အကြွင်းမဲ့ ဓားရေး၏ အသေအကြေတိုက်ပွဲ အပိုင်း(၄)
Vol. 53 Ch. 729
ကျိလန်ဖန်းက မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက် ချက်ချင်းဆိုသလို အလေးအနက် ဖြစ်လာသည်။ ဓားသမားများက ဓားချက် လေးဆင့်သို့ ရောက်ရှိဖို့အတွက် လူသားနှင့် ဓား သဟဇာတဖြစ်သည့်အဆင့်သို့ ဝင်ရောက်ရမည်။
ကျင့်ကြံသူများကို မိုးမြေစွမ်းအားနှင့် ဝိညာဉ်ချီ ထိန်းချုပ်မှုကို ပိုမို မြင့်မားစေနိုင်သည့် လူသားနှင့် ကောင်းကင် သဟဇာတအဆင့်လည်း ရှိပေသည်။ သို့သော်လည်း ထိုအဆင့်က ဓားသမားများသာ ရောက်ရှိနိုင်သည့်အဆင့် မဟုတ်ပေ။ ကျင့်ကြံရေးနည်းစနစ်များစွာတွင် ကျင့်ကြံသူများ စည်းမျဉ်းစွမ်းအားကို ကိုင်စွဲနိုင်ပြီး နားမလည်ခင် လူသားနှင့် ကောင်းကင်သဟဇာတအဆင့် ဝင်ရောက်ဖို့ လိုအပ်၏။
သို့သော်လည်း သူ့အသိဉာဏ်နှင့် ဗဟုသုတများဖြင့် သူသည် ဓားနှင့် ဓား သဟဇာ ဖြစ်သည့်အဆင့်ကို မကြားဖူးပေ။
“ဒီအဆင့်က နားလည်ဖို့ လွယ်ကူပါတယ်။ ငါ့ရဲ့ ခန္ဓာကိုယ်က ဓားပဲ။ ငါ့ရဲ့ နှလုံးသားက ဓားဖြစ်ပြီးတော့ ငါက ဓားကို ကိုင်ဆောင်တယ်။ ငါက အကြွင်းမဲ့ဓား တစ်လက်ပဲ”
ဝမ်ထျန်းက အပြုံးလေးဖြင့် ပြောလိုက်၏။
သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်အဟုန်တစ်ခု ထွက်ပေါ်လာသည်။ သူက သူ့ခန္ဓာကိုယ်ခွန်အားကို ထုတ်ဖော်လိုက်သော်လည်း ထူးဆန်းသည်က သွေးစွမ်းအင်၏ စွမ်းအား မဟုတ်ဘဲ အထွတ်အထိပ် ဓား တစ်လက်၏ စွမ်းအားဖြစ်၏။
ကျိလန်ဖန်းက တစ်ဖက်လူကို တုန်လှုပ်စွာ ကြည့်လိုက်မိသည်။ သူ့အမြင်အာရုံက ပြောင်းလဲသွားပြီး ဝမ်ထျန်းကို မမြင်ရတော့ဘဲ အစစ်အမှန် ဓားတစ်လက်ကိုသာ မြင်လိုက်ရသည်။ သူ့ရှေ့ရှိလူက ခန္ဓာကိုယ်ကို စွန့်ပယ်ကာ အစစ်အမှန် ဓားတစ်လက်အဖြစ် ပြောင်းလဲသွားဟန်ပေါ်သည်။
ဝမ်ထျန်းက ဓားကို ဝှေ့ယမ်းပြီးသည့်နောက် ဓား ၁၀၈ လက်ကို ဖော်ဆောင်ကာ ဧရာမအပြာရောင်ဓားတစ်လက်အဖြစ် ပေါင်းစပ်လိုက်သည်။ ကျိလန်ဖန်းက သူ့ဓားပိုင်နက်ကို ရွေ့လျားစေရင်း အမူအရာ ပြောင်းလဲသွား၏။ သူကလည်း ပေါင်းစပ်ထားသည့် ဓား ၁၀၈ လက်ကို ဖန်တီးလိုက်သည်။
