ဧကရာဇ်တစ်ပိုင်းအဆင့်
Vol. 53 Ch. 736
ဝမ်ဝေ့က ဆက်လက် သီးသန့်ကျင့်ကြံခဲ့သည်။ သူက ဆုံမှတ်အတွင်း တွင်းနက်ကြီးများကို ဆက်လက်ဖန်တီးနေရင်း သူ့ဓမ္မခန္ဓာကိုယ်ကို လိုချင်သည့် အရွယ်အစားရောက်အောင် စောင့်ဆိုင်းခဲ့၏။ ထို့နောက် သူက စည်းမျဉ်းနားလည်ခြင်းနှင့် ဧကရာဇ်ကျမ်းများမှတဆင့် တာအိုအပေါ် နားလည်မှုကို နက်ရှိုင်းအောင် လုပ်ဆောင်ခဲ့သည်။
ဝမ်ဝေ့က အင်္ကျီချွတ်ထားရင်း ကျင့်ကြံနေလေရာ သူ့ခန္ဓာကိုယ်တွင် အလင်းပျောက်မြောက်များစွာ ပေါ်ထွက်လာသည်။ အတိအကျဆိုရလျှင် ၁.၂၆၉သန်း ဖြစ်၏။ သူက သူ့ခန္ဓာကိုယ်အတွင်း စီးဆင်းနေသည့် ခွန်အားကို ခံစားမိလိုက်သည့်အခါ လက်သီးကို ဆုပ်လိုက်သည်။
“မကောင်းဆိုးဝါးနတ်ဘုရား ၉ယောက်ခွန်အားပဲ ရှိသေးတယ်” သူက နေရခက်စွာ ရေရွတ်လိုက်၏။ ခွန်အားအစစ်အမှန်တာအို ကျင့်ကြံရေးက မလွယ်ကူလှပေ။
“ငါ လူဝင်စားတွေနဲ့ ပေါင်းစပ်ပြီးသွားတယ်ဆိုရင်တောင် များများစားစား မြင့်လာမယ်လို့တော့ မထင်ဘူး”
ဝမ်ဝေ့က သူ့အခြေအနေနှင့် ပတ်သက်ပြီး မှတ်ချက်ပေးလိုက်သည်။ သူ မှန်းဆထားသလောက် တခြားသော လူဝင်စားများက သူတို့၏ ခန္ဓာကိုယ်ကျင့်ကြံရေးတွင် သူနှင့် အဆင့်တူထိ ရောက်ရှိသင့်ပေသည်။
သို့သော်လည်း နောက်ဆုံးရလဒ်ကမူ ပေါင်းစပ်ပြီးသည့်နောက်တွင် ရိုးရှင်းသည့် မကောင်းဆိုးဝါးနတ်ဘုရား ပေါင်းစပ်မှုမျှ ဖြစ်မည်မဟုတ်ပေ။
ထို့ကြောင့် နောက်ဆုံးသော ရလဒ်က ဝမ်ဝေ့ ထင်ထားသလိုမျိုး မြင့်မားလိမ့်မည် မဟုတ်ပေ။
“ခွန်အားအစစ်အမှန်တာအိုက မလွယ်ကူဘူးဆိုတာကို သိပြီးသားပဲ” သူက ခေါင်းခါကာ ပိုမိုအရေးကြီးသည့် ကိစ္စများကိုသာ အာရုံစိုက်ထားလိုက်သည်။
ယခုဝမ်ဝေ့က သူ့ခန္ဓာကိုယ်သက်သက်ဖြင့် အဆင့်(၁)တာအိုဘိုးဘေးခွန်အား ရှိနေလေပြီ။ သူက မကောင်းဆိုးဝါးနတ်ဘုရား ခွန်အားအနည်းငယ် ရရှိပြီးသည့်နောက်တွင် ထိပ်သီးသို့ ရောက်ရှိသွားနိုင်ကြောင်း မှန်းဆမိ၏။
