အကြွင်းမဲ့ ဓားရေး၏ အသေအကြေတိုက်ပွဲ အပိုင်း(၅) *
Vol. 53 Ch. 730
ကျိလန်ဖန်းက အသက်ပြင်းပြင်းရှူကာ တစ်ဖက်လူဆီ ပြေးသွားလိုက်၏။ သူက အတွေးမဲ့၊ အနှောင့်အယှက်မဲ့ အနေအထားသို့ ဝင်ရောက်နေပြီဖြစ်ကာ သူ့မျက်ဝန်းတွင် ကြောက်မက်ဖွယ် တိုက်ခိုက်လိုစိတ် ကင်းအောင်းနေသည်။ သူက ဤအနိုင်မရနိုင်သည့် တိုက်ပွဲကို အနိုင်ရရှိဖို့ အကောင်းဆုံး လုပ်ဆောင်ဖို့သာ အာရုံစိုက်ထားလေသည်။
အကွာအဝေးမဲ့ ဓားချက်
သူက အကွာအဝေးသဘောတရားကို လျစ်လျူရှုထားနိုင်လောက်အောင်အထိ မြန်ဆန်စွာ ဝှေ့ယမ်းလိုက်သည်။ ထို့ကြောင့် သူ့ဓားချက်၏ အရှိန်ကို တိုးမြင့်သွားစေ၏။ ကံဆိုးစွာဖြင့် ထိုအရာက အသုံးမဝင်ခဲ့ပေ။ ဝမ်ထျန်းက အကွာအဝေးမဲ့ သဘောတရားကို ပိုင်းဖြတ်လိုက်သည်။ တခြားနည်းဖြင့် ပြောရလျှင် ကျိလန်ဖန်း၏ တိုက်ကွက်က အကွာအဝေးကို လျစ်လျူမရှုထားနိုင်တော့ဘဲ ဝမ်ထျန်းရှိရာဆီ စမှတ်(၁)မှ စမှတ်(၂)သို့ ဖြတ်သန်းလာရမည် ဖြစ်သည်။
ကျိလန်ဖန်းက ဝမ်ထျန်းဆီ သွားနေသည့် သူ့ဓားချက် ဖြည်းဖြည်းချင်း နှေးကွေးသွားသည်ကို ကြည့်နေမိသည်။
ဝမ်ထျန်းက အလွယ်တကူ ရှောင်ရှားလိုက်၏။
သေခြင်းတရားအလွန် ဓားချက်
သေခြင်းတရားက ထာဝရနှင့် အခိုက်အတန့်မျှ ဖြစ်ပေသည်။ သို့သော်လည်း ကျိလန်ဖန်း၏ ဓားချက်က သေခြင်းတရားထက်ပင် ပိုမိုမြန်ဆန်နေ၏။
ဝမ်ထျန်းက ထိုတိုက်ကွက်ကို တည်တည်ငြိမ်ငြိမ် ကြည့်နေလိုက်၏။ သူက ထိုဓားချက်ဆီမှ သေခြင်းရှင်ခြင်းစွမ်းအားနှင့် ကြောက်မက်ဖွယ်အရှိန်ကို ခံစားမိလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူ့အတွက် အသုံးမဝင်ပေ။ ဓားချက်တစ်ချက်ဖြင့် သူက သေခြင်းတရားနှင့် အရှိန်ကို ပိုင်းဖြတ်ပစ်လိုက်သည်။
ထိုစဉ် ကျိလန်ဖန်းက ဤရလဒ်ကို မျှော်လင့်ထားပြီးသားအလား စိတ်ပျက်သွားခြင်း မရှိပေ။ သူက ယခင်ဓားချက်အတိုင်း နောက်ထပ် နည်းစနစ်တစ်ခုကို ထုတ်သုံးလိုက်၏။
အဆုံးမဲ့အလျင်
ဝှစ် ဝှစ် ဝှစ်
