နောက်ဆက်တွဲ
Vol. 53 Ch. 731
ဝမ်ထျန်းက ဓားရေးအရှင် ဒေါသတကြီး ထွက်သွားသည်ကို ကြည့်နေပြီး ဂရုမစိုက်ပေ။ သူက သူ့အပြုအမူအတွက် လက်ခံရရှိမည့် တန်ပြန်သက်ရောက်မှုကို မျှော်လင့်ထားပြီးသား ဖြစ်၏။ သို့သော်လည်း ယခင်အစီအစဉ်က တာအိုကိုသက်သေပြပြီးသည့်နောက်မှ ယခင်ဓားလမ်းစဉ်ကို ဖြတ်တောက်ဖို့ ဖြစ်သည်။ ထိုအခါ သူက တစ်ကမ္ဘာလုံးကို ဖိနှိပ်ထားနိုင်မည့် စွမ်းအား ရှိလာပြီး ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးအပေါ်ပင် သက်ရောက်မှု ရှိလာလိမ့်မည်။
သူ့ဆုံးဖြတ်ချက်က သဘာဝကျသော်လည်း ကိစ္စဆိုးတစ်ခု မဟုတ်ကြောင်း သုံးသပ်မိ၏။ အသင်္ချေအင်ပါယာကမ္ဘာ၏ ဓားသမားများက ထိုဓားသမားကို နေသားကျဖို့ မျိုးဆက်တစ်ခုလုံး အချိန်ရသွားလိမ့်မည်။ ကံဆိုးစွာဖြင့် တခြားကောင်းကင်အလိုဆန္ဒကမ္ဘာများကမူ သူ့အနေဖြင့် သူတို့လမ်းစဉ်ကို အပြီးတိုင် ဖြတ်တောက်လိုက်သည်နှင့် ထိုသို့ဇိမ်ခံမှုမျိုး ရှိတော့မည် မဟုတ်ပေ။
ဝမ်ထျန်းက တိတ်တဆိတ် ခေါင်းခါလိုက်ပြီးနောက်တွင် ကျိလန်ဖန်း၏ အခြေအနေကို အာရုံစိုက်ထားလိုက်သည်။ သူက ဒဏ်ရာအနည်းငယ်မျှ ရရှိသော်လည်း ကျိလန်ဖန်း၏ အခြေအနေက သူ့ထက် ပိုမိုဆိုးရွားနေ၏။
“မင်းက အတော်လေး အကျိုးအကြောင်း မသင့်လုပ်နေတာပဲ”
“ဟား…ဟား…ဟား…အမှန်ပဲ။ ဒါပေမဲ့ ကျုပ်ရဲ့ ကျင့်ကြံရေးခရီးလမ်း တစ်လျှောက်မှာ ဒီလိုမျိုး အားပါးတရ တိုက်ပွဲမျိုး တစ်ခါမှ မတိုက်ခဲ့ဖူးဘူး” ကျိလန်ဖန်းက ပြန်ဖြေလိုက်၏။
“အဲဒါကြောင့် ထိုက်တန်ပါတယ်”
သူက ဤတိုက်ပွဲတိုအတွင်း နှစ်သန်းချီကြာ သီးသန့်ကျင့်ကြံလိုက်သည်ထက် ပိုသည့် အတွေ့အကြုံမျိုး သင်ယူခဲ့ရကြောင်း ယုံကြည်ချက်ရှိရှိ ပြောနိုင်လေသည်။
“အဲဒါဆိုတော့ ဘာဆက်လုပ်မှာလဲ”
“ကျုပ်က ကယ်တင်လို့ မရလောက်အောင်အထိ ခေါင်းမာနေတာ မဟုတ်ဘူး။ ပိုမိုကောင်းမွန်တဲ့ လမ်းစဉ်ကို ပြပြီးပြီဆိုမှတော့ မလျှောက်ဘူးဆိုရင် အရူး ဖြစ်နေမှာပေါ့” ကျိလန်ဖန်းက ပြန်ဖြေလိုက်၏။
