ဉာဏ်များသော စီးပွားရေးသမားနှစ်ယောက်
Vol. 30 Ch. 408
ချင်မူ ကောင်းကင်ကိုးဆင့်မျက်လုံးကျင့်စဉ်ကို အသက်သွင်း၍ အလျားလိုက်ဓားမရောင်နှင့် ဒေါင်လိုက်ဓားမရောင်ကို ကြည့်လိုက်သည်။ သေတ္တာ နှစ်ခြမ်းကွဲသွား၍ ခန္ဓာကိုယ်အစိတ်အပိုင်းများစွာ ပြန့်ကြဲသွားသည်။ တချို့က ကောင်းကင်ပေါ် ပျံတက်သွားကြပြီး တချို့က တောထဲ ဝင်သွားကြသည်။ တချို့က မြေကြီးထဲ ဝင်ရောက်ထွက်ပြေးကုန်သည်။
“ကောင်းကင်ဓားမ” ရှင်းအန်း၏အသံက အရပ်မျက်နှာတခွင်မှ ထွက်လာသည်။ “မင်းလည်း အနှေးနဲ့အမြန် ငါ့လက်ထဲ ရောက်လာမှာပါ”
အရပ်အမောင်းမြင့်မားသော လူတစ်ယောက် အပြေးရောက်လာပြီး သူ့လက်နှစ်ဖက်ကို ပင့်မြှောက်လိုက်သည့်အခါ ဓားမများ ရွာကျလာကာ အချိန်မှီ ထွက်မပြေးနိုင်လိုက်သော ခန္ဓာကိုယ်အစိတ်အပိုင်းများကို အပိုင်းပိုင်း ခုတ်ထစ်ပစ်လိုက်သည်။
“ဘိုးဘိုးသားသတ်သမား၊ ရှင်းအန်းကို အလွှတ်မပေးနဲ့” ချင်မူ လှမ်းအော်လိုက်၏။
သို့သော် သူ၏သိုင်းအဆင့်က အသံဝေးဝေးရောက်အောင် မပို့လွှတ်ပေးနိုင်၍ အဘွားစစ်က သူ့အသံကို ကပျာကယာ ပို့လွှတ်လိုက်သည်။ ဝက်ခုတ်ဓားမတစ်လက် ကောင်းကင်ယံမှ ကျဆင်းလာပြီး မြေကြီးထဲ စိုက်ဝင်သွားသည်။ ဓားမချီက မြေကြောတစ်လျှောက် ခုတ်ပိုင်းလှီးဖြတ်ရင်း ထွက်ပြေးနေသော ရှင်းအန်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ရှင်းလင်းနေ၏။ တစ်ချိန်တည်းမှာပင် နောက်ဓားမတစ်လက်က ကောင်းကင်ယံသို့ ပျံတက်သွားပြီး လေကြောတစ်လျှောက် ပိုင်းဖြတ်လိုက်၏။
တခဏကြာသော် ဓားမနှစ်ဖက်လုံး ပြန်ရောက်လာသည်။ သားသတ်သမားက ဓားမနှစ်လက်ကို ဖမ်းဆုပ်လျက် ပျံသန်းသွားသည်။ “ငါ့ ဓားမချီတွေ သူ့ကို ထိထားတယ်။ သူ ငါ့ဓားမအာရုံစက်ကွင်းကနေ လွတ်အောင် ပြေးနိုင်မှာမဟုတ်ဘူး။ ခဏနေရင် ပြန်လာခဲ့မယ်”
“ရွာလူကြီးတို့တွေ ပြန်မလာသေးဘူးလား”
“အဘိုးကြီးမာရဲ့ ကျောင်းမှာ တည်းနေကြတုန်းပဲ။ ငါက စိတ်ပူလို့ စောစော ပြန်လာတာ”
