← Chapters

မိုင်ပေါင်းခုနစ်သောင်းကျော် လျှောက်သွားခြင်း

Vol. 30 Ch. 409

မိုင်ပေါင်းခုနစ်သောင်းကျော် လျှောက်သွားခြင်း

Vol. 30 Ch. 409

ဧကရာဇ်ယန်ဖုန်းမှာ သူ၏ဂေါ်ဖီခင်းကို ဖျက်စီးသွားသော ဝက် ပြန်ရောက်လာပြီး နောက်တစ်ကြိမ် ဖျက်စီးလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူ တမုဟုတ်ချင်း ကုန်းထပြီး တားချင်ပါသော်လည်း သမင်မိစ္ဆာများ ရောက်လာကာ သူ့ကို ဖိထားကြသည်။ သူ့မှာ ငြိမ်ငြိမ်နေရုံအပြင် ရွေးချယ်စရာမရှိပေ။

သမင်မိစ္ဆာမတစ်‌ကောင်က လက်ထဲတွင် ပန်းများကိုင်ထားပြီး လက်ဟန်ခြေဟန်ဖြင့် မလှုပ်ရန် ပြောကာ သူ့ခေါင်းပေါ်တွင် ပန်းပွင့်များ တင်လိုက်သည်။

ရေသူမတချို့ကလည်း လျှောက်လာကြပြီး ပူညံပူညံအော်ဟစ်နေသော သစ်သီးနီနီများ ကျွေးသည်။ သစ်သီးများ လင်ဗန်းထဲတွင် ဂယက်ထနေသည့် မြင်ကွင်းကြောင့် ဧကရာဇ်ယန်ဖုန်း အံ့အားသင့်သွားမိ၏။

သစ်ပင်မိစ္ဆာများက လူနာများကို စောင့်ကြည့်နေကြပြီး စကားနားမထောင်လျှင် တင်ပါးကို ချတတ်ကြသည်။ မကြာမီ ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်မယ်တော်ကြီး အပါအဝင် သိုင်းလောက၏ ထိပ်သီးသိုင်းသမားများ တိတ်ဆိတ်ငြိမ်သက်သွားကြတော့သည်။

မိစ္ဆာများ မရှိတော့သည့်အခါ ဧကရာဇ်မှာ ချင်မူတို့နောက် ပြေးလိုက်ချင်သော်လည်း ဧကရာဇ်မယ်တော်ကြီးက ပျင်းရိပျင်းတွဲ ပြောလာ၏။ “သားတော်၊ ဒုက္ခခံမနေနဲ့တော့။ လူငယ်တွေ သူတို့ဘာသာ အဆင်ပြေသွားပါလိမ့်မယ်။ စိုးရိမ်စိတ်များနေရင် ရှို့အာ လက်မထပ်နိုင်ဘဲ ဖြစ်လိမ့်မယ်”

“မယ်‌တော်ကတော့ မသိလောက်ပေမယ့် မူလဝိညာဉ် တူနှစ်ကိုယ်ကျင့်စဉ်ဆိုတာ သိပ်အန္တရာယ်များပါတယ်။ အကြင်လင်မယားမဟုတ်ရင် မကျင့်သင့်ဘူး။ ရှို့အာ သူနဲ့အတူ မူလဝိညာဉ် တူနှစ်ကိုယ်ကျင့်စဉ် ကျင့်လိုက်ရင် သူတို့ရဲ့ မူလဝိညာဉ်တွေက တစ်ခုနဲ့တစ်ခု ပဲ့တင်ရိုက်ခတ်ပြီး ခံစားချက်တွေ ဖြစ်လာကြမှာပါ

“အဲ့ဒါကြောင့် သူ နောင်ကျ တစ်ယောက်ယောက်နဲ့ လက်ထပ်ရင် အဲဒီတစ်ယောက်နဲ့ ရင်းနှီးနိုင်မှာမဟုတ်တော့ဘူး။ မရင်းနှီးရင် ခံစားချက်တွေလည်း မဖြစ်တော့ဘူး။ မူလဝိညာဉ်အချင်းချင်း ပဲ့တင်ရိုက်ခတ်တဲ့ သာယာမှုမရှိရင် လက်ထပ်ရင်တောင်မှ ကွာရှင်းရပါလိမ့်မယ်”

