ဓားမဟာမိတ်
Vol. 53 Ch. 733
ဝမ်ထျန်းက အလယ်ပိုင်းနယ်မြေ၏ မြောက်ဖက်စွန်းဆီ ကူးသန်းသွားလိုက်သည်။ ထိုနေရာက အထွတ်အထိပ်ဓားနယ်မြေဟု သိထားသည့် နယ်မြေတစ်ခု ဖြစ်၏။ သူက ထိုနယ်မြေ၏ အစည်ပင်ဆုံးနေရာဖြစ်သည့် စွမ်းအားကြီးဓား မြို့တော်ဆီ ဦးတည်လိုက်သည်။
ဝမ်ထျန်းက မြို့အရှင်ဆီ တိတ်တဆိတ် သွားရောက်တွေ့ဆုံခဲ့၏။ သို့သော် သူ့ကို အံ့အားသင့်သွားစေသည်က လူနှစ်ယောက်က သူ့ကို စောင့်ဆိုင်းနေဟန်ပေါ်သည်။ တစ်ယောက်က အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်အရွယ်အမျိုးသားတစ်ဦး ဖြစ်ကာ နောက်တစ်ယောက်ကမူ သွေးစွမ်းအား ပြည့်နှက်နေသည့် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးငယ်တစ်ဦး ဖြစ်သည်။
“ရွှယ်ရှန်းက အရှင်ဝမ်ထျန်းကို ဂါရဝပြုပါတယ်” ထိုမိန်းမငယ်လေးက နှုတ်ဆက်လိုက်၏။
“ငါ့ကို စောင့်နေတာလား”
“ဆရာက အရှင် လာမယ်ဆိုတာကို ပြောထားလို့ပါ”
ဝမ်ထျန်းက ထိုအရာကို ကြားပြီး သက်ပြင်းချလိုက်ကာ “ကောင်းပြီ ရှေ့ကနေ လမ်းပြ”
“ဟုတ်ကဲ့ပါ။ ဒီလမ်းကို ကြွပါ” လူလတ်အရွယ်အမျိုးသားက မြို့အရှင်ဖြစ်သည်။ သူက အင်အားစုနှင့် အရင်းအမြစ်များ ပြည့်နှက်နေသည့် ဤမြို့ကြီးကို ထိန်းချုပ်ထားသော်လည်း တာအိုအခွင့်အလမ်းဂိုဏ်း၏ ယခင်ဂိုဏ်းချုပ်ဟောင်းထံ မလေးမစားမပြုမူရဲပေ။
မြို့အရှင်က အစီအရင်ပြည့်နှက်နေသည့် လျှို့ဝှက်အခန်းအတွင်း ဦးဆောင်ခေါ်လာခဲ့၏။ သူက အချိန်မဖြုန်းနေဘဲ သူတို့ကို အသက်သွင်းလိုက်သည့်အချိန် ဝမ်ထျန်းနှင့် ရွှယ်ရှန်းတို့က ပျောက်ကွယ်သွားသည်။
ဝမ်ထျန်းက သိပ်မကြာခင် ကမ္ဘာငယ်တစ်ခုဆီ ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။ အဝေးတွင် မြင့်မားလှသည့် တောင်တစ်လုံးရှိပြီး တောင်ခြေပတ်လည်တွင် မြို့များစွာ ရှိလေသည်။ သူက လေထုထဲ ဓားများဖြင့် ပျံသန်းနေသည့် လူများကိုပင် မြင်တွေ့လိုက်ရသည်။ ဝမ်ထျန်းက ဤကမ္ဘာငယ်အတွင်းရှိ လူ ၉၅ ရာခိုင်နှုန်းသည် ဓားကို ပင်မလက်နက်အဖြစ် အသုံးပြုကြကြောင်း အလျင်အမြန် သတိထားမိလိုက်သည်။
