အောင်မြင်မှု
Vol. 30 Ch. 411
အိမ်ဝင်းထဲတွင် ဆေးဒယ်အိုးများ တပွက်ပွက် ဆူနေပြီး သမင်မိစ္ဆာတစ်ကောင်စီက ဒယ်အိုးတစ်အိုးစီကို စောင့်ကြည့်ကာ ထင်းလဲပေးနေကြသည်။ ဒယ်အိုးများထဲတွင်မူ သိုင်းပညာရှင်များ အပြုတ်ခံနေရ၏။ အိမ်ဝင်းတစ်ဝင်းလုံး ဆေးရနံ့များ ကြိုင်ကြိုင်သင်းလျက်ရှိသည်။
ဆေးဒယ်အိုးများဘေးတွင် သိုင်းပညာရှင်များ အပေါင်းခံနေရသော ဆေးကျိုအိုးကြီးများ၊ ဆေးပေါင်းအိုးကြီးများ ရှိကြသည်။ ချင်မူ လှည့်လှည်သွားလာ၍ ဆေးကျိုအိုးများကို စစ်ဆေးကာ ဆေးပင်များ လဲလှယ်နေသည်။ ကောင်းကင်ရတနာများ ထိခိုက်ထားသည့် သိုင်းပညာရှင်များကိုလည်း အပ်စိုက်ကုထုံးဖြင့် ကုပေးနေ၏။ ဆေးအပ်များက ဆေးငွေ့များကို သူတို့၏ခန္ဓာကိုယ်ထဲသို့ ပို့လွှတ်နေသည်။
ဧကရာဇ်ယန်ဖုန်း တစ်ကိုယ်လုံးတွင် ငွေအပ်များပြည့်နေပြီး သုန်မှုန်နေသောမျက်နှာထားဖြင့် ချင်မူ့ကို ကြည့်နေ၏။ ကောင်လေးက သူ့ကို ဆေးပေါင်းအိုးတစ်လုံးထဲ ဖိထည့်လိုက်သော်လည်း သူက ပြန်ထလာကာ စိန်းစိန်းဝါးဝါး ဆက်ကြည့်နေသည်။
ချင်မူ ပြုံးကာ ပြောလိုက်၏။ “အရှင်မင်းကြီး ဘာပြောစရာရှိလို့ပါလဲ”
ဧကရာဇ်ယန်ဖုန်း၏အမူအရာ ပြောင်းလဲသွားပြီး သူက ချိုသာသော မျက်နှာထားဖြင့် ပြောလိုက်သည်။ “ဝန်မင်းချင်က အလုပ်ကြိုးစားပြီး အင်ပါယာကို ကောင်းကျိုးတွေ ပြိုခဲ့တယ်။ ရာထူးတိုး လိုချင်လား” ဧကရာဇ်ယန်ဖုန်း၏အမူအရာက ပို၍ချိုသာလာသဖြင့် ချင်မူ ဇဝေဇဝါ ဖြစ်သွားမိသည်။ “မောင်မင်းက အခု ပဉ္စမအဆင့် ကျုံစန်းအရာရှိပဲ ရှိသေးပေမယ့် လေသင်္ဘောတွေကို အဆင့်မြှင့်ပေးခဲ့တယ်။ အဝေးပစ်အမြှောက်နဲ့ နေသူရိန်ခွင်းကောင်းကင်အမြှောက်ကိုလည်း သွန်းလုပ်ပေးခဲ့တယ်။ အိမ်ရှေ့မင်းသားနောက် လိုက်ပြီး ရေကြောင်းသယ်ယူပို့ဆောင်ရေးတွေလည်း ဖွင့်လှစ်ပေးခဲ့တယ်။ ကိုယ်တော့်အသက်ကိုတောင် အကြိမ်ပေါင်းများစွာ ကယ်ပေးခဲ့သေးတယ်
“ဒီတစ်ခေါက် ကောင်းကင်ငှက်မွှေးမျိုးနွယ်ကိုတောင် ခေါ်လာခဲ့သေးတယ်လေ။ မောင်မင်းရဲ့ လုပ်ဆောင်ချက်တွေက အင်မတန် ကြီးမြတ်လွန်းပါတယ်။ ကိုယ်တော် မောင်မင်းကို ဘယ်လိုဆုချရမလဲတောင် မသိတော့ဘူး။ လိုချင်တာသာ ပြောပါ”
ချင်မူ ခေါင်းကုတ်ရင်း စဉ်းစားလိုက်သည်။ “အရှင်မင်းကြီး၊ သိုင်းပညာရှင်တွေကို ဆေးကုပေးရတဲ့ အဖိုးအခက သိပ်များပါတယ်။ ဒယ်အိုးတွေ၊ ပေါင်းအိုးတွေနဲ့ ငွေအပ်တွေလည်း တော်တော်ကုန်ကျတယ်။ အဲဒီကုန်ကျစရိတ်တွေကို ကျွန်တော် ပေးထားတာဆိုတော့ အရှင်မင်းကြီးအနေနဲ့ ပေးနိုင်...”
