားလုံးသည် စုဝေးလာကာ လက်ထဲမှ သေရည်ခွက်များကို မြှောက်ကာ ပေထင်းဟွမ်၏ခွက်နှင့် တိုက်ကြ လေသည်။ မိန်းမလှလေးများသည် သူတို့ကို တစ်ချက်လှည့်ကြည့်ရန် မျှော်လင့်ချက်ဖြင့် ပေထင်းဟွမ်အား သူတို့၏ကြီးမားသော မျက်လုံးများကြည့် ကြလေသည်။
အနံ့အရသာအကောင်းဆုံးသေရည်ကို သူမအားပေးသည်။ ပြည့်ဖြိုးသော အသားကို သူမအားပေးသည်။ အလှဆုံးမိန်းကလေးကို သူမဆီသို့ခေါ်လာ သည်။ ပေထင်းဟွမ်အား စိတ်အားထက်သန်သောစစ်သည်များက ဝန်းရံထား သည်။ ချင်းယွိနှင့် မုယန်းတို့ သူမကို ကာကွယ်ထားပေးခြင်းကြောင့်သာ မဟုတ် လျှင် သူမသည် ထိုသွေးပူပြီး ပြတ်သားသောလူများကြောင့် အမူးလွန်ပြီး သေသွားနိုင်သည်။
ငြိမ့်ညောင်းသောတေးသံထွက်လာသည်နှင့် စခန်းတစ်ခုလုံးသည် နောက်တစ်ကြိမ် မြူးမြူးကြွကြွကြိုဆိုကြပြန်သည်။ ပေထင်းဟွမ်အား စွဲလမ်း သောမိန်းမလှလေးများသည် သူမဆီမှ အကြည့်မခွာနိုင်ကြပေ။ သူ့ကို စွဲလမ်း လေလေ သူမတို့ကို မှတ်မိစေလိုသည်။ သူမသည် ခေါင်းမော့ပြီး အော်လိုက် သည် “ဒီနေ့ည သခင်ပေယဲ့ကို သီချင်းဆိုအောင်လုပ်နိုင်တဲ့သူက ကျွန်မကို ပိုင်ဆိုင်မယ်”
“အာ…”
အော်ဟစ်သံများ ညံသွားသည်။ ထိုစကားသည် မိန်းမလှလေးများ၏ လှပသောလှည့်စားမှုဖြစ်သည်ကို သိသော်လည်း စိတ်အားထက်ကြွနေသော စစ်သည်များသည် အော်ဟစ်ကြသည်။ သူတို့၏ စိတ်အားထက်သန်မှုသည် မီး ကဲ့သို့တောက်လောင်ကာ သူတို့၏အသံများသည်လည်း တစ်ယောက်နှင့် တစ် ယောက်ထက်ပင် ကျယ်လောင်လေသည်။ ‘ပေယဲ့’ ဆိုသည့် အသံသည် ကောင်းကင်အထက်တွင် ထပ်ခါထပ်ခါ ပေါ်လာကာ ကမ္ဘာပေါ်တွင် ပဲ့တင်ထပ် နေသည် “သခင်ပေယဲ့ သီချင်းဆိုပါ”
ပေထင်းဟွမ်သည် ချင်းယွိ၏ ပခုံးကိုမှီထားသည်။ သူမသည် ရီဝေနေပြီ ဖြစ်ကာ ရေရွတ်လိုက်သည် “အစ်ကိုချင်း သီချင်းဆိုလိုက်ပါ”
“သီချင်းဆိုရမယ်ဟုတ်လား ဟုတ်ပြီ” ပေထင်းဟွမ် အနည်းငယ် ပင်ပန်း နေပြီကို ချင်းယွိသိသည်။ သူသည် လက်မြှောက်ကာ ပေထင်းဟွမ်၏ ဆံပင်ကို သပ်ပေးလိုက်သည်။ သူသည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ကာ ကောင်းကင်ထက်မှ တောက်ပနေသော လကိုကြည့်လိုက်သည်။ သူသည် လော့ပေမြို့အပြင်ဘက်ရှိ မှော်သားရဲများဝိုင်းထားစဉ်က သူကြားခဲ့သည့် သီချင်းကို အမှတ်ရသွားသည်။