ထို့အပြင် သူက မိုးမြေကြားရှိ ဝိညာဉ်ချီက ကြမ်းတမ်းလွန်းလှသည့်အတွက် ကျင့်ကြံဖို့ စုပ်ယူရန် စိန်ခေါ်မှု ပိုမိုဖြစ်စေမှန်း သတိထားမိလိုက်သည်။
တစ်ချိန်တုန်းက ငါက မောက်မာပြီးတော့ ဒီနတ်ဆိုးနတ်ဘုရားဓားဂိုဏ်းကလူတွေကို ဓားသမား မဟုတ်ဘဲ ဓားအသုံးပြုသူလို့ ခေါ်ခဲ့တယ်။ ဒါပေမဲ့ အခုတော့…
သူက တိတ်တဆိတ်သာ ခေါင်းအသာယမ်းလိုက်၏။ ထို့နောက် သူက ရွှယ်ရှန်းနောက်မှ လိုက်ကာ မြင့်မားသည့် တောင်ထိပ်ဆီ ပျံသန်းသွားလိုက်သည်။ သူမက သူ့ကို ခန်းမအတွင်း ဝင်ရောက်ဖို့ အမူအရာပြခဲ့၏။ သူမက လိုက်မဝင်ခဲ့ပေ။
ထိုစဉ် ဝမ်ထျန်းက ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူရှိပြီး ကြွက်သားအပြိုင်းပြိုင်းနှင့် စွမ်းအားကြီး ဓားအငွေ့အသက်ကို ပိုင်ဆိုင်ထားသည့် လူအိုကြီးတစ်ယောက်ကို မြင်လိုက်ရသည်။ သို့သော်လည်း သူ့ကို သတိထားမိစေဆုံးအချက်က ဘယ်ဖက်မျက်လုံးပေါ်ရှိ အမာရွတ် ဖြစ်ပေသည်။
“အဲဒါဆိုတော့ ခင်ဗျားကလည်း ဒီအဆင့်ကို ရောက်သွားပြီကိုး”
“ဒါပေါ့” ဖန်ရွှင်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
“ငါက အုတ်မြစ်ရှိထားပြီးသားလေ။ မင်းရဲ့ သရုပ်ဖော်မှုကို မြင်တွေ့ပြီးတဲ့နောက်မှာ ဒီအဆင့်ကို ရောက်သွားတာ ပုံမှန်ပါပဲ”
“ဟုတ်တယ်။ ခင်ဗျားတို့ နတ်ဆိုးနတ်ဘုရားဓားဂိုဏ်းက တစ်လျှောက်လုံး မှန်နေခဲ့တာပဲ” ဝမ်ထျန်းက ရေရွတ်လိုက်သည်။
နတ်ဆိုးနတ်ဘုရားဓားဂိုဏ်းက မဟာဧကရာဇ်တစ်ပါး ရှိထားသော်လည်း သက်တမ်းရင့် ဂိုဏ်းတစ်ခု ဖြစ်ပေသည်။ သူတို့၏ တည်ထောင်သူ နတ်ဆိုးနတ်ဘုရားဓားဧကရာဇ်က ယုံကြည်မှုခေတ်ကာလအတွင်း တည်ရှိခဲ့ပြီး အတော်အတန် ထူးချွန်ခဲ့သည်။ သူက ဓားသမားများသည် အားကောင်းသည့် ခန္ဓာကိုယ်လိုအပ်ပြီး သူတို့၏ အဆီအနှစ်၊ စိတ်ဝိညာဉ်နှင့် ချီကို မြင့်မားသည့် အဆင့်ရောက်အောင် ဖွဲ့စည်းသင့်ကြောင်း ပထမဆုံးဟောပြောခဲ့သူ ဖြစ်ပေသည်။
ကံဆိုးစွာဖြင့် သူက ဓားရေးတွင် မဟုတ်ဘဲ ခန္ဓာကိုယ်သန့်စင်ခြင်းတွင် ပါရမီထူးကဲခဲ့၏။ သူ တာအိုကို သက်သေမပြခင် ဓားပိုင်နက်အဆင့် မဟုတ်ဘဲ ဓားစည်းမျဉ်းအဆင့်သာ ရှိခဲ့သည်။ ဆိုလိုသည်မှာ သူက သူတော်စင်အဆင့်၏ ပိုင်နက်မှတဆင့် ဓားစွမ်းအားကို အသုံးပြုနိုင်သော်လည်း ၁၁ဆင့်မြောက် ရောက်ရှိထားသည့် ဓားသမားများကဲသို့ မတူညီပေ။