မကောင်းဆိုးဝါး နတ်ဘုရား ၉ယောက်ခွန်အားက အသင်္ချေအင်ပါယာကမ္ဘာကို ကောင်းကင်တာအို၏ ကုစားနိုင်စွမ်းမပါရှိဘဲ ၉ ရာခိုင်နှုန်းကို ဖျက်ဆီးပစ်နိုင်ကြောင်း ဆိုလိုနေသည်။ သူက ဆယ်ကြိမ်ဆက်တိုက် လက်သီးပစ်ခွင်းခြင်းဖြင့် ကမ္ဘာကို ဖျက်ဆီးနိုင်မည်တော့ မဟုတ်ပေ။
မကောင်းဆိုးဝါး နတ်ဘုရား ဘယ်လောက်ရဲ့ ခွန်အားက ထာဝရဧကရာဇ်နဲ့ ညီမျှနေမလဲ…
ဝမ်ဝေ့က စဉ်းစားမိလိုက်သည်။ မွေးဖွားစ မကောင်းဆိုးဝါးနတ်ဘုရားအဆင့်သည် တသတ်မှတ်တည်း မဟုတ်ပေ။ နမူနာအားဖြင့် မကောင်းဆိုးဝါးနတ်ဘုရားတစ်ယောက်၏ ခွန်အားသည် အဆင့်(၁)တာအိုဘိုးဘေးစွမ်းအားနှင့် ညီမျှသည်။
သို့သော် ဝမ်ဝေ့ တွက်ချက်ထားသလောက် ထာဝရဧကရာဇ်တစ်ယောက်အနေနှင့် တာအိုဘိုးဘေးထက် အဆထောင်ချီ ပိုမိုအားကောင်းနေလျှင်ပင် မကောင်းဆိုးဝါးနတ်ဘုရား လေးဆယ်မှ ငါးဆယ်ကြားမျှသာ ရှိလိမ့်မည်ဟု မှန်းဆမိသည်။
“အလှမ်းဝေးနေတဲ့ဟာတွေကို အာရုံမစိုက်တာ ကောင်းလိမ့်မယ်။ အခု ဒီအဆင့်အတွက် စမ်းသပ်ချက်က ဘယ်လောက်တောင် ဆိုးရွားမလဲဆိုတာကိုပဲ အာရုံစိုက်ထားသင့်တယ်” ဝမ်ဝေ့က ရေရွတ်လိုက်၏။
တတိယအလွှာစမ်းသပ်မှုက ကြောက်မက်ဖို့ ကောင်းကာ သူ့ပြင်းထန်သည့် စိတ်ဆန္ဒနှင့်ပင် အရုပ်ကျိုးပျက်လုနီးပါး ဖြစ်စေခဲ့သည်။ ထို့ကြောင့် သူက ပိုမိုမဆိုးရွားလျှင်ပင် တူညီသည့် အနေအထားမျိုးကို မျှော်လင့်ထားမိ၏။
ဝမ်ဝေ့က သူ့အနာဂတ်ကို တွေးကာ မျက်မှောင်ကြုတ်လိုက်သည်။
ငါ ဝူဟုန်ဆီကနေ အတွေ့အကြုံကို မေးထားသင့်တယ်…
သူက ရှေးဟောင်းဖျက်ဆီးခြင်းဧကရာဇ်ဆီမှ ခန္ဓာကိုယ်လေ့ကျင့်ရေး နည်းလမ်းများကို သင်ယူခဲ့ရသည်။ သို့သော်လည်း ထိုသူက စမ်းသပ်ချက်နှင့် ပတ်သက်ပြီး များများစားစား မပြောခဲ့ပေ။ ဖြစ်နိုင်သည်မှာ ဝမ်ဝေ့အား သူကိုယ်တိုင် တွေ့ကြုံခံစားပြီး အတွေ့အကြုံပိုမိုရရှိဖို့ အခွင့်အရေးအတွက် အသုံးချစေလိုခြင်းသာ ဖြစ်လိမ့်မည်။
