လျှို့ဝှက်ဆန်းကြယ် ဘေးထွက်ဆိုးကျိုးများ
Vol. 66 Ch. 907
ရှန်လင်းကျစ်သည် ဝမ်ပေါင်လဲ့ သူ့အား ပို၍ ယုံကြည်လာစေရန်နှင့် သူ လူပုံစံစက္ကူရုပ်အကြောင်း များများစားစား သိမထားသည့် အချက်ကို မေ့မေ့လျော့လျော့ ဖြစ်သွားစေရန် ဥပမာပြကာ ပြောဆိုလိုက်၏။
" သခင်။ အရင်တုန်းက ကျွန်တော်က ကျွန်တော့်ဆီမှာ ကြယ်စင်စုလေးရဲ့ ပုံစံတူ ရှိနေတာကို ဘယ်သူ့ကိုမှ မပြောပြရဲခဲ့ဘူး။ အဲလိုသာ မဟုတ်ရင် အဲဒီလေးကို ရောင်းပြီး လူမှုအဖွဲ့အစည်း တစ်ထောင်လောက်အထိ ပြန်ဝယ်လို့ရတယ်။ တကယ်လို့ ကြယ်နယ်မြေအဆင့် အစွမ်းထက်ကျင့်ကြံသူတွေကို ဆက်သွယ်လိုက်မယ်ဆိုရင်လည်း အဲဒီလေးကို သူတို့ဆီက အကူအညီတစ်ခုနဲ့ လဲလှယ်လို့ရလောက်တယ်ဗျ "
သူသည် ဂြိုဟ်အဆင့် ကျင့်ကြသူတစ်ယောက်ဖြစ်ပါသော်လည်း အဆုံးမဲ့မျိုးနွယ်စုထဲတွင် ကျောထောက်နောက်ခံအင်အား တောင့်တင်းမှု မရှိပေ။ ထို့ကြောင့်လည်း သူသည် ရတနာကြီးတစ်ခုအား ပိုင်ဆိုင်ထားခဲ့သည့်တိုင်အောင် သတိကြီးကြီး ထားခဲ့ရပြီး ထုတ်မပြရခဲ့ပေ။ ထို့အပြင် သူသည် ၎င်းအား ရာထူးအကြီးပိုင်းတွင်ရှိသော ပုဂ္ဂိုလ်ကြီးများဆီသို့လည်း မဆက်သရဲခဲ့ပေ။ ထိုသို့ ဆက်သခြင်းမှာ ၎င်းအား ပိုင်ဆိုင်ထားခြင်းထက် ပို၍ အန္တရာယ်များပေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် သေချာပေါက် စုံစမ်းစစ်ဆေးခံလိုက်ရမည်သာဖြစ်ပြီး သူ၏ သိုလှောင်လက်စွပ်ထဲရှိ နောက်ထပ်ပစ္စည်းနှစ်ခုကိုပါ ထုတ်ပေးလိုက်ရမည် မဟုတ်ပါလော။
" ကြယ်နယ်မြေအဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဆီက အကူအညီတစ်ခုဆိုပါလား " ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ အထူးတဆန်း ဖြစ်သွားရ၏။ ထိုလေးအား လူမှုအဖွဲ့အစည်းတစ်ထောင်နှင့် လဲလှယ်၍ရကြောင်း ရှန်လင်းကျစ် ပြောခဲ့စဉ်တုန်းက သူသည် ၎င်းမှာ အလွန်အင်မတန်မှ အဖိုးတန်သည်ဟု ခံစားခဲ့ရသည်။ သို့သော် သူသည် နောက်ထပ် စကားတစ်ခွန်းအား ထပ်ကြားလိုက်ရသောအခါ ၎င်းမှာ သူထင်ထားသလောက် တန်ဖိုးမရှိဟု ရုတ်တရက်ဆိုသလို တွေးမိသွား၏။
သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာ အနိမ့်ဆုံး ကြယ်နယ်မြေအဆင့်တွင် ရှိနေသည့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက် မဟုတ်ပါလော။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ အကယ်၍ သူသာ ဆန္ဒရှိပါက အကြိမ်ရေ တစ်ထောင်မက အကူအညီ တောင်းနိုင်လိမ့်မည်ဖြစ်သည်ဟု ယုံကြည်နေသည်...