ဧကရာဇ်မယ်တော်ကြီးက ပြုံးကာ ပြောလိုက်သည်။ “ဒါဆိုလည်း သူ့ကို သမက် တော်လိုက်ပေါ့ကွယ်။ ဘာတွေ သတိထားနေစရာ လိုလို့လဲ။ ပြီးတော့ ဘယ်သူကရော တော်ဝင်မင်းသမီးတစ်ယောက်ကို ကွာရှင်းဝံ့မှာလဲ”

ဧကရာဇ်ယန်ဖုန်း အတန်ကြာ တိတ်ဆိတ်သွားသည်။ “မယ်တော်၊ သူက ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်တင်မကဘူး လူသားဧကရာဇ်လည်း ဟုတ်ပါတယ်။ သားတော် စိတ်ချလက်ချနေလို့ မဖြစ်ဘူး”

ဧကရာဇ်မယ်တော်ကြီးလည်း သူဆိုလိုသည်ကို နားလည်၍ တိတ်ဆိတ်သွားသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်၏ ဩဇာအာဏာက ကြီးမားလွန်းလှ၏။

ဧကရာဇ်သည် နန်းတွင်းတွင် အာဏာအရှိဆုံး ပုဂ္ဂိုလ် ဖြစ်ပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ကမူ သိုင်းလောကတွင် အာဏာအရှိဆုံး ဖြစ်ချေသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်၏ ဩဇာလွှမ်းမိုးမှုက အနယ်နယ်အရပ်ရပ်သို့ ပျံ့နှံ့နေသည်သာမက နန်းတွင်းအပေါ်လည်း သက်ရောက်မှုရှိသည်။ အထူးသဖြင့် ချင်မူ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် ဖြစ်လာသည့်အခါ ကောင်းကင်နတ်ဆိုးဂိုဏ်းသည် သမိုင်းကြောင်းတစ်လျှောက် အင်အားအကြီးမားဆုံးအချိန်ထက်ပင် ပိုမိုအင်အားကြီးမားလာခဲ့၏။

တာအိုဂိုဏ်းဖြစ်စေ၊ မဟာမိုးခြိမ်းသံကျောင်းတော်ဖြစ်စေ ချင်မူ၏ ဘက်တော်သားများ ဖြစ်သွားကြပြီး နန်းတွင်းသည်ပင် သူ့အား မငြင်းဆန်နိုင်ပေ။ အင်ပါယာကို ပြုပြင်တည်ဆောက်နေသည့်အတွက် ကောင်းကင်နတ်ဆိုးဂိုဏ်း၏အကူအညီကို လိုအပ်သည် မဟုတ်ပါလော။ ထို့ကြောင့် ကောင်းကင်နတ်ဆိုးဂိုဏ်းသားများစွာ နန်းတွင်းသို့ ဝင်ရောက်လာခဲ့သည်။

ထာဝရငြိမ်းချမ်းရေး အင်ပါယာ၏ ရာထူးအမြင့်ဆုံးမှ အနိမ့်ဆုံးအထိ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကင်းလွတ်သည်ဟူ၍ မရှိပေ။

ထို့အပြင် ချင်မူက တာအိုသခင်နှင့် တထာဂတထက် ပို၍အမြင်ကျယ်သည်။ သူက ဧကရာဇ်အတိုင်ပင်ခံကို အတုယူ၍ ကောင်းကင်နတ်ဆိုးဂိုဏ်းကို ပြုပြင်ပြောင်းလဲကာ ကျောင်းစံအိမ်များ တည်ထောင်ခဲ့သည်။ ထို့ကြောင့် ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် ပါရမီရှင်လူငယ်များ တိုးပွားလာခဲ့၏။

ဂိုဏ်းသခင် ဖြစ်လာပြီး နှစ်နှစ်အတွင်းမှာတင် ချင်မူသည် ကြီးကျယ်သောပြောင်းလဲမှုကြီးကို လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ဧကရာဇ်နှင့် ဧကရာဇ်မယ်‌တော်ကြီးအား စိုးရိမ်ပူပန်မိစေသည်။