ချင်မူ စိတ်အေးသွားသော်လည်း ထိုအခိုက်အတန့်တွင် သူ့ဘေးရှိ မျက်ကန်းက ယိမ်းထိုးပြီး ကောင်းကင်မှ ပြုတ်ကျသွားသည်။ ချင်မူ သူ့ကို ကမန်းကတန်း လှမ်းဆွဲလိုက်သည့်အခါ သူ့တစ်ကိုယ်လုံး အလွန်အမင်း လေးလံသွား၏။ မျက်ကန်း၏လှံ လုံထောင်လည်း သူ့သခင်နည်းတူ ဒဏ်ရာအပြင်းအထန် ရထား၍ သတိလစ်နေလေသည်။
လှံက နဂါးနက်တစ်ကောင်၏ အရိုးမှ သွန်းလုပ်ထားခြင်းဖြစ်သည်။ ထိုနဂါးက သာမန်နဂါးမဟုတ်ဘဲ အသိဉာဏ်ရှိသော ကောင်းကင်နဂါးဖြစ်သလို၊ အလွန်တရာ လေးလံသည့်အတွက် ချင်မူ မနိုင်တော့ပေ။
အဘွားစစ်က သူ့ကို လှမ်းဆွဲလိုက်၍ သူနှင့်အတူ ကောင်းကင်ယံမှ ပြုတ်ကျလာသည်။ မြေကြီးနှင့် မိတ်ဆက်တော့မည့်အချိန်မှသာ ရပ်လိုက်နိုင်ကြ၏။
သုံးယောက်သား ဘေးမသီရန်မခ ဆင်းသက်လိုက်ကြပြီးနောက် ချင်မူ့ကိုယ်ပေါ်ရှိ နောက်ဆုံးရေနဂါးမှာ လျှောဆင်းသွားပြီး မြွေသေတစ်ကောင်လို မြေပေါ်တွင် လဲလျက် အသက်မနည်းရှူနေရသည်။ ၎င်းပါးစပ်မှ သွေးအမြုပ်တစီစီ ထနေသည်။
ချင်မူမှာ အားတင်း၍ ရပ်နေသော်လည်း ခြေလက်များက ထိန်းချုပ်မရနိုင်အောင် တုန်ရီနေသည်။ သူ၏ဒဏ်ရာများသည်လည်း သေလုမျောပါး ပြင်းထန်၏။ မျက်ကန်း၊ ထော့ကျိုးနှင့် နားကန်းတို့ အချိန်မှီကယ်တင်ပေးခဲ့သောကြောင့် မဟုတ်လျှင် ရှင်းအန်း၏ အဖမ်းခံရလျှင် အဖမ်းခံရ၊ အသတ်ခံရလျှင် အသတ်ခံရနေချေပြီ။
ရေနဂါးများ၏ စွမ်းအားကို ငှား၍ တိုက်ပွဲထဲ ဝင်ရောက်ခဲ့သည့်တိုင်အောင် သူ့တွင် သိုင်းစွမ်းရည် နိမ့်ကျပြီး အတွေ့အကြုံလည်း နည်းပါး၏။ ရှင်းအန်းကဲ့သို့ နတ်ဘုရားတစ်ပါးနှင့် သေခြင်းရှင်ခြင်းတိုက်ပွဲ ဆင်နွှဲရသည့်အချိန်တွင် သူ့အနေဖြင့် ဉာဏ်ကို လွှာသုံးပြီး လှည့်ကွက်များ စဉ်းစားတတ်နိုင်မှသာ အခြေအနေအား ပြောင်းလဲနိုင်လိမ့်မည်။
ကံကောင်းထောက်မစွာနှင့် သူ ဤတစ်ခေါက် အောင်မြင်ခဲ့သေးသည်။
သို့သော် ဘေးပတ်ဝန်းကျင်အား ကြည့်လိုက်သည့်အခါ သိုင်းပညာရှင်များ တုံးလုံးပက်လက် လဲနေကြသည်ကို မြင်တွေ့လိုက်ရ၍ သူ ထိတ်လန့်သွားမိသည်။
မျက်ကန်း၊ နားကန်း၊ ထော့ကျိုး၊ ဧကရာဇ်ယန်ဖုန်းနှင့် လီထျန်းရှင်ကဲ့သို့ အကျော်အမော်များကို မဆိုထားနှင့်။ သူ၏ရေနဂါးများသည်လည်း သိုင်းလောကတွင် ဂိုဏ်းသခင်အဆင့်နည်းတူ ကြောက်မက်ဖွယ်ရာ သန်မာအားကောင်း၏။
