← Chapters

အပြစ်အနာအဆာ

Vol. 53 Ch. 742

အပြစ်အနာအဆာ

Vol. 53 Ch. 742

“သူ့ကို ပြောလိုက်သင့်လား” ကြီးကြပ်ရေးမှူးက မူလအရှင်နှင့် ဓားအရှင်တို့နားတွင် ရုတ်ချည်း ပေါ်ထွက်လာကာ မေးလိုက်သည်။

“မလိုဘူး” မူလအရှင်က ပြန်ဖြေလိုက်၏။

“ဒါပေမဲ့ နောက်ဆုံးတော့ ငါတို့တွေ မျှော်လင့်ချက်ကို မြင်ရပြီ။ ဒီလိုမျိုး သေးငယ်တဲ့ အရာလေးကြောင့် သူ ကျရှုံးသွားရင် ဘယ်လိုလုပ်မလဲ”

“အဲဒါဆိုလည်း ကျရှုံးပါစေပေါ့” ဓားအရှင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။

“တကယ်လို့ သူက ဒီစမ်းသပ်ချက်ကို မအောင်မြင်နိုင်ဘူးဆိုရင် သူ့ကံကြမ္မာက ဧကရာဇ်ဖြစ်ဖို့ မလုံလောက်လို့ပဲ”

“အဲ့လိုအရာမျိုးတွေဆီကနေ သူ့ကို ကာကွယ်ပေးဖို့ ငါတို့က တည်ရှိနေတာ မဟုတ်ဘူးလား” သူက မလိုလားစွာဖြင့် ဝင်ပြောလိုက်သည်။

“ငါတို့က သူ့ကို ပြောပြလိုက်တယ်ဆိုရင် ဝင်ရောက်စွက်ဖက်တယ် ဖြစ်သွားလိမ့်မယ်” မူလအရှင်က ပြောလေ၏။

“ငါတို့တွေ တန်ကြေး ပေးနိုင်တာကိုတော့ သေချာတယ်” ကြီးကြပ်ရေးမှူးက ထိုသို့သော ဂိုဏ်းချုပ်လိုမျိုး နာမည်ကျော်လူမျိုးသည် သူတို့ မကာကွယ်နိုင်လိုက်သည့်အတွက် သေဆုံးသွားမည်ကို အလိုမရှိပေ။

ဓားအရှင်နှင့် မူလအရှင်တို့က စက္ကန့်ပိုင်းကြာ တိတ်ဆိတ်နေကြ၏။ ဝမ်ဝေ့၏ လတ်တလော အောင်မြင်မှုများက သူတို့အတွက် စွန့်စားဖို့ ထိုက်တန်လေသည်။

“တည်ထောင်သူရဲ့ အဓိက ဆုံးမစကားနှစ်ခွန်းကို မေ့သွားပြီလား” ငရဲအကဲဖြတ်သူက ရုတ်ချည်း ဝင်ပြောလိုက်သည်။

“ပါရမီရှင်တွေကို လေ့ကျင့်ပေးတဲ့နေရာမှာ ရက်စက်သင့်ရင် ရက်စက်ပြီးတော့ သူတို့ဘာသာသူတို့ လွှတ်ထားရမယ်” ဓားအရှင်က ပြောလိုက်သည်။ ထိုစည်းမျဉ်းကြောင့် သူတို့က ပန်းသုံးပွင့်သရဖူအဖြစ် ဖွဲ့စည်းခြင်းနည်းလမ်းကို ဖုံးကွယ်ထားရပြီး ဂိုဏ်း၏ ကောင်းကင်ရွေးချယ်ခံကိုသာ သူတို့၏ တာအိုအုတ်မြစ်ပျက်စီးသွားပြီးသည့်နောက်တွင် ကျင့်ကြံခွင့်ပြုထားခြင်း ဖြစ်သည်။