ချင်မူ့အနားတွင် ထိပ်သီးသိုင်းပညာရှင်များ ဝိုင်းနေပြီး လူသားဧကရာဇ်ဖြစ်နေခြင်းက ပို၍ပင် စိတ်ပူစရာကောင်းသေးသည်။ သူ လူသားဧကရာဇ် တံဆိပ်တော်ကို ထုတ်လိုက်လျှင် တာအိုဂိုဏ်းနှင့် မဟာမိုးခြိမ်းသံကျောင်းတော်သာမက ကျောက်စိမ်းမြို့တော်ငယ်ပင် သူ့အမိန့်ကို နာခံကြလိမ့်မည်။

အမှန်ပင် ကြောက်မက်ဖွယ်ရာကောင်း၏။

ဤရှုထောင့်မှ ကြည့်လျှင် ချင်မူက ဧကရာဇ်အတွက် အသင့်တော်ဆုံး သမက်တော်အလောင်းအလျာ သေချာပေါက် မဟုတ်ပေ။

သူ ဧကရာဇ်၏ သမက်တော် ဖြစ်လာလျှင် ဧကရာဇ်အာဏာကို အလွယ်တကူ သိမ်းပိုက်နိုင်လိမ့်မည်။

ဧကရာဇ်ယန်ဖုန်း စိတ်ပူသည်မှာ ဤအချက်ပင် ဖြစ်သည်။ သူ အသက်ရှင်နေသေးသရွေ့ ချင်မူ့အနေဖြင့် အာဏာမသိမ်းနိုင်သော်လည်း သူ မရှိတော့သည့်အခါ မင်းပြောင်းမင်းလွှဲက သူ့လက်ဖျောက်တစ်ချက် တီးလိုက်ရုံနှင့် ဖြစ်ပျက်သွားနိုင်သည်။

မည်သူမှ သတိမထားလိုက်ဘဲ လွန်ခဲ့သော နှစ်နှစ်က ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီသို့ ရောက်လာသည့် ရိုးရိုးသားသားကောင်လေးတစ်‌ယောက်သည် နဂါးများဖြင့် တိုက်ခိုက်နိုင်သော ကျားရိုင်းတစ်ကောင် ဖြစ်လာခဲ့၏။ အမှန်တကယ် ချောက်ချားဖွယ် ကောင်းသည်။

ချင်မူ့တွင် အာဏာသိမ်းလိုစိတ် မရှိလျှင် နောက်ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်က မည်သို့ဖြစ်လာမည်နည်း။

နောက်ဂိုဏ်းသခင်က ချင်မူ ချန်ရစ်ခဲ့သည့် အာဏာကို အမွေရရှိကာ ဧကရာဇ်ဖြစ်လိုစိတ်များ ‌ပေါက်ဖွားလာမည်မဟုတ်ဟု မည်သူ ပြောနိုင်မည်နည်း။

“ဧကရာဇ်တစ်ပါးအနေနဲ့ သားတော် တခြားသူတွေကို အာဏာလွှဲမပေးသင့်ဘူး။ သားတော် လုပ်တာ မှန်တယ်” ဧကရာဇ်မယ်တော်ကြီးက ပြောသည်။ “ဒါပေမယ့် သားတော် တွန့်ဆုတ်တွေဝေနေတာကို မယ်တော် ဘာလို့မြင်နေရသေးတာလဲ။ သားတော်က ဂိုဏ်းသခင်ချင်ကို စိတ်မချပေမယ့် စိတ်ရှိသလို နေခွင့်လည်း ပေးထားတယ်။ သားတော် အကျင့်က ဒီလိုမှမဟုတ်တာ။ ဧကရာဇ်အတိုင်ပင်ခံနဲ့ ပြုပြင်ပြောင်းလဲမှု ဆက်လုပ်ဖို့ မယ်တော် နိုင်ငံရေးထဲ ဝင်မပါအောင် အဆိပ်ခပ်ခဲ့ပြီး နှစ်ပေါင်းများစွာ အိပ်ရာထဲမှာပဲ နေခိုင်းခဲ့တယ်။ ဒီလောက် ရက်စက်တဲ့လူကမှ ငါတို့လင်မိသားစုရဲ့ ဧကရာဇ်ပဲ”

