သတ်ဖြတ်လိုစိတ်
Vol. 19 Ch. 257
သူ့ကို ကြည့်နေသော ဟန်မူယဲ့အားမြင်လိုက်ရသောအခါတွင် ခေါင်းဆောင်တောက်ရင်က ခေါင်းယမ်းလျက် သက်ပြင်းချသည်။
“လူအိုကြီးမူက နတ်မိမယ်ပီအိုနေး နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံလာခဲ့တဲ့ ဝိညာဉ်စွမ်းအင်အဆီအနှစ်တွေကို ရခဲ့တယ်။ သူက နှစ်ကိုယ်တူကျင့်ကြံလိုက်ပြီး အဆင့်တက်သွားခဲ့တယ်”
“ကောင်းချန်ကုန်းကလည်း တခြားလူရဲ့အကူအညီနဲ့ သေချာပေါက်အဆင့်တက်သွားမှာပဲ”
“ငါတို့ရဲ့ဘဝတွေက ကြမ်းတမ်းပြီး အချစ်ကံမကောင်းဘူး။ ငါတို့က ကိုယ့်ကိုယ်ကိုယ်ပဲ မှီခိုရမယ်”
ခေါင်းဆောင်တောက်ရင်က ဟန်မူယဲ့ကို ကြည့်လျက် ပခုံးပုတ်ပေးလိုက်သည်။
“စိတ်မပူပါနဲ့။ ငါက ကောင်းကင်ဘုံအဆင့်ကိုရောက်သွားရင် မင်းကို အနောက်ဘက်နယ်စပ်ကုန်းမြေဆီ ပြန်ခေါ်သွားပါ့မယ်”
ဟန်မူယဲ့က ရင်ထဲထိသွားပြီး ခေါင်းညိတ်လိုက်သည်။
ထိုလူအိုကြီးက နာမည်သိပ်မကြီးသော်လည်း သူ့ကို ကောင်းကောင်းဆက်ဆံသည်။
“အဲဒါဆိုရင် ငါက မီးအဆီအနှစ်သလင်းကျောက်ကိုရှာဖို့ မင်းဆီကို အပ်ထားလိုက်တော့မယ်”
ခေါင်းဆောင်တောက်ရင်ဆက်ပြောလိုက်သောစကားကြောင့် ဟန်မူယဲ့၏နှလုံးသားထဲတွင် ရှိနေသော ကောင်းမွန်သည့်ပုံရိပ်က ပျက်စီးသွားသည်။
သူမျှော်လင့်ထားသည့်အတိုင်း လိုအပ်သောအချိန်ကိုရောက်မှ စကားကောင်းပြောသည်။
ခေါင်းဆောင်တောက်ရင်၏ အစီအစဉ်အရ မီးအဆီအနှစ်မိုင်းတွင်းသို့ သူအရင်သွားပြီး စောင့်ကြပ်နေသော ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူနှစ်ယောက်ကို မျှားခေါ်ခဲ့မည်။
ခုန်းလင်တာအိုဂိုဏ်းက မူလမီးတောက်ကမ္ဘာအတွက် ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျွမ်းကျင်သူငါးယောက်ကို စေလွှတ်ထားသည်။
သို့သော်လည်း သူတို့ထဲမှနှစ်ယောက်က တံခါးပိတ်ကျင့်ကြံနေပြီး ပေါ်မလာတတ်ပေ။ သူတို့အကြောင်းကို လူအနည်းငယ်သာသိသည်။
မီးအဆီအနှစ်မိုင်းတွင်းကို ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူနှစ်ယောက် စောင့်ကြပ်နေသည်။