တည်ထောင်သူ၏ ပြောစကားအရ သူတို့သည် ထိုပျက်စီးမှုကို ဖြစ်စေသည့် ဖြစ်ရပ်တစ်ခုကို တမင်ဖန်တီးနိုင်သည်။ ဆိုလိုသည်မှာ ထိုဘိုးဘေးများက ဝမ်ထျန်းနှင့် ဝမ်ဝေ့တို့၏ တာအိုအုတ်မြစ်ပျက်စီးသွားအောင် နည်းလမ်းရှာနိုင်သည်။

ဒုတိယဆုံးမစကားကမူ တာအိုအခွင့်အလမ်းဂိုဏ်းသည် ကိစ္စများလုပ်ဆောင်ရာတွင် သိုဝှက်နေရသည့် အဓိကအကြောင်းအရင်း ဖြစ်၏။ ထိုသည်မှာ သူတို့သည် ဧကရာဇ်ကိုးပါးကျိန်စာကို မချိုးဖျက်ခဲ့သည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။ မဟုတ်ပါက သူတို့သည် ဧကရာဇ်တစ်ယောက်ကို မည်သို့ပင်ဖြစ်စေ ပြုစုပျိုးထောင်ဖို့ ဆုံးဖြတ်လိုက်ပါက ကောင်းကင်တာအိုပင် သူတို့ကို တားဆီးနိုင်မည် မဟုတ်ပေ။

သို့သော်လည်း ချီယွမ်က သူတို့ကို သတိပေးကာ ကံကြမ္မာကိုသာ အပ်နှံထားဖို့ မှာကြားခဲ့သည်။ မဟုတ်ပါက အကျိုးဆက်သည် ကပ်ဆိုက်သည်ထက် ပိုမိုဆိုးရွားသွားနိုင်၏။

“အကဲဖြတ်သူ ပြောတာမှန်တယ်” မူလအရှင်က ပြောလိုက်သည်။

“ငါတို့တွေ ဝင်မစွက်ဖက်ဘဲ သူ့ကိုယ်သူ ဖြေရှင်းဖို့ပဲ လွှတ်ထားလိုက်”

ဂိုဏ်း၏ တပည့်များကို ဖြေရှင်းပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့မိဘများဆီ သွားရောက်တွေ့ဆုံခဲ့၏။ သူက သူ့အဖေကို စိတ်လှုပ်ရှားမှု၊ ဂုဏ်ယူမှုတို့ဖြင့် စိတ်ခံစားချက် ရောယှက်လျက် ကြည့်လိုက်သည်။

“မင်း အောင်မြင်သွားပြီလား” ဝမ်ထျန်းက မေးလေ၏။

“ကျွန်တော် အောင်မြင်သွားပြီ”

“ကောင်းတယ် ကောင်းတယ်”

“အဲလိုအရာတွေကို ဘယ်သူက ဂရုစိုက်မှာလဲ။ သား ဘယ်လိုနေသေးလဲ။ ဒဏ်ရာရသေးလား။ နာနေသေးလား” ယုယန်က သူ့သားဆီ ပြေးလာကာ မေးလိုက်သည်။

“ကျွန်တော် အဆင်ပြေပါတယ်။ အကြီးအကဲတန့်က ကျွန်တော်ကို ကောင်းကောင်း ကုသပေးထားတယ်”

“ကောင်းပြီ” ယုယန်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ ထို့နောက် သူက အံကြိတ်ကာ ပြောလိုက်သည်။

“ကျစ် ကောင်းကင်တာအို ငါ့သားကို ရိုက်ရဲတယ်ပေါ့”

“ကောင်းကင်တာအိုလား”

“မင်းတို့ဆက်ဆံရေးက ခေတ်ကာလသားတော် ဖြစ်လာပြီးတဲ့နောက်မှာ တိုးတက်လာတယ်လို့ ထင်ထားခဲ့တာ” ဝမ်ထျန်းက ခေါင်းအသာယမ်းကာ ပြောလိုက်၏။

