ဆုတောင်းပြည့်စေ
Vol. 66 Ch. 908
သူသည် ရှန်လင်းကျစ်မှာ အချက်အလက်အချို့အား သူမသိအောင် လျှို့ဝှက်ထားပြီး ဤပုလင်းလေးမှာ တစ်ခါတလေတွင်သာ အစွမ်းပြသည်ဟု ဆိုကာ သူ့အား လှည့်စားရန် ကြိုးစားနေခြင်းဖြစ်ရမည်ဟု တွေးမိလိုက်၏။ ထို ဖြစ်နိုင်ခြေမှာ အလွန်အင်မတန်မှ နည်းပါးပါသော်လည်း ပုလင်းလေးမှာ ယခုအထိ အစွမ်းမပြသေးသောကြောင့် ဝမ်ပေါင်လဲ့မှာ ဒေါသထွက်လာရပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် အမျက်ချောင်းချောင်းထွက်နေသည့် အမူအရာဖြင့် ရှန်လင်းကျစ်ဘက်သို့ လှည့်လာပြီး သူ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ အေးတိအေးစက် လေသံဖြင့် ဆိုလိုက်တော့သည်။
" ရှန်လင်းကျစ်။ မင်းရဲ့ သတ္တိကိုတော့ လေးစားပါတယ်။ ငါ့ရဲ့ ရှေ့မှာ ငါ့ကို လိမ်ညာရဲလောက်တဲ့အထိ သတ္တိကောင်းနေတယ်ပေါ့။ ကြည့်ရတာ ငါ မင်းကို သတ်မှရမယ်နဲ့ တူတယ် " ဝမ်ပေါင်လဲ့မှာ ရှန်လင်းကျစ် သူ့အား လိမ်ညာနေခဲ့ခြင်း ဟုတ်မဟုတ် သိရှိနိုင်ရန်အလို့ငှာ သူ့အား အပြစ်ပေးတော့မည့်ပုံစံ ဟန်ဆောင်လိုက်၏။ သို့သော် သူ၏နှုတ်မှ ထို စကားလုံးများ ထွက်ပေါ်လာသည်နှင့် သူ၏ ညာဘက်လက်ထဲတွင်ရှိနေသည့် ဆုတောင်းပြည့် ပုလင်းလေးမှာ ရုတ်တရက်ဆိုသလို အပူချိန် မြင့်တက်လာတော့သည်။
ရှန်လင်းကျစ်မှာ ထိတ်ထိတ်ပျာပျာနှင့် သူ့ကိုယ်သူ ရှင်းပြနိုင်ရန် ကြိုးစားလိုက်၏။ သူ ပါးစပ်ဟရန် ပြင်လိုက်စဉ်မှာပင် သူ၏ နတ်ဘုရားဝိညာဉ်မှာ ဝမ်ပေါင်လဲ့၏ ရှေ့၌ ရုတ်တရက်ဆိုသလို ဆတ်ခနဲတုန်ရီသွားပြီး ပြာကျသွားတော့သည်။ သူသည် ဇီဝိန်ချုပ်သွားပြီး ဤ ကမ္ဘာကြီးထဲတွင် အစအန ရှာမရလောက်အောင် ပျောက်ကွယ်သွားပြီဖြစ်သည်။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ ဆွံ့အမှင်တက်သွားရ၏။ သူသည် ဘာမှ မလုပ်ရသေးပေ။ ထို့ကြောင့် သူသည် သူ၏ လက်ထဲရှိ ဆုတောင်းပြည့်ပုလင်းလေးအား ချက်ချင်း ငုံ့ကြည့်လိုက်ပြီနောက် မျက်လုံးများပြူးသွားရတော့သည်။ သူ၏ မျက်ဝန်းများထဲတွင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာ၏။
" ငါ... ဆုတောင်းမိသလို ဖြစ်သွားပြီးတော့ ဆုတောင်းပြည့်သွားခဲ့တာလား " ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်းရေရွတ်မိလိုက်၏။ သူသည် မကြာမီတုန်းက ရှန်လင်းကျစ်အား သတ်ဖြတ်ရန် ခြိမ်းခြောက်ခဲ့သည်ကို ပြန်သတိရသွားသဖြင့် သူ ပြာကျသွားခဲ့သည့် နေရာကို စိုက်ကြည့်နေမိတော့သည်။ ထို့နောက် သူသည် မျက်နှာအမူအရာ သုန်မှုန်သွားရ၏။ ဆုတောင်းပြည့်ပုလင်းမှာ အစွမ်းပြခဲ့ပါသော်လည်း ၎င်းမှာ သူ၏ ရင်ထဲမှ ဆုတောင်း မဟုတ်ပေ...