ဓားချက်တစ်ချက်ချင်းစီတွင် ကျိလန်ဖန်း၏ အလျင်က ပိုမိုမြန်ဆန်လာသည်။ သူက အဆုံးမဲ့အလျင် သဘောတရားကိုပင် ထိတွေ့မိပြီး အဆုံးမဲ့အလျင်၏ ငါးဆ၊ အဆုံးမဲ့အလျင်၏ ဆယ်ဆနှင့် အဆနှစ်ဆယ်အခြေအနေအထိ ဝင်ရောက်သွားသည်။
ဝမ်ထျန်းက သူ့ကို တိုက်ခိုက်နေသည့် မရေတွက်နိုင်လောက်ဖွယ်ဓားချက်များကို တည်တည်ငြိမ်ငြိမ်သာ ကြည့်နေလေသည်။ လက်ရှိတိုက်ကွက်များက ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် ဝိညာဉ်ပိုင်းဆိုင်ရာထက် ကျော်လွန်နေလေ၏။ သို့သော်လည်း သူ့အလိုလိုအသက်ဝင်နေသည့် ပိုင်နက်က သူ့တာဝန်သူ လုပ်ဆောင်နေသည့်အတွက် ဓားချက်များက သူ့ဆီ ကျရောက်လာသည့်အခါ နှေးကွေးသွားလေသည်။
ဝမ်ထျန်းက ဓားကို ဝှေ့ယမ်းကာ ကျိလန်ဖန်း၏ အဆုံးမဲ့အလျင်ကို ပိုင်းဖြတ်လိုက်ပြီး ခြေလှမ်းနောက်အနည်းငယ် ဆုတ်သွားစေသည်။
အဆုံးမဲ့ဒြပ်ထုဓား
ကျိလန်ဖန်းက နည်းဗျူဟာ ပြောင်းလဲကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုအပေါ် အာရုံစိုက်ထားလိုက်သည်။ အဆုံးမဲ့အလျင်က အဆုံးမဲ့ဒြပ်ထုအဖြစ် ပြောင်းလဲသွား၏။ ထို့အပြင် ကျိလန်ဖန်းက ဝမ်ထျန်းကို ပစ်မှတ်မထားတော့ဘဲ တစ်ဖက်သူဆီ ဝန်းရံထားသည့် ပိုင်နက်အပေါ် သက်ရောက်မှုရှိစေရန် အင်အားကို ပြောင်းလဲလိုက်သည်။
ထိုဓားချက်ဖြင့် မိုးမြေကြားရှိ ခွန်အားစည်းမျဉ်းက တုန်ခါသွားလေသည်။ ကျိလန်ဖန်းက ပတ်ဝန်းကျင်နယ်မြေတစ်ခုလုံးဆီ ကြောက်မက်ဖွယ်ဖိအားကို ယူဆောင်လာလေ၏။ သူ့တိုက်ကွက်က အားကောင်းသည့် ခန္ဓာကိုယ်သည် မိုးမြေစည်းမျဉ်းကို ခွန်အားသက်သက်ဖြင့် ချိုးဖောက်နေသည့်အလား ဖြစ်သည်။
ဝမ်ထျန်းက တိတ်တဆိတ် ခေါင်းခါလိုက်၏။ တစ်ဖက်သူက အရှိန်၏ အရေးသာချက်ကို စွန့်ပစ်လိုက်၍ သူ့အတွက် ကိစ္စများက ပိုမိုလွယ်ကူသွားသည်။ သူက ပိုင်နက်ကို အသုံးပြုကာ သူ့ဓားကို အင်အားတိုးမြင့်စေလိုက်သည်။
ချွမ်