အကယ်၍ ရှန်လင်းကျစ်သာ သူ တွေးနေသည့်အရာများကို သိလိုက်ရမည်ဆိုပါက သွေးများ အန်ထွက်လာရမည်သာဖြစ်သည်။ သူတို့နှစ်ယောက်၏ အဆင့်အတန်းများမှာ အမှန်တကယ်ပင် မိုးနှင့်မြေလို ကွာခြားနေသည် မဟုတ်ပါလော။
" ဟုတ်ပြီ။ ပုလင်းအကြောင်း ဆက်ပြော " ဝမ်ပေါင်လဲ့မှာ သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် လျှို့ဝှက်ဆန်းကြယ် ပုလင်းလေးအကြောင်း မေးမြန်းလိုက်သည်။ အမှန်တွင် ရှန်လင်းကျစ်၏ ခန့်မှန်းချက်မှာ မှားယွင်းနေ၏။ ဝမ်ပေါင်လဲ့ စိတ်အဝင်စားဆုံးအရာမှာ လူပုံစက္ကူရုပ် မဟုတ်သလို ကြယ်စင်စုလေးလည်း မဟုတ်ပေ။
သူသည် လူပုံစံစက္ကူရုပ်မှာ ထူးဆန်းနေပြီး ကြယ်သုဿာန်နှင့် ဆက်နွှယ်နေခဲ့သောကြောင့်သာ ထိုအကြောင်းအား သိချင်ခဲ့ခြင်း ဖြစ်သည်။ ကြယ်စင်စုလေးကိုမူ.... သူသည် လတ်တလောတွင် အသုံးမလိုသေးပေ။ ထို့ကြောင့် သူသည် ၎င်း၏တန်ဖိုးအား သိထားရုံလောက်နှင့် လုံလောက်ပေသည်။
သို့ဖြစ်ရာ သူသည် ထို ပုလင်းလေးပေါ်တွင်သာ အာရုံအပြည့်ရောက်နေ၏။ သူသည် ထို ပုလင်းလေးမှာ လူပုံစံစက္ကူရုပ်ထက်ပင် ပို၍ လျှို့ဝှက်ဆန်းကြယ်နေလိမ့်မည်ဟု အလိုလို သိနေသည်။
" သခင်... ကျွန်တော် အဲဒီပုလင်းရဲ့ နောက်ကြောင်းရာဇဝင်ကို မသိဘူးဗျ။ ရှေးဟောင်းမှတ်တမ်းတွေထဲမှာလည်း အဲဒီပစ္စည်းနဲ့ ပတ်သတ်တဲ့ သဲလွန်စတွေကို ရှာမတွေ့ခဲ့ဘူး။ ဒီပုလင်းရဲ့ သက်တမ်းက တော်တော်လေးကို ကြာနေပြီဆိုတဲ့ အချက်တစ်ချက်ကိုပဲ သိထားတာ။ ကျွန်တော် နှစ်ပေါင်းများစွာ စူးစမ်းလေ့လာရှာဖွေခဲ့ပြီးတော့မှ အဲဒီပုလင်းရဲ့ အသုံးဝင်ပုံကို သိခဲ့ရတာပါ။ ကျွန်တော့်အထင်တော့ အဲဒီပုလင်းက ဆုတောင်းပြည့် ပုလင်းတစ်လုံး ဖြစ်မယ်ထင်တယ် " ရှန်လင်းကျစ်မှာ သတိကြီးကြီးထားကာ ပြန်ဖြေလိုက်သည်။ သူသည် သူ၏ အဖြေ မပြည့်မစုံဖြစ်နေမည်ကို စိုးရိမ်သောကြောင့် ထပ်၍ ရှင်းပြလိုက်သေးသည်။
" အဲဒီပုလင်းကို ဖွင့်လို့မရဘူးဗျ။ ပြီးတော့ ပုလင်းထဲက စာရွက်ပေါ်မှာ ရေးထားတဲ့ စာလုံးတွေကလည်း ဝါးနေတာမလို့ ကျွန်တော် မဖတ်နိုင်ဘူး ဖြစ်နေတာ "
" စာလုံးတွေက ဝါးနေတယ် ဟုတ်လား " ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး ရှန်လင်းကျစ်အား သေသေချာချာ စိုက်ကြည့်လိုက်၏။ သူသည် ရှန်လင်းကျစ်မှာ သူ့အား လိမ်ညာနေမည်မဟုတ်ကြောင်း ယုံကြည်ထားပါသော်လည်း ထို ပုလင်းထဲ၌ ' သူဌေးတစ်ယောက် ' ဆိုသည့် စာလုံးအား မြင်တွေ့ခဲ့ရသည်ကို မှတ်မိနေဆဲပင်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် အံ့ဩတုန်လှုပ်သွားရပါသော်လည်း မျက်နှာ အမူအရာလုံးဝပြောင်းလဲသွားခြင်း မရှိပေ။