" ဒီပုလင်းက ဘာကြောင်နေတာလဲကွာ " ဝမ်ပေါင်လဲ့မှာ စူပုပ်နေသည့် မျက်နှာအမူအရာဖြင့် သူ၏ ဝိညာဉ်ခန္ဓာကိုယ်အား အလျင်အမြန် ကြည့်ရှုစစ်ဆေးလိုက်၏။ သူသည် သူ၏ ပေါင်ကြားထဲသို့ ငုံ့ကြည့်လိုက်ပြီးနောက် သူ၏ ရင်ဘတ်ကိုလည်း ပုတ်ကြည့်လိုက်သေးသည်။ ထိုအခါမှသာ သူသည် လိင်ပြောင်းသွားခြင်း မရှိကြောင်း သိလိုက်ရသဖြင့် အနည်းငယ်ခန့် စိတ်အေးသွားရ၏။
သို့သော် သူသည် မကျေမချမ်းဖြစ်နေရဆဲပင်။ ထို့ကြောင့် သူသည် ထိုပုလင်းလေးအား လက်ထဲတွင်ကိုင်ကာ နောက်ထပ်တစ်ကြိမ်ထပ်၍ ဆုတောင်းကြည့်လိုက်၏။ သူသည် မဖြစ်နိုင်သည့် အရာများကို ဆုတောင်းခဲ့ခြင်း မရှိဘဲ ရိုးရှင်းသောအရာများကိုသာ ဆုတောင်းခဲ့ခြင်းဖြစ်သည်။ သို့သော် ဆုတောင်းပြည့်ပုလင်းမှာမူ ပထမဆုံးအကြိမ်တုန်းကကဲ့သို့ အပူချိန် မြင့်တက်လာခဲ့ခြင်း မရှိပေ။
နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ ရွေးချယ်စရာမရှိတော့သဖြင့် စိတ်ပျက်လက်ပျက်နှင့် လက်လျှော့လိုက်ရတော့သည်။
" သုံးစားမရတဲ့ အမှိုက် " ထိုပုလင်းလေးမှာ အမှိုက်တစ်ခုသာဖြစ်သည်ဟု ဝမ်ပေါင်လဲ့က မှတ်ယူလိုက်၏။ ထို့နောက် သူသည် သုန်မှုန်နေသည့် မျက်နှာအမူအရာဖြင့် ထိုပုလင်းထဲရှိ စာရွက်လေးအား စိုက်ကြည့်လိုက်သည်။ သူသည် ယခင်တုန်းက သူ ဖတ်နိုင်ခဲ့သည့် " သူဌေးတစ်ယောက် " ဆိုသော စာလုံးများကိုသာ မြင်ရပေသည်။ သူသည် ထိုပုလင်းလေးအား ဖွင့်နိုင်မည် မဟုတ်သောကြောင့် နောက်ဆုံးတွင် ၎င်းအား သိမ်းဆည်းလိုက်ရတော့သည်။ ထို့နောက် သူသည် သက်ပြင်း အရှည်ကြီးချကာ ထိုပုလင်းအကြောင်း ဆက်မတွေးတော့ရန် ဆုံးဖြတ်လိုက်ပြီး နတ်မျက်လုံးလူမှုအဖွဲ့အစည်း ရှိရာဘက်သို့ လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် ရှေ့သို့ တစ်ချက်လှမ်းခုန်ကာ အရှိန်မြှင့်တင်လိုက်ပြီး နတ်မျက်လုံးလူမှုအဖွဲ့အစည်းဆီသို့ ဦးတည်သွားလိုက်တော့သည်။
သူ ရှေ့သို့ ပျံထွက်သွားပြီး သိပ်မကြာခင်မှာပင် သူနှင့် မလှမ်းမကမ်းရှိ စကြဝဠာကြီးထဲ၌ အဖြူရောင် လျှပ်စီးတန်းတစ်ခု ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာ၏။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာသောကြောင့် ဝမ်ပေါင်လဲ့မှာ ထိုလျှပ်စီးတန်း သူ၏ အနီးသို့ ရောက်လာသောအခါမှသာ သတိထားမိလိုက်သည်။