ကံဆိုးစွာဖြင့် ထိုအရာက အသုံးမဝင်ခဲ့ပေ။ ဝမ်ထျန်း၏ ဓားချက်က သူ့ဓားကို ထောပတ်တုံး ပိုင်းဖြတ်လိုက်သလိုမျိုး အလွယ်တကူ ပိုင်းဖြတ်သွား၏။ ကျိလန်ဖန်းက မည်မျှပင် တုံ့ပြန်စေကာမူ အဓိပ္ပာယ် မရှိတော့ပေ။ ထိုဓားက လမ်းတွင် ရှိသမျှအရာအားလုံးကို ပိုင်းဖြတ်ပစ်ခဲ့သည်။
သူ့အတွက် ကံကောင်းသွားသည်က ဤသည်က သေခြင်းရှင်ခြင်း ဓားတိုက်ပွဲ မဟုတ်သည့်အတွက် ဝမ်ထျန်းက သူ့ဆီ ဓားချက် မကျဆင်းခင် ရပ်တန့်လိုက်၏။
ကျိလန်ဖန်းက စိတ်လွတ်သွားသည့်အလား ငေးမောစွာ ကြည့်နေမိသည်။
“ဒါက ဓားတစ်လက်နဲ့ အသင်္ချေစည်းမျဉ်းကို ချိုးဖောက်နိုင်တဲ့ အစစ်အမှန်အဆင့်လား” သူက သူ့ဘာသာသူ ရေရွတ်လိုက်သော်လည်း နည်းလမ်းအမျိုးမျိုးဖြင့် ကြည့်ရှုနေကြသည့် လူအားလုံးက ကြားလိုက်ရသည်။ မည်သို့ပင်ဆိုစေကာမူ သူက ထိုလူများကို ဂရုမစိုက်ပေ။ သူ့အတွေးထဲသာ နစ်မြောနေ၏။
“၉ ဂဏန်းက အဆုံးစွန်ဖြစ်ပြီးတော့ ၁၂ကတော့ ပြီးပြည့်စုံမှုပဲ။ ပြီးပြည့်စုံတဲ့ ဓားအဆင့်၊ ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် စိတ်အားလုံးက ဓားပဲ။ ငါတို့မှားယွင်းနေတာ ဖြစ်နိုင်တယ်” ကျိလန်ဖန်း၏ အမူအရာက အမျိုးမျိုး ပြောင်းလဲသွားသည်။ သူက တစ်စုံတစ်ခုနှင့် ရုန်းကန်နေရပြီး အမှန်တရားကို လက်ခံဖို့ ရုန်းကန်နေရသလိုမျိုး ဖြစ်နေသည်။
“ဟား…ဟား…ဟား…ငါတို့အားလုံး မှားခဲ့တာပဲ” သူက အားပါးတ ရပြောလိုက်သည် “ငါတို့က စစ်မှန်တဲ့ ဓားသမားလမ်းစဉ်ဆီကနေ သွေဖယ်တဲ့ သန့်စင်မှုအပေါ်ကိုပဲ အာရုံစိုက်လွန်းထားခဲ့တယ်။ တကယ်ကို ရယ်ဖို့ ကောင်းလိုက်တာ”
ကျိလန်ဖန်းသာလျှင် ထိုထုတ်ဖော်မှုကြောင့် အံ့အားသင့်သွားခြင်း မဟုတ်ပေ။ ဓားစည်းမျဉ်းနှင့် ပိုင်နက်အဆင့် ရောက်ရှိသည့် ဓားသမားအားလုံးနှင့် ဓားရေးတွင် အကြွင်းမဲ့အဆင့် ရောက်ရှိခဲ့ပြီဟု တွေးထင်ခဲ့ရသူအားလုံးက တူညီသည့် တုံ့ပြန်မှုမျိုး ရှိလာခဲ့ကြသည်။
သူတို့က ဝမ်ထျန်းနှင့် အဆင့်တူအောင် သူတို့၏ ခန္ဓာကိုယ်ကို လေ့ကျင့်ရမည်ဖြစ်ကြောင်း သဘောပေါက်ခဲ့ကြသည်။ သို့သော်လည်း သူတို့၏ လမ်းစဉ်က မှားယွင်းနေသည်ကို မည်သို့ အလွယ်တကူ လက်ခံနိုင်မည်နည်း။ ခန္ဓာကိုယ်ကို လျစ်လျူရှုကာ ဓား၏ အကြွင်းမဲ့တိုက်ကွက် လမ်းစဉ်နောက်သာ လျှောက်လှမ်းကြသည့် အတွေးအခေါ်က သူတို့၏ ဝိညာဉ်နှင့် သွေးမျိုးဆက်ထဲ မျိုးဆက်များစွာတိုင် ကိန်းအောင်းနေပြီ ဖြစ်၏။