ကျိလန်ဖန်းက သူ့ဓား၏ အဆုံးမဲ့ဒြပ်ထုကို ဆုံးရှုံးသွားပြီး ထိုအရာက သာမန်အရှိန်နှင့် သာမန်တိုက်ခိုက်ရည် အလားအလာသာရှိသည့် တိုက်ကွက်တစ်ခု ဖြစ်လာလေသည်။ သူက သူ့ကမ္ဘာရှိ ဓားသမားများသည် သူနှင့် တိုက်ခိုက်သည့်အခါ မည်သို့ခံစားရကြောင်း နားလည်သွားသည့်အတွက် မလုံမလဲ ပြုံးလိုက်မိ၏။ သူတို့၏ စိတ်ပျက်မှု၊ ကူကယ်ရာမဲ့မှု၊ စိတ်ရှုပ်ထွေးမှုနှင့် သံသယဖြစ်မှုအားလုံးကို ယခုအချိန်အတွင်း သူက အားလုံးကို တွေ့ကြုံခံစားလိုက်ရသည်။
ကံကောင်းစွာဖြင့် သူက ထိုဓားသမားများကဲ့သို့ မဟုတ်ပေ။ သူ့စိတ်နှင့် တာအိုနှလုံးသားက သူတို့ထက် ပိုမိုကောင်းမွန်လေ၏။ သူက ပြန်လည်တည်ငြိမ်လာသည်နှင့် မရှုံးနိမ့်တော့ပေ။
အရိပ်အယောင်မဲ့ ဓား
ကျိလန်ဖန်းက ဓားထုတ်သည့် အမူအရာမျိုးကို လုပ်ကာ ဓားကို အလျင်အမြန် ဝှေ့ယမ်းလိုက်သည်။ ထိုတိုက်ကွက်တွင် သူ့ဓားက လျင်မြန်လွန်းလှသည့်အတွက် မမြင်နိုင်သလို အနံ့လည်းမရှိဘဲ အာရုံမခံမိနိုင်ပေ။ ထိုအရာက ကမ္ဘာ၏ အနှောင်အဖွဲ့များမှ ကင်းလွတ်သွားကာ အရိပ်အယောင်မဲ့ပြီး ပျောက်ကွယ်သွားလေသည်။
ဝမ်ထျန်း ဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်က တုန်ခါလာပြီးသည့်နောက်တွင် ပုံမှန် ပြန်ဖြစ်သွားလေသည်။ သူက ထိုတိုက်ကွက်သည် သူ့ပိုင်နက်အပေါ် သက်ရောက်မှုရှိကြောင်း သိလိုက်ရ၍ အနည်းငယ် အံ့အားသင့်သွားကာ အကြည့်များ တောက်ပလာသည်။ နှမြောစရာကောင်းလှသည်က ပထမတိုက်ကွက်ကဲ့သို့ တူညီသည့် ကံကြမ္မာမျိုး ရှိနေလေသည်။ ပိုင်နက်က အာရုံမခံနိုင်ဖွယ် သဘောတရားကို ပိုင်းဖြတ်ကာ သိသိသာသာ အားလျော့နည်းသွားစေသည်။
“ဒါလည်း ကျရှုံးသွားတာလား” ကျိလန်ဖန်းက ခေါင်းအသာယမ်းကာ ရေရွတ်လိုက်၏။
“ကျုပ်ဆီမှာ နောက်ထပ် တိုက်ကွက်နှစ်ခု ကျန်သေးတယ်။ မဟုတ်သေးဘူး သုံးခု။ တကယ်လို့ ခင်ဗျား သူတို့အားလုံးကို ပိုင်းဖြတ်နိုင်မယ်ဆိုရင် ကျုပ် အရှုံးကို ဝန်ခံမယ်”
အနာဂတ်ဓားချက်
သူ့အနားတွင် ဒုတိယပုံရိပ်တစ်ခု ထွက်ပေါ်လာကာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားလေ၏။ သူက ဓားကိုမဝှေ့ယမ်းခင် သူတို့နှစ်ဦးက ပေါင်းစပ်သွားသည်။