ဧကရာဇ်မယ်တော်ကြီးနှင့် ယွီကျောက်ချင်းကဲ့သို့ အမျိုးသမီးသူရဲကောင်းများပင် ရှုံးနိမ့်ခဲ့ရသည်။ အားဆေးကြောင့်သာ မဟုတ်လျှင် လူတိုင်း ရှင်းအန်းလက်ချက်ဖြင့် သေဆုံးကြရလိမ့်မည်။
“သိပ်အားကြီးတာပဲ။ သောက်ရမ်း အားကြီးတယ် တယ်.... အား လား လား”
ချင်မူ စကားပြောနေစဉ်မှာပဲ အဘွားစစ်က သူ့နားရွက်ကို ဆွဲလိုက်သည်။
“အယုတ္တအနတ္တတွေ ပြောနေပြန်ပြီ” သူမက ဘဝင်မကျသည့်လေသံဖြင့် ပြောသည်။ “မင်းကို ဘယ်သူ သင်ပေးထားတာလဲ။ သားသတ်သမားလား။ ဂိုဏ်းချုပ်လား။ အပြင်မှာ မိတ်ဆွေဖွဲ့ထားတဲ့ လူမိုက်တွေလား”
“အား လား လား မဆဲတော့ပါဘူး။ မဆဲတော့ပါဘူး ဘွားဘွား လွှတ်ပေးပါနော် ကျေးဇူးပြုပြီး”
အဘွားစစ် လွှတ်ပေးလိုက်မှ ချင်မူ စိတ်သက်သာရာရသွားသည်။ သူ နားရွက်ကို ပွတ်ရင်း သွေးတိုးစမ်းမေးကြည့်လိုက်၏။ “ဘွားဘွား၊ အခု လီထျန်းရှင် ထွက်သွားပြီဆိုတော့ ဘွားဘွား အရုပ်ဆိုးဆိုး အရေခွံကြီး ခြုံထားစရာ မလိုတော့ဘူးမလား။ စိတ်မကောင်းမဖြစ်ပါနဲ့..”
“ဘယ်သူက စိတ်မကောင်းဖြစ်နေလို့လဲ” အဘွားက ခေါင်းတယမ်းယမ်းဖြင့် လျှောက်ထွက်သွားသည်။ “လီထျန်းရှင် သေပြီဆိုတော့ ငါ လွတ်လပ်သွားပြီလေ။ ပျော်သင့်တဲ့ကိစ္စပဲ” ထိုသို့ ပြောလိုက်ပါသော်လည်း အဘွားစစ်သည် ပြုံးရယ်ခြင်းမရှိ၊ ညှို့မှိုင်းနေ၏။
အဘွားစစ်က အားနည်းနေသည့် သူမပုံစံကို မမြင်စေချင်၍ ချင်မူ့အား ရှောင်ထွက်သွားသည်။ သူမက ခန်းမဆောင်များ၌ ပုန်းနေသော မိစ္ဆာများကို ခေါ်ကာ ဒဏ်ရာရထားသူများကို အထဲထည့်ခိုင်းလိုက်သည်။
ချင်မူ ဒဏ်ရာရထားသော ရေနဂါးများကို ပြန်ခေါ်လိုက်သည့်အခါ သူတို့အားလုံးက ခိုးထားသည့် ရှင်းအန်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ သယ်လာပြီး အစစ်အမှန်နဂါးသိုက်ထဲ ထည့်လိုက်သည်။
အစစ်အမှန်နဂါးသိုက်၏ အတွင်းနေရာသည် မည်သည့်ဆက်သွယ်မှုကို ဖြတ်တောက်ပိတ်ဆို့ပေးနိုင်သော်လည်း ချင်မူ စိတ်အေးအေးမထားနိုင်သေးပေ။ ဧကရာဇ်တံဆိပ်ပြားကို အစစ်အမှန်နဂါးမင်းအသွင် ပြောင်းစေလျက် နဂါးသိုက်ထဲ ဝင်သွားစေလိုက်၏။ ထော့ကျိုးက သူ့ခြေထောက်နှစ်ချောင်းကို ဖက်ပြီး မေ့နေသည့်အတွက် သူ့ကို သယ်ရန် ချင်မူ အတော်လေး အားထုတ်လိုက်ရသည်။ ထို့နောက် နားကန်း၏ ပန်းချီကို ရှာတွေ့၍ အစစ်အမှန်နဂါးသိုက်ထဲ ထည့်လိုက်၏။