ဝမ်ဝေ့က တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် ခေါင်းအသာယမ်းလိုက်သည်။ သူက အံ့ဖွယ်အသိစိတ်ကို အသုံးပြုကာ သူ့ဘိုးဘေးများကို ဆက်သွယ်လိုက်ပြီး တပည့်တချို့၏ စိတ်ကို လျှို့ဝှက်ဖတ်လိုက်သည်။

ဒီလိုကိုး သေမျိုးတွေက ကောင်းကင်တာအိုလို့ မြင်ပြီးတော့ မသေမျိုးတွေကတော့ အစစ်အမှန် ကောင်းကင်တာအိုလို့ မြင်ကြတယ်။ ငါနဲ့ ဝူဟုန်တို့ကပဲ မဟာတာအိုကို မြင်ကြတယ် ထင်တယ်…

ဝမ်ဝေ့က ထိုအရာကို တိုက်ဆိုင်မှုဟု မထင်မိသလို ထိုလူများက မဟာတာအို၏ မျက်လုံးကို သတိမပြုမိခြင်း မဖြစ်နိုင်ကြောင်း ထင်မိသည်။ အနန္တတန်ခိုးရှင်နီးပါးလောက်ရှိသည့် သက်ရှိအနေဖြင့် မဟာတာအိုကို ချက်ချင်းသတိထားမိလိမ့်ကြမည်။

နေမင်းနှစ်စင်းတောင် ဒီတည်ရှိမှုကို အာရုံခံမိပုံမပေါ်ဘူးပဲ…

ဝမ်ဝေ့က မဟာတာအို၏ စွမ်းအားကို အားကျစွာ ရေရွတ်လိုက်၏။

တစ်ရက်ကျ ငါလည်း ဒီဟာနဲ့ ရင်ဘောင်တန်း ရပ်နိုင်ပြီးတော့ ကျော်လွန်နိုင်ရမယ်…

သူက သူ့ဘိုးဘေးများနှင့် သွားရောက်မတွေ့ဆုံခင် သူ့မိသားစုနှင့် အချိန်တချို့ ဖြုန်းခဲ့၏။ ဝမ်ဝေ့က တတိယတန်းစားဧကရာဇ်နှင့် လက်ရည်ညီမျှသည့် ဆန့်ကျင်ကျင့်ကြံသူများနှင့် သူ့စွမ်းအားကို စမ်းသပ်လိုသည်။

“ခင်ဗျားက အကြီးအကဲချုပ် ဝမ်လင်းလား” ဝမ်ဝေ့က အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အကြီးအကဲကို ကြည့်ကာ မေးလိုက်သည်။ သဘောတရားအရ ဘိုးဘေးအားလုံးသည် အကြီးအကဲချုပ်ရာထူးကို ကိုင်စွဲထားကြသည်။ သို့သော်လည်း ယခင်မျိုးဆက်တွင် အစစ်အမှန်အုပ်ချုပ်သူနှင့် ဧကရာဇ်တစ်ပိုင်းအဆင့် မရှိသည့်အတွက် ဝမ်ချုန်း၏ မျိုးဆက်က အကြီးအကဲချုပ်ဖြစ်လာပြီး ဓားအရှင်က ဘိုးဘေး ဖြစ်လာခဲ့သည်။

“ဂိုဏ်းချုပ်” ဝမ်လင်းက လေးစားသမှုဖြင့် အရိုအသေပြုလိုက်သည်။

“ကျုပ်တို့တွေ တတိယတန်းစားအဆင့်အထိ စွမ်းအားကို မမြှင့်တင်ခင် အဆင့်(၅)တာအိုဘိုးဘေးစွမ်းအားကို အရင်စရအောင်”

ဝမ်ဝေ့က ဤလေ့ကျင့်ရေးမှ သူ့စွမ်းအားနှင့် ရင်းနှီးလိုသည်။ စမ်းသပ်ချက်နှင့် ရင်ဆိုင်နေစဉ်အတွင်း သူက သူရှိထားသည့် စွမ်းအားကို အကြွင်းမဲ့ထိန်းချုပ်မှု မရှိကြောင်း တွေ့ရှိခဲ့ရ၏။