ကံကောင်းတာက ငါက ဧကရာဇ် မဖြစ်လာခင် စမ်းသပ်ချက်ကို တောင့်ခံထားနိုင်လောက်တယ်…
ဝမ်ဝေ့က သူအဝတ်အစားများကို ပြန်လည်ဝတ်ဆင်လိုက်ပြီး နောက်ထပ် လျှို့ဝှက်နယ်မြေတစ်ခုဆီ ဦးတည်လိုက်သည်။ သူက ဝိညာဉ်ဆေးပင်များ စိုက်ပျိုးထားသည့် ကုန်းမြေပြန့်တစ်ခုကို မြင်လိုက်ရသည်။ သို့သော်လည်း ထိုဆေးပင်များဆီမှ ရောင်စုံမြူများ ထွက်ပေါ်နေလေ၏။ ထို့အပြင် ထိုဆေးပင်များကို ဂရုစိုက်နေကြသည့် တပည့်များက အားကောင်းသည့် ကာကွယ်ရေးအဆောင်မျိုး ရှိထားကြသည်။
ဝမ်ဝေ့က ထိုဝိညာဉ်ဆေးပင်များကို အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးမကြည့်ရဲဘဲ တစ်ချက်သာကြည့်လိုက်၏။
လီလင်းက ဒီအဆိပ်နဲ့ ပတ်သက်ပြီး ကောင်းကောင်းလုပ်ထားတာပဲ။ အထူးသဖြင့် နဂါးချုပ်နှောင်ရေးမြက်ပဲ…
ဝမ်ဝေ့က သစ်ရွက်ပေါ်တွင် နဂါးပုံစံရှိသည့် အပြာရောင်မြက်ပင်ကို ကြည့်ရင်း တွေးလိုက်မိသည်။
ခန္ဓာကိုယ်လေ့ကျင့်ရေးအတွက် သူတို့ကို သုံးတာက အကျိုးမရှိဘူး။ တာအိုကို သက်သေပြပြီးတဲ့နောက်မှာ မဟာတာအိုအရင်းအမြစ်နဲ့ သူတို့က ဧကရာဇ်အဆင့် ဝိညာဉ်ဆေးပင်အဖြစ် ပြောင်းလဲပစ်နိုင်တယ်…
ဤနည်းလမ်းက ခွန်အားအစစ်အမှန် တာအိုကျင့်ကြံရေးအတွက် ထိုအဆိပ်များအား ပိုမိုသက်ရောက်မှုရှိအောင် လုပ်ဆောင်ပေးလိမ့်မည်။
ဝမ်ဝေ့က ထိုအရာများကို စစ်ဆေးကြည့်လိုခြင်းသာ ဖြစ်၏။ ထို့ကြောင့် သူ ပြီးဆုံးသွားသည်နှင့် ကျင့်ကြံရေးသို့ ပြန်ဝင်ရောက်သွားသည်။
တွင်းနက်ကြီးတစ်သန်း ဖွဲ့စည်းပြီးသည့်နောက်တွင် ရှေးဟောင်းခန္ဓာသန့်စင်ကျမ်း၏ သေမျိုးအလွှာ ကျင့်ကြံမှုကို ပြီးမြောက်သွားလေပြီ။ ဆန့်ကျင်ကျင့်စဉ် ဖြစ်စေသည့် မသေမျိုးအလွှာအတွက်မူ ဝမ်ဝေ့က စွန့်စားမှုများကြောင့် မကျင့်ကြံနိုင်သေးပေ။
ထာဝရအရှင်၊ တာအိုဘိုးဘေးနှင့် မဟာဧကရာဇ်များတွင် ရှိထားသည့် မသေမျိုးအဆီအနှစ် မရှိဘဲ သူက ထိုအဆင့်ကို ကျင့်ကြံလိုက်ပါက သေဆုံးသွားနိုင်ချေ သို့မဟုတ် ဒုက္ခိတ ဖြစ်သွားနိုင်ချေရှိသည်။