လုပ်စရာရှိသည်များ လုပ်ပြီးနောက် ချင်မူ သက်ပြင်းချပြီး ဆေးကုပေးရန် ခန်းမထဲ ဝင်လိုက်သည်။ သို့သော် ဒဏ်ရာအလွန်ပြင်းထန်၍ အချိန်မရွေး သေသွားနိုင်သော လူတချို့ရှိသည်။ တစ်ယောက်ချင်း လိုက်ကုနေပါက အချိန်ကြာမည်။ သူ ကု၍မပြီးခင် သေသူက သေကုန်ကြလိမ့်မည်။
ချင်မူ နဂါးချီကိုသာ လှမ်းခေါ်လိုက်ရသည်။ “ဖက်တီးနဂါး၊ ငါ မင်း အသုံးကျအောင် ရက်တစ်ထောင် ထိန်းကျောင်းထားပြီးပြီ။ အခု သူတို့အားလုံးကို လျက်စမ်း”
နဂါးချီလင်က ညည်းသည်။ “ဂိုဏ်းသခင်ကလည်း ကျွန်တော့်မှာ အဲဒီလောက်များတဲ့ သွားရည်တွေ ဘယ်လိုလုပ်ရှိမှာတုန်း”
“ရှူး သွားရည်လို့ မပြောနဲ့” ဟူလင်းအာက နဂါးချီလင်၏ နားပေါ် ခုန်တင်ကာ တိုးတိုးကပ်ပြောသည်။ “နဂါးသွားရည်လို့ ခေါ်။ ရိုးရိုးသွားရည်လို့ ခေါ်နေရင် နောင်ကျ ရောင်းစားလို့ရမှာမဟုတ်ဘူး။ သွား ကောင်းကောင်းလျက်လိုက်၊ သခင်လေးကို အစာပိုကျွေးဖို့ ပြောပေးမယ်”
နဂါးချီလင် တမုဟုတ်ချင်း စိတ်အားတက်သွားသည်။ “အစ်မကြီးလင်းအာ၊ ပြောဖို့ မမေ့နဲ့နော်”
ချင်မူ ဒဏ်ရာအပြင်းထန်ဆုံး လူများကို ရွေးချယ်ကာ အရင်စမ်းသပ်လိုက်သည်။ သူက ငွေအပ်များဖြင့် သူတို့၏ဒဏ်ရာများကို ဦးစွာပိတ်၍ ဖိနှိပ်ထားသည်။ ထို့နောက် ဆေးဖော်သော်လည်း သူ့လက်များမှာ တုန်နေဆဲဖြစ်ရာ ဆေးမီးဖိုနှစ်အိုး ပစ်ရ,သွားသည်။
သူ စိတ်ပြန်ထိန်းပြီး သူ့ဒဏ်ရာများသူ အရင်ကုလိုက်သည်။ လက်မတုန်တော့သည်နှင့် ကျန်ရှိသူများကို စမ်းသပ်ကာ ဆေးလုံးများဖော်သည်။
လူတိုင်း အထိအခိုက်များကြပြီး ဒဏ်ရာရသည့်နေရာလည်း မတူကြပေ။ သူတို့အသက်အန္တရာယ်မရှိအောင် ဒဏ်ရာများကို ဖိနှိပ်ပေးပြီးနောက်မှ သူ ဂရုတစိုက် စမ်းသပ်သည်။
သူ၏ရေနဂါးများလည်း မဟန်ပေ။ သူတို့က နဂါးချီလင်ဆီ သွား၍ ဒဏ်ရာများပြကာ လျက်ပေးခိုင်းသော်လည်း နဂါးချီလင်က မလုပ်ပေးသောကြောင့် ‘မာ ဟာ မာ ဟာ’ ဟု ဆဲဆိုနေကြသည်။