“သဘောပါ”

ဘန်း ဘန်း ဘန်း

ဝမ်ဝေ့က ဝမ်လင်းအပေါ် အားကုန်သုံးပြီး တိုက်ခိုက်ခဲ့ပြီး သူ့စွမ်းရည် အားလုံးကို ထုတ်သုံးခဲ့သည်။ ထိုတိုက်ပွဲအတွင်း သူက သူ့အင်အားအသစ်နှင့် အလျင်အမြန် နေသားကျလာသည်။ သူက နောက်တစ်လကြာ ဆက်တိုက်တိုက်ခိုက်ရင်း နေသားကျအောင် သင်ယူခဲ့၏။

“အကြီးအကဲချုပ် ကျွန်တော့်စွမ်းအားကို ဘယ်လိုထင်လဲ” ဝမ်ဝေ့က မေးလိုက်သည်။

“မင်းရဲ့ ဝိညာဉ်အရည်အသွေးနဲ့ သန့်စင်မှုက ဧကရာဇ်အဆင့်ရောက်နေပြီ။ မင်းရဲ့ မူလအဆီအနှစ်ကလည်း ဆန့်ကျင်ချီနဲ့ နီးကပ်နေပြီ။ မင်းရဲ့ခန္ဓာကိုယ်က ဧကရာဇ်အဆင့် မရောက်သေးဘူးဆိုပေမဲ့ အဆီအနှစ်၊ ချီ၊ စိတ်ဝိညာဉ်တို့ရဲ့ ပေါင်းစည်းမှုကို အသုံးပြုပြီးတော့ အဆင့်မြင့်တိုက်ပွဲတွေမှာ အသုံးပြုနိုင်လိမ့်မယ်။ နောက်ဆုံးတော့ မင်းရဲ့ စည်းမျဉ်းက တာအိုဘိုးဘေးရဲ့ မဟာတာအို အရင်းအမြစ်အဆင့်အထိ ရောက်ရှိနေပြီ”

တာအိုဘိုးဘေးက မဟာတာအိုအရင်းအမြစ်၏ စွမ်းအားကို ငှားယူနိုင်သည့်အတွက် သူ့စည်းမျဉ်းသည် သူတို့အဆင့်လောက် ရောက်သည်မှာ အဓိပ္ပာယ်ရှိ၏။ သို့သော်လည်း ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။

“တစ်ခုခုဖြစ်လို့လား” ဝမ်လင်းက မေးလိုက်သည်။

“မဟုတ်ပါဘူး” ဝမ်ဝေ့က ပြန်ဖြေလေ၏။

“ဒါနဲ့ အကြီးအကဲချုပ်က ဘယ်လိုလုပ် ဆန့်ကျင်ကျင့်ကြံသူ ဖြစ်လာတာလဲ”

ထိုလအတွင်း သူက ဖော်ထုတ်ဖို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

“ငါက ကံအပြောင်းအလဲ အခွင့်အရေးတစ်ခု တွေ့ခဲ့ပြီးတော့ ငါ့ရဲ့ အတွင်းကမ္ဘာကို ထူးခြားတဲ့ ဟွင်သွမ်းအဆောင်တစ်ခုနဲ့ ပေါင်းစပ်နိုင်ခဲ့တာလေ”

“အကြီးအကဲချုပ်က ကံကောင်းတဲ့ပုံပဲ”

“ဖြစ်နိုင်ပါတယ်”

“မဟုတ်သေးဘူး။ ကျွန်တော် ၉ ရာခိုင်နှုန်းနဲ့ ဧကရာဇ်ကို တိုက်ခိုက်နိုင်တယ်။ ဒါပေမဲ့ အကြီးအကဲချုပ်က ကျွန်တော်တို့တိုက်ပွဲမှာ ၅ရာခိုင်နှုန်းပဲ သုံးခဲ့တာမလား”

“ဟုတ်တယ်”