" ချုံခိုတိုက်ကွက်လား " ထိုအခါ ဝမ်ပေါင်လဲ့မှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားလိုက်၏။ သူ ထိုတိုက်ကွက်အား ရှောင်တိမ်းရန်ပြင်လိုက်စဉ်တွင် သူ၏ မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာလည်း သူ၏ ခန္ဓာကိုယ်ပေါ်၌ ပေါ်ပေါက်လာသည်။ ထို့နောက် သူသည် ထိုလျှပ်စီးတန်း စတင်ထွက်ပေါ်လာသည့် နေရာအား လှမ်းကြည့်လိုက်၏။ သို့သော် သူသည် မည်မျှပင် အကဲခတ်ကြည့်ရှုနေစေကာမူ ရန်သူများ၏ အငွေ့အသက်များကို အာရုံမခံမိဘဲ ဖြစ်နေရသောကြောင့် ဆွံအသွားရသည်။ ယခုလို အာကာသာထဲတွင် ပျံသန်းနေရင်း ရုတ်ခြည်းဆိုသလို မိုးကြိုးပစ်ခံလိုက်ရသည်မှာ သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်ပေသည်။ ထို့ကြောင့် သူသည် ရှန်လင်းကျစ် ပြောပြခဲ့သည့် ဘေးထွက်ဆိုးကျိုးများအကြောင်းကို ပြန်၍ သတိရသွားတော့သည်။
" ဒါ ဆုတောင်းပြည့်ပုလင်းနဲ့ ဆုတောင်းမိခဲ့လို့ ပေါ်ပေါက်လာတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေလား " ဝမ်ပေါင်လဲ့မှာ မျက်စိပေကလပ်ပေကလပ် ဖြစ်သွားရပြီး ထိုလျှပ်စီးတန်းအား အမှန်တကယ်ပင် ဘေးထွက်ဆိုးကျိုးတစ်ခုအဖြစ် သတ်မှတ်၍ ရသည်လောဟု တွေးနေမိတော့သည်။ ၎င်းမှာ အလွန်အင်မတန်မှ အားပျော့လွန်းနေသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် အတွေးလွန်နေခြင်းမရှိဘဲ ရှေ့သို့ဆက်လက်ပျံသန်းလာ၏။ သို့သော် သိပ်မကြာခင်မှာပင် သူသည် နောက်ထပ်တစ်ကြိမ်ထပ်၍ မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားရပြန်သည်။ ထို့နောက် သူသည် တစ်ကိုယ်လုံး တုန်ရီသွားရပြီး တုန်လှုပ်ချောက်ချားသွားရ၏။
သူသည် သူ့ကိုယ်သူပင် မယုံနိုင်တော့ပေ။ လျှပ်စီးတန်းများမှာ တစ်ကြိမ်ပြီးတစ်ကြိမ် အဆက်မပြတ် ပေါ်ပေါက်လာနေကြသည် မဟုတ်ပါလော။ ၎င်းတို့မှာ တစ်ခုချင်းစီဆိုပါက အစွမ်းမထက်ပါသော်လည်း ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာကြသဖြင့် ကြောက်ခမန်းလိလိ များပြားလာကြပြီ ဖြစ်သည်...