လင်ယွိရှို့၊ ယန်ကျင့်ကျင့်၊ စစ်ယွင်ရှန်းနှင့် ဟူလင်းအာလည်း လာကူပေးသည်။ နေ့ဝက်ကြာအောင် ကုပေးပြီးနောက်တွင်တော့ ချင်မူ ပင်ပန်းလာပြီး ခံနိုင်ရည်မရှိတော့ပေ။ သူ့ကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ ယခုထက်ထိ မပျောက်သေး၍ သူ အနားယူလိုက်ရသည်။
ကံကောင်းထောက်မ၍ လူနာများမှာ အသက်အန္တရာယ်မစိုးရိမ်ရတော့ပေ။ လူနာအများစုက နိုးလာကြပြီဖြစ်သည်။
ချင်မူ တစ်ညလုံး အိပ်ပျော်သွားသည်။ သူ နိုးသည့်အချိန်တွင် ကောင်းကင်က မလင်းသေးပေ။ အဘွားစစ်၏အသံကို သူ ကြားလိုက်ရ၏။ သူ အခန်းအပြင် ထွက်လိုက်သည့်အခါ ရေသူမဆယ်ယောက်ကျော်ကို မနက်စာပြင်ခိုင်းနေသော အဘွားစစ်အား တွေ့လိုက်ရသည်။
သူ ခန်းမအရှေ့ရှိ ကျောက်လှေကားထစ်တစ်ထစ်အပေါ် ထိုင်ချကာ သူမနောက်ကျောကို ကြည့်နေမိသည်။ သူ့ရင်ထဲတွင် အေးချမ်းနေ၏။
သူမက အဘွားစစ်ဖြစ်သည်။ လီထျန်းရှင် မဟုတ်တော့ပေ။
ဂိုဏ်းသခင်ဟောင်း လီထျန်းရှန် အမှန်တကယ် သေဆုံးသွားခဲ့ချေပြီ။
ထိုလူ့အား ချင်မူ သဘောမကျပေ။ လီထျန်းရှင်သည် ဂိုဏ်းသခင်ရာထူးနှင့် မထိုက်တန်၊ ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ တိုးတက်မှုကို နှစ်လေးဆယ် နောက်ကျစေခဲ့သည်။ လူငယ်ဂိုဏ်းချုပ်ကြောင့်သာ မဟုတ်လျှင် ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက ဧကရာဇ်အတိုင်ပင်ခံနှင့် ဧကရာဇ်ယန်ဖုန်း၏ လက်အောက်သို့ ကျရောက်သွားခဲ့လိမ့်မည်။
သို့ပါသော်လည်း အဆုံးသတ်တွင် ဂိုဏ်းသခင် လုပ်သင့်လုပ်ထိုက်သောအရာကို သူ လုပ်ခဲ့သေးသည်။ မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ၏ ‘မဟာဉာဏ်အလင်းပွင့်အပိုင်း’ ကို နားလည်သွားခဲ့ပြီး အသိစိတ်ဝင်သွားခဲ့သည်။ သို့စေကာမူ သူ့ဘဝကို ပြန်ကြည့်လိုက်လျှင် ရှုံးနိမ့်ခဲ့မှုများကသာ စိုးမိုးနေ၏။
အဘွားစစ်က သူ့ကို လှည့်ကြည့်၍ ချင်မူ ပြုံးပြလိုက်သည်။ အရှေ့ကောင်းကင်ယံမှ နေလုံးကြီး၏ ရှေ့ပြေးအလင်းတန်းများ ယှက်သန်းလာပြီး နီစွေးလာသည်။
မနက်စာစားပြီး သူ့ကိုယ်သူ အရင်ကုသပြီးနောက် ချင်မူ အခြားသူများကို သွားရောက်ကုသပေးလိုက်သည်။