ဧကရာဇ်ယန်ဖုန်း၏ မျက်နှာ တမုဟုတ်ချင်း မည်းမှောင်သွားသည်။ “ဒါက ဆုလာဘ်မှ မဟုတ်တာ။ ဘဏ္ဍာရေးဌာနမှာ ငွေရှိတယ် ပေးလိမ့်မယ်။ ကိုယ်တော်က ဘဏ္ဍာရေးဌာန မပေးနိုင်တဲ့အရာကို ဆုချပေးချင်တာ။ ဘာလိုချင်လဲ”
ချင်မူ တွေးကြည့်လိုက်သည်။ ငွေလား။ သူ့တွင် ငွေပြတ်သည်ဟူ၍ မရှိ။ ရာထူးလား။ သူ စိတ်မဝင်စား။ အောင်မြင်ကျော်ကြားမှုလား။ တစ်လောကလုံးတွင် ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ကို မသိဟူမရှိ။
ရတနာလား
သူ့တွင် ရတနာများစွာ ရှိသည်။ နဂါးထိန်းဧကရာဇ်၏ ပိုင်ဆိုင်မှုကိုလည်း သိမ်းထားသေး၏။ လိုလန်ရွှေနန်းတော်မှ ရတနာတစ်ရာကိုလည်း ဟူလင်းအာက တောင်းထားပေးသေးသည်။ ရွှင်ပျော်ပျော်ဓားနှင့် ဓားစက်လုံးလည်း ရှိသေးသည့်အတွက် သူ့တွင် ရတနာမရှားပေ။
အဖိုးတန်ပရဆေးပင်များ၊ သတ္ထုများ၊ စွမ်းအင်ဆေးလုံးများ၊ အံ့ဖွယ်ဆေးရည်များလား။ သူကိုယ်တိုင်က နတ်ဆေးသမားတော်တစ်ယောက် ဖြစ်၍ မလိုအပ်။
ချင်မူ ခေါင်းယမ်းလိုက်ပြီး ဧကရာဇ်အတိုင်ပင်ခံ၏ ခံစားချက်ကို နားလည်သွားသည်။ ဧကရာဇ်ယန်ဖုန်း သူ့ကို ဆုချနိုင်သော အရာများက မျက်စိကျလောက်စရာမရှိ၍ သူ မည်သည့်ဆုကိုမှ မယူချင်ပေ။
“ပြန်တွေးပါဦး” ဧကရာဇ်ယန်ဖုန်း သူ့ကို တဖြည်းဖြည်း လမ်းကြောင်းပေးသည်။ “ငါ့ဆီမှာ မင်းလိုချင်တာတစ်ခု ရှိနေတယ်။ ပစ္စည်းတွေ၊ ရာထူးတွေ မဟုတ်လည်း ရတယ်။ လူတစ်ယောက်လည်း ဖြစ်လို့ရတယ်...”