ထိုအတွေးက သူတို့၏ ဗဟိုချက် ဖြစ်လာခဲ့ပြီး သူတို့၏ ယုံကြည်ရာနှင့် ကိုယ်ပိုင်သဘောတရားတစ်ခု ဖြစ်တည်လာခဲ့ရာ မှားယွင်းနေသည်ဟု မည်သို့ အလွယ်တကူ လက်ခံနိုင်မည်နည်း။
ဂျွတ်
ကမ္ဘာတစ်ခုလုံးတွင် အက်ကွဲသံတစ်ခုကို ဆက်တိုက် ကြားလိုက်ရသည်။ လူများစွာက စိတ်ရှုပ်ထွေးသွားကြပြီး လူတချို့ကသာ ထိုအရာသည် တာအိုနှလုံးသား ကြေမွသွားသည့် ဓားသမားများကြောင့် ဖြစ်မှန်း သိကြသည်။
အသင်္ချေအင်ပါယာကမ္ဘာတစ်လျှောက် လုံလုံလောက်လောက်အဆင့်ရှိသည့် ဓားသမားအားလုံးက သွေးတစ်ပွက် အန်လိုက်ရပြီး ဖြူဖျော့သွားလေ၏။
……………………………………………………………….
ဓားရေးစံအိမ်
ကျန့်ယီက ပိတ်ကားချပ်ကို ဖြူဖျော့သည့် အမူအရာမျိုးဖြင့် ကြည့်နေလေသည်။ သူက နှုတ်ခမ်းထောင့်မှ သွေးကို သုတ်ကာ သူ့စိတ်ကို တည်ငြိမ်အောင် ထိန်းဖို့ အင်မတန် ကြိုးစားနေရ၏။ သို့သော်လည်း ဤကိစ္စက သူ ထင်ထားသည်ထက် ပိုမိုစိန်ခေါ်မှု အားကောင်းနေလေ၏။ သူ တွေးနိုင်သည့်အရာက သူ့လမ်းစဉ်သည် မှားယွင်းနေပြီး သူက လက်မခံနိုင်ခဲ့ပေ။
ဝမ်ထျန်း မှားနေတာလည်း ဖြစ်နေနိုင်တယ်။ သူက ဒီအဆင့်ကို ကွဲပြားတဲ့ အကြောင်းအရင်းတစ်ခုကြောင့် ဝင်ရောက်သွားတာလည်း ဖြစ်နေနိုင်တယ်…
သူက သူ့အတွေးများကို ထပ်ခါထပ်ခါ စဉ်းစားရင်း သူ့ကိုယ်သူ ဖျောင်းဖျဖို့ ကြိုးစားနေသည်။ ကံဆိုးစွာဖြင့် သူ့ရှေ့တွင် သက်သေရှိနေသည် မဟုတ်ပါလော။
ကျန့်ယီက အသက်ပြင်းပြင်းရှူကာ သူ့ဒဏ်ရာအတွက် ဆေးလုံးများစွာ သောက်သုံးလိုက်ရသည်။ သူ့အတွက် အကောင်းဆုံးရွေးချယ်မှုက ကောင်းကောင်းမွန်မွန် ကုသဖို့ သီးသန့်ကျင့်ကြံရေး ဝင်ရောက်ဖို့ရာသာ ဖြစ်၏။ သို့သော်လည်း ဤတိုက်ပွဲကို အဆုံးထိ ကြည့်ရမည်ဖြစ်ကြောင်း သိလေသည်။
ကျန့်ယီက အာရုံများနေစဉ် ဆန်းပြားဖွယ် တစ်စုံတစ်ခု ဖြစ်ပျက်လာခဲ့သည်။ ကျန့်ဝူရွှမ်းက လက်ချောင်းတစ်ချောင်းကို ရုတ်တရက် လှုပ်ရှားလိုက်၏။ ပထမဦးစွာ ထိုအရာက မျက်စိအမြင် မှားနေခြင်း ဖြစ်နိုင်သော်လည်း အချိန်ကုန်ဆုံးလာသည်နှင့်အမျှ သူက လက်ချောင်းကို အမှန်တကယ် လှုပ်ရှားလာစေခဲ့သည်။