နောက်ဆုံးတွင် သူသည် လျှပ်စီးပင်လယ်ကြီး တစ်စင်းကဲ့သို့ စုဝေးနေသည့် လျှပ်စီးတန်းအစုအဝေးကြီးနှင့် ကြုံလိုက်ရတော့သည်။ ၎င်း၏ အရွယ်အစားမှာ အလွန်အင်မတန်မှ ကြီးမားလှသောကြောင့် လူမှုအဖွဲ့အစည်းတစ်ခု၏ တစ်ဝက်တိတိအား ဖုံးလွှမ်းနိုင်စွမ်း ရှိနေ၏။ ထို လျှပ်စီးပင်လယ်ကြီးထဲရှိ လျှပ်စီးတန်း အရေအတွက်အား အတိအကျ ရေတွက်နိုင်ရန်မှာ မဖြစ်နိုင်ပေ။ ထို လျှပ်စီးတန်းများမှာ သူ့အား ဖျက်ဆီးချေမှုန်းပစ်ရန် ဆန္ဒပြင်းပြနေကြသည့်အလား သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေကြပြီ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်ရပြီး သွေးရူးသွေးတန်းနှင့် ထွက်ပြေးသွားတော့သည်။
" ဒီလောက်အထိလုပ်ဖို့ လိုလို့လားကွာ "
ဝမ်ပေါင်လဲ့မှာ ဦးရေခွံများ ထုံကျဥ်နေရပြီဖြစ်သည်။ သူသည် ပထမဆုံး ပေါ်ပေါက်လာခဲ့သည့် လျှပ်စီးတန်းအား အထူးတလည် အာရုံစိုက်နေခဲ့ခြင်း မရှိပေ။ လျှပ်စီးတန်း ရာဂဏန်းအနည်းငယ်အထိ ပေါ်ပေါက်လာခဲ့စဉ်တုန်းကပင်လျှင် သူသည် အမူအရာ ပျက်သွားခဲ့ခြင်းမရှိပေ။ ထိုလျှပ်စီးတန်းများမှာ ဝိညာဉ်ကြားခံနယ်အဆင့်တွင်သာ ရှိနေကြသည်ဖြစ်ရာ သူသည် ၎င်းတို့အား အလွယ်တကူ ရှောင်တိမ်းနိုင်ခဲ့ပေသည်။ အကယ်၍ သူ ၎င်းတို့အား အချိန်မီ ရှောင်တိမ်းနိုင်စွမ်း မရှိခဲ့လျှင်တောင် ရေးကြီးခွင်ကျယ်မဟုတ်ပေ။ သူ့အတွက် ထိုလျှပ်စီးတန်းများမှာ အယားပင်ပြေမည် မဟုတ်ချေ။
သို့သော်... အခြေအနေများမှာ ရုတ်ခြည်းဆိုသလို ပြောင်းလဲသွားပြီဖြစ်သည်။ သူ၏ ပတ်ပတ်လည်ရှိ စကြဝဠာကြီးထဲ၌ ပေါ်ပေါက်လာသော လျှပ်စီးတန်းများ၏ အရေအတွက်မှာ ကြောက်ခမန်းလိလိ များပြားလာကြသဖြင့် သူသည် တည်တည်ကြည်ကြည် နေနိုင်စွမ်း မရှိတော့ပေ။
၎င်းတို့မှာ သန်းပေါင်းထောင်သောင်းမက ရှိနေကြသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ၎င်းတို့ ပေါင်းစည်းသွားရာမှ ပေါ်ပေါက်လာသည့် လျှပ်စီးပင်လယ်ကြီး၏ စွမ်းအားမှာ သန်းပေါင်းများစွာသော ဝိညာဥ်ကြားခံနယ်အဆင့် ကျင့်ကြံသူများ၏ ပူးပေါင်းတိုက်ကွက်ကြီး တစ်ခုကဲ့သို့ ပြင်းထန်နေမည်သာ ဖြစ်သည်။ ထိုတိုက်ကွက်ကြီးမှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းကိုပင် ဖောက်ခွဲပစ်နိုင်စွမ်း ရှိလောက်ပေသည်။ ထို လူမှုအဖွဲ့အစည်းနှင့် ယှဉ်လိုက်ပါက ဝမ်ပေါင်လဲ့မှာ လူသားတစ်ယောက်သာ ဖြစ်နေသည်မဟုတ်ပါလော။