သို့သော်လည်း သူက စွမ်းအားကြီး ပထမတန်းစား ဧကရာဇ်တစ်ပါး ဖြစ်ခဲ့လေသည်။
နတ်ဆိုးနတ်ဘုရားဓားဧကရာဇ်က ဂိုဏ်းကို ဖန်တီးပြီး နောက်မျိုးဆက်ထံ သူ့၏ အတွေးအခေါ်များကို ဖြန့်ဝေပေးဖို့ မျှော်လင့်ထားခဲ့သည်။ ကံဆိုးစွာဖြင့် သူတို့ဂိုဏ်းက ခေတ်ကာလလေးခုတိုင် သန့်စင်ဓားသမားများ၏ လှောင်ပြောင်ရယ်မောမှုကိုသာ ခံခဲ့ရ၏။
ယနေ့မတိုင်ခင်အထိ
“ဘာလို့ ဒီကိုရောက်လာတာလဲ” ဖန်ရွှင်းက ဝမ်ထျန်းအား ထိုင်ဖို့ရာပင်မပြောဘဲ မေးလိုက်သည်။
“ဘာလို့ရောက်လာတယ်ဆိုတာကို ခင်ဗျားလည်း သိပါတယ်”
ဖန်ရွှင်းက ဘာမှမပြောဘဲ ဝမ်ထျန်းကိုသာ စိုက်ကြည့်လိုက်၏။
“တောင်းပန်ဖို့ရောက်နေတာပါ” ဝမ်ထျန်းက ထိုသူ၏ မျက်နှာမှ အမာရွတ်ကို ကြည့်ရင်း ပြောလိုက်သည်။ သူ ငယ်စဉ်အခါက တစ်ခါတစ်ရံတွင် အတော်လေး သွေးပူခဲ့သည်။ ထို့ကြောင့် သူက ဖန်ရွှင်းနှင့် တွေ့ဆုံစဉ် ဓားလမ်းစဉ်ကို ဆွေးနွေးခဲ့ကြသည်။
ဝမ်ထျန်းက ဖန်ရွှင်းသည် သာမန်ဓားသမားတစ်ယောက် ထင်ခဲ့ပြီး ထိုသူနှင့် ဆက်သွယ်ပြီးသည့်နောက်တွင် မကျေမနပ်ဖြစ်ခဲ့ကာ သူ့ကို ဓားတာအိုကို မကျင့်ကြံနိုင်ဘဲ ဓားအသုံးပြုသူဟု ခေါ်ဆိုခဲ့သည်။ ဤသည်က ဓားသမားများ လက်ခံရရှိသည့် အဆိုးရွားဆုံး အရှက်ကွဲမှု ဖြစ်၏။ ထို့ကြောင့် ဖန်ရွှင်းက ဝမ်ထျန်း၏ မောက်မာမှုကို ဝေဖန်ခဲ့၏။
ဝမ်ထျန်းက ဒေါသတကြီးဖြင့် ထိုသူကို သတ်လုနီးပါးဖြစ်ကာ အမာရွတ်ကို ချန်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဝမ်ထျန်းက မြေပေါ် လဲကျနေသည့် ဖန်ရွှင်း၏ စကားများကို ပြန်လည်အမှတ်ရလာမိသည်။
“တစ်ရက်ကျ ငါ မှန်တယ်ဆိုတာကို သဘောပေါက်လာလိမ့်မယ်”
ဝမ်ထျန်းက ထွက်မသွားခင် သရော်လိုက်ပြီးသည့်နောက် ဖန်ရွှင်းလိုလူမျိုးကို သတ်ဖို့ရာ သူ့ဓား ညစ်ပတ်သည်ဟုသာ ခံစားမိခဲ့သည်။
“ဘာပြောလိုက်တာလဲ။ ငါ သေချာမကြားလိုက်ဘူး” ဖန်ရွှင်းက နားရှင်းလိုက်ဟန်ဖြင့် ပြောလိုက်သည်။
“လိုလို့လား”
“ဘယ်လိုထင်လဲ” ဖန်ရွှင်းက ပြောလိုက်သည်။