“ရွှမ်းအာ” ကျန့်ယီက တအံ့တဩဖြင့် ရေရွတ်လိုက်သည်။ သူက တုံ့ပြန်မှုမရသော်လည်း သူ့မျက်နှာအထက် ပျော်ရွှင်သည့် စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ပေ။ သူက ကျန့်ဝူရွှမ်း လက်လှုပ်လာသည်ကိုသာ ကြည့်နေလိုက်၏။ ကျန့်ယီက အချိန်မဖြုန်းတော့ဘဲ အခြေအနေကို စစ်ဆေးခိုင်းဖို့ စံအိမ်၏ ဘိုးဘေးတစ်ယောက်ကို ခေါ်လိုက်သည်။
……………………………………………………………………………
တာအိုအခွင့်အလမ်းဂိုဏ်း
တိုက်ပွဲ ကြည့်နေသည့် ဘိုးဘေးများက ဓားအရှင်ကို စိုးရိမ်စွာ ကြည့်လိုက်ကြ၏။ သူတို့က ဂိုဏ်း၏ ဓားသမားအများစုသည် သွေးအန်ပြီး တာအိုနှလုံးသား ပျက်စီးသွားသည်ကို အာရုံခံမိလိုက်ကြသည်။
ကံဆိုးစွာဖြင့် သူတို့၏ စိုးရိမ်မှုက အသုံးမဝင်ပေ။
ဓားအရှင်က ပုံရိပ်ကူးပြောင်းရေးအစီအရင်ကိုသာ ငေးမောကြည့်နေရင်း သူမကို အားကောင်းကာ ဆန်းကြယ်သည့် အငွေ့အသက်တစ်ခု ရုတ်ချည်းလွှမ်းခြုံသွား၏။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူမက ရေရွတ်လိုက်သည် “ဒါက ဓားနဲ့ဓား သဟဇာတအဆင့်လား။ ဆိုးဆိုးရွားရွားနာမည်က လွဲရင် မဆိုးဘူးပဲ”
“မင်း” မူလအရှင်က မေးလိုက်သည်။
“ဧကရီက ဒီအဆင့်အကြောင်းကို ပြောပြခဲ့ဖူးပြီးတော့ ကျွန်မခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ ဖိအားပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မက အခု မတိုင်ခင်အထိ မဝင်ရောက်နိုင်ခဲ့ဘူး”
ခန္ဓာကိုယ်ကိုလေ့ကျင့်ခြင်းက ဤအဆင့်ကို ရောက်ရှိဖို့ လိုအပ်ချက်တစ်ခု ဖြစ်သော်လည်း အာမခံထားခြင်းမျိုး မရှိပေ။
“မင်း စွမ်းအားကရော” မူလအရှင်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။
“ကျွန်မလည်း အတိအကျတော့ မသိဘူး။ ဒါပေမဲ့ ကျွန်မ အဲဒီထာဝရဦးသျှောင်အိုကြီးအိုမတွေကိုတော့ မကြောက်တော့ဘူး”
ဓားအရှင်က စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းမှ ထာဝရဦးသျှောင်များကို ရှာဖွေဖို့ လူသားတည်တံ့ရေးအစီအရင်၏ အကူအညီကို မလိုတော့ကြောင်း ယုံကြည်ချက်ရှိလာသည်။
“ကောင်းတယ်။ ကောင်းတယ်”
………………………………………………………………….
