လုကောရဲ့စွမ်းရည်
Vol. 19 Ch. 255
ဤကမ္ဘာ၏ကောင်းကင်တာအိုသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာထက်အားနည်းသည်။ အမြင့်ဆုံးကျင့်ကြံဆင့်မှာ ကောင်းကင်ဘုံတစ်ဝက်အဆင့်ဖြစ်ပြီး မိုးကြိုးကပ်ဘေးကိုလှုံ့ဆော်၍ ကောင်းကင်ဘုံအဆင့်ကျင့်ကြံသူများကို မွေးထုတ်မပေးနိုင်ပေ။
နေမင်းရောင်ဝါနန်းတော်နှင့် ထန်တောင်ကုန်းဓားဂိုဏ်းက ဤကမ္ဘာငယ်လေးကို ရရှိလာသောအခါတွင် မျိုးဆက်သစ်များအား ပျိုးထောင်ပေးရန် အဓိကထား၍ အသုံးပြုကြသည်။
“မူလမီးတောက်ကမ္ဘာထဲမှာ ဝိညာဉ်သတ္တု အမျိုးမျိုးရှိတယ်။ အထူးသဖြင့် မီးအမျိုးအစားသတ္တုတွေပဲ”
“ပြီးတော့ ငါတို့မူလမီးတောက်နန်းတော်မှာ လက်နက်သွန်းလုပ်ခြင်း တာအိုအမွေအနှစ်တွေလည်း ရှိတယ်။ မူလမီးတောက်ကမ္ဘာရဲ့ ကမ္ဘာမြေအဆင့်ကျင့်ကြံသူအများစုက လက်နက်သွန်းလုပ်နိုင်ကြတယ်”
မူလမီးတောက်ကမ္ဘာ၏ နယ်မြေခံကျင့်ကြံသူနှစ်ယောက်က အကောင်းဆုံးကြိုးစား၍ ရှင်းပြနေကြသည်။
ခေါင်းဆောင်တောက်ရင်သည် ရွှေအမြုတေအထွတ်အထိပ်အဆင့်တွင် ရှိနေသော ကျင့်ကြံသူကြီးတစ်ယောက်ဖြစ်ပြီး အားကောင်းသော ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ ရောက်လာခြင်း ဖြစ်သည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ စည်းကမ်းကြောင့် ဟောင်တောက်နှင့် ရှကျောက်ယွမ်တို့သည် ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့်သက်ဆိုင်နေသည်ဟု အလိုလျောက်ခံစားရပြီး သိသမျှအရာအားလုံးကို ပြောပြနေကြသည်။
ဤကမ္ဘာမျိုးက ထူးခြားသောတန်ဖိုးရှိသည်။
သူတို့၏ ရှင်းပြချက်များကို ကြားလိုက်ရသောအခါတွင် ခေါင်းဆောင်တောက်ရင်က အနည်းငယ် လောဘတက်လာသည်။
“နေမင်းရောင်ဝါနန်းတော်ဟာ အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ဘာဖြစ်လို့ ရုတ်တရက် နိမ့်ပါးသွားတာလဲ”
ခေါင်းဆောင်တောက်ရင်က ဘေးတွင် ရှိနေသော သွမ့်ယန်ကျိကို လှည့်ကြည့်သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ မရေမတွက်နိုင်လောက်သော ကျင့်ကြံသူများက ထိုအဖြေကို သိချင်ကြသည်။
ခေါင်းဆောင်တောက်ရင်၏ စကားများကို ကြားလိုက်ရသောအခါတွင် သွမ်ယန်ကျိ၏ အမူအရာက ရှုပ်ထွေးသွားသည်။ သူက ခေါင်းယမ်းလျက် ပြောသည်။