“ကောင်းပြီ။ ကျွန်တော် ၆ ရာခိုင်နှုန်းစွမ်းအားကို ခံစားကြည့်ချင်တယ်”

ဝမ်လင်းက ချက်ချင်းဆိုသလို တုံ့ဆိုင်းသွား၏။

“ကျွန်တော်က ကွာဟချက်ကို ခံစားကြည့်ချင်ရုံပါ”

“ကောင်းပြီလေ”

ဝမ်ဝေ့က သူ့စွမ်းအား အားလုံးကို စုစည်းလိုက်သည်။ ထို့အပြင် သူ့အခြေအနေက အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိသွား၏။

ဘန်း

သူက သေလုနီးပါးအခြေအနေဖြင့် မြေပြင်ပေါ် အမှောက်သိပ်ခံလိုက်ရသည်။

“ဒီမြင်ကွင်းက ဘာလို့ ရင်းနှီးနေပါလိမ့်”

သူက နေရခက်စွာ ပြုံးလိုက်သည်။ လက်ဝါးတစ်ချက်ဖြင့် သူက ရှုံးနိမ့်ခဲ့လေသည်။ အကြီးအကဲချုပ်က သူ့ကို သတ်ဖို့ရာ မကြိုးစားခဲ့ကြောင်း ပြောနိုင်လေသည်။ မဟုတ်ပါက ပို၍ဆိုးရွားသည့် အခြေအနေရောက်ရှိသွားနိုင်၏။

ကွာဟချက်က ၁ ရာခိုင်နှုန်းဆိုပေမဲ့ အတော်လေးကျယ်ပြန့်တာပဲ…

သူက သက်ပြင်းချလိုက်သည်။

သူက ပြန်လည်ကုစားရေးကို ပြန်လည်အသက်သွင်းလိုက်ပြီး ပြောလိုက်သည်။

“ကျွန်တော်တို့တွေ ထပ်စမ်းကြည့်ရအောင်။ ဒီတစ်ကြိမ် ကျွန်တော် ဧကရာဇ်အသုံးအဆောင်ပစ္စည်းကို အသုံးပြုမယ်”

သူ့လက်ရှိအင်အားဖြင့် ထိုအသုံးအဆောင်ပစ္စည်းမှ စွမ်းအားများကို ပိုမိုထုတ်သုံးနိုင်သည်။ ထို့ကြောင့် သူက ၆ ရာခိုင်နှုန်း မဟာတာအိုအရင်းအမြစ် တိုက်ပွဲအတွင်း အသက်ရှင်ရုံမျှသာ ဖြစ်ခဲ့၏။ သို့သော်လည်း ဝမ်ဝေ့ကမူ ထိုအောင်မြင်မှုနှင့် ပတ်သက်ပြီး မပျော်ရွှင်သေးပေ။ ဝမ်လင်းက ဧကရာဇ်အသုံးအဆောင်ပစ္စည်း သို့မဟုတ် မည်သည့်လက်နက်မှ အသုံးပြုထားခြင်း မရှိပေ။ ထို့အပြင် ထိုသူက သူ့ကို သတ်ဖို့ မကြိုးစားသည့်အတွက် ထိန်းထားသည့်အရာများစွာ ရှိလေသည်။

ထို‌့နောက် သူက ရာနှုန်းတိုးပြီး တိုက်ခိုက်ဖို့ နည်းလမ်းအမျိုးမျိုးကို ကြိုးစားကြည့်ခဲ့သည်။ ဝမ်ဝေ့က အသုံးအဆောင်ပစ္စည်း တစ်ခုထက်ပိုပြီး အသုံးပြုခဲ့ပြီး သူတို့ကြားမှ ပဲ့တင်ထပ်မှုကို အသုံးပြုကာ စွမ်းအားများကို စုစည်းခဲ့သည်။ သူက ခန္ဓာကိုယ်၊ စွမ်းအား၊ ဝိညာဉ်နှင့် သက်တမ်းကိုပင် လောင်ကျွမ်းကာ သူ့တိုက်ပွဲခွန်အားကို တိုးမြှင့်ခဲ့၏။ သူက စိတ်စွမ်းအားကို အကောင်းဆုံးစွမ်းရည် ရရှိအောင်ပင် အသုံးပြုခဲ့သည်။