ချင်မူ သဘောပေါက်သွား၍ ပြုံးလိုက်၏။ “အာ အရှင်မင်းကြီးက ကျွန်တော့်ကို နန်းတွင်းသူတွေ ချီးမြှင့်ပေးဖို့ တွေးနေတာကိုး။ ကျွန်တော်က တစ်နှစ်ပတ်လုံး အပြင်လျှောက်သွားနေတာ ခပ်များများရယ်။ နန်းတွင်းသူတွေ မလိုပါဘူး။ ဒါပေမဲ့ ဘွားဘွားက ဒီမှာ နေတော့မှာ။ ဒီနားမှာလည်း အရုပ်ဆိုးဆိုး မိစ္ဆာတွေ ၊ မကောင်းဆိုးဝါးတွေပဲ ရှိတယ်။ အိမ်ဝင်းကို စောင့်ရှောက်ပေးမယ့် နန်းတွင်းသူနည်းနည်းပါးပါး အရှင်မင်းကြီး ပေးနိုင်ရင် ကျွန်တော် လုံးဝမငြင်းပါဘူး။ ဧကရာဇ်မယ်တော်ကြီးနားက ကျန့်ချီနှင့် ချင်ချီလို မိန်းကလေးနှစ်ယောက်ဆို အဆင်ပြေတယ်။ သူတို့က ကြည့်ပျော်ရှုပျော်လည်း ရှိသလို နူးညံ့သိမ်မွေ့ပြီး နားလည်တတ်တယ်...”
ဧကရာဇ်ယန်ဖုန်း ဒေါသထွက်သွားပြီး ပေါင်းအိုးထဲ လှဲချလိုက်သည်။ “အဖုံးပိတ်”
“အမိန့်တော်အတိုင်းပါ” ချင်မူ ပေါင်းဖိုးကို ပိတ်ရင်း ပွစိပွစိ ရွတ်နေမိသည်။ “ရက်ရောချင်ယောင်ဆောင်ပြီး ဆုချီးမြှင့်မယ်လေး ဘာလေးနဲ့ နန်းတွင်းသူ တစ်ယောက်နှစ်ယောက်တောင် မပေးနိုင်ဘူး။ ကပ်စေးနည်းကြီး....”
“ဘာပြောလိုက်တာလဲ။ ထပ်ပြောလိုက်စမ်း” ပေါင်းအိုးထဲရှိ ဧကရာဇ်ယန်ဖုန်း စိတ်တိုနေသည်။ “ခေါင်းဖြတ်ပစ်မယ်”
ထို့နောက် ချင်မူအသံကို ဧကရာဇ်ယန်ဖုန်း ကြားလိုက်ရ၏။ “ယွိရှို့ နင်လာတာ အတော်ပဲ။ နင့်ခမည်းတော်က ငါ့ကို ဆုချမယ်ပြောပြီး စကားမတည်ချင်တဲ့အပြင် ငါ့ခေါင်းကိုတောင် ဖြတ်ချင်နေတယ်”
“သူ့ကို ခေါင်းထဲထည့်မနေနဲ့။ ဒီနှစ်တွေထဲ ခမည်းတော် စိတ်တော်တော်ဆတ်လာတာ။ အမြဲ ခေါင်းဖြတ်မယ် ခေါင်းဖြတ်မယ် တကဲကဲနဲ့။ နိုင်ငံရေးကြောင့် စိတ်ဖိစီးရတဲ့ အကျိုးဆက်တွေလေ။ ဒါပေမဲ့လည်း ခေါင်းဖြတ်မယ် ပြောပေမယ့် တကယ်လည်း မလုပ်ပါဘူး။ သူ့ကို လျစ်လျူရှုထားလိုက်။ ပွစိပွစိလျှောက်ပြောပြီးရင် ငြိမ်သွားလိမ့်မယ်”
“ငါ့ကို တူနှစ်ကိုယ်ကျင့်စဉ်အတွက် လာရှာတာလား”
“ဟုတ်တယ်။ ကျင့်စဉ်က ပြီးတော့မယ်လေ။ သံပူတုန်း မြန်မြန် ရိုက်ထားသင့်တယ်။ မဟုတ်ရင် ခမည်းတော် ဒဏ်ရာတွေသက်သာရင် ငါ့ကို မြို့တော်ဆီပြန်ခေါ်သွားလိမ့်မယ်။ မြို့တော်ရောက်တာနဲ့ အချိန်ရပါ့မလား မပြောနိုင်ဘူး...”