“ကျွန်တော်တို့ရဲ့ နေမင်းရောင်ဝါနန်းတော်က ကိုယ်ပိုင်မျှော်လင့်ချက်ကြောင့် ပျက်စီးသွားခဲ့တယ်လို့ပဲ ပြောနိုင်မယ်”
“နေမင်းရောင်ဝါနန်းတော်ရဲ့ခေါင်းဆောင်ဟာ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကိုတက်ဖို့ ကျရှုံးသွားတဲ့နောက် တတိယအဆင့်ဝိညာဉ်ဆေးလုံးကို အတင်းအကျပ်ဖော်စပ်ခဲ့တဲ့အတွက် ဆေးလုံးဟာ ပေါက်ကွဲသွားတယ်။ အဲဒီပေါက်ကွဲမှုကြောင့်ပဲ ဂိုဏ်းရဲ့ အကာအကွယ်ဝင်္ကပါ ပျက်စီးသွားတယ်”
“အကျိုးဆက်ကတော့ ကမ္ဘာမြေမီးတောက်ထွက်ပေါ်လာတဲ့အချိန်မှာ ဂိုဏ်းရဲ့တစ်ဝက်လောက် ပျက်စီးသွားရတယ်”
“ကျန်ရှိနေတဲ့ ကျွမ်းကျင်သူတွေက ချိပ်စည်းကိုချိုးဖျက်ပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာကနေ ထွက်သွားဖို့ ပြင်ကြတယ်”
“ရွှေအမြုတေအဆင့်ရဲ့အထက်မှာ ရှိနေတဲ့ ကျွမ်းကျင်သူအများစုက အာကာသလမ်းကြောင်းထဲကို ဝင်သွားကြတယ်”
သွမ့်ယန်ကျိက ကြေကွဲနေသော မျက်နှာထားဖြင့် တီးတိုးပြောသည်။
“ဒါပေမဲ့ လမ်းကြောင်းရဲ့အဆုံးသတ်မှာ မရေမတွက်နိုင်လောက်တဲ့ မကောင်းဆိုးဝါးမိစ္ဆာတွေရှိနေလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားဘူး ....”
မိစ္ဆာတွေ…
တောက်ရင်က မျက်မှောင်ကြုတ်လျက် လေးနက်သောအသံဖြင့်ပြောသည်။
“ပြင်ပဘုံမိစ္ဆာတွေလား… ဒါပေမဲ့ အနောက်ဘက်နယ်စပ်ကုန်းမြေမှာ မကောင်းဆိုးဝါးမိစ္ဆာတွေ သောင်းကျန်းနေတယ်လို့ ငါ မကြားမိပါဘူး”
အာကာသလမ်းကြောင်းပွင့်သွားပြီး မကောင်းဆိုးဝါးမိစ္ဆာများ ကောင်းကင်အံ့ဖွယ်ကမ္ဘာထဲသို့ဝင်ရောက်လာလျှင် ကျင့်ကြံခြင်းလောကတစ်ခုလုံး သိရှိကြပေလိမ့်မည်။
ခေါင်းဆောင်တောက်ရင်၏ စကားများကို ကြားလိုက်ရသောအခါတွင် သွမ့်ယန်ကျိက ခေါင်းယမ်းလျက် ပြောသည်။
“ကျွန်တော်တို့ နေမင်းရောင်ဝါနန်းတော်ရဲ့ ရွှေအမြုတေအဆင့်ထက်တွင် ရှိနေတဲ့ ကျွမ်းကျင်သူတွေအားလုံးက အစွမ်းကုန်ခုခံခဲ့တယ်။ ဂိုဏ်းခေါင်းဆောင်က သူ့ခန္ဓာကိုယ်ကို အသုံးပြုပြီး လမ်းကြောင်းကို ယာယီပိတ်ဆို့ဖို့အတွက် ဝိညာဉ်ကို ဖောက်ခွဲခဲ့တယ်”
“အဲဒီနောက်မှာ ဓားဘုရင်ယွမ်ထျန်းရောက်လာပြီး လမ်းကြောင်းကို အပြီးတိုင်ဖျက်ဆီးလိုက်တယ်”
“ကျွန်တော်တို့နေမင်းရောင်ဝါနန်းတော်ရဲ့ အကြီးအကဲတွေအားလုံးဟာ ကံဆိုးပြီး တစ်ညတည်းမှာပဲ အားလုံးဆုံးပါးသွားခဲ့တယ်”
