မီးအဆီအနှစ်သလင်းကျောက်
Vol. 19 Ch. 256
“ဂိုဏ်းတူညီလေးဟူနဲ့ စီနီယာအစ်ကိုဝမ်တို့က အဲဒီလူကို ထိန်းချုပ်ထားလိုက်။ ငါက စီနီယာအစ်ကိုကျိုးနဲ့ မိုင်းတွင်းကျွန်တွေကို သတ်ပစ်လိုက်မယ်”
ခုန်းလင်တာအိုဂိုဏ်း၏ ကျင့်ကြံသူများကို ဦးဆောင်လာသောလူက ခပ်အုပ်အုပ်အော်ဟစ်လိုက်ပြီး ဟန်မူယဲ့နှင့် တခြားလူများထံသို့ ပြေးဝင်လာသည်။
သူက အားနည်းသော ဟန်မူယဲ့တို့အုပ်စုကို မြင်နိုင်သည်။ ထို့ကြောင့် မိုင်းတွင်းကျွန်များကို အရင်သတ်ပြီး လုကောကို ဖြည်းဖြည်းချင်း ဝိုင်းရံရန် စီစဉ်လိုက်သည်။
သူ့နောက်တွင် လူတစ်ယောက် လိုက်လာသည်။ လူတချို့၏ ဓားအလင်းနှင့် ချီစွမ်းအင်အလင်းများသည် လုကောထံသို့ တိုးဝင်သွား၏။
သူတို့က လုကောကို အနီးကပ်မတိုက်ခိုက်ကြသော်လည်း အဝေးမှ ထိန်းချုပ်ထားရန်ကား မခက်ခဲပါ။
ခုန်းလင်ဓားတာအိုဂိုဏ်း၏ ကျင့်ကြံသူများ ပြေးဝင်လာကြောင်း မြင်လိုက်ရသောအခါတွင် သွမ့်ယန်ကျိနှင့် တခြားလူများက ဟန်မူယဲ့နှင့် ခေါင်းဆောင်တောက်ရင်ကို ကြည့်လိုက်ကြသည်။
တောက်ရင်၏ ကျင့်ကြံခြင်းက နက်နဲသည်။ သူတိုက်ခိုက်လျှင် ခုန်းလင်တာအိုဂိုဏ်း၏ လူများကို သေချာပေါက်တားဆီးနိုင်ပေလိမ့်မည်။
ဟန်မူယဲ့သည် မိုင်းတွင်းထဲတွင် တိုက်ခိုက်ခဲ့သည်။
သူ့ဓားချက်ကြောင့် မိုင်းတွင်းသည်ပင် ပြိုကျလုနီးပါးဖြစ်သွား၏။ သူ့တိုက်ခိုက်နိုင်စွမ်းကလည်း သေချာပေါက် အားကောင်းသည်။
သို့သော်လည်း ဟန်မူယဲ့နှင့် ခေါင်းဆောင်တောက်ရင်တို့က တိုက်ခိုက်မည့်အရိပ်အယောင်များ မရှိကြပါ။
တိုက်ခိုက်လိုက်သောလူသည် ထန်တောင်ကုန်းဓားဂိုဏ်း၏ တပည့် ရှောက်ယိုစွန်းဖြစ်သည်။
“ခလွမ် ....”
ရှောက်ယိုစွန်းက ဓားထုတ်လိုက်သောကြောင့် တောက်ပနေသောအလင်းတစ်ခု ပေါ်ထွက်လာသည်။
အရှေ့ပင်လယ်၏ ဓားနည်းစနစ်သည် လှုပ်ရှားမှုများပေါင်းစည်းခြင်းကို အသားပေးသည်။ ဓားကို အသုံးပြုလိုက်သောအခါတွင် ဓားသည် လှိုင်းလုံးများကဲ့သို့ အဆက်မပြတ်လှုပ်ရှားလာသည်။
ရှောက်ယိုစွန်း၏ဓားအလင်းက ဖြန့်ထွက်သွားပြီး မျက်နှာချင်းဆိုင်တွင် ရှိနေသော ကျင့်ကြံသူ ခုနစ်ယောက်၊ ရှစ်ယောက်ကို တားဆီးလိုက်သည်။
ကမ္ဘာမြေအဆင့်ကျင့်ကြံသူသုံးယောက်ကလည်း ဓားအလင်း၏ဖိနှိပ်မှုကို ခံလိုက်ရသည်။
“အိုး .... အထင်ကြီးစရာပဲ!”