ဧကရာဇ်ယန်ဖုန်း သူ့ကိုယ်သူ အပြစ်တင်လိုက်မိသည်။ “ဖုယွမ်ချင်း မယ်တော့်ကို အဆိပ်ခပ်တာကို သားတော် တိတ်တဆိတ် ခွင့်ပြုပေးခဲ့တာ မှန်ပါတယ်။ အဲဒီလိုမလုပ်ရင် နန်းတွင်းအပေါ် မယ်တော်ရဲ့ ဩဇာလွှမ်းမိုးမှုက ကြီးမားလွန်းတယ်လေ။ ဧကရာဇ်ယန်ဖုန်းနဲ့ သားတော်အတွက် ထိန်းချုပ်ရ သိပ်ခက်ခဲ့မှာ။ သားတော် အပြစ်ရှိပါတယ်။ ဒါမဲ့ မယ်တော့်ကို အချိန်တစ်ခုအထိပဲ တိတ်တိတ်နေခိုင်းခဲ့မှာပါ။ ဝန်မင်းချင် မရှိရင်တောင်မှ နန်းတွင်းကို အပြည့်အဝထိန်းချုပ်နိုင်ရင် မယ်တော့်ကိုယ်ထဲက အဆိပ်ထုတ်ပေးဖို့ ဖုယွမ်ချင်း ရှိပါသေးတယ်”

ဧကရာဇ်မယ်တော်ကြီးက သက်ပြင်းချကာ ပြောလိုက်သည်။ “သားတော် ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ မယ်တော်ရဲ့ သားတော် ပီသတယ်။ မယ်‌တော့်ထက်လည်း ပိုရက်စက်တယ်။ ဒါကြောင့် ဘာလို့ ဂိုဏ်းသခင်ချင်ကို လွှတ်ပေးထားတာလဲ”

ဧကရာဇ်ယန်ဖုန်း အတန်ကြာ တိတ်ဆိတ်သွား၏။ “ကြောက်လို့ပါ။ ဧကရာဇ်အတိုင်ပင်ခံနဲ့ သားတော် မအောင်မြင်မှာ ကြောက်လို့ပါ။ မအောင်မြင်တာနဲ့ သားတော်တို့ မရှုမလှ သေရလိမ့်မယ်။ အင်ပါယာရဲ့ ကံကြမ္မာ၊ ပြည်သူတွေရဲ့ အသက်က သားတော်အပေါ် မူတည်နေလို့ မဖြစ်ဘူး၊ လင်မိသားစုအပေါ် မူတည်လို့လည်း မဖြစ်ဘူး။ ဧကရာဇ်အတိုင်ပင်ခံနဲ့ သားတော် မအောင်မြင်တဲ့အခါ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်ပေးမယ့် ဆက်ခံသူတစ်ယောက် လိုတယ်။ လင်မိသားစုမှ အဲဒီလိုလူမျိုး မရှိပေမယ့် ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ကတော့ အဲဒီလိုလူပဲ”

ဧကရာဇ်မယ်တော်ကြီးက သူ့မျက်နှာကို စေ့စေ့ကြည့်၍ သက်ပြင်းချလိုက်သည်။ “ငါ့သားတော်က ဒီလိုလူမျိုး ဖြစ်မယ်လို့ မထင်ထားခဲ့ဘူး။ မယ်တော် အပေါ်ယံပဲ ကြည့်ခဲ့မိတယ်။ ရှို့အာကို ဂိုဏ်းသခင်ချင်နဲ့ သွားခွင့်ပြုလိုက်ပါ။ သူက သားတော်ထက် အောင်မြင်နိုင်မယ်ထင်ရင် ရှို့အာကို သူနဲ့ ခွင့်ပြုပေးလိုက်ပါ။ ဧကရာဇ်အတိုင်ပင်ခံနဲ့ သားတော် မအောင်မြင်ရင်တောင်မှ မယ်တော်တို့ လင်မိသားစု ကွပ်မျက်သုတ်သင်မခံရတော့ဘူးပေါ့”