ထို့ကြောင့် သူသည် အသိစိတ် ပျောက်လုမတတ် ဖြစ်နေရတော့သည်။ သူသည် မျက်ဝန်းများ နီမြန်းနေပြီး သွေးပျက်နေရ၏။ အကယ်၍ ထို လျှပ်စီးပင်လယ်ကြီးသာ သူ့အား ရိုက်ခတ်သွားမည်ဆိုပါက သူသည် အသက်ရှင်နိုင်ခြေ ရှိမည်မဟုတ်ပေ။
" ငါက မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းရဲ့ ညာလက်ရုံး အကြီးအကဲကြီးကိုလည်း အနိုင်ယူခဲ့သလို မြေဝိညာဉ် လူမှုအဖွဲ့အစည်းထဲကနေလည်း အသက်ရှင်လျှက် ပြန်ထွက်လာနိုင်ခဲ့တဲ့အပြင် ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုလည်း သတ်ဖြတ်နိုင်ခဲ့သေးတာ။ ငါ အခက်အခဲ အတားအဆီးတွေ အများကြီးကို ကျော်ဖြတ်ခဲ့ပြီးသွားပြီလေ။ အခု နတ်မျက်လုံးလူမှုအဖွဲ့အစည်းဆီကို ပြန်ရောက်ဖို့ ဘယ်လောက်မှ လိုတော့တာမဟုတ်ဘူး။ ပုလင်းလေးတစ်လုံးနဲ့ ဆုတောင်းမိလိုက်လို့ ပေါ်ပေါက်လာတဲ့ အဓိပ္ပါယ်မရှိတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကြောင့်နဲ့တော့ မသေပါရစေနဲ့ကွာ " ဝမ်ပေါင်လဲ့မှာ နောင်တကြီးစွာ ရနေရပြီ ဖြစ်သည်။ သူသည် ထိုပုလင်းလေးနှင့် ဆုမတောင်းခဲ့သင့်ပေ။
" ငါ ဝန်ခံပါတယ်။ ငါ မှာသွားပါတယ်ကွာ.... " ဝမ်ပေါင်လဲ့မှာ ငိုမဲ့မဲ့ ဖြစ်နေရ၏။ သူသည် အစွမ်းကုန်ထုတ်ကာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းဆီသို့ သွေးရူးသွေးတန်းနှင့် ဦးတည်ပျံသန်းသွားနေ၏။ သူ၏ ပုံပန်းသွင်ပြင်မှာလည်း ဖရိုဖရဲ ဖြစ်နေသည့်တိုင်အောင် ယခုတွင် သူသည် ဂရုမစိုက်နိုင်တော့ပေ။ သူသည် လက်ဖျောက်တစ်ချက် တီးလိုက်ရုံဖြင့် ထို လျှပ်စီးတန်းများ၏ ဝေးရာသို့ ရောက်ရှိသွားနိုင်ရန်သာ တွေးနေမိတော့သည်။
အကယ်၍ ထိုလျှပ်စီးတန်းများမှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲအထိ လိုက်လာပြီး ထို လူမှုအဖွဲ့အစည်းအား ရိုက်ခတ်သွားမည်ဆိုလျှင် သူ့အတွက် အဆင်ပြေပေသည်။ သို့သော် ထိုသို့ ဖြစ်လာနိုင်ရန်အတွက် သူ့ဘက်မှ အများကြီး ပေးဆပ်ရမည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ဝေခွဲမရ ဖြစ်နေရတော့သည်။