....
သူတို့နှစ်ယောက် ထွက်သွားကြသည့်အခါ ပေါင်းအိုးထဲရှိ ဧကရာဇ်ယန်ဖုန်းမှာ စိတ်ပျက်လက်ဖြင့် တွေးလိုက်မိသည်။ ‘ရှို့အာ ခမည်းတော်တော့ သမီးတော်ကို ဒီအထိပဲ ကူညီနိုင်တော့တယ်။ အဲဒီကောင်စုတ်လေးက တုံးလွန်းတယ်ကွယ့်။ သမီးတော်တော့ မြောင်းပေးရုံတင်မဟုတ်ဘူး ချောင်းပါဖောက်ရလိမ့်မယ်’
သုံးလေးရက်ကြာသည့်အခါ အရပ်ခြောက်မျက်နှာမူလဝိညာဉ်ကျင့်စဉ်ကို ချင်မူနှင့် လင်ယွိရှို့ အချောသတ်ပြီးသွားသည်။ အခြားသူများလည်း သူတို့နည်းတူ အရပ်ခြောက်မျက်နှာအဆင့်တွင် မူလဝိညာဉ်ဖွဲ့တည်နိုင်ပါ့မလား သူတို့စိတ်ပူမိကြ၏။
“ငါ စမ်းကြည့်မယ်။ ငါလည်း အရပ်ခြောက်မျက်နှာအဆင့်” စစ်ယွင်ရှန်းက စိတ်လှုပ်ရှားစွာ ပြောလာသည်။
ချင်မူ ခေါင်းယမ်းလိုက်၏။ “ဒီကျင့်စဉ်က ကျင့်စဉ်နှစ်ခုကို တွဲထားတာ။ ယောက်ျားကျင့်စဉ်နဲ့ မိန်းမကျင့်စဉ်မှာ မတူတာတွေ ရှိတယ်။ ဒါကြောင့် လူနှစ်ယောက် အတူတူ ကျင့်ကြရမှာ။ တစ်ယောက်ကိုတစ်ယောက် မယုံလို့မရဘူး။ မကောင်းကြံမယ့်အတွေးတွေ ရှိရင် မူလဝိညာဉ်ကို ဖွဲ့တည်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဖွဲ့တည်နိုင်တာနဲ့ နှစ်ယောက်လုံးအတူတူ ဖွဲ့တည်နိုင်လိမ့်မယ်”
“ဂိုဏ်းသခင် ကျွန်မနဲ့အတူ လေ့ကျင့်ပေးပါ” စစ်ယွင်ရှန်းက ခပ်သွက်သွက် ပြောလိုက်သည်။
ချင်မူ့အသံက ပိုမိုလေးနက်လာ၏။ “ကောင်းကင်နတ်မယ်၊ ငါတို့ကြားမှာ ဘယ်အရာမှဝင်မလာနိုင်တဲ့အထိ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးနေဖို့ လိုတယ်။ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ပြီး မကောင်းကြံချင်တဲ့စိတ် မရှိရဘူး”
စစ်ယွင်ရှန်း တခစ်ခစ် ရယ်လိုက်ပြီး ပြောလိုက်သည်။ “ရှင်က ဂိုဏ်းသခင်လေ၊ ကျွန်မ မကောင်းကြံချင်တဲ့စိတ် မထားဝံ့ပါဘူး”