ဝမ်ထျန်းက မတုံ့ပြန်နိုင်သည့်အတွက် အံ့ဩစွာ ကြည့်နေလေသည်။ သို့သော်လည်း သူ့ရှေ့မှောက် စွမ်းအားပြင်း ဓားချက်တစ်ခု ထွက်ပေါ်လာပြီး ကျိလန်ဖန်း၏ တိုက်ကွက်ကို တားဆီးလိုက်သည်။ သူက ထိုတိုက်ကွက်ကို ပြန်လည်သုံးသပ်ရင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။
သူက အချိန်မြစ်ကြောင်းရဲ့ ကန့်သတ်ချက်ကို ချိုးဖောက်ဖို့ အံ့မခန်းအရှိန်ကို အသုံးပြုခဲ့ပြီးတော့ သူ့ရဲ့ အနာဂတ်ကိုယ်ကို ရယူခဲ့တာပဲ။ ပြီးတော့ သူတို့က ပေါင်းစပ်ပြီးတော့ သူတို့ရဲ့ အရှိန်ကို စိတ်ကူးမကြည့်နိုင်လောက်တဲ့ အနေအထားအထိ ရောက်ရှိသွားစေတယ်…
ဝမ်ထျန်းက ထိုတိုက်ကွက်သည် သူ့သား၏ အနာဂတ်ဗုဒ္ဓကိုယ်နှင့် တူညီသော်လည်း ကျိလန်ဖန်းက သူ့အရှိန်ဓားတာအိုကို အသုံးပြုကာ တူညီသည့်အရာကို ရယူခဲ့ခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။
အွတ်
ကျိလန်ဖန်းက ရုတ်ချည်းဆိုသလို သွေးတစ်ပွက် အန်လိုက်ရပြီး အသားအရည်က ဖြူဖျော့လာ၏။ သူက သိုလှောင်လက်စွပ်အတွင်းမှ အဆောင်တစ်ခုကို ထုတ်ကာ အသက်သွင်းလိုက်သည်။
“မင်း အဆင်ပြေရဲ့လား” ဝမ်ထျန်းက မေးလိုက်သည်။
“အချိန်မြစ်ကြောင်းရဲ့ တန်ပြန်သက်ရောက်မှုတစ်ခုပါပဲ” သူက အချိန်စည်းမျဉ်းကို မကျင့်ကြံသည့်အတွက် ထိုဓားချက်ကို အသုံးပြုခြင်းက ရံဖန်ရံခါ တန်ပြန်သက်ရောက်မှု ခံစားရသည်။ ကံကောင်းစွာဖြင့် သူသည် ကူညီနိုင်ဖို့အတွက် သီးသန့် အချိန် အဆောင်တစ်ခုကို အမြဲလိုလို ပြင်ဆင်ထားသည်။
“ဒုတိယတိုက်ကွက်” ကျိလန်ဖန်းက ပြောလိုက်၏။
“ပြန်လည်အားဖြည့်ချင်သေးလား”
“မလိုဘူး” ကျိလန်ဖန်း၏ မျက်ဝန်းအထက် ရက်စက်သည့်အမူအရာမျိုး ဖြတ်ပြေးသွားကာ ဘယ်ဖက်လက်ဖြင့် ဓားကို ပြောင်းကိုင်လိုက်သည်။
“ကျုပ်က ဒီတိုက်ကွက်ကို တစ်ခါမှ အသုံးမပြုဖူးဘူး။ အရာအားလုံးက သဘောတရားအရ ကောက်ချက်ချထားတာပဲ ရှိသေးတယ်။ အဲဒါဆိုတော့ နောက်ဆုံးရလဒ်ကို မသိရသေးဘူး။ အဲဒါကြောင့်မလို့ တာအိုရောင်းရင်း ဂရုစိုက်ပါ”