“ရွှေအမြုတေအဆင့်အောက်မှာ ရှိနေတဲ့ မျိုးဆက်သစ်တပည့်တွေက မူလမီးတောက်ကမ္ဘာထဲကို ပြေင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အနောက်ဘက်နယ်စပ်ကုန်းမြေမှာပဲ ဆက်ရှိနေရင် အမွေအနှစ်က လုံးဝပျက်စီးသွားလိမ့်မယ်”
နေမင်းရောင်ဝါနန်းတော်က ထိုအဖြစ်ဆိုးမျိုး ကြုံတွေ့ရလိမ့်မည်ဟု မည်သူမှထင်မထားလောက်ပေ။
ဂိုဏ်း၏ ကျွမ်းကျင်သူများအားလုံးသည် အာကာသလမ်းကြောင်းထဲတွင် အသက်ဆုံးသွားပြီး မကောင်းဆိုးဝါးမိစ္ဆာများကို ဖိတ်ခေါ်လုနီးပါးဖြစ်သွားသည်။
နေမင်းရောင်ဝါနန်းတော်၏ နောက်ဆုံးခေါင်းဆောင်သည် ဆုံးဖြတ်ချက်ပြတ်သားသူ ဖြစ်သည်။ သူက ဝိညာဉ်ကိုဖောက်ခွဲ၍ မကောင်းဆိုးဝါးမိစ္ဆာများကို တားဆီးခဲ့သည်။
သူသည်သာ ထိုသို့မလုပ်လျှင် နေမင်းရောင်ဝါနန်းတော်တစ်ခုလုံး ပျက်စီးသွားပြီး အမွေအနှစ်လည်း ကျန်တော့မည်မဟုတ်ပေ။
“ဓားဘုရင်ယွမ်ထျန်းလား”
ဟန်မူယဲ့က မျက်မှောင်ကြုတ်လျက် သွမ့်ယန်ကျိကို ကြည့်သည်။
“လွန်ခဲ့တဲ့နှစ်ပေါင်းရှစ်ထောင်တုန်းက တိုက်ခိုက်ခဲ့တဲ့လူဟာ ဓားဘုရင်ယွမ်ထျန်းဆိုတာ သေချာလား”
လွန်ခဲ့သောနှစ်ပေါင်းရှစ်ထောင်တုန်းက ဓားဘုရင်ယွမ်ထျန်းမှာ သေဆုံးသွားပြီး ဖြစ်သည်။
ဓားဆေးလုံးများရသော မြင်ကွင်းများအရ သူသည် လွန်ခဲ့သောနှစ်ပေါင်းရှစ်ထောင်အချိန်ကာလ၌ သေဆုံးသွားခြင်း ဖြစ်သည်။
လွန်ခဲ့သောနှစ်ပေါင်းရှစ်ထောင်က ဓာဘုရင်ယွမ်ထျန်းသည် နေမင်းရောင်ဝါနန်းတော်သို့သွားခဲ့ပါက သူသည် သေချာပေါက် အသက်ရှင်လျက် ရှိနေပေလိမ့်မည်။
“အဲဒါတွေအားလုံးကို ရှေးခေတ်စာအုပ်ထဲမှာ မှတ်တမ်းတင်ထားတယ်။ အခြေအနေအတိအကျကိုတော့ မသိဘူး”
ဟန်မူယဲ့၏မေးခွန်းကို ကြားလိုက်ရသောအခါတွင် သွမ့်ယန်ကျိက တစ်ခဏမျှ စဉ်းစားလိုက်ပြီး ခေါင်းခါသည်။
ထိုဖြစ်ရပ်များအားလုံးမှာ အချိန်ကြာခဲ့ပြီ ဖြစ်သောကြောင့် သူက အမှန်ဖြစ်သည်ဟု မပြောနိုင်ပေ။
“အဲဒါက ဓားဘုရင်မဟုတ်ရင် ကောင်းကင်မြေခွေးဖြစ်လိမ့်မယ်”
ဟန်မူယဲ့၏နောက်တွင် ရပ်နေသော တာအိုဆရာတယန်က ညင်သာစွာ ပြောသည်။
‘ကောင်းကင်မြေခွေးလား’ ဟန်မူယဲ့က တွေးမိသည်။
‘ဓားဘုရင်ယွမ်ထျန်းရဲ့ ပထမဆုံးဓားဆေးလုံး’
‘ကျင့်ကြံခြင်းလောကထဲမှာ ဓမ္မရတနာတွေက လူပုံပြောင်းနိုင်တယ်။ ဓားဘုရင်ယွမ်ထျန်းက အရံအစီအစဉ် လုပ်ထားခဲ့တာလား’
“ဘုန်း ....”