ထိုနည်းလမ်းများဖြင့် သူက တတိယတန်းစား၏ တိုက်ပွဲစွမ်းရည်အကြောင်း သတင်းအချက်အလက် အလုံအလောက် စုစည်းနိုင်ခဲ့သည်။ သူက သူ့ရူးသွပ်မှုကြောင့် အကြီးအကဲတန့်ဆီ အကြိမ်များစွာ သွားရောက်တွေ့ဆုံခဲ့ရ၏။ ကံကောင်းစွာဖြင့် ထိုသူက စိတ်ထဲမထားဘဲ သူ့ကို ကုသပေးရသည်မှာ စိတ်လှုပ်ရှားနေဟန်ပေါ်သည်။

နောက်ဆုံးတွင် ဝမ်ဝေ့က သူ့ဇနီးချောလေးနှင့် တွေ့ဆုံဖို့ ထွက်လာခဲ့၏။

“ဇနီးလေး ကိုယ်အိမ်ပြန်လာပြီ” သူက အော်ပြောလိုက်သည်။

“ရှင့်အသံတိုးဦး” ဝူဟုန်က ပြောလိုက်သည်။

“ရှင့်လက်ရှိအနေအထားကို မသိဘူးလား”

“ဘယ်သူက ဂရုစိုက်မှာလဲ” ဝမ်ဝေ့က ဝူဟုန်ကို ပွေ့ဖက်လိုက်၏။

ဝူဟုန်က သူ့ကို ခြုံငုံကြည့်ကာ ပြောလိုက်သည်။

“ရှင် တကယ်ကြီး အောင်မြင်ခဲ့တာလား”

“ဒါပေါ့။ ကိုယ့်အပေါ် ဘာလို့ ယုံကြည်ချက်မရှိတဲ့ ပုံပေါက်နေပါလိမ့်”

“ရှင် အောင်မြင်မယ်ဆိုတာကို သိတယ်။ ဒါပေမဲ့ ရှင့်ရဲ့ သိပ္ပံနဲ့ နည်းပညာနည်းလမ်းက ကျရှုံးသွားပြီးတော့ နောက်ထပ် နည်းလမ်းတစ်ခု သုံးရမယ်လို့ ထင်ထားတာ”

ဝူဟုန်က သူမ၏ အမျိုးသားကို ဂုဏ်ယူပြီး သူ့စိတ်ထဲတွင် ရှိသမျှ အရာအားလုံးကို လုပ်ဆောင်နိုင်သည့် စွမ်းရည်၊ ဉာဏ်ပညာနှင့် အရင်းအမြစ်များ ရှိကြောင်း သိထားလေသည်။ ထိုအရာက မည်သူမှ မအောင်မြင်ဖူးသည့်အရာဖြစ်လျှင်ပင် သူကတော့ လုပ်ဆောင်နိုင်လိမ့်မည်။

“ဒီအစီအစဉ် အလုပ်မဖြစ်ရင်တောင် ကိုယ့်ဆီမှာ အရန်အစီအစဉ်တွေ ရှိပါသေးတယ်။ ဒါပေမဲ့ အခု တွေးကြည့်တော့ အောင်မြင်မှုက အတော်လေး နည်းပါးခဲ့တာပဲ” ဝမ်ဝေ့က ပြောလိုက်သည်။ သူ့ အရန်အစီအစဉ်တစ်ခုက ဆန့်ကျင်ကျင့်ကြံသူများနှင့် ဧကရာဇ်အစီအရင်ကို အသုံးပြုကာ မဟာတာအိုအရင်းအမြစ်ကို ရယူပြီး အစောပိုင်းမှ ဆေးကြောမှုကို တွေ့ကြုံခံစားဖို့ ဖြစ်သည်။ သူက မဟာတာအိုအရင်းအမြစ်၏ စွမ်းအားကို အသုံးပြုကာ သူ့ကန့်သတ်ချက်ကို ချိုးဖောက်လို၏။