ဧကရာဇ်ယန်ဖုန်း ရင်ထဲတွင် အတန်ငယ် လှုပ်ခါသွားပြီး သူမစကား၏ အဓိပ္ပါယ်ကို သေသေချာချာ တွေးကြည့်ပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။

“သားတော်က ဧကရာဇ်ကောင်းတစ်ယောက်ဖြစ်သလို၊ ဧကရာဇ်အတိုင်ပင်ခံကလည်း အတိုင်ပင်ခံကောင်း တစ်ယောက်ပဲ” ဧကရာဇ်မယ်တော်ကြီးက မြူဆိုင်းနေသော ‌တောင်တန်းများကို ကြည့်ပြီး စိတ်လက်အေးချမ်းစွာဖြင့် ပြောလိုက်သည်။ “မယ်တော် သားတော်တို့ကို မဆန့်ကျင်တော့ပါဘူး။ ဒီကမ္ဘာကို သားတော် စိတ်ကြိုက်ပြောင်းလဲ ပြုပြင်လိုက်ပါ။ မယ်တော်တော့ ဒီတောအုပ်မှာ နေပြီး ဒီမိန်းမတွေနဲ့ ချစ်သူကို ပြိုင်လုရဦးမယ်”

ဧကရာဇ်ယန်ဖုန်း၏ မျက်နှာ မည်းမှောင်သွားပြန်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။ “မယ်တော် တော်ဝင်မိသားစုရဲ့ မျက်နှာကို ထောက်ထား‌တော်မူပါဦး”

ဧကရာဇ်မယ်တော်ကြီးက နေပူစာလှုံနေပြီး အပြုံးမဟုတ်သော အပြုံးဖြင့် ပြော၏။ “သားတော်က လိမ္မာတဲ့သားပါ။ မယ်တော်အိုကြီးရဲ့ ပျော်ရွှင်မှုအတွက် တွေးမပေးတော့ဘူးလား။ နှစ်ပေါင်းများစွာ အိပ်ရာထဲ လှဲနေရတာ ဧကရာဇ်အတိုင်ပင်ခံနဲ့ သားတော်ရဲ့ လက်ချက်မှန်း သိတာတောင် မယ်တော် အပြစ်တင်ဖူးလား။ အခု ဒီဆန္ဒပဲ ရှိတယ်၊ မယ်တော်ကို လွှတ်ထားပေးပါ။ ဒီမိန်းမတွေနဲ့ တိုက်ခိုက်ပြီး အနည်းဆုံးတော့ ပျော်ပျော်နေသွားချင်တယ်”

ဧကရာဇ်ယန်ဖုန်း အလေးအနက်အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။ “မယ်တော် သားတော်ရဲ့ အကူအညီလိုပါသေးလား”

“မိဖုရားဆောင်က မိဖုရားတွေနဲ့ တိုက်ခိုက်ပြီး မယ်တော် ဒီနေရာအထိ ‌ရောက်လာတာပါ။ သားတော်ရဲ့ အကူအညီ လိုသေးတယ်ထင်လား။ မယ်တော့်ကို အထင်သေးနေတာပဲ”

...

အိမ်ဝင်းအပြင်က ကန်ဘေးတွင် ချင်မူ အမွှေးတိုင်တစ်တိုင် ထုတ်၍ ကန်စပ်၌ စိုက်ကာ ထွန်းညှိလိုက်သည်။ လင်ယွိရှို့က ထူးဆန်းသော အမွှေးနံ့ကို ရှုကြည့်ရင်း စပ်စု၏။ “ဒီအမွှေးတိုင်က ဘာအတွက်လဲ”