ပေါက်ကွဲသံတစ်ခုအပြီးတွင် အလင်းတန်းများသည် ကောင်းကင်ကို ထိုးခွဲသွားသည်။
“ခုန်းလင်တာအိုဂိုဏ်းရဲ့မိုင်းတွင်းကို လုယက်ရဲတယ်ပေါ့လေ။ မင်းတို့က သေချင်နေတာပဲ။”
ကောင်းကင်ထက်တွင် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ကမ္ဘာမြေအဆင့်ကျင့်ကြံသူနှင့်သက်ဆိုင်သော ဖိအားတစ်ခုသည် ပေတစ်ထောင်ရှည်လျားသောတိမ်လက်ဝါးအဖြစ် ပြောင်းလဲသွားပြီး အောက်သို့ ကျဆင်းလာသည်။
ထိုလက်ဝါးချက်သည် ဟန်မူယဲ့တို့သာမကဘဲ ကျင့်ကြံခြင်းဖျက်ဆီးခံထားရသော ကျင့်ကြံသူများကိုပါ လွှမ်းခြုံထား၏။
ထိုလက်ဝါးချက်ကျဆင်းလာလျှင် နေရာအနှံ့တွင် သွေးစွန်းသွားပေလိမ့်မည်။
“အစ်ကိုလု၊ စမ်းကြည့်ရအောင် တစ်ယောက်နှစ်ယောက်လောက်တော့ အသက်ရှင်ရက် ထားလိုက်ပါ”
ဟန်မူယဲ့က မျက်လုံးမှေးကျဉ်းလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
သူ့စကားကို ကြားလိုက်ရသောအခါတွင် လုကောက ရယ်သည်။ အဝတ်စဖြင့် စည်းထားသော မျက်နှာပေါ်တွင် ကြမ်းတမ်းသောတိုက်ခိုက်လိုစိတ်များ ပေါ်လာသည်။
သူက ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်လျှင် သူ့နောက်တွင် ပေတစ်ရာရှည်သော ဓားရှည်တစ်လက်ပေါ်လာသည်။
“ဘုန်း ....”
ထိုဓားသည် ကောင်းကင်ထက်တွင် ရှိနေသော ကြီးမားလှသည့်တိမ်လက်ဝါးကို တစ်ချက်တည်းဖြင့် ဖြိုခွဲပစ်လိုက်သည်။
ဓားသွားက ရှေ့ကိုဆက်လက်ညွှန်ပြလျှက် ခုတ်ချလိုက်ပြန်သည်။
“ဘုန်း ....”