ခေါင်းဆောင်တောက်ရင်သည် တိုက်ခိုက်နိုင်စွမ်းကောင်းပြီး အဆင့်တူများကို ဖိနှိပ်ထားနိုင်သည်။ ယခင်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တောင်ခြေတွင် သူက ဓားတစ်လက်ဖြင့် ဖုန်းလင်ဓားဂိုဏ်း၏ ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူကို နောက်ဆုတ်သွားစေ၏။
သို့သော်လည်း ခုန်းလင်တာအိုဂိုဏ်း၏ ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျွမ်းကျင်သူနှစ်ယောက်ကို ရင်ဆိုင်ရသောအခါတွင် သတိထားရန်လိုသည်။
ခုန်းလင်တာအိုဂိုဏ်းသည် ဂိုဏ်းအသေးတစ်ခုမဟုတ်ပေ။ သူတို့၏ အခြေခံအုတ်မြစ်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းထက် ပိုမိုနက်ရှိုင်းသည်။
ထို့ကြောင့် ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူနှစ်ယောက်ကို မျှားခေါ်ပြီး ဟန်မူယဲ့က တိတ်တိတ်လေးခိုးဝင်၍ မီးအဆီအနှစ်သလင်းကျောက်ကို ရှာဖွေရမည်။
ခေါင်းဆောင်တောက်ရင်က ဟန်မူယဲ့၏တိုက်ခိုက်နိုင်စွမ်းကို နားလည်သည်။ ကောင်းကင်ဘုံတစ်ဝက်အဆင့်အောက်တွင် သူ့ကိုယ်သူကာကွယ်ရန် ပြဿနာမရှိပေ။
သူနှင့်ဟန်မူယဲ့တို့က မီးအဆီအနှစ်မိုင်းတွင်းသို့ ဦးတည်လိုက်ကြသည်။ လုကောနှင့် ရှောက်ယိုစွန်းတို့က ကယ်တင်ထားသော ကျင့်ကြံသူများကိုကာကွယ်၍ မူလမီးတောက်နန်းတော်သို့ သွားလိုက်ကြသည်။
ထိုလူများသည် ခုန်းလင်တာအိုဂိုဏ်းကို အာရုံစိုက်လာစေနိုင်သည်။
ဟန်မူယဲ့နှင့်ခေါင်းဆောင်တောက်ရင်တို့က ထိုလူများကို တစ်ချိန်လုံးကာကွယ်ပြီး လိုက်ပို့ပေးရန် စိတ်ကူးမထားပေ။
သူတို့က သူတော်စင်များမဟုတ်ပေ။
လူစိမ်းကျင့်ကြံသူများအတွက် အချိန်နှင့်စွမ်းအားကို အသုံးပြုလိုက်ခြင်းက ကျေးဇူးတင်မခံရသော တာဝန်တစ်ခုသာ ဖြစ်သည်။
ယခုအချိန်တွင် ဟန်မူယဲ့နှင့်ခေါင်းဆောင်တောက်ရင်က ခုန်းလင်တာအိုဂိုဏ်း၏ ကျင့်ကြံသူများ သတိမထားမိသောအချိန်၌ အလစ်ဝင်တိုက်ပြီး မီးအဆီအနှစ်သလင်းကျောက်ကို လုယူချင်ကြသည်။
“မီးအဆီအနှစ်သလင်းကျောက်ကိုရနိုင်ရင် မိုင်းတွင်းပျက်စီးသွားလည်း ကိစ္စမရှိဘူး”