ဤသည်က မိတ်ဖြစ်ဆွေဖြစ်တိုက်ပွဲတစ်ခုသာဖြစ်သည့်အတွက် ကျိလန်ဖန်းက သူ့မိတ်ဆွေကို မတော်တဆ မသတ်ပစ်လိုပေ။
“ကျုပ် နားလည်ပြီ” ဝမ်ထျန်းက ထိုသတိပေးမှုကို အလေးအနက်မှတ်ယူလိုက်သည်။
ထို့နောက် ကျိလန်ဖန်းက ပိုင်းခြားလိုက်၏။
ဗလာနတ္ထိဓား
ဗလာနတ္ထိက သွင်ပြင်၊ ပုံသဏ္ဌာန်နှင့် အငွေ့အသက်မရှိပေ။ ဓားက အကြွင်းမဲ့ဗလာနတ္ထိအဖြစ် ရောက်ရှိသွားလျှင် မည်သို့ဖြစ်လာမည်နည်း။ ဒြပ်ထု၊ စွမ်းအင်၊ စည်းမျဉ်း သို့မဟုတ် အကွာအဝေး၊ လှုပ်ရှားချက် သဘောတရားမျိုးမရှိသည့် ဓားတစ်လက်က အလျင်ကို တုံ့ဆိုင်းစေမည်လား။
ရလဒ်ကမူ အရှိန်ကို နားလည်နိုင်စွမ်းထက် ကျော်လွန်နေလေသည်။
ဘန်း
ဝမ်ထျန်းက မီတာသိန်းချီ လွင့်စင်သွားပြီးနောက် ရပ်တန့်သွား၏။ သူ့မျက်နှာက ဖြူဖျော့ကာ အရှိန်အဝါကလည်း အားနည်းသွားသည်။
“ဗလာနတ္ထိ တားမြစ်ချက်ကို ထိတွေ့နေတဲ့ ဓားတစ်လက်ပဲ။ တကယ်ကို တော်လိုက်တာ” သူက မှတ်ချက်ပေးလိုက်သည်။ အကယ်၍ သူ့သားနှင့် ယခင်တိုက်ပွဲမှ ဗလာနတ္ထိကို မည်သို့ပိုင်းဖြတ်ရမည်ကြောင်း သင်ယူခဲ့၍သာ မဟုတ်လျှင် ဤဓားချက်တွင် ရှုံးနိမ့်သွားနိုင်သည်။
ထို့နောက် သူက ရုတ်ချည်းဆိုသလို မျက်မှောင်ကြုတ်လိုက်၏။
“အဆင်ပြေရဲ့လား” သူက အလျင်အမြန် မေးလိုက်သည်။
“ကျုပ် ထင်ထားတာထက်တော့ ပိုကောင်းပါတယ်” ဘယ်လက်ဆုံးရှုံးသွားသည့် ကျိလန်ဖန်းက ပြန်ဖြေလိုက်သည်။ ထိုတိုက်ကွက်အပြီး ထိုဘယ်ဖက်လက်က ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားလေသည်။
“မင်းက မဆင်မခြင် လုပ်လွန်းတာပဲ” ဝမ်ထျန်းက ပြောလိုက်သော်လည်း ကျိလန်ဖန်းက ဂရုမစိုက်ပေ။ သူက ထိုဓားချက်ကို ဖန်တီးခဲ့သော်လည်း အသုံးပြုဖို့ အခွင့်အရေး မရခဲ့ပေ။ သူ ထုတ်သုံးပါက ဆိုးဆိုးရွားရွားတစ်စုံတစ်ခု ဖြစ်ပျက်လာလိမ့်မည်ဟု အမြဲလိုလို ခံစားမိနေ၍ ဖြစ်သည်။