သူ့ရည်မှန်းချက်က ဓားရေး၏ အထွတ်အထိပ်ကို မြင်တွေ့ဖို့ရာဖြစ်၏။ ဝမ်ထျန်းက သူ့အား ဓားရေး၏ အစစ်အမှန်ထိပ်သီးကို ပြသခဲ့ပြီဖြစ်ရာ သူ့လမ်းစဉ်ကို ပြောင်းဖို့ တုံ့ဆိုင်းနေခြင်း မရှိပေ။
“အဲဒါဆို ကောင်း…” ဝမ်ထျန်းက တစ်ဝက်တစ်ပျက် ပြောပြီးသည့်နောက်တွင် တိမ်တိုက်မှ ခရမ်းရောင်အလင်းကို ခံစားမိလိုက်၍ ခေါင်းမော့ကြည့်လိုက်သည်။
“ခရမ်းရောင် ကုသိုလ်ပဲ” ကျိလန်ဖန်းက အနည်းငယ် အံ့အားသင့်သွားစွာ ပြောလိုက်သည်။
ဝမ်ထျန်းက လူများစွာ ပြောသည့်အတိုင်း လမ်းစဉ်အသစ်ကို ဖန်တီးခဲ့ခြင်း မဟုတ်ပေ။ ပြောရလျှင် ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံး အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာအထိ ဓားသမားများက အစွန်းရောက်လမ်းစဉ်ကို လျှောက်လှမ်းပြီး အဆီအနှစ်၊ ဝိညာဉ်နှင့် ချီသဟဇာတဖြစ်သည့် အတွေးအခေါ်ကို လျစ်လျူရှုထားသည့်အတွက် ဓားလမ်းစဉ်က သွေဖယ်နေခဲ့သည်။
ဝမ်ထျန်းက ဓားသမားအားလုံးကို မိုးမြေနှင့် တစ်သားတည်းဖြစ်စေမည့် မှန်ကန်သော လမ်းစဉ်ကို ပြန်လည်ပြောင်းရွှေ့ခဲ့လေသည်။ သူ့အနေဖြင့် သူ့အကျိုးပြုမှုအတွက် အမြင့်မားဆုံး ခရမ်းရောင် ကုသိုလ်ကို လက်ခံရရှိခဲ့သည်။
ဝမ်ထျန်းက ကုသိုလ်ကို လက်ခံလိုက်ရင်း တည်တည်ငြိမ်ငြိမ် ပြုံးလိုက်၏။ သူက ခေါင်းမာနေသည့် ဓားသမားများအား သူ့လမ်းစဉ်သည် သမာသမတ်ကျကြောင်း ပြဖို့ ထိုဖြစ်ရပ်ကို အသုံးပြုနိုင်လေသည်။ ဤသမာသမတ်ကျသည့် လမ်းစဉ်အောက်တွင် သူက သူ့ဘက်တွင် ဓားသမားများစွာကို စုစည်းနိုင်လိမ့်မည်။
“တာအိုရောင်းရင်းကို ဂုဏ်ပြုပါတယ်” ကျိလန်ဖန်းက အပြုံးလေးဖြင့် ပြောလိုက်သည်။
“ကျေးဇူးပါ” ဝမ်ထျန်းက တစ်စုံတစ်ခုတွေးမိဟန်ဖြင့် ပြောလိုက်သည် “ဝေ့အာ ဒီကိုလာခဲ့ဦး”
လေဟာနယ်ဖွင့်ဟလာကာ ဝမ်ဝေ့က လျှောက်လှမ်းထွက်လိုက်၏။