သို့သော်လည်း မဟာတာအိုအရင်းအမြစ်လိုမျိုး အစိတ်အပိုင်းပုံစံက ကွမ်တန်နယ်ပယ်အထက်ပင် ပိုမိုတင်းကြပ်သည့် နေရာတစ်ခု ဖြစ်နေနိုင်သည်။ ထို့ကြောင့် ထိုအရာက သူ့ကို ရပ်တန့်ကာ နတ်ဘုရားအပြစ်ဒဏ် ချမှတ်နိုင်ချေ မြင့်မား၏။

“ရှင့်အတွေ့အကြုံကို ပြောပြပါဦး” ဝူဟုန်က ပြောလိုက်သည်။ ထို့နောက် ဝမ်ဝေ့က သူ တွေ့ကြုံခဲ့သမျှ အရာအားလုံးကို ပြန်လည်ရှင်းပြလိုက်၏။

“တကယ်ကို အံ့ဩဖို့ကောင်းတဲ့ အတွေ့အကြုံတစ်ခုပဲ။ ကွမ်တန်နယ်ပယ်က လျှို့ဝှက်ချက်တွေ အများကြီးရှိနေတဲ့ပုံပဲ။ ဒီကမ္ဘာကို အနာဂတ်အတွက် သိမ်းထားတာ တကယ်ကို အတွေးကောင်းပဲ” ဝူဟုန်က ပြောလိုက်သည်။

“အမှန်ပဲ”

“ဒါပေမဲ့ ရှင် သတိထားသင့်တယ်။ ဘာပဲဖြစ်ဖြစ် ဟုန်ကျွင်းရဲ့ ရည်ရွယ်ချက်ကို မသိရသေးသလို သူ့ရဲ့ ကာကွယ်မှုက ကြာရှည်ခံပါ့မလားဆိုတာကိုလည်း မသိရဘူး”

“မင်း ပြောတာ ဟုတ်တယ်။” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။

“ရှင် သိရင် ပြီးတာပဲ။ ဒါနဲ့ ရှင့်ရဲ့အင်အားနဲ့ ပတ်သက်ပြီးတော့ရော ဘာလို့ ဂရုစိုက်နေတယ်လို့ ခံစားမိနေပါလိမ့်”

“မင်း သတိထားမိရဲ့လား။ မင်း ပြောတာဟုတ်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“ကိုယ်အဆင့်တက်သွားကတည်းက တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားနေရတာ။ ကိုယ့်အနေနဲ့ အပြစ်အနာအဆာ ရှိသွားသလို ခံစားနေရတယ်”

“အပြစ်အနာအဆာလား။ ရှင်က တားမြစ်ချက်ကို သုံးခဲ့လို့များ ပြဿနာတစ်ခုခုရှိတယ်လို့ ထင်နေတာလား”

“မဟုတ်ဘူး။ ဒီအပြစ်အနာအဆာဆိုတဲ့ အသုံးအနှုန်းက မှားရင် မှားနိုင်တယ်” ဝမ်ဝေ့က ခဏရပ်ကာ ပြောလိုက်သည်။

“အကောင်းဆုံး ရှင်းပြရမယ်ဆိုရင် ကိုယ်က တစ်စုံတစ်ခု ပျောက်ဆုံးသွားသလိုမျိုးပဲ”

“ရှင်က ဘာပျောက်ဆုံးသွားတာလဲ”

“အဲဒီအရာကို ကိုယ် စဉ်းစားလို့မရဘူး။ အဖြေက နှုတ်ဖျားမှာ ရှိနေပေမဲ့ စဉ်းစားလို့မရဘူး ဖြစ်နေတာ”

***

All Chapters