“ဒါ ဝိညာဉ်လမ်းညွှန်အမွှေးတိုင်လို့ခေါ်တယ်” ချင်မူ ပြုံးရယ်လျက် ပြောလိုက်သည်။ “ဝိညာဉ်လမ်းညွှန်ကျင့်စဉ်က အမှတ်အသားတွေကို ဒီအမွှေးတိုင်ပေါ် ခတ်နှိပ်ပြီး မွှေးရနံ့တစ်ရာကျော် ထည့်ပေါင်းထားတာ။ ဝိညာဉ်လမ်းညွှန်ကောင်းကင်နတ်သိုင်း မရှိပေမယ့် လမ်းတော့ ညွှန်ပြပေးနိုင်တယ်။ ငါတို့ မူလဝိညာဉ်တွေ လမ်းပျောက်သွားရင် ဒီအမွှေးတိုင် ကုန်တာနဲ့ သင်္ကေတအမှတ်အသားတွေ အသက်ဝင်လာမယ်။ ရုပ်ခန္ဓာက အမွှေးနံ့ကို ရှူလိုက်တာနဲ့ ငါတို့မူလဝိညာဉ်တွေကို ရုပ်ခန္ဓာကိုယ်ထဲ အလိုလို လမ်းပြပေးလိမ့်မယ်။ ဒါဆို ငါတို့ကို စောင့်ရှောက်ပေးမယ့်လူ ရှာစရာမလိုဘူး‌ပေါ့”

လင်ယွိရှို့က ချင်မူ၏ ညာလက်ကို ကိုင်ထားပြီးဖြစ်၍ ချင်မူ သူမညာလက်ကို ဆုပ်ကိုင်လိုက်သည်။ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်၍ ပြုံးလိုက်သည့်အခါ မူလဝိညာဉ်များ တမုဟုတ်ချင်း ထွက်သွားသည်။

ချင်မူနှင့် လင်ယွိရှို့သည် မူလဝိညာဉ်များဖြင့် လောကတစ်ခွင် လျှောက်သွားဖူးသော အတွေ့အကြုံ ရှိ၏။ ထို့နောက်ပိုင်း မိမိဘာသာတစ်ယောက်တည်း ကျင့်ကြံကြည့်ခဲ့သော်လည်း ရလဒ်က သိပ်မကြီးမားခဲ့ပေ။

သဘောပေါက်ထားသည့်အတိုင်း ကျင့်ကြံကြည့်သော်လည်း တိုက်ဆိုင်မှုကို အမှန်တကယ်ဖြစ်အောင် လုပ်ရသည့်အတွက် အလွန်ခက်ခဲသည်။

ချင်မူ ရှုရှန်းဟွာနှင့် ဆုံတွေ့တုန်းက လောကသခင်ခန္ဓာနောက်တစ်ခု ရှိသည်ဟု ထင်မှတ်ကာ စိတ်ရွှင်မြူးသွားခဲ့သည်။ ထိုအဖြစ်အပျက်ကြောင့် သူနှင့် လင်ယွိရှိုတို့မှာ မူလဝိညာဉ်များအနေဖြင့် ရုပ်ခန္ဓာထဲမှ ထွက်ကာ လျှောက်သွားခဲ့၏။ ယင်းကား ကြက်ကန်းဆန်အိုးတိုး၍သာ ဖြစ်ခဲ့သည်။

တိုက်ဆိုင်မှုကို အမှန်တကယ် ဖြစ်လာအောင် ပြောင်းလဲရန်က အရေးကြီးဆုံးဖြစ်သည်။

မူလဝိညာဉ်များ သူတို့၏ခန္ဓာကိုယ်ထဲမှ ထွက်သွားပြီး အတူတူ လျှောက်သွားကာ သဘောတရားကို ရှာဖွေနေကြသည်။

မူလဝိညာဉ်များ တစ်ခုကိုတစ်ခု တွယ်တာ၍ ပဲ့တင်ရိုက်ခတ်နေသည်ကို သူတို့ သတိထားမိကြ၏။ ယခင်တစ်ခေါက်က တိုက်ဆိုင်၍ ကြုံတွေ့ခဲ့ရသော မူလဝိညာဉ်တူနှစ်ကိုယ်ကျင့်စဉ်နှင့် မတူပေ။

မူလဝိညာဉ်ဆိုမှာ ဝိညာဉ်သန္ဓေသားနှင့် ဝိညာဉ်မှ ဖွဲ့တည်လာခြင်းဖြစ်သည်။ ခန္ဓာကိုယ် ထွက်သွားလျှင် ဝိညာဉ်များက တစ်ခုနှင့်တစ်ခု ပဲ့တင်ရိုက်ခတ်သည့်အတွက် မူလဝိညာဉ်များလည်း တစ်ခုနှင့်တစ်ခု ပဲ့တင်ရိုက်ခတ်ကြသည်။ ရှိန်းတိန်းတိန်း အားလှိုင်းတစ်ရပ်က ပျံနှံ့နေသကဲ့သို့ ဖြစ်သည်။