ထို့ကြောင့် သူက ထိုတိုက်ကွက်အပြီးတွင် သေဆုံးဖို့ရာအထိ ပြင်ဆင်ထားခဲ့သည်။ ကံကောင်းစွာဖြင့် သူက လက်တစ်ဖက်သာ ဆုံးရှုံးသွားခဲ့၏။ သူက မည်သို့ပင်လုပ်စေကာမူ သို့မဟုတ် မည်မျှအရင်းအမြစ်ကို အသုံးပြုစေကာမူ ထိုလက်ကို ပြန်လည်မကောင်းမွန်နိုင်စေကြောင်း သိထားသည်။ သူ့ တစ်ခုတည်းသော အခွင့်အရေးက တာအိုကို သက်သေပြပြီး ဧကရာဇ် ဖြစ်လာဖို့ရာသာ ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ ကျိလန်ဖန်းက ထိုဓားချက်သည် သူ့အရည်အချင်း၊ ပါရမီနှင့် နှစ်များစွာ ကျင့်ကြံခြင်း၏ အထွတ်အထိပ် ဖြစ်သည့်အတွက် ဂရုမစိုက်ပေ။ လက်တစ်ဖက်တည်းဖြင့် သူက သူ့ပြိုင်ဘက်အားလုံးကို ဖိနှိပ်ထားပြီး ပလ္လင်ပေါ်တွင် ထိုင်မည့်သူ ဖြစ်လာလိမ့်မည်ဟု ယုံကြည်ချက်အပြည့်အဝ ရှိသည်။
“ကျုပ် ဒီတိုက်ပွဲကို ရှုံးသွားတယ်” ကျိလန်ဖန်းက ကြေညာလိုက်သည်။
“ဒါပေမဲ့ ကျုပ်ဆီမှာ နောက်ဆုံးဓားချက်တစ်ခု ရှိသေးတယ်။ ဒါပေမဲ့ ကျုပ်အပိုင်တော့ မဟုတ်ဘူး”
သူက အကွာအဝေးတစ်နေရာကို လှမ်းကြည့်ရင်း သက်ပြင်းချလိုက်ပြီး “အဲဒါမတိုင်ခင် ရဲတင်းလွန်းတဲ့အတွက် တောင်းပန်ချင်ပါတယ်”
သူက ကောင်းကင်ထံ လက်ညှိုးထိုးလိုက်ပြီးသည့်နောက်တွင် အသင်္ချေအင်ပါယာကမ္ဘာ၏ နေရာအသီးသီးမှ အလင်းပျောက်များက ရုတ်ချည်းဆိုသလို ပျံသန်းလာလေသည်။ အရှေ့ပိုင်း၊ အနောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ အလင်းပျောက်အားလုံးပင် အပါအဝင် ဖြစ်၏။ အရှေ့ပိုင်းမှ ထွက်ပေါ်လာသည့် အလင်းပျောက်များက အများဆုံးဖြစ်ပြီး အလယ်ပိုင်းကုန်းမြေကမူ ဒုတိယအများဆုံး ဖြစ်ပေသည်။
အလင်းပျောက်များက စုဝေးလာပြီး မိုးမြေအထက် ရပ်တည်နေသည့် ဧရာမရွှေရောင် ဓားတစ်လက် ဖြစ်တည်လာသည်။
“ခင်ဗျားက ဓားလမ်းစဉ်အသစ် ဖွင့်ချင်ပေမဲ့ ဓားသမားအများစုက လက်ခံမှာ မဟုတ်ဘူး” ကျိလန်ဖန်းက ပြောလိုက်သည်။
“ဒါပေမဲ့ အခု ခင်ဗျားရဲ့ အခွင့်အရေးပဲ။ ကျုပ်က အခု အရင်ဓားလမ်းစဉ်ရဲ့ အသိဆန္ဒကို စုစည်းပေးထားတယ်။ အဲဒါကို အနိုင်ယူပြီးတော့ မိုးမြေဆီမှာ ခင်ဗျားရဲ့ ဓားလမ်းစဉ်အသစ်ကို အသိအမှတ်ပြုအောင် လုပ်လိုက်”