“ညီအစ်ကိုကျိ မတွေ့တဲ့အတောအတွင်း အခြေအနေဘယ်လိုလဲ” ဝမ်ဝေ့က အပြုံးလေးဖြင့် ပြောလိုက်သည့်အတွက် ဝမ်ထျန်းက ရှုံ့မဲ့သွားလေသည်။ သူက ကျိလန်ဖန်းကို မိတ်ဆွေရင်းနှင့် ညီအစ်ကိုတစ်ယောက်အဖြစ် သတ်မှတ်ထားပြီးပြီဖြစ်ကာ ထိုသူနှင့် ဓားညီအစ်ကို ဖြစ်လာဖို့အထိ ထည့်စဉ်းစားပြီးသား ဖြစ်၏။
ကံဆိုးစွာဖြင့် ကျိလန်ဖန်းက သူ့သားနှင့် မျိုးဆက်တူ ဖြစ်နေလေသည်။ အကယ်၍ သူသာ ထိုသူနှင့် ဓားညီအစ်ကို ဖြစ်လာခဲ့ပါက ဝမ်ဝေ့သည် ထိုလူအား ဦးလေးဟု ခေါ်ဆိုနေရပေမည်။ သို့သော် ယခုတွင် ဝမ်ဝေ့က ကျိလန်ဖန်းကို ညီအစ်ကိုဟု သုံးစွဲလိုက်သည့်အတွက် သူတို့သုံးဦးကြားက ဝါစဉ်က ပိုမိုရှုပ်ထွေးလာသည်။
အဆိုးရွားဆုံးက ဝမ်ထျန်းသည် သူ့သားက တမင် လုပ်ဆောင်လိုက်ကြောင်း သိနေလေ၏။
“အခြေအနေကောင်းပါတယ်” ကျိလန်ဖန်းက အနည်းငယ်ရှက်ရွံ့စွာ ပြန်ဖြေလိုက်၏။ သူက ဤအဖွဲ့၏ ဝါစဉ်နှင့် ပတ်သက်ပြီး အနည်းငယ်နေရခက်သလို ခံစားနေမိသည်။ လှည့်ဖျားရေးစစ်ဆေးမှုအတွင်း ယခင်သူက လွတ်လပ်ကာ ဤသို့ ကိစ္စမျိုးကို ဂရုမစိုက်ပေ။
သို့သော်လည်း ထိုစဉ်ကတည်းက အချိန်များစွာ ကြာမြင့်သွားပြီဖြစ်၏။ သူ့အင်အားစု၏ ဂိုဏ်းချုပ်ဖြစ်လာပြီးသည့်နောက်တွင် သူက ရင့်ကျက်လာကာ လူမှုဆက်ဆံရေးများကို လိုက်ပါဆောင်ရွက်နေရသည်။
“မင်းလည်း အခြေအနေကောင်းပုံပဲ” ကျိလန်ဖန်းက ဝမ်ဝေ့၏ သူ သဘောကျသလို လွတ်လပ်စွာ လှုပ်ရှားနိုင်သည့် စွမ်းရည်ကို အနည်းငယ် အားကျနေမိသည်။ သူက သူ့ငယ်စဉ်ပုံရိပ်ကို မကြာခဏ လွမ်းဆွတ်မိ၏။
“ဟုတ်တယ် ကျုပ်လည်း အဆင်ပြေတယ်။ ဒီဟာက ကြာရှည်ခံဖို့ မျှော်လင့်ပါတယ်” သူက အမည်မသိ အဓိပ္ပာယ်တချို့ဖြင့် ပြန်ဖြေလိုက်သည်။
“ဝေ့အာ … ကျိလန်ဖန်းရဲ့ လက်မောင်းကို ကူညီပေးနိုင်လား”
“အချိန်နှင့် ဗလာနတ္ထိစွမ်းအားကို ပေါင်းစပ်ပြီးတော့ သူ့လက် မဆုံးရှုံးခင်အချိန်ကို ပြန်လည်ပြောင်းလို့ရတယ်”
“မင်း အဆင်ပြေပါ့မလား”
“ရက်အနည်းငယ်တော့ ကြာလိမ့်မယ်”