မရေမတွက်နိုင်လောက်သော ချီစွမ်းအင်အလင်းနှင့် ဓားအလင်းများပေါက်ကွဲသွားပြီး မြေပြင်ထက်သို့ လူများကျဆင်းသွားကြသည်။
“ဒါက ကျွမ်းကျင်သူတစ်ယောက်ပဲ။”
“မြန်မြန်လေး။ ပူးပေါင်းပြီးတိုက်ခိုက်ကြ။ မဟုတ်ရင် သူတို့ကို တားနိုင်မှာမဟုတ်ဘူး”
“မင်းတို့က ခုန်းလင်တာအိုဂိုဏ်းကို ရန်စရဲတယ်လား”
ဒါဇင်နှင့်ချီသောလူများက လုကောထံသို့ ပြေးဝင်လာကြပြီး ချီစွမ်းအင်အလင်း၊ ဓားအလင်းများနှင့် သူ့ကို ဝိုင်းရံတိုက်ခိုက်ကြသည်။
ထိုလူများကြားတွင် အနည်းဆုံးသုံးယောက်မှာ ကမ္ဘာမြေအဆင့်တွင် ရှိပြီး ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများကို ဆွဲယူ၍ ပေါက်ကွဲစေလိုက်သည်။
ထိုမြင်ကွင်းကြောင့် ယခုလေးတင်မှလွတ်မြောက်လာသော ကျင့်ကြံသူများက မျက်နှာများဖြူဖျော့သွားကြသည်။
သူတို့၏ ကျင့်ကြံဆင့်က ပြန်မကောင်းသေးပေ။ လုကောက ထိုတိုက်ကွက်များကို မခုခံနိုင်လျှင် ကမ္ဘာမြေအဆင့်ကျင့်ကြံသူသုံးယောက်က သူတို့အားလုံးကို သတ်သွားနိုင်သည်။
“ဟားဟား၊ အချိန်ကိုက်ပဲ”
လုကောက ကြောက်ရွံ့ဟန်မတူဘဲ ရယ်မောလိုက်ပြီး လက်သီးဆုပ်လျက် ဓားအလင်းနှင့် ချီစွမ်းအင်အလင်းများထဲသို့ တိုးဝင်သွားသည်။
သူက လက်သီးဖြင့် ထိုးချလိုက်သည်။ ဓားကိုင်ထားသော သက်လတ်ပိုင်းအရွယ် တာအိုတန်ခိုးရှင်တစ်ယောက်က သူ့လက်ကို ဓားဖြင့် ခုတ်ချလိုက်သည်။
“ခလွမ် ....”
ဓားမှာ အစိတ်အပိုင်းများအဖြစ် ကျိုးပဲ့သွားသည်။
အပိုင်းအစတစ်ခုသည် ဟန်မူယဲ့၏ခြေထောက်နားသို့ ရောက်လာသည်။
ဟန်မူယဲ့က ဓားအပိုင်းအစကို ကောက်ယူလိုက်သည်။
ဓားချီတချို့ စိမ့်ဝင်လာပြီး သူ့စိတ်ထဲတွင် မြင်ကွင်းများ မြင်လိုက်ရသည်။
ခုန်းလင်တာအိုဂိုဏ်းသည် တိမ်တိုက်ကောင်းကင်ကမ္ဘာ၏ အလယ်အလတ်တန်းစားဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။
တိမ်တိုက်ကောင်းကင်ကမ္ဘာတွင် ကောင်းကင်ဘုံအဆင့်ကျင့်ကြံသူ အများအပြားရှိသည်။ သူတို့သည် နှစ်သောင်းချီကြာအောင် နေရာအနှံ့ လိုက်လံသိမ်းပိုက်နေပြီး တခြားကမ္ဘာငယ်လေးများကို ပိုင်ဆိုင်လိုကြသည်။