ဝမ်ထျန်းက ကောင်းကင်အထက် ရွှေရောင်အလင်းတန်းများကို ကြည့်လိုက်၏။ ထိုအရာက ယခင်လမ်းစဉ်ဟောင်း၏ ဓားသမားများ၏ နောက်ဆုံးသော ခုခံမှုဖြစ်ကြောင်း ပြောနိုင်လေသည်။ မဟုတ်ပါက ကျိလန်ဖန်းလိုမျိုး အပြင်လူတစ်ယောက်က ထိုသို့သော ဓားကို မည်သို့ ဖွဲ့စည်းနိုင်မည်နည်း။
“မင်းသဘောပါပဲ”
ဝမ်ထျန်း၏ အရှိန်အဝါက ရုတ်ချည်းဆိုသလို မြင့်တက်လာကာ သူ့ဓားအဆင့်အသစ်အပါအဝင် စွမ်းအားအားလုံးကို စုဝေးလိုက်သည်။ သူက ဓားကိုဝှေ့ယမ်းကာ သူ့ပစ်မှတ်ဆီ ချိန်ရွယ်နေသည့် အဖြူရောင်ဓားချက်အဖြစ် ဖန်တီးလိုက်၏။
ဝုန်း
ကျိလန်ဖန်းက ရွှေရောင်ဓားသည် နှစ်ပိုင်းကွဲလုနီးပါး အက်ကြောင်းတစ်ခု ပေါ်ထွက်လာသည်ကို ကြည့်နေရင်း အမူအရာ ပြောင်းလဲသွား၏။
“ခင်ဗျား”
သူ့မိတ်ဆွေသည် ယခင်လမ်းစဉ်ဟောင်းကို ဖြတ်တောက်လောက်အောင်အထိ ရက်စက်လိမ့်မည်ဟု ထင်မထားမိပေ။ ဆိုလိုသည်မှာ ယခုကစ၍ ယခင်လမ်းစဉ်မှ ဓားသမားများသည် မြင့်မားသည့် ဓားရေးအဆင့်သို့ ရောက်ရှိဖို့ရာ အဆရာချီ ပိုမိုခက်ခဲလာမည် ဖြစ်၏။
ထိုဓားသမားများအတွက် ရှေ့ဆက်ရမည့် တစ်ခုတည်းသောလမ်းစဉ်က ဝမ်ထျန်း၏ ဓားလမ်းစဉ်ကို အသိအမှတ်ပြုကာ သူတို့၏ စိတ်သဘောထားနှင့် အတွေးအခေါ်ကို ပြောင်းလဲဖို့ ဖြစ်သည်။ ထိုအရာက သူတို့၏ ဓားရေးကျင့်ကြံရေးကို ပုံမှန် ပြန်ဖြစ်သွားစေလိမ့်မည်။
“နှမြောစရာပဲ” ဝမ်ထျန်းက မှတ်ချက်ပေးလိုက်၏။ သူက အပြီးတိုင် မဖြတ်တောက်နိုင်ခဲ့ပေ။
“ကိစ္စမရှိဘူး။ နောင်အနာဂတ်မှာ အခွင့်အရေး ရှိသေးတယ်”
သူ တာအိုကို သက်သေပြပြီးသည်နှင့် ပထမဆုံး လုပ်မည့်အရာက ယခင်လမ်းစဉ်ဟောင်းကို ဖြတ်တောက်ကာ ဤကမ္ဘာမှအပြီးတိုင် ဖယ်ရှားပစ်ဖို့ ဖြစ်သည်။
“ကောင်စုတ်လေး မင်း ဘာလုပ်လိုက်တာလဲ” ကောင်းကင်အထက် ခပ်ဩဩအသံတစ်ခု ရုတ်ချည်း ထွက်ပေါ်လာသည်။
ဝမ်ထျန်းက မျက်မှောင်ကြုတ်လိုက်စဉ် ကောင်းကင်အထက် ပေါ်ထွက်လာသည့် လူအိုကြီးကို ကြည့်လိုက်သည်။