သို့သော်လည်း ဝမ်ဝေ့က ထိုအဆင့်ကို လေ့လာခဲ့ဖူးပြီး နောင်အနာဂတ်တွင် အကူအညီတချို့ ပေးနိုင်ကြောင်း သဘောပေါက်ခဲ့သည်။ မသေမျိုးအလွှာတွင် နှစ်ပိုင်းခွဲခြားထားပြီး ဝိညာဉ်ဆင့်ကဲပြောင်းလဲရေးနှင့် ကမ္ဘာဦးနတ်ဘုရားသွေးကြောဟူ၍ ဖြစ်သည်။
ထိုကျမ်းအရ ထိုအဆင့်ကို ကျင့်ကြံဖို့ အောင်မြင်သည့်သူက အဆင့်(၆) ကမ္ဘာဦးနတ်ဘုရား ယွမ်ထီစွမ်းအားကို ရှိလိမ့်မည်။ ကံဆိုးစွာဖြင့် ဖျက်ဆီးခြင်း(၁)လိုမျိုး ပါရမီထူးကဲသူပင် အဆင့်(၅)ယွမ်ထီအဆင့်အထိသာ ကျင့်ကြံထားနိုင်ပြီး အတုအယောင် ထာဝရဧကရာဇ်စွမ်းအားမျှသာ ရှိထားသည်။
ဝမ်ဝေ့က ထိုကျမ်းကို မြင့်မားသည့်အဆင့်အထိ ကျင့်ကြံဖို့ရာ ဒိုင်မေးရှင်းအနိမ့်တွင် လုံလောက်သည့် အရင်းအမြစ်များ မရှိကြောင်း ကောက်ချက်ချမိ၏။ ထို့အပြင် ထိုကျမ်း၏ မြင့်မားသည့် အဆင့်က သဘောတရားအရသာ ဖြစ်နေနိုင်ချေ ရှိနိုင်သည်။ ရှေးဟောင်းဖျက်ဆီးခြင်းဧကရာဇ်က သူ တက်လှမ်းပြီးသည့်နောက်မှသာ ထိုကျမ်းကို အပြီးသတ်ခဲ့ခြင်း ဖြစ်ကောင်းဖြစ်နေနိုင်သည်။
ဝမ်ဝေ့က မသေချာပေ။ သူ့ မကောင်းဆိုးဝါးဆန်ဆန် နားလည်နိုင်စွမ်း ရှိသော်လည်း သူက သေချာသည့် အဆင့်တစ်ခုသို့ မရောက်မချင်း အစစ်အမှန် နားမလည်နိုင်သည့် ကိစ္စများစွာ ရှိနေသည်။ ထို့ကြောင့် သူက ကောက်ချက်ချရုံမျှသာ တတ်နိုင်၏။
ဝမ်ဝေ့က ဓမ္မခန္ဓာကိုယ်ကျုံ့လာအောင် စောင့်ဆိုင်းနေရင်း ခန္ဓာကိုယ်ကို ဆက်လက် ကျင့်ကြံလိုက်သည်။ သူက ခန္ဓာကိုယ်အတွင်း စည်းပိတ်ထားသည့် နတ်ဘုရားမိုးကြိုးကို အသုံးပြုလိုက်သည်။ ထိုအရာက သူ့အတွက် အလုပ်ဖြစ်နေဆဲပစ္စည်းထဲမှ တစ်ခု ဖြစ်၏။ ထို့အပြင် သူက ဆုံမှတ်များအပေါ် လုပ်ဆောင်နေခြင်းအား မရပ်တန့်လိုက်ပေ။
သူက တွင်းနက်ကြီးကို ဆက်လက် မဖွဲ့စည်းတော့သော်လည်း သူတို့၏ အရွယ်အစားကျယ်ပြန့်အောင် ခန္ဓာကိုယ်လေ့ကျင့်ရေး နည်းလမ်းအနေဖြင့် အားဖြည့်ပေးနိုင်သေးသည်။