“သူက ငယ်သေးပေမဲ့ ဓားနည်းစနစ်က တကယ်ထူးခြားတယ်”
ဟောင်တောက်နှင့် မူလမီးတောက်ကမ္ဘာမှ ကျင့်ကြံသူများအပါအဝင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ တုန်ရှန်းထုံကလည်း ရှောက်ယိုစွန်း၏ ဓားနည်းစနစ်ကြောင့် အံ့အားသင့်သွားရသည်။
ထိုလူငယ်ကျွမ်းကျင်သူ၏ အနာဂတ်မှာ အကန့်အသတ်မရှိ ကောင်းမွန်လှသည်။
ဟန်မူယဲ့က သူတို့၏ စကားများကို ဂရုမစိုက်ပေ။
သူက မျက်လုံးထဲရှိ နက်ရှိုင်းသော ဝိညာဉ်စွမ်းအင်အလင်းများဖြင့် တိုက်ပွဲမြေပြင်ကို စိုက်ကြည့်နေသည်။
စွန်းယိုရှောက်နှင့် လုကောကို တိုက်ခိုက်နေကြသော ခုန်းလင်တာအိုဂိုဏ်း၏ ကျင့်ကြံသူများသည် သူ့အာရုံထဲ၌ ဖြစ်ပေါ်လာသည်။
ဓားက လှုပ်ရှားမှုတိုင်းကို ဦးတည်ချက်များ ပြသသည်။
သူက ထိုလူများ၏ လှုပ်ရှားမှုကို ခွဲခြမ်းစိတ်ဖြာပြီး တွက်ချက်ကြည့်နေသည်။
သူက ထန်တောင်ကုန်းဓားဂိုဏ်း၏ လင်းရောင်မြောလွင့်ဓားသိုင်းကို တတ်မြောက်သွားသည်။
သူက ခုန်းလင်တာအိုဂိုဏ်း၏ မြူနှင်းတိမ်တိုက်ဓားသိုင်းကို တတ်မြောက်သွားသည်။
သူက ထန်တောင်ကုန်းဓားဂိုဏ်း၏ ဆင့်ကဲလှိုင်းလွှာဓားသိုင်းကို တတ်မြောက်သွားသည်။
သူက ခုန်းလင်တာအိုဂိုဏ်း၏ လေမင်းအားမန်ဓားသိုင်းကို တတ်မြောက်သွားသည်။
....
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဓားနည်းစနစ်မှာ ကိုယ်ပိုင်ဟန်ရှိသည်။
ဟန်မူယဲ့က အနောက်ဘက်နယ်စပ်ကုန်းမြေ၏ဓားနည်းစနစ်ကို နက်ရှိုင်းစွာ နားလည်သဘောပေါက်ထားသည်။
ယခုအချိန်တွင် သူက အရှေ့ပင်လယ်ဓားနည်းစနစ်နှင့် ပြင်ပဘုံဓားနည်းစနစ်ကို လေ့လာနေသောကြောင့် ဓားနှင့်ပတ်သတ်သောနားလည်မှုများ ပိုမိုနက်ရှိုင်းလာသည်ဟု ခံစားရသည်။
အရှေ့ပင်လယ်ဓားနည်းစနစ်က ပင်လယ်၏စွမ်းအားကို ငှားယူပြီး အဆက်မပြတ်သော ဓားကွက်များနှင့်အတူ နောက်ဆုံးတွင်တော့ မကောင်းဆိုးဝါးဆန်လှသောစွမ်းအားအဖြစ် ပြောင်းလဲသွားသည်။
ခုန်းလင်တာအိုဂိုဏ်း၏ ဓားနည်းစနစ်မှာ ဓမ္မဓားကျင့်ကြံခြင်းနှင့် ပိုမိုသက်ဆိုင်သည်။
ဓားတာအို၏ ကျင့်ကြံခြင်း၌ ခွန်အား၊ ဓားဆန္ဒနှင့် ဓားနည်းစနစ်များအားလုံးက အတူတူပင်ဖြစ်သည်။ အကောင်းလည်းမရှိသလို အဆိုးလည်းမရှိပေ။