“ခင်ဗျားကို သိတယ်။ ခင်ဗျားက ဓားရေးစံအိမ်က ဓားရေး(၁)ပဲ”
ဓားရေး(၁)က ဝမ်ထျန်းကို ပြန်မဖြေဘဲ အဝေးတစ်နေရာကိုသာ ကြည့်နေသည်။
“ရှင်က ဘာတွေဂရုစိုက်နေတာလဲ။ ဘာဖြစ်ဖြစ် ကျွန်မတို့လို လူတွေအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ဘူး” ဓားအရှင်က ပြောလိုက်သည်။
“အဲဒါက အခု သူ အားနည်းနေသေးလို့လေ” ဓားရေး(၁)ကလည်း ပြန်ပြောလိုက်သည်။ သူက ဝမ်ထျန်းတာအိုကို သက်သေပြလိုက်သည်နှင့် ဓားသမားများ၏ ကံကြမ္မာကို ကြိုတင်မြင်နေရ၏။
“ပြီးတော့ ငါ့ဂိုဏ်းရဲ့ အုတ်မြစ်ကိုလည်း ထည့်စဉ်းစားရဦးမယ်”
“အဲဒါဆိုလည်း လမ်းစဉ်ပြောင်းလိုက်ပေါ့” ဓားအရှင်က ပြောလိုက်၏။
“သူ့လမ်းစဉ်က ပိုကောင်းပြီးတော့ ရှင်တို့ဂိုဏ်းတစ်ခုလုံးရဲ့ အင်အားကို တိုးမြင့်ပေးနိုင်တယ်”
“လူတွေက လမ်းစဉ်အလွယ်တကူ ပြောင်းလို့ရမယ်များ ထင်နေလား” ဓားရေး(၁)က ဝမ်ထျန်း၏ အပြုအမူသည် အသင်္ချေအင်ပါယာကမ္ဘာတစ်လျှောက် ဓားကျင့်ကြံသူများထံ စိတ်ပျက်ဖွယ် ကပ်ဘေးမျိုး ဖြစ်လာမည်ကို ကြိုတင်မြင်နေရသည်။
“ကျွန်မ ဂရုမစိုက်ဘူး” ဓားအရှင်က ပြောလိုက်သည်။
“ကမ္ဘာကြီးက ပြောင်းလဲနေပြီ။ တကယ်တော့ ရှင်တို့က အပြောင်းအလဲအလိုက် နေသင့်တယ်။ မဟုတ်ရင် အချိန်တိုက်စားခံပြီးတော့ ပျက်သုဉ်းသွားဖို့သာ ပြင်ထားလိုက်”
ဓားရေး(၁)က အံကြိတ်လိုက်ပြီးသည့်နောက်တွင် ဝမ်ထျန်းကို သတ်ဖြတ်လိုစိတ်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူက ကျိလန်ဖန်းကိုလည်း တူညီသည့်အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။ သို့သော် သူနှင့် အဆင့်တူသည့် လူတစ်ယောက်က သူ့ကို စိုက်ကြည့်နေသည်ကို ခံစားမိလိုက်၏။ ထိုနယ်ခြားသည် သူ့ကို ကာကွယ်ပေးမည့် ဆန့်ကျင်ကျင့်ကြံသူတစ်ယောက်နှင့်အတူ ရောက်လာကြောင်း နားလည်လိုက်သည်။
သူက အေးစက်စက် သရော်လိုက်ပြီးသည့်နောက်တွင် ပျောက်ကွယ်သွား၏။ သူက ဂိုဏ်း၏ အခြေခံအုတ်မြစ် မပျက်စီးသွားစေရန် သေချာအောင် လုပ်ဖို့ လိုအပ်နေသည်။
***