ခေါင်းဆောင်တောက်ရင်က လက်ကိုဝှေ့ယမ်းလိုက်ပြီး ပျံသန်းသွားသည်။
မီးအဆီအနှစ်သလင်းကျောက်က မီးအဆီအနှစ်ကျောက်တုံးမိုင်းတွင်း၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ထိုသလင်းကျောက်ကို ထုတ်ယူလိုက်လျှင် မိုင်းတွင်းတစ်ခုလုံး၏ သဘာဝစွမ်းအင်များ လွတ်ထွက်သွားလိမ့်မည်။
ခုန်းလင်တာအိုဂိုဏ်းက မိုင်းတွင်းကို မစွန့်ပစ်ချင်သောကြောင့် မီးအဆီအနှစ်သလင်းကျောက်ကို မထုတ်ယူခဲ့ပေ။
“အစ်ကိုလု၊ ဒီဆေးနှစ်လုံးကို ယူလိုက်ပါ။ မင်းရဲ့ချီစွမ်းအင် မလုံလောက်တော့ရင် ဒန်ထျန်ထဲမှာ သန့်စင်လို့ရတယ်”
ဟန်မူယဲ့က လုကောကို အင်မော်တယ်အဆင့် ဝိညာဉ်အမြုတေဆေးနှစ်လုံး ပေးလိုက်သည်။
လုကောက ပြုံးလိုက်ပြီး တီးတိုးပြောသည်။
“စိတ်မပူပါနဲ့။ ငါက သူတို့အားလုံးကို မူလမီးတောက်နန်းတော်ဆီရောက်အောင် လိုက်ပို့ပေးလိုက်ပါ့မယ်”
ဟန်မူယဲ့က ခေါင်းညိတ်သည်။ သူက ရှောက်ယိုစွန်းကို လက်သီးဆုပ်ပြလိုက်ပြီး လှည့်ထွက်သွားသည်။
သွမ့်ယန်ကျိနှင့်တခြားလူများက သူတို့ကိုကာကွယ်ရန်အတွက် ဟန်မူယဲ့နှင့် ခေါင်းဆောင်တောက်ရင်ရှိနေရန် မျှော်လင့်ထားကြသည်။
သို့သော်လည်း ဟန်မူယဲ့နှင့် ခေါင်းဆောင်တောက်ရင်သည် မီးအဆီအနှစ်မိုင်းတွင်းအကြောင်းကို သိထားပြီးဖြစ် ထိုနေရာသို့မသွားလျှင် အခွင့်အရေးတစ်ခုကို စွန့်ပစ်သလို ဖြစ်သွားလိမ့်မည်။
လူတစ်ယောက်က အခွင့်အရေးများကိုတန်ဖိုးမထားလျှင် ကျင့်ကြံခြင်းလမ်းစဉ်မှာ ခရီးရောက်မည် မဟုတ်ပေ။
“သွားကြစို့၊ မင်းတို့အားလုံးကို မူလမီးတောက်နန်းတော်ဆီ ခေါ်သွားပေးမယ်”
ထွက်သွားသော ဟန်မူယဲ့တို့ကို ကြည့်လျက် လုကောက ခပ်အုပ်အုပ်အော်ပြောသည်။ ထို့နောက် သူ့ခန္ဓာကိုယ်ပေါ်တွင် ဓားအလင်းများပေါ်ထွက်လာပြီး ခြေလှမ်းကျဲကြီးများနှင့် ရှေ့ဆက်သွားသည်။
စွန်းယိုရှောက်က လေပြေလေညင်းတစ်ခုကဲ့သို့ သူ့နောက်မှလိုက်သွားသည်။
သွမ့်ယန်ကျိတို့က လျင်မြန်စွာ လိုက်သွားသည်။
ကယ်တင်ထားသော ကျင့်ကြံသူများက တစ်ယောက်ကိုတစ်ယောက်ကူညီ၍ အုပ်စုလိုက် ရွေ့လျားလိုက်သည်။
....