“အဲဒါဆို ကောင်းပြီ”
“အဲလိုလုပ်ဖို့မလိုဘူး” ကျိလန်ဖန်းက ရုတ်ချည်းဆိုသလို ခေါင်းယမ်းလိုက်သည်။
“တာအိုရောင်းရင်း”
“ကျုပ်က သေချာမလေ့ကျင့်ထားပဲနဲ့ ထုတ်ဖော်ခဲ့တာ။ အဲဒါကြောင့် မပြီးပြည့်စုံမှုလို့ မှတ်ယူလို့ရတယ်။ ဒါပေမဲ့ ဒီဆုံးရှုံးသွားတဲ့လက်နဲ့ဆိုရင် ဗလာနတ္ထိစွမ်းအားကို ပိုမိုခံစားနိုင်ပြီးတော့ အဆုံးသတ်နိုင်လိမ့်မယ်” ကျိလန်ဖန်းက ရှင်းပြလိုက်သည်။
“လက်တစ်ဖက်ထဲနဲ့ အဆင်ပြေပါ့မလား” ဝမ်ထျန်းက မေးလိုက်၏။
“လက်တစ်ဖက်ထဲနဲ့ဆိုရင်တောင် ကျုပ်မျိုးဆက်ကို အနိုင်ယူနိုင်ပါသေးတယ်” ကျိလန်ဖန်းက ပြန်ဖြေလိုက်သည်။ သူ့ရှင်းပြချက်က ဝမ်ဝေ့၏ အကူအညီကို ငြင်းဆန်ဖို့ အကြောင်းအရင်း တစ်ခုတည်းကြောင့်သာ မဟုတ်ပေ။ ဓားသမားတစ်ယောက်အနေဖြင့် သူ့အလိုလိုသိစိတ်က ထိုသူ့အပေါ် ကံကြွေးတင်ရှိသည်က မကောင်းကြောင်း ပြောပြနေသည်။
ဝမ်ဝေ့က ကျိလန်ဖန်း၏ သဘောထားကို ခံစားမိလိုက်သော်လည်း သူက ဘာမှမပြောပေ။ ကျိလန်ဖန်းက သူ့အစီအစဉ်အတွက် အားကောင်းသည့် မဟာမိတ်တစ်ယောက် ဖြစ်လာနိုင်သည်။
သို့သော်လည်း အကယ်၍ ထိုသူက သူ့လမ်းတွင် ဝင်ရောက်နှောင့်ယှက်ပါက သူ့အဖေကြောင့် သူ့ကို သက်ညှာပေးမည် ဖြစ်ကာ ဒိုင်မေးရှင်းအမြင့်ဆီသာ နှင်ထုတ်လိုက်မည် ဖြစ်သည်။
“ဟုတ်တယ် ယောက်ျားသားဆိုတာက ဒီလိုလွှမ်းမိုးတဲ့ စိတ်ဓာတ်မျိုး ရှိသင့်တယ်” ဝမ်ထျန်းက ခေါင်းညိတ်လိုက်ပြီး သူ့မိတ်ဆွေ၏ စိတ်အခြေအနေသည် သူ လိုအပ်နေသည့် အရာဖြစ်ကြောင်း ခံစားမိ၍ ပြောလိုက်သည်။ ဓားသမားတစ်ယောက်အတွက် တူညီသည့် အင်အားစုနှင့် ရင်ဆိုင်ရသည့်အခါ လက်များက အရေးကြီးပြီး ကွဲပြားချက် အနည်းငယ်ကပင် အနိုင်ရရှိသူကို ဆုံးဖြတ်ပေးနိုင်သည်။
“ကောင်းပြီ။ အခု အပေးအယူကို အဆုံးသတ်ရမဲ့အချိန်ပဲ” ဝမ်ထျန်းက သူ့သားကို ကြည့်ကာ ပြောလိုက်သည်။
ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးသည့်နောက်တွင် ပတ်ဝန်းကျင်နယ်မြေတစ်ခုလုံးကို အစီအရင် ချမှတ်လိုက်၏။