ဝမ်ထျန်းက မိုးမြေ၏ အပြောင်းအလဲကို ခံစားမိလိုက်၍ သက်ပြင်းချလိုက်သည်။ သူက တိုက်ပွဲမတိုင်ခင်ကတည်းက ထိုရလဒ်ကို ခန့်မှန်းထားပြီးသား ဖြစ်၏။ သို့သော်လည်း ဓားရေးလမ်းစဉ် ဆက်လက်ဖြစ်တည်ပြီး ကြွယ်ဝစေဖို့အတွက် သူ့အပြုအမူက လိုအပ်မှန်း သိထားသည်။
ဓားက ပိုမိုအားကောင်းသည့် အရာအဖြစ် မထုဆစ်ခင် ချေမွပစ်ရမည်။ လူတော်တော်များများက သူ့အတွေးအခေါ်အသစ်နှင့် သဘောတရားကို လက်မခံနိုင်ကြောင်း သိထားလေ၏။ မည်သို့ပင်ဆိုစေကာမူ သူက ဤလမ်းစဉ်အသစ်၏ အုတ်မြစ်ကို ခင်းကျင်းဖို့ ပြင်ဆင်ထားခဲ့သည်ဖြစ်ကာ နောက်မျိုးဆက်အနည်းငယ်အတွင်း ပင်မလမ်းစဉ်တစ်ခု ဖြစ်လာလိမ့်မည်။
ဓားသမားအများစုဆီမှ ရရှိမည့် တွန်းကန်မှုကိုမူ ဝမ်ထျန်းက ဂရုမစိုက်ပေ။ သူက တာအိုကို သက်သေပြပြီးသည့်နောက်တွင် သူတို့အားလုံးကို ဖိနှိပ်ဖို့ ပြင်ဆင်ထား၏။
ငါ့ရဲ့ ဓားလမ်းစဉ်က သမာသမတ်လမ်းစဉ် ဖြစ်လာလိမ့်မယ်။ အဲဒါတော့ သေချာတယ်…
နောက်ဆုံးတွင် ကျိလန်ဖန်းက တည်ငြိမ်သွားကာ ပြောလိုက်သည် “ကျုပ် ရှုံးသွားပြီ”
သူက တည်တည်ငြိမ်ငြိမ်ပြောလိုက်၏ “ဒါပေမဲ့ ကျုပ်လမ်းစဉ်ကိုတော့ လက်မလျှော့နိုင်သေးဘူး”
သူက အရှိန်အဟုန်ကို ထပ်မံ စုစည်းလိုက်ပြီး သူ့အကြည့်များက ယခင်ထက် ပိုမိုတောက်ပလာသည် “ဘယ်လမ်းစဉ်က အကောင်းဆုံးလဲဆိုတာကို ဆုံးဖြတ်ရအောင်”
“မင်းက ဘာလို့ ခေါင်းမာနေရတာလဲ။ မစတင်ခင်ကတည်းက ဒီတိုက်ပွဲရဲ့ ရလဒ်ကို သိထားသင့်တယ်” ဝမ်ထျန်းက ဖျောင်းဖျလိုက်၏။
“ကျုပ်က ဒီလမ်းစဉ်အတွက် နှစ်သန်း ၂၃၀ လေ့ကျင့်ခဲ့ရတာ။ အလွယ်တကူ လက်မလျှော့နိုင်ဘူး” ကျိလန်ဖန်းက သက်ပြင်းချလိုက်၏။
“ငါ နားလည်ပြီ” ဝမ်ထျန်းက ပြောလိုက်သည်။ ပထမဦးစွာ ဓားဧကရီက သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ အကြံပြုခဲ့စဉ်အခါက သူမသည် စံပြဖြစ်ကာ ဓားတာအိုလမ်းစဉ်တွင် သူ့ထက် ပိုမိုမြင့်မားမှန်း သိသော်လည်း ငြင်းဆန်ခဲ့သည်။ သူ့ဉာဏ်အလင်းပွင့်မှုကြောင့်သာ မဟုတ်ပါက လက်ရှိအနေအထားသို့ ဘယ်အခါမှ ရောက်ရှိနိုင်မည် မဟုတ်ပေ။