ထိုလေ့ကျင့်ရေးနည်းစနစ်၏ တစ်ခုတည်းသောဆိုးကျိုးက ကျင့်ကြံနှုန်း နှေးကွေးခြင်း ဖြစ်၏။ သူ့လက်ရှိကျင့်ကြံနှုန်းက သူ့ခွန်အား မိနစ်တိုင်း စက္ကန့်တိုင်းတွင် ထိထိရောက်ရောက် တိုးမြင့်လာသည့် အတိတ်နှင့် ယှဉ်လိုက်လျှင် အိပ်မက်ဆိုးမျှ ဖြစ်နေလေသည်။
“အခြေအနေက နောက်ဆုံးတိုက်ပွဲပြီးသွားရင် တိုးတက်လာသင့်တယ်။ ငါက မသေမျိုးအဆင့် အခွင့်အရေးနဲ့ အရင်းအမြစ်တွေအတွက် ရွေးချယ်မှု ရှိလာနိုင်တယ်”
ဝမ်ဝေ့က ဧကရာဇ်တစ်ပိုင်းအဆင့် ဖြစ်လာဖို့သာ အာရုံစိုက်ထားလိုက်ပြီး ရေရွတ်လိုက်သည်။
ထာဝရမျှကြာရှည်သည်ဟု ခံစားရပြီးသည့်နောက်တွင် ဓမ္မခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ကျုံ့သွားလေသည်။ ဝမ်ဝေ့က ထိုအရာနှင့် ပေါင်းစပ်လိုက်၏။ သူ့ခန္ဓာကိုယ်မှ ခဲဖြူရောင် အလင်းတန်းထောင်ချီ ထွက်ပေါ်လာကာ လျှို့ဝှက်ဆန်းကြယ်သင်္ကေတများလည်း လိုက်ပါလာသည်။ သူ့ခန္ဓာကိုယ်က တာအိုစည်းချက်နှင့် ကောင်းကင်တေးသံများအထိ ထွက်ပေါ်လာ၏။ ဆိုလိုသည်မှာ တစ်စုံတစ်ယောက်က သူ့အနား ရပ်နေရုံဖြင့် ဉာဏ်အလင်းပွင့်သွားနိုင်သည်။
သူ့ဓမ္မက ကောင်းကင်ရုပ်ခန္ဓာမှ ကံကြမ္မာမြစ်ကြောင်း ပါဝင်နေသောကြောင့် ကံကြမ္မာမြစ်ကြောင်း၏ ပုံရိပ်က သူ့နောက်တွင် ထွက်ပေါ်လာသည်။ ဝမ်ဝေ့က ပင်မကံကြမ္မာမြစ်ကြောင်းနှင့် ဆက်နွယ်မှုသည် သိသိသာသာ တိုးမြင့်လာကြောင်း ခံစားမိလိုက်၏။
ဒါက ကိစ္စကောင်းလား၊ ကိစ္စဆိုးလား…
သူက တွေးလိုက်မိသည်။ သို့သော်လည်း သူက အဖြေမရခဲ့ပေ။ ဤသည်တိုင် သူ၏ အရေးသာချက် ဖြစ်ဟန်ပေါ်၏။ သို့သော်သူက သေမျိုးတဖန် ဖြတ်သန်းပြီးသည့်နောက်တွင် ကံကြမ္မာမြစ်ကြောင်းကို သတိထားနေခဲ့သည်။
“ဒါက အတုအယောင် တာအိုခန္ဓာလား” ဝမ်ဝေ့က ရေရွတ်လိုက်ပြီး သူ့ခန္ဓာကိုယ်၏ အပြောင်းအလဲများကို အာရုံစိုက်ထားလိုက်သည်။ ဧကရာဇ်တစ်ပါးက ပတ်ဝန်းကျင်တွင် ကြာကြာနေထိုင်ပြီးသည့်နောက်တွင် ထိုနေရာက တာအိုစည်းချက်များဖြင့် သိမ်မွေ့သွားကာ ကျင့်ကြံရေးအတွက် ကောင်းချီးနယ်မြေအဖြစ် ပြောင်းလဲသွားနိုင်သည်။