သူက အစီအရင်ကို အသက်သွင်းလိုက်ပြီးသည့်နောက် အဖွဲ့၏ ခေါင်းအထက် အချိန်မြစ်ကြောင်းတစ်ခု ပေါ်ထွက်လာသည်။ ထို့နောက် အချိန်မြစ်ကြောင်းမှ ဧရာမကုန်းမြေတစ်ခု ထွက်ပေါ်လာ၏။ ကံကောင်းစွာဖြင့် ဝမ်ဝေ့က ကမ္ဘာကြီး၏ စောင့်ကြည့်နေသည့်သူများကို တားဆီးနိုင်ခဲ့သည်။ မဟုတ်ပါက လူများစွာက ထိုကုန်းမြေသည် သူတို့နှစ်ဦးရှိခဲ့သည့် နယ်မြေ၏ ပြီးပြည့်စုံသည့် ပုံပွားတစ်ခုဖြစ်ကြောင်း သတိပြုမိသွားကြလိမ့်မည်။
“ကောင်းလိုက်တာ” ကျိလန်ဖန်းက ပြောလိုက်၏။ သူက ဝမ်ဝေ့သည် သူတို့တိုက်ခိုက်ခဲ့သည့် တူညီသည့် နယ်မြေကို တခြားအချိန်စက်ဝန်းမှ ဆွဲထုတ်လိုက်ကြောင်း မြင်နိုင်သည်။
“ဟူး” ဝမ်ဝေ့က သက်ပြင်းချလိုက်၏။
“အလုပ်ဖြစ်လို့ တော်သေးတယ်”
သူ့လက်ရှိအင်အားဖြင့် အပြိုင်အချိန်စက်ဝန်းများဆီ သွားရောက်စွက်ဖက်ခြင်းက အန္တရာယ်များလှပြီး ဆိုးဆိုးရွားရွား တန်ပြန်သက်ရောက်မှုကို ဖြစ်ပေါ်စေနိုင်သည်။ ကံကောင်းစွာဖြင့် ထိုသူနှစ်ဦးကြားမှ တိုက်ပွဲက လတ်တလော ဖြစ်ရပ်ဖြစ်ကာ သူ့အနေဖြင့် ထိုကုန်းမြေနှင့် ကံဆက်နွယ်မှုတချို့ ရှိနေစေသည်။
“ငါတို့ သဘောတူထားတဲ့အတိုင်း ဒီကုန်းမြေက မင်းအပိုင်ပဲ” ဝမ်ထျန်းက ပြောလိုက်သည်။
ကျိလန်ဖန်းက ခေါင်းညိတ်ကာ လက်ဝှေ့လိုက်ပြီးသည့်နောက် ကမ္ဘာငယ်လေးကို ဖန်တီးလိုက်ပြီး ကုန်းမြေကို အထဲတွင် သိမ်းဆည်းလိုက်သည်။
စူးရှသည့် အကြည့်မျိုးရှိသည့် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် လူလတ်အရွယ် အမျိုးသားတစ်ဦးက ကျိလန်ဖန်းနောက်တွင် ထွက်ပေါ်လာသည်။ ဝမ်ဝေ့နှင့် ဝမ်ထျန်းတို့က ထိုသူ၏ ဇစ်မြစ်ကိုမှန်းဆမိကာ အရိုအသေပြုလိုက်ကြ၏။
လူအိုကြီးက ပြန်လည်အရိုအသေပြုကာ ပြောလိုက်သည် “ဂိုဏ်းချုပ် ကျုပ်တို့ သွားဖို့လိုပြီ”