နေ့ဝက်အကြာတွင်…။
ဟန်မူယဲ့က ကျောက်ဆောင်တစ်ခုအောက်တွင် တင်ပျဉ်ခွေထိုင်နေသည်။ သူ့ဘေးတွင် ပုံရိပ်ယောင်ဆန်သော တာအိုဆရာတယန်ရှိနေသည်။
“မင်းက တကယ်ပဲ မီးအဆီအနှစ်သလင်းကျောက်ကို သွားရှာမှာလား”
တာအိုဆရာတယန်က ဟန်မူယဲ့ကို ကြည့်လျက် တီးတိုးပြောသည်။
“မင်းက အဲဒီရတနာကိုယူလိုက်ရင် ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျင့်ကြံသူ လိုက်ဖမ်းတာကို ခံရလိမ့်မယ်”
‘သေချာတာပေါ့’ ဟန်မူယဲ့က တွေးသည်။
ထိုနေရာတွင် ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူနှစ်ယောက် စောင့်ကြပ်နေသည်။ သို့သော်လည်း အရေးအကြီးဆုံးရတနာ အခိုးခံရပြီး ဟန်မူယဲ့နောက်သို့ သေဆုံးသွားသည်အထိလိုက်မလာလျှင် ထူးဆန်းနေပေလိမ့်မည်။
“ဘာဖြစ်လို့လဲ။ မင်းက ကြောက်လို့လား”
ဟန်မူယဲ့က ခပ်ဟဟရယ်မောလျက် ဓားအိမ်ကို ပေါင်ပေါ်မှာတင်ထားသည်။ သူက ခရမ်းမီးတောက်ဓားနှင့် အစိမ်းရောင်ကံကြမ္မာဓားကို ထုတ်ဘူလိုက်ပြီး ညင်သာစွာပွတ်သပ်နေသည်။
ဟန်မူယဲ့က လက်ထဲတွင် ဓားကိုင်ထားသောအခါတွင် အပြည့်အဝပြောင်းလဲသွားပြီး မျက်နှာထားလေးနက်လာသည်။
သူ့ကို ထိုပုံစံနှင့်မြင်လိုက်ရသောအခါတွင် တာအိုဆရာတယန်က ညင်သာစွာခေါင်းညိတ်သည်။
ဓားကျင့်ကြံသူတစ်ယောက်က ကိုယ်ပိုင်ဓားကို လေးနက်စွာဆက်ဆံသင့်သည်။
ထိုအရာက ဓားနှင့် မိမိကိုယ်ကိုယ် လေးစားခြင်း ဖြစ်သည်။
“ဘုန်း ....”
အဝေးတစ်နေရာတွင် ပေါက်ကွဲသံတစ်ချက်ထွက်ပေါ်လာပြီး ကမ္ဘာမြေကြီးက တုန်ခါသွားသည်။
ဟန်မူယဲ့၏နောက်မှာ ရှိနေသော ချောက်ကမ်းပါးပေါ်မှ ကျောက်စရစ်ခဲများပြုတ်ကျလာသည်။
“ဘယ်သူလဲ။ ငါတို့ခုန်းလင်တာအိုဂိုဏ်းရဲ့ မီးအဆီအနှစ်မိုင်းတွင်းကို သေချင်လို့လာခိုးနေတာလား”
အော်သံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် ပိုမိုကျယ်လောင်သောစကားသံ ထွက်ပေါ်လာသည်။
“ဟီးဟီး၊ ဒီလောက်ပဲလား”
ခေါင်းဆောင်တောက်ရင်၏လေသံထဲတွင် ရှိသော အထင်သေးမှုနဲ့ လှောင်ပြောင်မှုများကို အထင်းသားကြားနိုင်သည်။
ထိုလှောင်ပြောင်မှုမျိုးက လွှမ်းမိုးနိုင်စွမ်းရှိသည်ဟု ပြောနိုင်သည်။
“ဘုန်း ....”
နောက်ထပ်ပေါက်ကွဲသံနှင့် ဓားမြည်သံထွက်ပေါ်လာသည်။
“ဒါက ခုန်းလင်တာအိုဂိုဏ်းရဲ့ ရွှေအမြုတေအထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့စွမ်းအားလား”
“မင်းက ဘာမှမဟုတ်ဘူးပဲ။ ဒီနေ့မှာ ငါက မင်းကို ခွေးတစ်ကောင်လိုမျိုး သတ်ပစ်မယ်”
“အရမ်းစိတ်လှုပ်ရှားမနေပါနဲ့။ ငါက မင်းကို သေချာပေါက်သတ်ပေးမှာပါ”
ခေါင်းဆောင်တောက်ရင်၏ စကားများက ပြိုင်ဘက်ကို ရူးသွပ်သွားစေနိုင်သည်။
ဟန်မူယဲ့က ထိုစကားများကို ကြားလိုက်ရပြီး တိုက်ခိုက်ချင်လာသည်။
“ဘုန်း ....”