“ဒီနေ့လိုနေ့ရက်မျိုး ရောက်လာမယ်ဆိုတာကို သိတယ်။ ဒါပေမဲ့ မင်းရဲ့ကျင့်ကြံရေးလမ်းစဉ်မှာ ငါ သေသွားပြီးနောက်ပိုင်းမှ ဖြစ်မယ်လို့ ထင်ခဲ့မိတာ။ ငါ့မျိုးဆက်တွေကိုတောင် အဲဒီတောင်းပန်မှုကို လက်ခံခိုင်းဖို့ ပြင်ဆင်ထားခဲ့ပြီးပြီ”
ဖန်ရွှင်းက သရော်လိုက်၏။ သူ့အသံက နဂါးတစ်ကောင်ဟိန်းသည့်အလား ပဲ့တင်ထွက်သွားနေသည်။
“ကောင်းကင်က ငါ့ကို မျက်နှာသာပေးပြီးတော့ ဒီနေ့လိုနေ့ရက်မျိုး တွေ့ရလိမ့်မယ်လို့ ဘယ်သူကများ သိမှာလဲ”
“ကောင်းပြီ။ အဲဒီတုန်းက အပြုအမူနဲ့ ပတ်သက်ပြီးတော့ အလေးအနက် တောင်းပန်ပါတယ်။ ကျုပ်က ငယ်ရွယ်ပြီးတော့ မသိတတ်ခဲ့ဘူး” ဝမ်ထျန်းက မလုံမလဲအပြုံးဖြင့် ပြောလိုက်သည်။
“ဟုတ်တာပေါ့” ဖန်ရွှင်းက သက်ပြင်းချလိုက်ပြီး သူ့ပုခုံးပေါ်မှ ဝန်ထုပ်ကြီး ပေါ့သွားသလို ခံစားလိုက်ရသည်။ သူက ကောင်းကင်ကို မော့ကြည့်ကာ
“တည်ထောင်သူ မြင်ပြီလား။ ခင်ဗျားက တစ်လျှောက်လုံး မှန်ကန်နေခဲ့တာ။ ခင်ဗျားရဲ့ မသိတတ်တဲ့ မျိုးဆက်တွေက ခင်ဗျားရဲ့ အမြင်နဲ့ စိတ်သဘောထားကို မပြသနိုင်ခဲ့တာ နှမြောစရာပဲ”
ဖန်ရွှင်းက နတ်ဆိုးနတ်ဘုရားဓားဂိုဏ်းသားများအား ရှေးခေတ်အချိန်ကတည်းက တည်ထောင်သူ မှန်ကန်ကြောင်း သက်သေပြမည့် တာဝန်ကိုသာ ပေးအပ်ခဲ့သည်။ သူ့မျိုးဆက်တစ်ခုကသာ အောင်မြင်ခဲ့လေ၏။
ကံဆိုးစွာဖြင့် သူက တာအိုကို သက်သေပြမည့် အခွင့်အရေးမရှိခဲ့ပေ။ မဟုတ်ပါက ဂိုဏ်းသည် ထိုအခွင့်အရေးကို အသုံးချကာ အသင်္ချေအင်ပါယာကမ္ဘာတွင် မြင့်တက်လာနိုင်သည်။ သူတို့က ဓားလမ်းစဉ်အသစ်၏ ကံကြမ္မာကို အမွေဆက်ခံကာ သူတို့ဂိုဏ်းအတွက် မျိုးဆက်များစွာတိုင် ရှည်ကြာမှုကို အာမခံပေးနိုင်သည်။
ဖန်ရွှင်းက သက်ပြင်းချကာ ဝမ်ထျန်းအား ကြည့်လိုက်ပြီး “မင်းက တောင်းပန်ရုံသက်သက်ရောက်လာတာတော့ မဖြစ်နိုင်ဘူး”
“ခင်ဗျား ပြောတာမှန်တယ်” ဝမ်ထျန်းက ခေါင်းညိတ်ကာ “ဓားမဟာမိတ်အတွက် ဒုခေါင်းဆောင်လုပ်ဖို့ လာဖိတ်ကြတာပါ”
“ဓားမဟာမိတ်လား”
ဝမ်ထျန်းက မဟာမိတ်ဖန်တီးရေးနှင့် ပတ်သက်ပြီး အခြေအနေအားလုံးကို ရှင်းပြလိုက်စဉ် ဖန်ရွှင်း၏ အကြည့်များက တောက်ပလာသည်။ သို့သော် ခေတ္တမျှ ကြာမြင့်ပြီးသည့်နောက်တွင် ပုံမှန်တည်ငြိမ်မှုသို့ ပြန်လည်ရောက်ရှိသွား၏။