ယနေ့တိုက်ပွဲတွင် လုကောသည် သူကျင့်ကြံသော ဓားမျိုးဆက်ခွန်အားကို ထုတ်သုံး၏။
ရှောက်ယိုစွန်းက သူကျင့်ကြံထားသော ဓားဆန္ဒကို အသုံးပြုလျှင် သူ့ဓားသည် လှိုင်းလုံးများသဖွယ် မြင့်တက်လာသည်။
ခုန်းလင်တာအိုဂိုဏ်း၏ ဓားနည်းစနစ်သည် တာအိုနည်းစနစ်များနှင့် ပေါင်းစပ်နေပြီး တိမ်များကို ဖြစ်ပေါ်လာစေသည်။
မတူညီသော ဓားနည်းစနစ်သုံးခုကိုတွေ့ရခြင်းက ရှားပါးသော ကိစ္စဖြစ်သည်။ ဟန်မူယဲ့၏ စိတ်ထဲတွင် ပုံရိပ်များသွယ်ယှက်နေပြီး သူက ဉာဏ်အလင်းများအားလုံးကို တစ်ခုတည်းအဖြစ် သတ်မှတ်လိုက်သည်။
ဓားတာအို၊ ဓားလမ်းစဉ်၊ ဓားလမ်းကြောင်း…။
ဓားတစ်သောင်းတို့အိမ်အပြန်…။
မော့ယွမ်က အရှေ့ပင်လယ်သို့သွားပြီး ထိုသို့ပြုလုပ်နေခြင်း ဖြစ်သည်။
သူက ဓားကို ပိုမိုနားလည်နိုင်ရန်အတွက် အရှေ့ပင်လယ်၏ ဓားကျင့်ကြံသူများကို စိန်ခေါ်နေသည်။
“ရွှပ် ....”
ရှောက်ယိုစွန်းက မျက်နှာချင်းဆိုင်တွင် ရှိနေသော အခြေခံအုတ်မြစ်ကျင့်ကြံသူနှစ်ယောက်ကို ဓားတစ်ချက်ဖြင့် လွင့်ထွက်သွားစေသည်။ သွေးရောင်တောက်နေသောဓားအလင်းသည် ပြန်လှည့်လာပြီး သူ့နောက်ကျောမှတိုးဝင်လာသော ရေခဲမြားကို ဖျက်ဆီးပစ်လိုက်သည်။
သူက မန္တန်များကို လုကောကဲ့သို့ ခန္ဓာကိုယ်ဖြင့် မကာကွယ်နိုင်သော်လည်း သူ့ဓားနည်းစနစ်က လုကောထက် ပိုသန်မာသည်။
ယခုအချိန်တွင် သူသည် ဓားတစ်လက်ကိုင်ထားပြီး ကမ္ဘာမြေကျင့်ကြံသူများ၏ အရှေ့တွင် သက်တောင့်သက်သာရှိစွာ လမ်းလျှောက်နေသည်။
တခြားတစ်ဘက်တွင်တော့ ခုန်းလင်တာအိုဂိုဏ်း၏ ကျင့်ကြံသူများမှာ ရှောက်ယိုစွန်းကြောင့် အပြင်းအထန်ဒဏ်ရာရသွားမည်ကို စိုးရိမ်လာကြသည်။
သူတို့က အလွယ်တကူဖြေရှင်းနိုင်မည်ဟု ထင်သော်လည်း အခွံမာသီးနှင့်တွေ့နေပေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
“ဟမ့်၊ ခုန်းလင်တာအိုဂိုဏ်းမှာ ဘယ်သူမှမရှိတော့ဘူးထင်နေတာလား”
ခေါင်းဆောင်က အံတင်းတင်းကြိတ်ထားပြီး ဓားကိုသိမ်းသည်။ သူ့လက်ဝါးပေါ်မှာ ကျောက်စိမ်းအဆောင်နှစ်ခု ပေါ်လာသည်။
“ကောင်းကင်နဲ့ မြေကြီးရဲ့တာအို။ အရာအားလုံးမှာ ဥပဒေသတွေရှိတယ်။ မီးတောက်၊ နဂါးပြောင်းလဲခြင်း ....”