ပေါက်ကွဲသံတစ်ခုက ခေါင်းဆောင်တောက်ရင်၏ အရိုင်းဆန်သောရယ်သံနှင့်အတူ ပေါ်ထွက်လာသည်။
“စီနီယာအစ်ကိုယွဲ့၊ ငါ့ကို ကူညီပါဦး ....”
ဒေါသ၊ အလျင်လိုမှုနှင့်အတူ လူတစ်ယောက်က ပြောလိုက်သည်။
ထို့နောက် ဆက်တိုက်မိုးကြိုးပစ်ချနေသကဲ့သို့ ပေါက်ကွဲသံများ ထွက်လာသည်။
“ငါက မင်းတို့နှစ်ယောက်လုံးကို အနိုင်ယူနိုင်တယ်!”
“ခုန်းလင်တာအိုဂိုဏ်းရဲ့ ရွှေအမြုတေကျင့်ကြံသူတွေ၊ မင်းတို့က ငါ့ကို ဒီမှာထိန်းထားနိုင်မယ်ထင်နေတာလား။ ထွက်သွားစမ်း ....”
အော်ဟစ်သံနှင့် ကျိန်ဆဲသံများက အဝေးသို့ ရောက်သွားသည်။
တင်ပျဉ်ခွေထိုင်နေသောဟန်မူယဲ့က မတ်တပ်ထရပ်လိုက်ပြီး ဓားအိမ်ကို ကျောမှာလွယ်ထားသည်။ ထို့နောက် သူက သိမ်းငှက်တစ်ကောင်ကဲ့သို့ အဝေးကိုပျံသန်းသွားသည်။
တာအိုဆရာတယန်က ခေါင်းယမ်းလျက် လေပြေလေညင်းတစ်ခုအသွင်ပြောင်းလျက် သူ့နောက်လိုက်သွားသည်။
ချက်ချင်းဆိုသလို အနီရောင်ကျောက်စိမ်းတစ်ခုနှင့်တူသော မီးအဆီအနှစ်မိုင်းတွင်း၏တောင်တန်းကို မြင်လိုက်ရသည်။
တောင်ခြေတွင် ရှိသော ကွင်းပြင်ကျယ်တွင် မိုင်းတွင်းအပေါက်များ ရှိနေသည်။
ယခုအချိန်တွင် တောင်ခြေသည် လေပြင်းများတိုက်ခတ်ထားသကဲ့သို့ ရှုပ်ပွနေသည်။
ဟန်မူယဲ့က မိုင်းတွင်းထဲသို့ ဖျတ်ခနဲဝင်သွားသည်။
မိုင်းတွင်းက နက်ရှိုင်းပြီး ကျောက်နံရံပေါ်တွင် အနီရောင်သဘာဝစွမ်းအင်အလင်းများ တောက်ပနေသည်။
မီးအဆီအနှစ်မိုင်းတွင်းထဲတွင် မီးအမျိုးအစားသဘာဝစွမ်းအင်များ သောင်းကျန်းနေသည်။
ဟန်မူယဲ့က ပေတစ်ထောင်ခန့်လျှောက်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
သူ့ရှေ့မှာ ပခုံးကိုချိန်းကြိုးများနှင့် ရစ်ပတ်ထားသော လူငယ်တစ်ယောက်လဲနေသည်။ ထိုလူငယ်၏ တစ်ကိုယ်လုံးမှာ ဒဏ်ရာများနှင့် ပြည့်နေပြီး ဝမ်းဗိုက်နှင့်ရင်ဘတ်ကြားတွင် သေစေနိုင်သောဒဏ်ရာတစ်ခု ရှိနေသည်။
သူက နောက်ကျောတွင် ဝါးခြင်းတောင်းတစ်ခုသယ်ထားပြီး သတ္တုရိုင်းများက ပတ်ဝန်းကျင်မှာ ပြန့်ကျဲနေသည်။