ယခုတွင် ထိုအတွေးများကြောင့် အာရုံများနေ၍ မဖြစ်ပေ။ လက်ရှိတွင် သူ့အတွက် အရေးကြီးဆုံးမှာ အသက်ရှင်နိုင်ရန်သာ ဖြစ်သည်။ သို့သော် သူ မည်မျှပင် လျင်မြန်စွာ ပျံသန်းနေစေကာမူ လျှပ်စီးတန်းများမှာ သူ၏ နောက်မှမရပ်မနား လိုက်လာနေကြဆဲပင်။ ထို့အပြင် ၎င်းတို့မှာ မကြာသေးမီတုန်းကထက်ပင် အနည်းငယ်ခန့်ပို၍ အားကောင်းလာသည့်ပုံ ပေါက်နေသေးသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံးတုန်ရီသွားရပြီး ငယ်ရွယ်စဉ်ဘဝတုန်းက ခွေးရူးများ လိုက်ဆွဲခံရသည့်အဖြစ်အား ပြန်၍သတိရသွားတော့သည်။
ကံကောင်းသည်မှာ သူသည် အလွန်အင်မတန်မှ အပြေးသန်၏။ ထို့အပြင် ထို လျှပ်စီးပင်လယ်ကြီးမှာလည်း ဝမ်ပေါင်လဲ့အား အမှန်တကယ် သတ်ဖြတ်ချင်စိတ် မရှိသည့်ပုံပင်။ အကယ်၍ ထိုသို့သာမက မဟုတ်ပါက ၎င်းမှာ ဝမ်ပေါင်လဲ့အား ချက်ချင်း လိုက်မီသွားမည်ဖြစ်ပြီး သူ့အား ဝန်းရံထားလောက်ပြီ ဖြစ်သည်။ ၎င်းဆီမှ ထွက်ပေါ်နေသည့် စွမ်းအားများကို ကြည့်လျှင် ၎င်း၏ အစွမ်းအစ အစစ်အမှန်ကို သိနိုင်ပေသည်။
ဝမ်ပေါင်လဲ့မှာ ထိုအချက်ကို သတိထားမိပါသော်လည်း သူ၏အသက်နှင့် လောင်းကြေးမထပ်ရဲပေ။ ထို့ကြောင့် သူသည် စူပုပ်နေသည့် မျက်နှာအမူအရာဖြင့် ဆက်လက် ထွက်ပြေးနေရဆဲပင်။ သူ၏ နောက်တွင်လည်း လူမှုအဖွဲ့အစည်းတစ်ခု၏ တစ်ဝက်နီးပါး ကြီးမားသော ဧရာမ လျှပ်စီးပင်လယ်ကြီးတစ်စင်းမှာ အဆက်မပြတ် လိုက်လာနေသည်ဖြစ်ရာ အနီးနားတစ်ဝိုက်မှ အသေးစား လူမှုအဖွဲ့အစည်းလေးများမှာ ထိုအခြင်းအရာများကို သတိထားမိသွားကြတော့သည်။
ထို အသေးစား လူမှုအဖွဲ့အစည်းလေးများမှာ ဉာဏ်ရည်နိမ့်ပြီး အတော်အသင့် ရှေးကျသည့် လူမှုအဖွဲ့အစည်းများသာ ဖြစ်ကြပေသည်။ သူတို့မှာ အုပ်စုဖွဲ့ နေထိုင်ကြပြီး အရုပ်များကို ကိုးကွယ်ကြသည့် အဆင့်တွင်သာ ရှိကြသေးသည်။ ထို့ကြောင့် သူတို့မှာ ကောင်းကင်ကြီးအား မော့ကြည့်လိုက်ကြပြီး ကောင်းကင်ယံထဲ၌ လျှပ်စီးတန်းများ ဝင်းလက်တောက်ပစွာ လက်သွားသည်ကို မြင်လိုက်ရသောအခါ ကြောက်ရွံ့တုန်လှုပ်သွားကြ၏။ ထို့နောက် သူတို့အားလုံးမှာ ဒူးထောက်ကာ ရှိခိုးဦးချလိုက်ကြတော့သည်။ အချို့သော လူမှု့အဖွဲ့အစည်းများမှာမူ သူတို့၏ ဘေးနားတစ်ဝိုက်ရှိ စကြဝဠာကြီးအား အကဲခတ်ကြည့်ရှုနိုင်စွမ်း ရှိနေကြပြီဖြစ်သည်။ သူတို့မှာ အာကာသထဲရှိ ဧရာမ လျှပ်စီးပင်လယ်ကြီးအား မြင်လိုက်ရသောအခါ တုန်လှုပ်ချောက်ချားသွားရ၏။
ထို့အပြင် သူတို့မှာ ထို လျှပ်စီးပင်လယ်ကြီး၏ ရှေ့တွင် အရှိန်အဟုန်ဖြင့် ပျံသန်းနေသည့် သက်ရှိတစ်မျိုးကိုလည်း မြင်လိုက်ရသေးသည်။ ထိုအခါ သူတို့အားလုံးမှာ ဆူညံပွက်လောရိုက်သွားကြတော့သည်။