သူက လက်ဖြင့် ချိပ်စည်းတစ်ခုပြုလုပ်လိုက်ပြီး မန္တန်တစ်ခုရွတ်သည်။ တိမ်တိုက်ချီများက နီရဲနေသော မီးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ကျောက်စိမ်းအဆောင် ပေါက်ကွဲသွားသောအခါတွင် သူက အော်ဟစ်လိုက်ပြီး ရှောင်ယိုစွန်းနှင့် ဝင်တိုက်လိုက်သည်။
ထိုနည်းလမ်းကြောင့် ဟန်မူယဲ့က မျက်လုံးများတောက်ပသွားသည်။
ခုန်းလင်တာအိုဂိုဏ်းသည် ထန်တောင်ကုန်းဓားဂိုဏ်း၊ နေမင်းရောင်ဝါနန်းတော်တို့နှင့် နှိုင်းယှဉ်နိုင်သည်။ သူတို့က မူလမီးတောက်ကမ္ဘာ၏ ခုနစ်ဆယ်ရာနှုန်းကို သိမ်းပိုက်ထားနိုင်သောကြောင့် အင်အားအတန်အသင့်ရှိပေလိမ့်မည်။
သူတို့၏ ဓားပညာအမွေအနှစ်မှာ သိပ်မကောင်းသော်လည်း မန္တန်နည်းစနစ်များက စိတ်ဝင်စားစရာကောင်း၏။
“ဒီလိုမှပေါ့”
ရှောက်ယိုစွန်းက အော်ဟစ်လိုက်ပြီး အချိန်အတော်ကြာအောင်လေ့ကျင့်ထားသော ဓားကွက်တစ်ခုဖြင့် ခုတ်ချလိုက်သည်။
အရှေ့ပင်လယ်ဓားကျင့်ကြံသူများက ဓားကွက်ထုတ်သုံးသောအခါတွင် ခွန်အားများကို ဆက်တိုက်စုဆောင်းထားနိုင်ကြောင်း အရှေ့ပင်လယ်ဓားနည်းစနစ်နှင့် မရင်းနှီးသောလူများက မသိနိုင်ပေ။ လိုအပ်သောအခါတွင် စုဆောင်ထားသောခွန်အားက စုပေါင်းသွားပြီး တောင်နှင့်ပင်လယ်ကို ဖြိုခွဲပစ်နိုင်သည်။
ထိုအချိန်တွင် ရှောက်ယိုစွန်း၏လက်ထဲတွင် ရှိသောဓားက ပေတစ်ထောင်ရှည်သောအလင်းစီးကြောင်းအဖြစ် ပြောင်းလဲသွားပြီး မီးနဂါးနှင့် ဝင်တိုက်လိုက်သည်။
“ဘမ်း ....”
ဓားအလင်းက မီးနဂါးကိုဝင်တိုက်ပြီး ချက်ချင်းနောက်ဆုတ်သွားစေသည်။ မီးနဂါးသည် ခုန်းလင်တာအိုဂိုဏ်း၏ လူများထံသို့ လွင့်စင်သွားပြီး သူတို့ကို ချက်ချင်းလွှမ်းခြုံသွားသည်။
မီးနဂါးပျောက်ကွယ်သွားသောအခါတွင် ခုန်းလင်တာအိုဂိုဏ်း၏ လူများ အသက်ရှင်နေရန် မသေချာတော့ပေ။
ရှောက်ယိုစွန်းက နောက်သို့လှည့်ကြည့်လိုက်သည်တွင် ဟန်မူယဲ့က သူ့အားကြည့်နေကြောင်း မြင်လိုက်ရသောအခါတွင် ရှက်ရွံ့မှုကြောင့် မျက်နှာနီရဲသွားပြီး တီးတိုးပြောလိုက်သည်။
“အမ်၊ တောင်းပန်ပါတယ်။ ကျွန်တော် မရပ်နိုင်ခဲ့ဘူး”
ဟန်မူယဲ့က လူတချို့ အသက်ရှင်လျက်ထားရမည်ဟု ပြောထားသည်။
“ဘုန်း ....”