မိန်းကလေးများလည်း လာရောက်ကူညီကြသည်။ နေ့ဝက်ကျော်အတွင်း ချင်မူ ဖော်စပ်ခဲ့ရသော ဆေးမီးဖိုအရေအတွက်မှာ ရေတွက်၍ပင် မရပေ။ သူ ခြေကုန်လက်ပန်းကျသွားပြီး သူ့ထောင်ကျယ်အိတ်ထဲရှိ စွမ်းအင်ဆေးပင်များလည်း အနည်းနှင့်အများ သုံးစွဲပြီးသွားပြီဖြစ်သည်။ နဂါးထိန်းဧကရာဇ်၏ ထောင်ကျယ်အိတ်ထဲရှိ ဆေးပင်များလည်း ကုန်ပေတော့မည်။
ချင်မူ သူ့ဘာသာ သွားရှာချင်သော်လည်း အားမရှိသည့်အတွက် လိုအပ်သည့် ပရဆေးပင်များကို ချရေးပြီး ဟူလင်းအာနှင့် နဂါးချီလင်ကို ဖန့်စုန်းပြည်နယ်မှ သွားယူခိုင်းလိုက်သည်။
“ဆေးဆိုင်ပိုင်ရှင်က ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက ဆိုတော့ ကောင်းကင်နတ်မယ်ရှန်းလည်း သူတို့နောက်လိုက်သွားတာ ကောင်းမယ်။ အဲဒီမှာ ဘယ်သူမှမရှိရင် အမြန်သင်္ဘောတစ်စင်းနဲ့ ပို့ခိုင်းလိုက်ပါ။ ပြီးတော့ ဒယ်အိုးအကြီး ၂၆ လုံးနဲ့ လူထည့်လို့ရတဲ့ ဆေးကျိုအိုတစ်အိုး ပြင်ရမယ်။ တချို့လူတွေရဲ့ ဒဏ်ရာက သိပ်ရှုပ်ထွေးလို့ ဆေးကျိုအိုးထဲ ထည့်ကျိုဖို့ လိုတယ်”
ယန်ကျင့်ကျင့် စိတ်လှုပ်ရှားလာသည်။ “ငါလည်း လိုက်သွားချင်တယ်”
ချင်မူ တွန့်ဆုတ်နေသော်လည်း ပြောလိုက်သည်။ “ငါ နင့်ကို ကစားဖို့ ခေါ်ထုတ်လာပေမယ့် အခုလို ကိစ္စမျိုးဖြစ်လာမယ် မထင်ခဲ့ဘူး။ အခု ငါ့မှာလည်း အချိန်မရှိဘူးဆိုတော့ ဖန့်စုန်းပြည်နယ် လိုက်သွားတာ ကောင်းပါတယ်။ အဲဒီမှာ လျှောက်လည်ကြည့်ပေါ့”
စစ်ယွင်ရှန်း ဝမ်းမြောက်သွား၏။ “ဆေးဆိုင်က ဂိုဏ်းရဲ့အပိုင် ဆိုပေမယ့် ဆေးပင်တွေအတွက်နဲ့ အမြန်သင်္ဘောတွေအတွက်က တဖုန်းကြေးပြား အများကြီး ကုန်မှာ”
ချင်မူ လက်ယမ်းလိုက်သည်။ “လင်းအာမှာ ငွေရှိတယ် မပူနဲ့”
ဟူလင်းအာနှင့် စစ်ယွင်ရှန်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည့်အခါ မီးပွားများ ထပွင့်လာသကဲ့သို့ ထင်ရသည်။ အခြေအနေက စစ်ပွဲကြီး ထဖြစ်တော့မည့်နှယ် ရှိ၏။
မိန်းကလေးနှစ်ယောက် နဂါးချီလင်၏ ကျောပေါ် တက်လိုက်ကြပြီး အိမ်ဝင်းထဲမှ ထွက်သွားကြသည်။ ဟူလင်းအာက ခနဲ့သလို ပြောလိုက်၏။ “ကောင်းကင်နတ်မယ်ရှန်း၊ ရှင် သခင်လေးကို ဓားပြတိုက်လို့ ရရင် ရမယ်။ ကျွန်မကိုတော့ ဓားပြတိုက်လို့ ရမယ် မထင်နဲ့”