ကျိလန်ဖန်းက မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက်တွင် လက်ရှိအခြေအနေကို သဘောပေါက်သွားသည်။ ဝမ်ထျန်းက ယခင်လမ်းစဉ်ဟောင်းကို ဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်ခဲ့သော်လည်း သူက စုစည်းပေးခဲ့ခြင်း ဖြစ်သည်။ ပြင်ပလူတစ်ယောက်အနေဖြင့် သူတို့ ခွင့်ပြုချက်ပေးသည်ကို အသင်္ချေအင်ပါယာကမ္ဘာ၏ ဓားသမားများက ဂရုမစိုက်ဘဲ သူ့အပေါ်သာ အပြစ်တင်ကြလိမ့်မည်။
“ကျုပ်သိပြီ” သူက ခေါင်းညိတ်လိုက်ပြီးသည့်နောက်တွင် ဝမ်ထျန်းနှင့် ဝမ်ဝေ့အား နှုတ်ဆက်ပြီးသည့်နောက် ထွက်ခွာလာလိုက်သည်။
“ကျွန်မလည်း လိုက်မယ်” သူမက လူတချို့သည် ကျိလန်ဖန်းနောက်ကွယ်မှ ဂိုဏ်းကို တာအိုအခွင့်အလမ်းဂိုဏ်းနှင့် ရန်သူဖြစ်လာဖို့ ဖိအားပေးလိုကြောင်း သိလိုက်သည်။
ဝမ်ဝေ့က သူ့အဖေကို အာရုံစိုက်ထားလိုက်ပြီး “ဒီနေရာကို ဘာလုပ်မှာလဲ။ ဂိုဏ်းအတွက် ထားမှာလား ဒါမှမဟုတ် တခြားဓားသမားတွေအတွက် ဖွင့်လှစ်ပေးမှာလား”
“ဂိုဏ်းက ထိန်းချုပ်ရမယ်။ ဒါပေမဲ့ ငါ့လမ်းစဉ်ကို ဓားသမား အများကြီးရောက်အောင် အသုံးချဖို့ လိုတယ်”
“ဒီလိုဆိုရင် ကမ္ဘာရဲ့ စုဝေးပြီး ထိန်းချုပ်နိုင်ဖို့ ဓားမဟာမိတ်ကို ဖွဲ့စည်းလိုက်ရင်ရော။ အဲလိုဆိုရင် ဒီနေရာကို အခြေစိုက်စခန်းအဖြစ်ထားပြီးတော့ သူတို့ဓားအဆင့်(၁)ကနေ (၁၂)အထိ ခွဲခြားလို့ရတယ်။ အဖေက မဟာမိတ်ခေါင်းဆောင်လုပ်ပေါ့။ မျိုးဆက်တိုင်းမှာ အကောင်းဆုံးဓားသမားက ခေါင်းဆောင်ဖြစ်ဖို့ ရွေးချယ်ခံရမယ်”
ဝမ်ထျန်းက ထိုအစီအစဉ်သည် မည်မျှကောင်းမွန်ကြောင်း သဘောပေါက်သွားသည့်အခါ အကြည့်များ တောက်ပလာသည်။ ထိုဓားမဟာမိတ်ဖြင့် တာအိုအခွင့်အလမ်းဂိုဏ်းသည် စစ်တပ်နှင့် အာဏာအရ တိုးပွားလာလိမ့်မည်။
မဟာမိတ်ခေါင်းဆောင်က ဂိုဏ်းမှ မဟုတ်လျှင်ပင် မဟာမိတ်ဌာနချုပ် ရှိသည့်နေရာက တာအိုအခွင့်အလမ်းဂိုဏ်းအပိုင် ဖြစ်နေသည့်အတွက် မဟာမိတ်အတွင်း အာဏာတချို့ ဆုပ်ကိုင်နိုင်လိမ့်မည်။