တခြားတစ်ဘက်တွင် လုကောက လက်ထဲမှ ဓားကို ဝှေ့ယမ်းလိုက်သည်။ ဓားအလင်းသည် ပေတစ်ထောင်အကွာအဝေးကို ဖြတ်သန်းသွားပြီး ခုန်းလင်တာအိုဂိုဏ်းသားတစ်ယောက်ကို ခုတ်ဖြတ်လိုက်သည်။
တခြားလူများမှာ ထွက်ပြေးသွားသည်။
ထွက်ပြေးသွားသောလူများကို မြင်လိုက်ရသောအခါတွင် လွတ်မြောက်လာသော ကျင့်ကြံသူများက ခုန်ပေါက်ပြီး အော်ဟစ်နေကြသည်။
သူတို့ရှင်သန်နိုင်ခြင်းကြောင့်တင်မကဘဲ ရှုံးနိမ့်မှုဖြင့် ထွက်ပြေးသွားသော ခုန်းလင်တာအိုဂိုဏ်း၏လူများကို မြင်လိုက်ရသောကြောင့် စိတ်ကြေနပ်သွားသည့်အတွက် ဖြစ်သည်။
သူတို့က လုကောနှင့် ရှောက်ယိုစွန်းကို လေးစားစွာကြည့်ကြသည်။
သန်မာသူများက လေးစားမှုဖြင့် ထိုက်တန်သည်။
ဟန်မူယဲ့က ခေါင်းယမ်းလျက် ပြန့်ကျဲနေသောဓားတစ်လက်ကို တိတ်ဆိတ်စွာကောက်ကိုင်လိုက်သည်။
တခြားသော ဓားနှင့် ပစ္စည်းများကို သွမ့်ယန်ကျိနှင့် တခြားလူများက ကောက်ယူလိုက်သည်။
သူတို့က လက်နက်မရှိဘဲ ခုခံနိုင်စွမ်း ကင်းမဲ့နေသည်။ ထို့ကြောင့် မည်သည့်အရာကိုမှ ချန်ထားခဲ့မည် မဟုတ်ပေ။
ဟန်မူယဲ့က ဓားကိုသိမ်းလိုက်ပြီး ဓားချီများကို ထည့်သွင်းလိုက်သည်။
ဤတစ်ကြိမ်မှာတော့ သူက ဓားနည်းစနစ်တချို့ကို တတ်မြောက်ခဲ့သည့်အပြင် ခုန်းလင်တာအိုဂိုဏ်းနှင့် တိမ်တိုက်ကောင်းကင်ကမ္ဘာ၏ခွန်အားအကြောင်းကို ပိုနားလည်လာသည်။
တိမ်တိုက်ကောင်းကင်ကမ္ဘာက အလွန်သန်မာသည်။
ခုန်းလင်တာအိုဂိုဏ်းကလည်း အားကောင်းသည်။
ဤကမ္ဘာငယ်လေးထဲတွင် ခုန်းလင်တာအိုဂိုဏ်း၏ တပည့်များ သိန်းနှင့်ချီ၍ ရှိနေသည်။
သူတို့၏ထိန်းချုပ်မှုအောက်တွင် တခြားကျင့်ကြံသူများ တစ်သန်းခန့်ရှိနေသည်။
ထိုအရာက အလွန်စိတ်ဝင်စားဖို့ကောင်းသည်။ ခုန်းလင်တာအိုဂိုဏ်းက မူလမီးတောက်ကမ္ဘာကို ကျင့်ကြံခြင်းနေရာတစ်ခုအဖြစ် သတ်မှတ်ထားသည်။ တခြားဂိုဏ်း၏ ကျင့်ကြံသူများ ဤနေရာမှာ လေ့ကျင့်ချင်လျှင် ဝိညာဉ်ကျောက်တုံးပေးရန်သာ လိုအပ်သည်။
တိမ်တိုက်ကောင်းကင်ကမ္ဘာ၏ ဂိုဏ်းအမျိုးမျိုးမှ သောင်းချီနေသောတပည့်များက ခုန်းလင်တာအိုဂိုဏ်းကို ဝိညာဉ်ကျောက်တုံး ဆယ်သန်းခန့်ရအောင် နှစ်စဉ်ပြုလုပ်ပေးကြ၏။