စစ်ယွင်ရှန်းက တခစ်ခစ် ရယ်လိုက်ပြီး ပြောလိုက်သည်။ “လင်းအာ ဘယ်လောက်တော်လဲ သိလို့ပဲ ဂိုဏ်းသခင်ကို အဲဒီလို ပြောလိုက်တာပေါ့။ စဉ်းစားကြည့်လေ၊ ဒဏ်ရာရထားတဲ့ လူအများစုက နတ်ဂိုဏ်းသားတွေမှ မဟုတ်တာ။ ဒါပေမဲ့ ဂိုဏ်းသခင်က နတ်ဂိုဏ်းကို ဆေးပင်တွေ အကုန်ကျခံခိုင်းနေတယ်လေ။ ဒီတော့ ငါတို့ ဘယ်သူဆီက ငွေတောင်းရမယ် ထင်လဲ။ သေချာပေါက် ဂိုဏ်းသခင် မဟုတ်ဘူးပေါ့။ ဧကရာဇ်ဆီက တောင်းရမှာ။ ညီမလေးလင်းအာ၊ ငါတို့ အငြင်းအခုံ မလုပ်ဘဲ နေရအောင်။ အဲဒီအစား စျေးကို မြှင့်နိုင်သမျှ မြှင့်ပြီး ဧကရာဇ်ယန်ဖုန်း မွဲသွားအောင် တောင်းကြစို့”
ဟူလင်းအာ ခေါင်းယမ်းလိုက်သည်။ “စီးပွားရေးလောကမှာ ကျင့်ဝတ်ဆိုတာ ရှိတယ်။ ဧကရာဇ်ကိုလည်း လိမ်လို့မရဘူး။ ဆေးပင်ရဲ့ တန်ဖိုးအတိုင်း တောင်းရမယ်”
စစ်ယွင်ရှန်း ဟူလင်းအာနှင့် ငြင်းသော်လည်း ဟူလင်းအာက အလျှော့မပေးပေ။ နှစ်ယောက်သား စျေးညှိပြီးသည့်အခါ ဟူလင်းအာ တွေးလိုက်သည်။ ’နင့်ဆီက ဆေးပင်တွေ ဝယ်ပြီးမှ ဧကရာဇ်ကို အစီရင်ခံစာအတု တင်ပြရမယ်။ အဲ့ဒါဆို ငါ အမြတ်အကြီးကြီး ထွက်မှာ။ နင့်အတူတူ လုပ်ရင် နင့်ကို ခွဲပေးနေရမှာပေါ့’
ဖန့်စုန်းပြည်နယ်ရှိ ဆေးဆိုင်အတွက် ဆေးပင်များပြင်ဆင်ရန် ဆယ်ရက်ခန့် ကြာသည်။ ထိုအတောအတွင်း ချင်မူ အနားယူပြီးသွားသော်လည်း ကုသရန် လိုနေသေးသည့် အတွင်းဒဏ်ရာတချို့ ကျန်သေး၏။ လုပ်စရာလည်း မရှိ၊ သားသတ်သမားလည်း ပြန်မလာသေး၍ ချင်မူ ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိလိုက်သည်။
‘ဝမ့်မူရန်က သိပ်မြင်တတ်တယ်။ သူက ယွိရှို့နဲ့ ငါ့ကို အရပ်ခြောက်မျက်နှာ မူလဝိညာဉ် ဖွဲ့တည်ရှာတွေ့အောင် အတူတူကြိုးစားခိုင်းထားတယ်။ အဲဒီကိစ္စသာ တကယ်ဖြစ်လာလို့ကတော့ မျိုးဆက်သစ်တွေအတွက် အမြတ်ထွက်မှာပဲ။ ဒီရက်ပိုင်း အလုပ်များနေတာနဲ့ အဲဒီအကြောင်း သတိကို မရခဲ့ဘူး’
သူ လင်ယွိရှို့ကို ရှာ၍ အကြောင်းစုံ ပြောပြလိုက်သည်။ သူမက တအံ့တဩ မေးလိုက်၏။ “အရပ်ခြောက်မျက်နှာ မူလဝိညာဉ်ဖွဲ့တည်နည်းက ငါတို့နှစ်ယောက် ဖန်တီးလိုက်တာဆိုရင် ငါတို့တွေ ဆရာသခင် ဖြစ်မသွားဘူးလား”