“သဲမုန်တိုင်းထဲမှာ နေဖို့စိတ်ကူးမရှိခဲ့ပါဘူး
အဖော်မဲ့တဲ့ကန္တာရဖုန်လုံးတွေ
ကျန်းနန်မြို့သားတွေက မြစ်နေဝင်ချိန်ကိုကြည့်နေခဲ့တဘ်
ပြန်လည်မွေးဖွားမှုတွေ
မီးရှူးမီးပန်းတွေ
လျှပ်တပြက်ပျောက်သွားတဲ့ ချမ်းသာမှုက ပန်းချီကားတစ်ချပ်လိုပင်…”
ချင်းယွိသည် စာသားကိုမေ့သွားသည့်အလား ဆက်မဆိုနိုင်ပေ။ သူသည် အနည်းငယ် နေရခက်သွားချိန်တွင် သူ့ဘေးမှ လူသည် အသံထွက်လာသည်။ အလွန်ပင် ရင်းနှီးလှသောအသံပင်ဖြစ်သည်။
“ဓားသံတွေက စူးရှလှတယ်
မြင်းစီးသူထောင်ချီနဲ့ မြင်းသောင်းချီတို့ တိုက်ခိုက်နေကြတယ်
ဓားတစ်ချောင်းက ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်တယ်
လှည့်လိုက်တဲ့မင်းပုံစံက ကြည့်ကောင်းတယ်
ငါ့ဘဝမှာ စည်းမျဉ်းထားလိုက်ပြီ
ဒါပေမဲ့ မင်းဘယ်တော့မှ ရောက်လာနိုင်မှာမဟုတ်ဘူး
ငါ့ဘဝမှာ စည်းမျဉ်းထားလိုက်ပြီ
ဒါပေမဲ့ မင်းဘယ်တော့မှ ရောက်လာနိုင်မှာမဟုတ်ဘူး..”
ချင်းယွိသည် ရုတ်တရက် လှည့်ကြည့်လေသည်။ သူသည် ပေထင်းဟွမ် ၏မျက်လုံးထဲတွင် အပြစ်မကင်းသည့်အကြည့်များကို မြင်လိုက်ရသည်။ ပေထင်းဟွမ်ဆီမှ ရင်းနှီးသောခံစားချက်မျိုး ဘာကြောင့်ရနေသည်ကို သူ ရုတ်တရက်နားလည်သွားသည်။ ပေယဲ့ကို မြင်တုန်းက ဘာလို့ ရှောင်ကျို့ကို သွားအမှတ်ရတာလဲ။ သူတို့က တစ်ယောက်တည်းဖြစ်နေတာပဲ။ သူမသည် သူ့ကို တမင်ဖုံးကွယ်ရန်မရည်ရွယ်ပေ။ သူမသည် စပ်စုတတ်သူမဟုတ်ပေ။ သို့သော် ဝိညာဉ်ခွဲတောင်ကြားအဝင်တွင် နှင်းဝံပုလွေအဖွဲ့ကိုကယ်ကာ ဝိညာဉ် နဂါးမောက်သီးယူရန် ကူညီပေးခဲ့သည်။ သူမသည် နှင်းဝံပုလွေအတွက် ရှင်းထျန်အဖွဲ့ကို ဖျက်ဆီးခဲ့သည်။
စဉ်းစားကြည့်လျှင် သူတို့ တွေ့ဆုံကတည်းကပင် တစ်ခုပြီးတစ်ခု ဖြစ်ပျက်ခဲ့သည်။ သူမသည် သူ့ကိုပြောချင်သော်လည်း တစ်ခြားတစ်ယောက် နှောင့်ယှက်မှုကြောင့် အခွင့်အရေးလွတ်သွားခဲ့သည်။ အဲဒါကြောင့်ကိုး… သူ့ကို စိတ်ပျက်စေမယ့်ကိစ္စဆစ်ခုခုလုပ်ရင် သူမကို စိတ်မဆိုးနဲ့ လျစ်လျူမရှုနဲ့လို့ ပြောခဲ့တာကိုး။
သူမ အဲလိုမျိုး ဘာလို့ပြောတာလဲ။ သူမက သူ့ကို တစ်ခါမှစိတ်ပျက် အောင်မလုပ်ဖူးဘူး။ မသိလိုက်တဲ့အချိန်မှာတောင် သူမက နှင်းဝံပုလွေအတွက် အများကြီးလုပ်ပေးခဲ့တာပဲ။
***