“ဓားသမားတော်တော်များများက ချုပ်နှောင်ခံရတာကို သဘောမကျဘူး။ ဒါပေမဲ့ ကိစ္စတော့ မရှိပါဘူး။ သူတို့က မဟာမိတ်ရဲ့ ပြင်ပအဖွဲ့သား ဖြစ်လာပြီးတော့ အမှတ်ရယူဖို့ တာဝန်တွေ လုပ်ဆောင်နိုင်တယ်။ သူတို့က အမှတ်ကို သုံးပြီးတော့ ဒီကောင်းချီးနယ်မြေမှာရှိတဲ့ ဓားနယ်ပယ်အဆင့်ကို နားလည်အောင် လုပ်နိုင်တယ်”
“အဲဒါအကြံကောင်းပဲ” ဝမ်ဝေ့က ပြောလိုက်၏။ ဓားသမားများက ကမ္ဘာရှိ အကောင်းဆုံး တိုက်ခိုက်ရေး အင်အားစု ဖြစ်ပေသည်။ ဓားမဟာမိတ်မှတဆင့် သူသည် သူတို့၏ စွမ်းအားကို စုဝေးကာ အသုံးပြုနိုင်လိမ့်မည်။
“နောင်အနာဂတ်ကျရင် ဂိုဏ်းက ဓားသမားတွေကို အသုံးပြုဖို့ အရင်းအမြစ်များများ သုံးသင့်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။ တာအိုအခွင့်အလမ်းဂိုဏ်းတွင် ဓားဧကရီ၏ အမွေအနှစ် ရှိထားပြီး ဝမ်ထျန်းက ဂိုဏ်းချုပ်အဖြစ် ထမ်းဆောင်နေစဉ်အတွင်း ဓားသမားမြောက်များစွာ ရှိခဲ့သည်။ သို့သော်လည်း ဝမ်ဝေ့က မလုံလောက်သေးကြောင်း ခံစားမိ၍ ဓားသမားများများကို ပြုစုပျိုးထောင်ပေးဖို့ အရင်းအမြစ်များကို တိုးမြင့်ပေးရန် ဆုံးဖြတ်လိုက်သည်။
“အဲဒါအကြံကောင်းပဲ။ ပြီးတော့ ဒုခေါင်းဆောင်အတွက် အသင့်တော်ဆုံးလူကို သိတယ်” ဝမ်ထျန်းက ပြန်ဖြေလိုက်သည်။
“ဘယ်သူလဲ”
“ငါ တောင်းပန်ဖို့လိုနေတဲ့ မိတ်ဆွေဟောင်း တစ်ယောက်ပဲ” သူက သက်ပြင်းချကာ ပြောလိုက်၏။ သို့သော်လည်း သူက အသေးစိတ်ကို ပြောမပြပေ။
“ဒီနောက်ဆက်တွဲကို ဖြေရှင်းဖို့ မင်းဆီမှာ အပ်ခဲ့မယ်။ ငါ တခြားတစ်နေရာကို သွားဖို့လိုတယ်။”
ထို့နောက် သူက ပျောက်ကွယ်သွားကာ ဆွံ့အနေသည့် ဝမ်ဝေ့ကိုသာ ချန်ထားခဲ့သည်။
“တစ်ခါတလေ ဂိုဏ်းချုပ် ဖြစ်ရတာလည်း ဆိုးသားပဲ”
သူက ဤနယ်မြေနှင့် ပတ်သက်ပြီး ဖြေရှင်းဖို့ လူများကို ဆင့်ခေါ်လိုက်သည်။
တာအိုအခွင့်အလမ်းဂိုဏ်းက ဓားသမားများအတွက် ဤသို့သော ကောင်းချီးနယ်မြေကို ယူလိုက်သည့် ကိစ္စကိုမူ မည်သူကမှ ဘာမှမပြောရဲကြဘဲ နောင်တသာ ရနေကြသည်။
***