“ဆရာသခင်ဟုတ်လား”
ချင်မူ တဟားဟား အော်ရယ်လိုက်မိသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကရော ဆရာသခင်လို့ သတ်မှတ်ခံရတာလား”
လင်ယွိရှို့က လေးစားရိုသေသော ဟန်ပန်ဖြင့် ဧကရာဇ်အတိုင်ပင်အကြောင်း ပြောပြသည်။ “ဧကရာဇ်အတိုင်ပင်ခံက ဘယ်လိုလုပ် ဆရာသခင်ပဲ ဖြစ်မှာလဲ။ အခြေခံဓားချက်သုံးချက်နဲ့တင် သူ့နာမည်က ရာဇဝင်တွင်သွားပြီး ဘယ်တော့မှ အမေ့ခံရမှာ မဟုတ်တော့ဘူး”
ချင်မူ ပြုံးလိုက်ကာ ပြောလိုက်သည်။ “အခြေခံဓားချက်သုံးချက်ရဲ့ အကျိုးအမြတ်က ငါတို့ အရပ်ခြောက်မျက်နှာ မူလဝိညာဉ်ထက် နည်းသေးတယ်။ ငါတို့ အရပ်ခြောက်မျက်နှာ မူလဝိညာဉ်ဖွဲ့တည်နည်းကို ဖန်တီးနိုင်တာနဲ့ လမ်းစဉ်တွေ၊ သိုင်းကွက်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေအားလုံး အဆင့်ကြီးတစ်ဆင့် တက်သွားပြီး လူသန်းပေါင်းများစွာကို အကျိုးပြုလိမ့်မယ်”
လင်ယွိရှို့ အကြီးအကျယ် အံ့အားသင့်သွားသည်။ သူမအတွက် ယုံရခက်နေ၏။ “ငါတို့ မတော်တဆ ကျင့်ကြံမိလိုက်တဲ့ အရပ်ခြောက်မျက်နှာ မူလဝိညာဉ်က အဲဒီလောက် အရေးပါတာလား။ ဒါဆို ဘာကို စောင့်နေဦးမှာလဲ”
သူမ ချင်မူ့လက်ကို ဆွဲပြီး ခန်းမထဲမှ စိတ်လှုပ်ရှားစွာ ထွက်လာသည်။
ဧကရာဇ်ယန်ဖုန်း၊ ဧကရာဇ်မယ်တော်ကြီးနှင့် ကျန်လူနာများမှာ နေပူစာလှုံရန် သမင်မိစ္ဆာများ၏ အကူအညီဖြင့် အပြင်ရောက်နေကြ၏။ ဧကရာဇ်ယန်ဖုန်း ယွီကျောက်ချင်းနှင့် စကားပြောနေသည့်အချိန် လူငယ်နှစ်ယောက် စိတ်လှုပ်တရှား ပြေးထွက်လာသည်ကို မြင်လိုက်ရသည်။ “ရှို့အာ၊ ဘယ်သွားမလို့လဲ”
“အရပ်ခြောက်မျက်နှာ မူလဝိညာဉ် ကျင့်ကြံဖို့”
ဧကရာဇ်ယန်ဖုန်း သူမကို အကြောင်သား ကြည့်လိုက်မိသည်။ “အရပ်ခြောက်မျက်နှာ မူလဝိညာဉ်ဟုတ်လား။ ဘယ်လို ကျင့်စဉ်မျိုးလဲ”
လင်ယွိရှို့က ချင်မူ့လက်ကို ဆွဲပြီး အဝေးရောက်နေပြီဖြစ်သည်။ သူမအသံက အဝေးမှ ထွက်လာသည်။ “မူလဝိညာဉ် တူနှစ်ကိုယ်ကျင့်စဉ်တဲ့။ အစ်ကိုတော်က အဲ့ဒါကို မူလဝိညာဉ် တူနှစ်ကိုယ်ကျင့်စဉ်လို့ ခေါ်တယ်ပြောတယ်”