အမျိုးမျိုးသော တွင်းထွက်ပစ္စည်းများလည်း ရှိသေးသည်။ ကျွန်ပြုခံထားရသော သန့်စင်ခြင်းပြုလုပ်နိုင်သည့်ကျင့်ကြံသူများက ခုန်းလင်တာအိုဂိုဏ်းကို အကန့်အသတ်မဲ့ ကြွယ်ဝလာအောင် ပြုလုပ်ပေးနိုင်သည်။
ဟန်မူယဲ့က ထိုနည်းလမ်းမျိုးဖြင့် ကြွယ်ဝလာအောင်လုပ်ခြင်းကို မနှစ်သက်ပေ။
တခြားတစ်ဘက်တွင် ခေါင်းဆောင်တောက်ရင်နှင့် တခြားလူများက ဒဏ်ရာအပြင်းအထန်ရထားသော ခုန်းလင်တာအိုဂိုဏ်း၏ တပည့်နှစ်ဦးကို စစ်မေးကြ၏။
သူတို့ရရှိလာသောသတင်းအချက်အလက်များက ဟန်မူယဲ့သိထားသောအကြောင်းအရာနှင့် ဆင်တူသည်။
“ဒီခုန်းလင်တာအိုဂိုဏ်းက မူလမီးတောက်ကမ္ဘာကနေ တကယ့်ကို အကျိုးအမြတ်တွေရခဲ့တာပဲ”
ခေါင်းဆောင်တောက်ရင်၏ မျက်လုံးများက တောက်ပသွားသည်။
“ဟန်မူယဲ့၊ သူတို့မှာ မီးအဆီအနှစ်မိုင်းတွင်းရှိတယ်။ အဲဒါက ပစ္စည်းကောင်းပဲ”
တောက်ရင်က ဟန်မူယဲ့ဘက်သို့လှည့်ပြီး ပြောသည်။
မီးအဆီအနှစ်မိုင်းတွင်းက မီးအဆီအနှစ်ကျောက်တုံးများကို ထုတ်ပေးသည်။
မီးအဆီအနှစ်ကျောက်တုံးက မီးအမျိုးအစားကျင့်ကြံခြင်းနှင့် အာခီမီပညာရပ်မှာ အဆင့်မြင့်ရတနာတစ်ခု ဖြစ်သည်။
လက်နက်နှင့် ဆေးလုံးများကိုသန့်စင်ရာတွင် မီးအဆီအနှစ်ကျောက်တုံးကို ပေါင်းထည့်လိုက်လျှင် မီးတောက်များ၏သိပ်သည်းမှုနှင့် တည်ငြိမ်မှုကို တိုးလာစေသည်။
မီးအဆီအနှစ်ကျောက်တုံးက ဝိညာဉ်ကျောက်တုံးကို အစားထိုး၍ မီးစွမ်းအင်ကျင့်ကြံသူများအတွက် မီးအမျိုးအစားဝိညာဉ်စွမ်းအင်များ ထောက်ပံ့ပေးနိုင်သည်။
“သူတို့ပြောတဲ့အတိုင်းဆိုရင် မီးတောက်အနှစ်သာရမိုင်းတွင်းမှာ စုဆောင်းထားတာတွေ အများကြီးရှိတယ်တဲ့”
ခေါင်းဆောင်တောက်ရင်က တီးတိုးပြောသည်။
“မိုင်းတွင်းက ကြီးမယ်ဆိုရင် အထဲမှာ မီးအဆီအနှစ်သလင်းကျောက်ရှိနိုင်တယ်”
“အဲဒီပစ္စည်းက ငါအဆင့်တက်သွားဖို့အတွက် အကူအညီပေးနိုင်တယ်”
အဆင့်တက်သွားရန်လား…
ခေါင်းဆောင်တောက်ရင်က ကောင်းကင်ဘုံအဆင့်သို့တက်လှမ်းခြင်းကို ဆိုလိုသည်။
ဤလူအိုကြီးက ဒေါသတချို့ ထိန်းချုပ်ထားပုံရသည်။