ယခုဝမ်ဝေ့က သူ့ခန္ဓာကိုယ်သည် ထိုလက္ခဏာများရှိသည့် အရိပ်အယောင်များ ထုတ်လွှတ်နေသည်ကို မြင်တွေ့လေသည်။ သူ့ခန္ဓာကိုယ်က တာအိုနှင့် သဟဇာတဖြစ်နေပြီး သူ့လှုပ်ရှားမှုတိုင်းက မိုးမြေ၏ နက်နက်နဲနဲ အမှန်တရားတို့ ကိန်းအောင်းနေဟန်ပေါ်သည်။
တစ်ခါက သူသည် ကျင့်ကြံရေးခရီးစဉ်တစ်လျှောက် ကျင့်ကြံသူများဖြတ်ကျော်ရမည့် အပြောင်းအလဲအကြောင်း စဉ်းစားခဲ့ဖူးသည်။ အစောပိုင်းအဆင့်များတွင် ခန္ဓာကိုယ်သန့်စင်ခြင်းမှ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်အထိ ကျင့်ကြံသူများသည် သူတို့ကိုယ်သူတို့ အသွေးအသားသတ္တဝါမှ စွမ်းအင်သက်ရှိအဖြစ် ပြောင်းလဲလိုက်ကြသည်။
ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် မတိုင်ခင် ကျင့်ကြံသူများက အသွေးအသားတစ်ပိုင်း သက်ရှိအဖြစ် သတ်မှတလို့ရပေသည်။ သို့သော်လည်း သူတို့၏ ကမ္ဘာဦးစိတ်ဝိညာဉ်ကို ဖွဲ့စည်းပြီးသည့်နောက်တွင် သူတို့၏ ခန္ဓာကိုယ်ကို စွန့်ပစ်ပြီး စိတ်ဝိညာဉ် သို့မဟုတ် စွမ်းအင်သက်ရှိအဖြစ် နေထိုင်နိုင်လေသည်။
လေဟာနယ်ဖြိုခွင်းခြင်းအဆင့်မှ မဟာဧကရာဇ်အဆင့်အထိ ကျင့်ကြံသူများက စွမ်းအင်သက်ရှိကို အယူအဆသဘောတရား သက်ရှိအဖြစ် အသွင်ပြောင်းသွားကြသည်။ သူတို့က ကွဲပြားသည့် အယူအဆနှင့် အတွေးအခေါ်များကို ထိန်းချုပ်နိုင်ရုံသာမက ထိုသဘောတရားများ၏ ပြယုဂ်တစ်ခုလည်း ဖြစ်လာကြပြီး ဒိုင်မေးရှင်းအမြင့်တွင် တည်ရှိကြလေသည်။
“ပိုကောင်းတဲ့ နာမည်နဲ့ဆိုရင် တာအိုခန္ဓာသားလောင်း” သူက ပြောလိုက်၏။ ထိုသားလောင်းကို မဟာတာအိုအရင်းအမြစ်၏ ဆေးကြောမှုဖြင့် ခံလိုက်သရွေ့ အစစ်အမှန်တာအို သို့မဟုတ် ဧကရာဇ်ခန္ဓာအဖြစ် ပြောင်းလဲသွားလိမ့်မည်။