" ကျွန်တော် အဲဒီ စာလုံးတွေကို ရှင်းရှင်းလင်းလင်း မမြင်ရပေမယ့် အဲဒီပုလင်းက ဆုတောင်းပြည့်ပုလင်းတစ်လုံးဆိုတာတော့ သေချာတယ်။ ဒါပေမဲ့ သူက တစ်ခါတလေမှပဲ အစွမ်းပြတာ။ အဲဒီလို အစွမ်းပြတဲ့ အချိန်တိုင်းလည်း ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ပေါ်ပေါက်လာတာပဲ " ရှန်လင်းကျစ်မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူသည်လည်း ထိုကဲ့သို့သော ဘေးထွက်ဆိုးကျိုးကြီးများနှင့် ကြုံခဲ့ရသည့်အလား ကြောက်ရွံ့တုန်လှုပ်သွားရ၏။
" ဘေးထွက်ဆိုးကျိုးတွေ ဟုတ်လား " ဝမ်ပေါင်လဲ့မှာ မျက်ခုံးများ ပင့်မိသွားသည်။
" အဲတာဆို မင်း အရင်တုန်းက ဆုတောင်းပြည့်ခဲ့တာပေါ့။ ဘယ်လို ဘေးထွက်ဆိုးကျိုးနဲ့ ကြုံခဲ့ရတာလဲ ပြောပြစမ်း "
ထိုအခါ ရှန်လင်းကျစ်မှာ ချက်ချင်းဆိုသလိုပင် နှုတ်ဆိတ်သွား၏။ တစ်အောင်ခန့်ကြာပြီးမှ သူသည် အားအင်များ ကုန်ခန်းသွားသည့် အမူအရာဖြင့် ခေါင်းငုံ့ကာ လေသံတိုးတိုးနှင့် ပြန်ဖြေလိုက်တော့သည်။
" သခင်။ ကျွန်တော်က အရင်တုန်းက.... အမျိုးသမီး ကျင့်ကြံသူတစ်ယောက်ပါ "
" အမျိုးသမီးကျင့်ကြံသူတစ်ယောက် ဟုတ်လား။ ဘာလဲဟ။ မင်း ဘာစကားတွေ ပြောနေတာလဲ... " အစတွင် ဝမ်ပေါင်လဲ့မှာ ရှန်လင်းကျစ်၏ စကားများကို နားမလည်ခဲ့ပါသော်လည်း စကားဆုံးအောင် မပြောနိုင်ခင်မှာပင် မျက်လုံးများပြူးကာ ရှန်လင်းကျစ်၏ ဝိညာဉ်အား စိုက်ကြည့်နေလိုက်တော့သည်။ ထိုအခါ သူ၏ မျက်ဝန်းများထဲ၌ ဇဝေဇဝါ ဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာ၏။
" မင်းက အရင်တုန်းက မိန်းမတစ်ယောက် ဖြစ်ခဲ့ဖူးတာပေါ့ "
ရှန်လင်းကျစ်မှာမူ ရှုံ့မဲ့မဲ့နှင့်ပြုံးကာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။
" မင်း ငါ့ကို နောက်နေတာမလား။ မင်းရဲ့ ဝိညာဉ်ကလည်း ယောက်ျားဝိညာဉ်ကြီးပဲလေ " ဝမ်ပေါင်လဲ့မှာ ကမ္ဘာကြီးတစ်ခုလုံး ကပြောင်းကပြန် ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရပြီး ရှန်လင်းကျစ်မှာ သူ့အား လှည့်စားရဲလောက်အောင် အတင့်ရဲနေရသည်လောဟု အရင်ဆုံး တွေးမိလိုက်၏။ ထို့ကြောင့် သူသည် သတ်ဖြတ်လိုစိတ် အငွေ့အသက်များကို ထုတ်လွှတ်လိုက်တော့သည်။