ထိုခံစားချက်က မေ့မရအောင် စွဲမက်ဖွယ်ကောင်း၏။

လူငယ်နှစ်ယောက် လျှောက်သွားနေရင်း အလွန်ကြီးမားသော ပန်းပွင့်ကြီးများကို မြင်လိုက်ရသည်။ ၎င်းတို့ကို မည်သို့ခေါ်မှန်း သူတို့ မသိပေ။ တစ်ခါမှ မမြင်ဖူးသည့် မြက်ပင်ကြီးများကလည်း ဓားများပမာ ထိုးထောင်နေသည်။ ကောင်းကင်ထက်တွင် ငါးဖန်ခွက်များလည်း ပျံဝဲနေ၏။ အလွန်ကြီးကျယ်ခမ်းနားသော မြင်ကွင်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် အလွန်ကွဲပြားချေသည်။

သူတို့ ထိုအနားတစ်ဝိုက်မှ မခွာနိုင်ကြပေ။

“ငါတို့ တကယ်မြင်နေရတာလား၊ ထင်ယောင်ထင်မှားနေတာလား” နှစ်ယောက်သား အလွန်ပျော်ရွှင်နေ၍ ပြန်သွားရန် မေ့နေကြသည်။

သို့သော် ထိုအခိုက်အတန့်တွင် ခပ်ပြင်းပြင်း အနံ့စူးစူးကို ရလိုက်ပြီး မမြင်ရသော အားလှိုင်းတစ်ရပ်က သူတို့ကို စွေ့ခေါ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ လင်ယွိရှို့က ငါးသေးသေးလေးတစ်ယောက်ကို ကမန်းကတန်း လှမ်းဆွဲကာ ပြောလိုက်၏။ “တကယ်လား ထင်ယောင်ထင်မှားလားဆိုတာ ငါတို့ ရုပ်ခန္ဓာထဲ ပြန်ရောက်ရင် သိလိမ့်မယ်”

ဝှစ်

သူတို့မျက်ဝန်းရှေ့ရှိ အဆုံးမဲ့မြင်ကွင်းများ ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားသည်။ နှစ်ယောက်သား ရုပ်ခန္ဓာထဲ ပြန်ရောက်သွားကြကာ တစ်ယောက်လက် တစ်ယောက်ကိုင်လျက် အကြည့်ချင်းဆုံနေကြဆဲ ဖြစ်သည်။

“တကယ်ဟ ဆန်းကြယ်လိုက်တာ”

သူမက လက်ထဲရှိ ငါးသေးသေးလေးကို ကန်ထဲ ချပေးလိုက်သည်။ ၎င်းက ကြောက်လန့်တကြား ကူးခတ်ပြီး ရေနစ်‌တော့မလို ဖြစ်နေသည်။

လင်ယွိရှို အပြေးသွား၍ ငါးလေးကို ရေထဲမှ ထုတ်ပေးလိုက်သည်။ ငါးလေးမှာ တဟွတ်ဟွတ် ချောင်းဆိုးရင်း ဗိုက်ထဲမှ ရေများကို အန်ထုတ်ပြီးနောက် မညီညာသော ဆူးတောင်များကို ခတ်လျက် ကောင်းကင်ပေါ် ပျံတက်သွား၏။

လင်ယွိရှို့ အံ့အားသင့်နေသည့်အချိန် ငါးလေးက သူမဆီ ပြန်လာပြီး ပါးစပ်ထဲမှ ရေများကို သူမမျက်နှာပေါ်တည့်တည့်သို့ ထွေးထုတ်လိုက်သည်။

လင်ယွိရှို့ စိတ်တိုသွားပြီး ငါးလေးကို လှမ်းဖမ်းလိုက်သော်လည်း ၎င်းက ဆူးတောင်များကို တဖတ်ဖတ် ခတ်ကာ ပျံထွက်သွား၏။