ဝမ်ထျန်းက အသက်ပြင်းပြင်းရှူကာ သူ့အရှိန်အဝါနှင့် အငွေ့အသက်ကို ပြန်လည်စုစည်းလိုက်၏။ သူက ကျိလန်ဖန်း၏ နောက်ဆုံးသော ကြိုးပမ်းမှုက ယခင်လမ်းစဉ်ဟောင်း၏ ဓားသမားအားလုံးဆီမှ အလိုဆန္ဒသရုပ်ပြမှုဖြစ်ကြောင်း နားလည်လေသည်။
ဝမ်ထျန်းက သူ့ကို အနိုင်ယူသည်နှင့် ဓားလမ်းစဉ်အသစ်သည် ယခင်အဟောင်းကို ကျော်လွှားနိုင်မည့် အခွင့်အရေးရလာကာ ဓားလမ်းစဉ်အသစ်အတွက် ခေတ်သစ်သည် တရားဝင်စတင်လာလိမ့်မည် ဖြစ်သည်။
“အဆင်သင့်ဖြစ်ပြီလား” ဝမ်ထျန်းက မေးလိုက်၏။
“အဲဒါဆို စလိုက်ကြရအောင်”
ကျိလန်ဖန်းက သူ့အဆီအနှစ်၊ ချီနှင့် စိတ်ဝိညာဉ်ကို စုစည်းလိုက်ပြီးသည့်နောက် အထွတ်အထိပ်သို့ ရောက်ရှိစေလိုက်သည်။ ထို့နောက် သူက စည်းမျဉ်းကို အသက်သွင်းကာ ဓားဖြင့် ဝှေ့ယမ်းလိုက်သည်။
ထိုတိုက်ကွက်က ဒြပ်ထု၊ ကာလံဒေသ၊ မိုးမြေနှင့် ကံကြမ္မာပင် လိုက်မမှီလောက်အောင် မြန်ဆန်လွန်းလှ၏။
ဤဒဏ္ဍာရီလာတိုက်ပွဲကို ကြည့်ရှုနေသည့် ဓားသမား ၉၉ ရာခိုင်နှုန်းနှင့် ကျင့်ကြံသူများက ဓား၏ လမ်းကြောင်းကို လိုက်မမှီကြပေ။ မမြင်နိုင်သည့်သူများရှိသော်လည်း ခံစားမိကြ၏။
ကံဆိုးစွာဖြင့် ထိုဓားချက်က ဝမ်ထျန်းဆီ ရောက်ရှိလာသည့်အခါ ဘာမှမဖြစ်ပျက်ခဲ့ပေ။ သူက တူညီသည့် နေရာတွင် လေထုအထက် မျောလွင့်နေပြီး သူ့အဝတ်အစားအပေါ်တွင် ခြစ်ရာတစ်ခုပင် မရှိပေ။ သူက ထာဝရဆန်ကာ ဓားမသေမျိုးအရှင် တစ်ယောက်လို လေထုမျိုး ပိုင်ဆိုင်ထားလေ၏။
ကျိလန်ဖန်းက သက်ပြင်းချကာ “ခင်ဗျားက ကျုပ်ရဲ့အရှိန်ကို ပိုင်းဖြတ်လိုက်တာလား”
“အင်း” ဝမ်ထျန်းက ပြန်ဖြေလိုက်၏။ သူက တိုက်ကွက်၏ အရှိန်ကို မတုံ့ပြန်နိုင်သော်လည်း သူ့ပတ်ဝန်းကျင်တွင် အလိုလိုအသက်ဝင်နေသည့် ပိုင်နက်တစ်ခု ရှိလေသည်။ ထို့ကြောင့် ကျိလန်ဖန်း၏ တိုက်ကွက် သူ့ဆီ ရောက်လုနီးပါးဖြစ်သည့်အခါ ပိုင်နက်သည် တုံ့ပြန်လာပြီး ထိုသူ၏ အရှိန်ကို ပိုင်းဖြတ်လိုက်၏။
“ကောင်းပြီ” ကျိလန်ဖန်းက ပြောလိုက်ပြီးနောက် သူ့ တိုက်ခိုက်လိုစိတ်က အလိုလိုမြင့်တက်လာရသည် “ဒီတိုက်ပွဲက စတင်ပြီ”
***