ထို့ကြောင့် ရှန်လင်းကျစ်မှာ ထိတ်ထိတ်ပျာပျာဖြစ်ကာ တစ်ကိုယ်လုံး တုန်ရီသွားရပြီး အလျင်အမြန် ရှင်းပြလိုက်ရ၏။
" ကျွန်တော်ပြောတာ နားထောင်ပါဦးသခင်။ ကျွန်တော်က အမျိုးသမီးကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့ဖူးပေမဲ့ အဆုံးမဲ့မျိုးနွယ်စုထဲမှာ အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီးတော့ ရာထူးအဆင့်အတန်း မြင့်မားကြတာလေ။ အဲတာကြောင့်မလို့ ကျွန်တော်က ကျွန်တော် မိန်းမတစ်ယောက် ဖြစ်နေတဲ့အချက်ကို လျှို့ဝှက်ထားခဲ့တာ။ အဲဒီနောက်ပိုင်း ကျွန်တော် ဒီ ဆုတောင်းပြည့်ပုလင်းကို ရှာတွေ့ခဲ့ပြီးတော့ နှစ်တွေအများကြီး လေ့လာစမ်းသပ်မှုတွေ ပြုလုပ်ခဲ့တာပဲ။ နောက်ဆုံးမှာ ကျွန်တော် ဆုတောင်း ပြည့်သွားခဲ့လို့ ဂြိုဟ်အဆင့်အထိ အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့တာပါ "
" ဒါပေမဲ့ အဲဒီ ဆုတောင်းရဲ့ နောက်ဆက်တွဲအကျိုးဆက်က ကျွန်တော် အမျိုးသားကျင့်ကြံသူတစ်ယောက်အဖြစ် ပြောင်းလဲသွားတာပဲ။ ကျွန်တော် မိန်းမတစ်ယောက် ပြန်ဖြစ်ဖို့ ဆုတောင်းနိုင်ခဲ့ပေမယ့် တခြားအရာတွေ ဆုတောင်းပြီးတိုင်း ယောက်ျားအဖြစ်ကို ပြန်ရောက်သွားတာ... ပြီးတော့ အဲဒီ ဆုတောင်းပြည့်ပုလင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေက တော်တော်လေးကို ထူးဆန်းတယ်ဗျ... တစ်ကြိမ်တုန်းကဆိုရင် ကျွန်တော် ဆုတောင်းပြည့်သွားခဲ့ပေမဲ့ သစ်ပင်တစ်ပင်အဖြစ် ပြောင်းလဲသွားခဲ့တာ သုံးနှစ်တောင် ကြာသွားတယ်... " ရှန်လင်းကျစ်မှာ မျက်နှာရှုံ့မဲ့နေရပြီ ဖြစ်သည်။ ပုံမှန်ဆိုလျှင် သူသည် ထိုအကြောင်းများအား အခြား မည်သူ့ကိုမှ ပြောပြမည်မဟုတ်ပေ။ သို့သော် ယခုတွင်မူ သူသည် သူ၏ ရင်ထဲ၌ မျိုသိပ်ထားရသည့် နာကျည်းချက်များကို ဝမ်ပေါင်လဲ့၏ ရှေ့၌ တစ်လုံးမကျန် ထုတ်ပြောနေတော့သည်။
ဝမ်ပေါင်လဲ့မှာ သူ၏စကားများကို နားထောင်ရင်း မျက်လုံးများ ပိုပြူးလာရသလို နှလုံးသားတစ်ခုလုံးလည်း တုန်ရီသွားရ၏။ ထို့အပြင် သူသည် တုန်လှုပ်ချောက်ချားနေရပြီ ဖြစ်သည်။ သို့သော်ငြားလည်း သူသည် စိတ်ဝင်တစား ဖြစ်သွားရဆဲပင်... အကယ်၍ ဤ ဆုတောင်းပြည့်ပုလင်းမှာ ရှန်လင်းကျစ် ပြောခဲ့သည့်အတိုင်း အမှန်တကယ် ဖြစ်နေမည်ဆိုပါက အလွန်အင်မတန်မှ အစွမ်းထက်နေမည် မဟုတ်ပါလော...