ဟန်မူယဲ့က ရှေ့ဆက်သွားသောအခါတွင် လူငယ်ကဲ့သို့ အသတ်ခံထားရသော မိုင်းတွင်းကျွန်များကို မြင်လိုက်ရသည်။
သူက အရှိန်မြှင့်လိုက်ပြီး ပေထောင်ချီအကွာသို့ ရောက်သောအခါတွင် အော်သံကို ကြားလိုက်ရသည်။
“မင်းတို့လို နိမ့်ကျတဲ့ကျွန်တွေက အခွင့်အရေးယူပြီး ထွက်ပြေးချင်တာလား”
“ငါက မင်းတို့အားလုံးကိုသတ်ပြီး တင်းကျပ်တဲ့တာအိုစည်းကမ်းအကြောင်းကို ပြရမယ်”
ဓားအလင်းနှင့် နာကျင်စွာအော်ဟစ်သံများ ပေါ်ထွက်လာသောကြောင့် ဟန်မူယဲ့က ဒေါသထွက်သွားသည်။
သူက လက်မြှောက်ပြီး ဝှေ့ယမ်းလိုက်သည်။ ခရမ်းမီးတောက်ဓားက ပျံထွက်လာပြီး အလင်းတန်းတစ်ခုအသွင်ပြောင်း၍ ရှေ့တွင် ရှိနေသော ကျောက်နံရံကို ထိုးဖောက်လိုက်သည်။
“ဘုန်း ....”
ဓားချက်ကျဆင်းသွားသောအခါတွင် လမ်းကြောင်းတစ်ခုပွင့်လာသည်။
သူက လျင်မြန်စွာလျှောက်သွားသောအခါတွင် မြစ်တစ်စင်းကဲ့သို့စီးဆင်းနေသောသွေးများနှင့် ဒါဇင်နှင့်ချီသော အလောင်းများကို မြင်လိုက်ရသည်။
ခရမ်းမီးတောက်ဓားက အစိမ်းရောင်ဝတ်စုံဖြင့် တာအိုတန်ခိုးရှင်တစ်ဦးကို ကျောက်နံရံပေါ်မှာ ထိုးစိုက်ထားသည်။
ဟန်မူယဲ့က မြေကြီးပေါ်ရှိသွေးအိုင်ကို ကြည့်လျက် မျက်လုံးများက မည်းမှောင်သွားသည်။
“ကျွန်ပြုပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်တယ်။ ဒါက မကောင်းဆိုးဝါးတွေနဲ့ ဘာကွာလို့လဲ”
“ခုန်းလင်တာအိုဂိုဏ်းရဲ့လူတွေက မူလမီးတောက်ကမ္ဘာရဲ့ကျင့်ကြံသူတွေကို လူတစ်ယောက်လိုမဆက်ဆံဘူးပဲ”
သူ့ဆီမှ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။
သူက သတ်ဖြတ်ခြင်းကို သတ်ဖြတ်ခြင်းနှင့် မတားဆီးချင်ပေ။
သို့သော်လည်း ထိုအရာက သူလူမသတ်ဘူးဟု မဆိုလိုပေ။
“ဘုန်း ....”
သူ့နောက်မှ မီးလုံးတစ်လုံးပြေးဝင်လာသည်။
ထိုမီးလုံးက မွန်းကျပ်သွားစေနိုင်သော စွမ်းအားများဖြင့် ပြည့်နေသည်။ အပူရှိန်ကြောင့် မိုင်းတွင်းထဲရှိ ကျောက်တုံးနံရံများက အရည်ပျော်သွားသည်။
လောင်ကျွမ်းနေသောခံစားချက်က ဆင်းသက်လာသည်။