ခုန်းလင်တာအိုဂိုဏ်း၏ မူလမီးတောက်ကမ္ဘာသို့ ကျူးကျော်ဝင်ရောက်လာသောဖြစ်ရပ်က လွန်ခဲ့သောနှစ်ပေါင်းတစ်သောင်းမှ စတင်၏။
သို့သော်လည်း ထိုအချိန်တွင် မူလမီးတောက်ကမ္ဘာကို နေမင်းရောင်ဝါနန်းတော်နှင့် ထန်တောင်ကုန်းဓားဂိုဏ်းတို့က ပူးပေါင်းစီမံသည်။ ထို့ကြောင့် သူတို့က ခုန်းလင်တာအိုဂိုဏ်းကို ခုခံပြီး ကျူးကျော်ရန် အခွင့်အရေးမပေးခဲ့ပေ။
နေမင်းရောင်ဝါနန်းတော် နိမ့်ပါးသွားသောအခါတွင် ခုန်းလင်တာအိုဂိုဏ်းက အခွင့်ကောင်းယူပြီး ကျူးကျော်မှုများပြုလုပ်၍ တခြားနယ်မြေများကို ဆက်တိုက်သိမ်းယူ၏။ ယခုအချိန်တွင် သူတို့က ဤကမ္ဘာငယ်၏ ခုနစ်ဆယ်ရာနှုန်းခန့်ကို ပိုင်ဆိုင်ထားသည်။
ဤကမ္ဘာငယ်၏ နယ်မြေခံများက ထန်တောင်ကုန်းဓားဂိုဏ်းနှင့် မူလမီးတောက်နန်းတော်တို့၏ ကျင့်ကြံသူများနှင့် မပူးပေါင်းခဲ့လျှင် ခုန်းလင်တာအိုဂိုဏ်းက ကမ္ဘာတစ်ခုလုံးကိုသိမ်းယူပြီး ကောင်းကင်တိမ်တိုက်ကမ္ဘာနှင့် ပေါင်းစည်းနိုင်လိမ့်မည်။
မူလမီးတောက်ကမ္ဘာကို သူတို့ အပိုင်ရသွားပါက ကောင်းကင်အံ့ဖွယ်ကမ္ဘာကို သေချာပေါက်ရှာတွေ့သွားလိမ့်မည်။
ထိုလျှို့ဝှက်ချက်သာ ပေါက်ကြားသွားပါက ကမ္ဘာနှစ်ခုကြား၌ စစ်ပွဲများ ဖြစ်လာနိုင်သည်။
မူလမီးတောက်ကမ္ဘာနှင့်ယှဉ်လိုက်လျှင် အကန့်အသတ်မဲ့ကျယ်ပြောသော ကောင်းကင်အံ့ဖွယ်ကမ္ဘာမှာ ရတနာနယ်မြေတစ်ခု ဖြစ်သည်။
လက်ထဲတွင် ရှိနေသောဓားအပိုင်းအစဆီမှ ခုန်းလင်တာအိုဂိုဏ်းနှင့် မူလမီးတောက်ကမ္ဘာထဲတွင် ရှိနေသော ရွှေအမြုတေအဆင့်ကျင့်ကြံသူများ၏ အစီအစဉ်ကို မြင်ခဲ့ရသည်။
ဤကမ္ဘာငယ်ကို သူတို့က လွှမ်းမိုးထားနိုင်သောကြောင့် ကိုယ်ပိုင်လျှို့ဝှက်ကမ္ဘာငယ်အဖြစ်ယူဆပြီး မျိုးဆက်သစ်များအားပျိုးထောင်ပေးရန် အသုံးချနေသည်။
ထိုအစီအစဉ်က နေမင်းရောင်ဝါနန်းတော်နှင့် ထန်တောင်ကုန်းဓားဂိုဏ်း၏ အစီအစဉ်နှင့် မခြားနားပါ။
“ဘမ်း ....”