“ငါတို့ နတ်ဆိုးနတ်ဘုရားဓားဂိုဏ်းက ဒုခေါင်းဆောင်ရာထူးကို ကိုင်တွယ်လောက်အောင် အားမကြီးဘူး” သူက ဤသို့သော မဟာမိတ်မျိုးသည် မည်သို့အာဏာမျိုးရှိပြီး ဒုခေါင်းဆောင်အနေဖြင့် မည်သို့အာဏာမျိုး ကိုင်စွဲထားနိုင်မည်ဖြစ်ကြောင်း ကြိုတင်မြင်နေသည်။ ထို့ကြောင့် လူများစွာက အားနည်းကာ သေးငယ်သည့် ဧကရာဇ်မျိုးဆက်အား ဤသို့မြင့်မားသည့် အဆင့်အတန်းမျိုး ဆုပ်ကိုင်ထားသည်ကို ခွင့်ပြုမည် မဟုတ်ပေ။
“အရည်အချင်းပြည့်တဲ့သူက မဟာမိတ်မှာ မြင့်မားတဲ့ ရာထူးကို ယူနိုင်တယ်ဆိုတာကို သတင်းစကားပို့လိုက်ရုံပဲ” ဝမ်ထျန်းက ပြောလိုက်သည်။
“ပြီးတော့ ခင်ဗျားတို့ နတ်ဆိုးနတ်ဘုရားဓားဂိုဏ်းက ဒီဓားလမ်းစဉ်အသစ်ကို မျိုးဆက်များစွာတိုင် လိုက်နာကျင့်သုံးခဲ့ကြတာလေ။ ခင်ဗျားတို့က မဟာမိတ်အတွက် မြန်မြန်ခြေကုပ်နိုင်ဖို့ အခြေခံအုတ်မြစ် ရှိတယ်”
ဖန်ရွှင်းက ဝမ်ထျန်းသည် အဘယ့်ကြောင့် သူ့ကို ရွေးချယ်ခဲ့ကြောင်း နားလည်သွားသည်။ သူ့ဂိုဏ်းက လမ်းစဉ်အသစ်၏ ဓားသမားများကို အလျင်အမြန် ပြုစုပျိုးထောင်နိုင်သည့် အခြေခံအုတ်မြစ် ရှိထားသည့်အတွက် မဟာမိတ်က အသင်္ချေအင်ပါယာကမ္ဘာအတွက် အာဏာနှင့် လွှမ်းမိုးမှုကို အမြန်အဆန် ရရှိစေနိုင်သည်။
ထိုစဉ် သူက ထိုအခွင့်အရေးကို အသုံးချကာ သူ့ဂိုဏ်းကို မြှင့်တင်ပေးနိုင်၏။ ဤသည်မှာ နှစ်ဖက်လုံး အကျိုးအမြတ် ရှိသည့်အခြေအနေမျိုး ဖြစ်ပေသည်။
“ဒါက အန္တရာယ်များပြီးတော့ စွန့်စားရလိမ့်မယ်” ဖန်ရွှင်းက ပြောလိုက်သည်။
“ကျင့်ကြံရေးလောကမှာ အရာအားလုံးက အန္တရာယ်များပြီး စွန့်စားရတာပဲ။ မေးခွန်းက ဆုလာဘ်နဲ့ ထိုက်တန်လားဆိုတာပဲ” ဝမ်ထျန်းက ပြန်ဖြေလိုက်သည်။
“ကောင်းပြီ” ဖန်ရွှင်းက ပြောလိုက်သည်။ သူက ဆုံးဖြတ်ချက် မပြတ်သားသည့်သူ မဟုတ်ပေ။ အချုပ်အားဖြင့် သူက ဆုံးဖြတ်ပြီးသည်နှင့် သူ့စွမ်းအားနှင့် စွမ်းရည်ရှိသလောက် ဘာမဆိုလုပ်လိမ့်မည် ဖြစ်သည်။ ဤသည်က ဓားလမ်းစဉ်အဟောင်းသည် မှားယွင်းကြောင်း နှစ်များစွာ ငြင်းဆန်နေပြီး ကမ္ဘာကြီး၏ လှောင်ပြောင်မှုများကို လျစ်လျူရှုထားခဲ့သည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။