ထို့နောက် ဒဏ္ဍာရီဇာတ်လမ်းပေါင်း မြောက်မြားစွာမှာ သူတို့၏ အတွေးများထဲ၌ အလိုလို ပေါ်ပေါက်လာကြ၏။ ထို့ကြောင့် သူတို့မှာလည်း ထိုသက်ရှိသည် ဒဏ္ဍာရီများတွင် ဖော်ပြထားသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်ကြပြီး ချက်ချင်းဆိုသလိုပင် ဒူးထောက်အရိုအသေပေးကာ ရှိခိုးဦးချလိုက်ကြတော့သည်။
ဝမ်ပေါင်လဲ့မှာမူ ထိုအခြင်းအရာများအား လုံးဝ သတိမထားမိပေ။ သူသည် အသိစိတ်ပျောက်လုမတတ် ဖြစ်နေရသည် မဟုတ်ပါလော။ သူ၏နောက်မှ လိုက်လာသည့် လျှပ်စီးတန်းများမှာ သူ အနည်းငယ်ခန့် အရှိန်လျော့ကျသွားတိုင်း ပို၍ မြန်ဆန်လာသည်သာ ဖြစ်သည်။ သို့သော် သူ အရှိန်မြှင့်တင်လိုက်ပါက ၎င်းတို့မှာ အနည်းငယ်ခန့် ပြန်၍ အရှိန်လျော့ကျသွားသည်သာ ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့နှင့် ထို လျှပ်စီးပင်လယ်ကြီး၏ ကြားရှိ အကွာဝေးမှာ ပြောင်းလဲသွားခြင်းမရှိပေ။
သို့ဖြစ်ရာ တစ်စုံတစ်ယောက်မှာ ဝမ်ပေါင်လဲ့အား နှိပ်စက်ညှင်းပန်းနေသည့်ပုံ ပေါက်နေတော့သည်။ ဝမ်ပေါင်လဲ့မှာမူ အမျက်ချောင်းချောင်းထွက်ကာ ဆုတောင်းပြည့်ပုလင်းလေးအား ကျိန်ဆဲနေ၏။ ထို့အပြင် သူသည် သူ့အတွက် အသုံးမဝင်သည့် အရာတစ်ခုကို ဆုတောင်းမိခဲ့သည်ဖြစ်ရာ ပို၍ပင် ခံပြင်းနေတော့သည်။
" ငါ ဂြိုဟ်အဆင့်ကို ဖောက်ထွက်သွားနိုင်အောင် ဆုတောင်းခဲ့တုန်းက ဆုတောင်းပြည့်သွားခဲ့ရင် ဒီလို နောက်ဆက်တွဲအကျိုးဆက်တွေကို လက်ခံနိုင်သေးတယ်။ ဒါပေမဲ့ ငါ ဘာကိုမှ ဆုမတောင်းခဲ့ဘူးလေ။ စကားလေးတစ်ခွန်းပဲ ရိုးရိုးတန်းတန်း ပြောလိုက်တာကို။ အဲဒီ ပုလင်းက ကြောင်နေတာလားကွာ " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ဒေါသတကြီး ကြိမ်းဝါးမိလိုက်ပါသော်လည်း အံကြိတ်ကာ ထွက်ပြေးနေရုံမှတစ်ပါး အခြား ဘာမှမတတ်နိုင်ပေ။ ထို့အပြင် လမ်းတစ်လျှောက်တွင် အာကာသထဲ၌ သွားလာလှုပ်ရှားနိုင်စွမ်း ရှိနေသည့် ကျင့်ကြံသူအချို့မှာလည်း ဝမ်ပေါင်လဲ့တစ်ယောက် သွေးရူးသွေးတန်းနှင့် ထွက်ပြေးလာသည်ကို လှမ်းမြင်ခဲ့ကြသေးသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ နောက်တွင် သူတို့၏ ပင့်သက်ရှိုက်သံများ ကျန်ရစ်ခဲ့ကြရသည်သာ ဖြစ်သည်။