ဝမ်ဝေ့က သူ့ခန္ဓာကိုယ်ရှိ အပြောင်းအလဲများကို ဆက်လက်စစ်ဆေးနေ၏။ သူ့သက်တမ်းက အဆင့်တက်လှမ်းပြီးသည့်နောက်တွင် သိသိသာသာ တိုးမြင့်သွားသင့်ပေသည်။ ကံဆိုးစွာဖြင့် သူက နတ်ဆိုးအထွတ်အထိပ်ကမ္ဘာ၏ အရင်းအမြစ်များကို အသုံးပြုကာ သေမျိုးတစ်ယောက်၏ သက်တမ်းဖြစ်သည့် တစ်ယွမ်ခေတ်ကာလ သို့မဟုတ် ၁.၂၆၉ထရီလီယံ နှစ်ကို ရယူခဲ့ပြီးသားဖြစ်၏။
ထို့နောက် သူက တိုက်ပွဲမျှော်စင်သို့ သွားကာ သူ့စွမ်းအားကို စမ်းသပ်ကြည့်ခဲ့သည်။ သူက ကောင်းကင်ဘုံဗိမာန်ကမ္ဘာတွင် သူ့ရှုံးနိမ့်မှုမှ ဖန်တီးထားသည့် တိထျန်းနှင့် ရင်ဆိုင်တွေ့ဆုံခဲ့၏။ ထိုပုံရိပ်က နဝမအဆုံးစွန်အုတ်မြစ်ကို မပြီးမြောက်သေးသည့်အတွက် သူက အလွယ်တကူ အနိုင်ရရှိသူ ဖြစ်လာခဲ့သည်။
ထို့နောက် သူက နိမိတ်ကြေးမုံမှ စုစည်းထားသည့် တခြားသတင်းအချက်အလက်များအပေါ် မူတည်ပြီး နောက်ထပ်တစ်ခုကို ဖန်တီးခဲ့သည်။
ငါ့ရဲ့ခန္ဓာကိုယ်နဲ့ဆိုရင် အဆင့်(၂)တာအိုဘိုးဘေးလောက်ပဲ ရှိသေးတယ်…ဒါက တခြားလူဝင်စားတွေအတွက်လည်း အတူတူပဲဖြစ်မှာပဲ…
သူက မျှော်စင်မှ ထွက်လာပြီးသည့်နောက်တွင် သုံးသပ်လိုက်၏။ သဘောတရားအရ ပြောရလျှင် သူက အဆင့်(၂)တာအိုဘိုးဘေးအဆင့် ရှိထားသည့် လူဝင်စား(၈)ယောက်ကို ပေါင်းစပ်နိုင်သရွေ့ အဆင့်(၅)ဘိုးဘေးအဆင့် ရောက်သင့်ပေသည်။
ကံဆိုးစွာဖြင့် အဆင့်တစ်ခုချင်းစီ၏ ကွာဟချက်က ကြီးမားလွန်းလှ၏။ ထို့အပြင် သမာသမတ်မကျသည့် နဝမအဆုံးစွန်အုတ်မြစ်ကို အသုံးပြုသည့်လူများအတွက် အဆင့်(၄) ကန့်သတ်ချက် ရှိနေလေသည်။
“ကံကောင်းတာက ငါ့ဆီမှာ ကံကြမ္မာနန်းဆောင်နဲ့ ကံကြမ္မာကူကောင် ရှိနေတယ်။ အဲဒါဆိုတော့ မပြီးပြည့်စုံမှာကို စိုးရိမ်စရာ မလိုဘူး”
သူက အသက်ပြင်းပြင်းရှူထုတ်လိုက်၏။ နှစ်များစွာစမ်းသပ်ချက်များစွာ ကျော်ဖြတ်ပြီးသည့်နောက်တွင် ဤအဆင့်သို့ ရောက်ရှိလာခဲ့လေပြီ။
“နောက်တစ်ဆင့်က နောက်ဆုံးပေါင်းစည်းမှုပဲ” သူက ထွက်မသွားခင် ရေရွတ်လိုက်သည်။
***