“ကောင်းပြီ။ ငါ လက်ခံတယ်”
“ကောင်းပြီ” ဝမ်ထျန်းက ဖန်ရွှင်းနှင့် ဓားမဟာမိတ် ဖွဲ့စည်းမည့်အကြောင်း ဆွေးနွေးပြီးသည့်နောက်တွင် သင့်တော်မည်ဟု တွေးထားသည့် လူတချို့ကို ခေါ်ဆောင်ခဲ့သည်။
နောက်ဆုံးတွင် သူက ဓားခန်းမသခင်ရာထူးကို ပေးမည့် လူလေးယောက်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ထို့ကြောင့် ဓားမဟာမိတ်တွင် ရာထူးအဆင့်လိုက်ကား မဟာမိတ်ခေါင်းဆောင်က ထိပ်ဆုံးတွင် ဖြစ်၏။ ထို့နောက်တွင် ဒုခေါင်းဆောင်နှင့် ဓားခန်းမကာကွယ်သူလေးယောက် ရှိလေသည်။ ထိုအရာကို ဝမ်ထျန်းက မြင့်မြတ်သားရဲ လေးကောင်ဖြစ်သည့် နဂါး၊ ဇာမဏီ၊ ကျားဖြူနှင့် လိပ်နက်ဟူ၍ နာမည်ကို ကိုင်စွဲကာ ပေးခဲ့သည်။
တစ်လကြာမြင့်ပြီးသည့်နောက်တွင် ဂိုဏ်းက မဟာမိတ်ဌာနချုပ်ကို လက်နက်သန့်စင်သူအများအပြား၏ အကူအညီဖြင့် တည်ဆောက်ပြီးစီးခဲ့သည်။ ထို့နောက် ဝမ်ထျန်းက မဟာမိတ်အတွက် ဓားလမ်းစဉ်အသစ်၏ ကံကောင်းမှုကို စုဝေးဖို့ရာ ကံကောင်းမှုစုစည်းရေးအသုံးအဆောင်ကို ဓားပုံစံဖြင့် ဖန်တီးခိုင်းခဲ့သည်။
ဖွင့်ပွဲရက်တွင် အသင်္ချေအင်ပါယာကမ္ဘာတစ်လျှောက် အမြင်ရုပ်လွှာတစ်ခု ပေါ်ထွက်လာပြီး ဝမ်ထျန်း၏ အသံက ကမ္ဘာအနှံ့ ပျံ့နှံ့သွားလေသည်။
ဓားသမားအများစုက ဝမ်ထျန်းသည် ဓားလမ်းစဉ်အဟောင်း၏ အုတ်မြစ်ကို ကိုင်လှုပ်မည့်အချိန်အထိ စောင့်ဆိုင်းမနေတော့ကြောင်း သဘောပေါက်သွားကြသည်။ ပြောရလျှင် သူက အနာဂတ်အတွက် ပြင်ဆင်ပြီးသွားပြီ ဖြစ်၏။
ကံဆိုးစွာဖြင့် သူတို့တတ်နိုင်သည့်အရာ ဘာမှမရှိပေ။ ဓားသမားအများစုက ဖွင့်ပွဲအပြီးတွင် ဓားမဟာမိတ်သို့ ဝင်ရောက်ခဲ့ကြသည်။ အများစုက သူတို့၏ ယုံကြည်မှုနှင့် အတွေးအခေါ်များကို ပြောင်းလွယ်ပြင်လွယ်ဖြစ်သည့် လူငယ်ကျင့်ကြံသူများ ဖြစ်၏။ နောက်တစ်ဖွဲ့ကမူ ကောင်းချီးနယ်မြေရှိ ဉာဏ်အလင်းပွင့်မှု အခွင့်အရေးကို အသုံးပြုပြီး သူတို့၏ ဓားအဆင့်ကို တိုးမြှင့်ကြလိုသူများ ဖြစ်ပေသည်။
***