တိုက်ပွဲထဲတွင် ခုန်းလင်တာအိုဂိုဏ်း၏ အခြေခံအုတ်မြစ် ပဥ္စမအဆင့်တပည့်တစ်ယောက်၏ ရင်ဘတ်ကို လုကောက လက်သီးဖြင့် ထိုးချလိုက်သည်။
ထိုတပည့်မှာ လွင့်စင်သွားပြီး လေထုထဲ အရိုးနှင့်အကြောများအဖြစ်သို့ ကျိုးပဲ့သွားသည်။ သူ့နှလုံးသွေးကြောမှာ ပျက်စီးကာ ဇီဝိန်ချုပ်ငြိမ်းသွား၏။
လုကောက နောက်တွင် ရှိနေသော ဓားရှည်ကို ရှေ့သို့ ထိုးချလိုက်သည်။ သူ့လက်သီးနှင့်ဓားမှာ မြန်ဆန်စွာ လှုပ်ရှားသွားပြီး ခန္ဓာကိုယ်ပတ်ပတ်လည်၌ စက်ဝိုင်းပုံစံ ဖြစ်လာသည်။ သူက အလွန်တက်ကြွလာပြီး တဟားဟားရယ်မောလျှက် စိတ်လိုလက်ရ တိုက်ခိုက်တော့သည်။
ဓားအလင်းနှင့် လက်သီးပုံရိပ်များ မှုန်ဝါးသွားသည်။
“သူက ရွှေတွေ၊ သံမဏိတွေနဲ့ လုပ်ထားတာလား။ ငါ့ဓားက သူ့ကို မထိုးဖောက်နိုင်ဘူး”
“သတ္တုစပ်သံမဏိထက်တောင် မာကျောနေတယ်။ ငါ့မန္တန်က သူနဲ့ထိတွေ့သွားတဲ့အခါမှာ မတုံ့ပြန်ဘူး”
“သူက ဘယ်လိုရုပ်ခန္ဓာနည်းစနစ်ကို လေ့ကျင့်ထားတာလဲ။ ဘာဖြစ်လို့ အရမ်းအားကောင်းနေတာလဲ”
လုကော၏ အားကောင်းလှသောခုခံနိုင်စွမ်းကြောင့် ခုန်းလင်တာအိုဂိုဏ်း၏လူများက ထိတ်လန့်လာသည်။
သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုက ဟာကွက်ဖြစ်ပေါ်လာသည်။ လုကောက အခွင့်ကောင်းယူပြီး သူတို့ထဲက သုံးယောက်ကို မဆိုင်းမတွဲ သတ်ပစ်လိုက်၏။
ချက်ချင်းဆိုသလို တိုက်ပွဲနယ်မြေမှာ ပြန့်ကျဲသွားသည်။ ခုန်းလင်တာအိုဂိုဏ်း၏ ကျင့်ကြံသူများက ပေထောင်ချီအကွာသို့ နောက်ဆုတ်သွားပြီး ချဉ်းကပ်မလာရဲတော့ပေ။
လုကောက သန်မာလွန်းနေသည်။
ထိုအရာက ဓားစစ်သည်နည်းစနစ်ကြောင့် ဖြစ်သည်။
ပြိုင်ဘက်ကင်းသောလုကောကို ကြည့်လျက် ဟန်မူယဲ့က ခပ်ဟဟရယ်လျက် ခေါင်းညိတ်သည်။
ထိုခွန်အားဖြင့်ဆိုလျှင် သူက ကမ္ဘာမြေအဆင့် ရွှေအမြုတေကျင့်ကြံသူများ၏ အဆင့်အောက်တွင် လွတ်လပ်စွာသောင်းကျန်းနိုင်သည်။
နောက်ပိုင်းတွင် လုကောသည် ကိုယ်ပိုင်ခွန်အားကို ဝိညာဉ်လက်နက်နှင့်ပေါင်းစပ်နိုင်လျှင် ရွှေအမြုတေအဆင့်ကျင့်ကြံသူကိုပင် အနိုင်ရနိုင်လိမ့်မည်။
ကောင်းကင်ဘုံတစ်ဝက်အဆင့်နှင့် ကောင်းကင်ဘုံအဆင့်ကိုတော့ လုကောသည် အခွင့်အရေးမရပါက တစ်သက်လုံး ရောက်နိုင်မည်မဟုတ်ပေ။
လုကောက ထိုအကြောင်းကို သိထားသည်။
သူ့အတွက် လက်ရှိကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်းကို ရရှိလာခြင်းကပင် ဂုဏ်ယူစရာတစ်ခု ဖြစ်နေသည်။
သူသည် မည်သည့်အခါမှ ပိုမိုမတောင်းဆိုခဲ့ပေ။