“ငါးငတုံး” လင်ယွိရှို့က မျက်နှာသစ်ပြီးနောက် ချင်မူ့ဘက် လှည့်ပေးလိုက်သည်။ “နွားကျောင်းတဲ့ကောင်လေး၊ ငါတို့ ဘယ်ရောက်ခဲ့တာလဲ”

ချင်မူ တခဏ စဉ်းစားကာ ပြောလိုက်သည်။ “မဟာမြို့ပျက်ထဲက အရှေ့ပင်လယ်ဒေသ ဖြစ်လောက်တယ်။ အဲဒီနေရာက အရင်တုန်းက ပင်လယ်ကြီးဖြစ်ခဲ့ပြီးမှ ချိုင့်ဝှမ်းဖြစ်သွားတာ။ ပင်လယ်ရေတွေ မရှိတော့ပေမယ့် သက်ရှိတွေ အသက်ရှင်နေသေးတာပဲ။ ငါးတွေရော ပန်းတွေရော ပျံတတ်နေတယ်”

“မဟာမြို့ပျက်ထဲက အရှေ့ပင်လယ်ဟုတ်လား။ ဘယ်လောက် ဝေးတာလဲ”

“မိုင်ခုနစ်သောင်းကျော်”

လင်ယွိရှို့ တအံ့တဩ ထခုန်ကာ အော်လိုက်မိသည်။ “အမွှေးတိုင်တစ်တိုင် ထွန်းစာအတွင်းမှာ ငါတို့ မိုင်ခုနစ်သောင်းကျော် သွားပြီး ပြန်ရောက်လာတာပေါ့ ဟုတ်လား”

ချင်မူ ခေါင်းညိတ်ပြီး အဝေးသို့ ကြောင်ကြောင်ငေးငေး ကြည့်လိုက်သည်။ “ဒီလောက် အချိန်တိုအတွင်း မိုင်ခုနစ်သောင်းကျော် သွားနိုင်တာက အမှန်တကယ် မယုံနိုင်စရာပဲ။ ရုပ်ခန္ဓာကိုယ်ကရော ဘာကြောင့် အဲဒီလောက် မမြန်နိုင်တာလဲ။ ရုပ်ခန္ဓာကိုယ်သာ မူလဝိညာဉ်လို မြန်ရင် ဘယ်လောက်ကောင်းလိုက်မလဲ”

လင်ယွိရှို့ တဟားဟား ထရယ်လိုက်မိသည်။ “နင် တော်တော် ကလေးဆန်တာပဲ။ မူလဝိညာဉ်မှာက အလေးချိန်မှမရှိတာ အဲဒီလောက် မြန်မြန်ပြေးနိုင်တာပေါ့။ ရုပ်ခန္ဓာကိုယ်ကျ အလေးချိန်ရှိတယ်လေ၊ နှေးတာပေါ့။ နင့်မှာ ဝိညာဉ်လမ်းပြအမွှေးတိုင်တွေ ရှိသေးလား။ ငါတို့ လျှောက်ပဲ ကစားနေမိတာ။ မူလဝိညာဉ်ဖွဲ့တည်နည်းကို မတွေးရသေးဘူး။ ထပ်စမ်းကြည့်ဖို့လိုတယ်”

ချင်မူ သူတို့မူလဝိညာဉ်အချင်းချင်း ပဲ့တင်ရိုက်ခတ်နေသည့် ခံစားချက်ကို တွေးပြီး အတန်ငယ် လောဘတက်လာမိသည်။ သူ ရုတ်ခြည်း ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ် ထပ်စမ်းကြည့်ရမယ်။ လျှောက်ကစားနေလို့ပဲ မရဘူး။ ဒီကိစ္စက အရေးကြီးတယ်”

အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် သူတို့၏မူလဝိညာဉ်များ ခန္ဓာကိုယ်ထဲ ပြန်ရောက်လာပြီး‌ ချင်မူ ခေါင်းကုတ်လိုက်သည်။ “ထပ်သွားချင်သေးလား”

လင်ယွိရှို့က အလေးအနက် ခေါင်းညိတ်လိုက်၏။ “ဒီတစ်ခေါက်တော့ သေချာပေါက် မကစားဘူး”

All Chapters