" ဆုတောင်းလိုက်ရုံနဲ့ ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်နိုင်တယ်တဲ့လား... အံ့ဩဖို့ကောင်းလိုက်တဲ့ ရတနာတစ်ခုပဲ " ဝမ်ပေါင်လဲ့မှာ စိတ်နှလုံး လှုပ်ရှားသွားရသလို ရှန်လင်းကျစ် ပြောပြခဲ့သည့် ဘေးထွက်ဆိုးကျိုးများကြောင့်လည်း ချီတုံချတုံ ဖြစ်သွားရ၏။ သို့သော် သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများသာ အဆမတန် တိုးတက်သွားနိုင်မည်ဆိုပါက အမျိုးသမီး ကျင့်ကြံသူတစ်ယောက်အဖြစ် နှစ်အနည်းငယ်ခန့် ပြောင်းလဲသွားရခြင်းမှာ ရေးကြီးခွင်ကျယ် မဟုတ်ကြောင်း မှတ်ယူထားသည်။
" ရှန်လင်းကျစ်က သူ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်လို့ ပြောခဲ့တာပဲလေ... လုံးဝ ပြန်ပြောင်းလို့ မရတော့တဲ့ အခြေအနေအထိ ရောက်သွားတာမဟုတ်ရင် ကိစ္စမရှိပါဘူး " ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းများကို တွေးရင်းတွေးရင်း ပို၍ပင် စိတ်လှုပ်တရှား ဖြစ်လာရတော့သည်။ အကယ်၍ သူသည် မိန်းမတစ်ယောက်အဖြစ် အမှန်တကယ် ပြောင်းလဲသွားခဲ့မည်ဆိုပါက နှစ်အနည်းငယ်ခန့် တံခါးပိတ်လေ့ကျင့်ကာ ယောက်ျားတစ်ယောက်အဖြစ်သို့ ပြန်ပြောင်းနိုင်ရန် အဆက်မပြတ် ဆုတောင်းနေလိုက်မည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးလိုက်ပြီးနောက် မျက်ဝန်းများထဲ၌ ဆုံးဖြတ်ချက်ပြတ်သားမှု အရိပ်အယောင်များ တောက်ပလာပြီး သိုလှောင်လက်စွပ်အား ထုတ်ယူလိုက်တော့သည်။ သူသည် သူ၏ နတ်ဘုရားစိတ်ဆန္ဒအား ထိုလက်စွပ်ထဲသို့ ထည့်သွင်းလိုက်သောအခါ လူပုံစံစက္ကူရုပ်မှာ မျက်လုံးများ ပွင့်လာပြီး မျက်ဝန်းများ အေးစက်စွာ တောက်ပသွားပါသော်လည်း သူ့အား တားဆီးခဲ့ခြင်းတော့ မရှိပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ပုလင်းလေးအား အလျင်အမြန် ထုတ်ယူလိုက်၏။ ထို့နောက် သူသည် ထိုပုလင်းအား သူ၏ လက်ထဲတွင် ဆုပ်ကိုင်ရင်း ရင်တထိတ်ထိတ် ဖြစ်လာရတော့သည်။ နောက်ဆုံးတွင် သူသည် အံကြိတ်ကာ အသံအကျယ်ကြီးဖြင့် ဆုတောင်းလိုက်တော့သည်။
" ကျုပ် အဆုံးမဲ့တာအိုနယ်မြေထဲမှာ အစွမ်းအထက်ဆုံးပုဂ္ဂိုလ် ဖြစ်ချင်တယ် "
ထိုအခါ ပုလင်းလေးမှာ တုံ့ပြန်ခဲ့ခြင်းမရှိသလို ရှန်လင်းကျစ်မှာလည်း မျက်နှာမဲ့သွားရ၏။ သို့သော် သူသည် ဝမ်ပေါင်လဲ့၏ ရန်လိုသောမျက်ဝန်းများကို သတိထားမိလိုက်သောကြောင့် စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချကာ အလျင်အမြန် ဆိုလိုက်တော့သည်။
" သခင်... ကျွန်တော်လည်း အဲဒီလို ဆုတောင်းခဲ့ဖူးတယ်။ ဒါပေမဲ့ မရဘူးဗျ.... ဆုတောင်းပြည့်ပုလင်းက တစ်ခါတလေကျရင် အလုပ်ဖြစ်ပြီးတော့ တစ်ခါတလေကျရင်တော့ အလုပ်မဖြစ်ဘူး "
ထိုအခါ ဝမ်ပေါင်လဲ့မှာ သံသယစိတ်များ ကြီးထွားလာရ၏။ သူသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် နှာမှုတ်ကာ အသံကျယ်ကျယ်ဖြင့် ဆုတောင်းလိုက်ပြန်သည်။
" ကျုပ် ကြယ်နယ်မြေအဆင့် အစွမ်းထက်ကျင့်ကြံသူကြီးတစ်ယောက် ဖြစ်ချင်တယ် "
ပုလင်းလေးမှာမူ တုတ်တုတ်မျှ မလှုပ်ပေ။
" ကျုပ် ထာဝရကြယ်အဆင့် အစွမ်းထက်ကျင့်ကြံသူကြီးတစ်ယောက် ဖြစ်ချင်တယ် " ဝမ်ပေါင်လဲ့မှာ မယုံနိုင်သေးဘဲ ထပ်၍ အော်ဟစ်လိုက်ပြန်သည်။ သို့သော် ပုလင်းလေးမှာမူ လုံးဝ ပြောင်းလဲသွားခဲ့ခြင်း မရှိပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အမျက်ချောင်းချောင်း ထွက်သွားရပြီး ရှန်လင်းကျစ်အား ရန်လိုသည့်မျက်ဝန်းများဖြင့် စိုက်ကြည့်နေလိုက်တော့သည်။
" ရှန်လင်းကျစ်။ မင်း ငါ့ကို လိမ်ရဲတယ်ပေါ့ " ဝမ်ပေါင်လဲ့မှာ သူ၏ ဘယ်ဘက်လက်ကိုမြှောက်ကာ ရှန်လင်းကျစ်အား ချက်ချင်း လှမ်းဆွဲလိုက်၏။ သူသည် ဒေါသငယ်ထိပ်ရောက်ကာ မခံမရပ်နိုင်လောက်အောင် ဖြစ်နေသည့်ပုံ ပေါက်နေပြီး သူ၏ မျက်ဝန်းထဲမှ သတ်ဖြတ်လိုစိတ်များမှာလည်း အလွန်အင်မတန်မှ အားကောင်းနေပြီဖြစ်သည်။ ထို့ကြောင့် ရှန်လင်းကျစ်မှာ ကြောက်လန့်တကြားနှင့် အော်ပြောမိလိုက်၏။
" သခင်။ ကျွန်တော့်စကားကို နားထောင်ပါဦး။ ဒါ ကျွန်တော့် အမှား မဟုတ်ပါဘူးဗျ။ ဒီပုလင်းက တစ်ခါတလေမှပဲ အစွမ်းပြတာမလို့ ထိန်းချုပ်လို့မရပါဘူး... " ရှန်လင်းကျစ်မှာ ငိုမဲ့မဲ့ဖြစ်နေရ၏။ သူသည် မည်သည့်အချက်အလက်ကိုမှ ထိမ်ချန်ထားခြင်းမရှိဘဲ အမှန်အတိုင်း ပြောနေခြင်း ဖြစ်သည်။ အကယ်၍ ဆုတောင်းတိုင်းသာ ပြည့်နေခဲ့မည်ဆိုပါက သူသည် ယခုလို အရှင်လက်လက် ဖမ်းဆီးခံထားရပြီး သနားစရာကောင်းသည့် အခြေအနေသို့ ရောက်နေမည်မဟုတ်ဘဲ အဆုံးမဲ့တာအိုနယ်မြေထဲ၌ အစွမ်းအထက်ဆုံးကျင့်ကြံသူကြီး ဖြစ်နေလောက်ပြီ မဟုတ်ပါလော။
ဝမ်ပေါင်လဲ့မှာ ရှန်လင်းကျစ်၏ အမူအရာကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်သွား၏။ သူ၏ မျက်ဝန်းများထဲတွင်မူ သံသယစိတ်များ ပြည့်နှက်နေဆဲပင်။ သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ထို ပုလင်းလေးအား ကိုင်ကာ ထပ်၍ ဆုတောင်းလိုက်ပြန်သည်။
" ကျုပ် ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ချင်တယ် "
ဝမ်ပေါင်လဲ့မှာ ဆက်လက်သည်းခံနိုင်စွမ်းမရှိတော့ပေ။ ရှန်လင်းကျစ်မှာ သူသည် ထိုပုလင်းလေးအား အသုံးပြုကာ ထာဝရဝိညာဉ်အဆင့်မှ ဂြိုဟ်အဆင့်သို့ ဖောက်ထွက်သွားနိုင်ရန် ဆုတောင်းခဲ့သည်ဟု ပြောခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ သူသည် မကြာသေးမီတုန်းက လောဘကြီးနေခဲ့ခြင်း ဖြစ်သည်ဟု ခံစားလိုက်ရသဖြင့် ယခုအကြိမ်တွင် ယုတ္တိရှိရှိ ဆုတောင်းရန်သာ ဆုံးဖြတ်လိုက်၏။ သို့သော်.... သူ ထိုသို့ ဆုတောင်းပြီးသွားသည့်တိုင်အောင် ပုလင်းလေးမှာ လုံးဝ ပြောင်းလဲသွားခြင်း မရှိသေးပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ သုန်မှုန်သွားရတော့သည်။