ချင်မူ စိတ်ပျက်သည့်ဟန်ဖြင့် မျက်လုံးလှန်လိုက်သည်။ မကောင်းကြံချင်တဲ့စိတ် မထားဝံပါဘူးတဲ့လော။ ဤကလေးမလေးသည် အဘွားစစ်ကို စံနမူနာယူကာ ဂိုဏ်းသခင်နေရာကို သိမ်းပိုက်ရန်သာ အမြဲတွေးနေသူမဟုတ်ပါ၏လော။ အဘွားစစ်၏ ကောင်းမွန်သောအမူအကျင့်များကို အတုယူမည်မရှိပေ။
သို့သော် စစ်ယွင်ရှန်းတွင် အဘွားနှင့်တူညီသော အကျင့်တော့ ရှိသည်။ သူတို့ အန္တရာယ်ကြုံသည့်အခါတိုင်း သူမက ပထမဆုံးရောက်လာသူဖြစ်ပြီး တွန့်ဆုတ်တွေဝေခြင်းမရှိဘဲ ကယ်တင်ပေးတတ်သူဖြစ်သည်။ သူမ၏စိတ်ရင်းက မဆိုးလှပေ။ ကောင်းကောင်းမွန်မွန် ဆုံးမသွန်သင်ပေးရန်သာ လိုအပ်နေခြင်းဖြစ်၏။
‘သူသာ ငါ့လို ဆုံးမသွန်သင်ခံရရင် အခုလို အကျင့်လေး ယုတ်နေမှာမဟုတ်ဘူး’
ချင်မူ သက်ပြင်းချလိုက်မိသည်။ စစ်ယွင်ရှန်းတွင် သူ့ကို မကောင်းကြံလိုသည့်စိတ် ရှိသော်လည်း သူနှင့် မင်းသမီး တီထွင်ခဲ့သော ကျင့်စဉ် အလုပ်ဖြစ်မဖြစ် အတည်ပြုရန် လိုအပ်သည်။ သူက ခေါင်းညိတ်ကာ ပြောလိုက်၏။ “နင့်မှာ မကောင်းကြံချင်တဲ့စိတ် ရှိနေရင် ငါလည်း မတတ်နိုင်ဘူးနော်။ ဒီတစ်ခါတော့ ယုံလိုက်မယ်။ ဒီတစ်ခါပဲ။ အလုပ်မဖြစ်ရင်တော့ ယုံကြည်လို့ရတဲ့ လူတစ်ယောက် သွားရှာ”
စစ်ယွင်ရှန်းက လင်ယွိရှို့ဆီ အပြေးအလွှားသွား၍ မိန်းမကျင့်စဉ်အကြောင်း မေးလိုက်သည်။ လင်ယွိရှို့က မည်သည်ကိုမျှ မထိမ်ချန်ဘဲ သင်ပေးလိုက်၏။ ယန်ကျင့်ကျင့်လည်း ရောက်လာသောကြောင့် လင်ယွိရှို့ ပြုံးပြလိုက်သည်။ “မိန်းကလေးကျင့်၊ နွားကျောင်းသားနဲ့ မူလဝိညာဉ် ဖွဲ့တည်ချင်လို့လား”
ယန်ကျင့်ကျင့်က ခေါင်းယမ်းလိုက်သည်။ “ငါ မူလဝိညာဉ်ဖွဲ့တည်ထားတာ ကြာပါပြီ။ နင်တို့နှစ်ယောက်ပဲ ကျင့်လိုက်ပါ။ ဒီတိုင်း ဘေးကပဲ ကြည့်ချင်လို့”
“မူလဝိညာဉ်တူနှစ်ကိုယ်ကျင့်စဉ်က သိပ်သက်တောင့်သက်တာ ရှိတာနော်” လင်ယွိရှို့ အလေးအနက် ပြောလိုက်သည်။
ယန်ကျင့်ကျင့် ရင်ထဲတွင် လှုပ်ခတ်သွားသော်လည်း အတန်ငယ် ရှက်နေမိ၏။ စစ်ယွင်ရှန်းက စပ်စုလိုက်သည်။ “ကျင့်ကျင့်၊ နင့်ရဲ့ သိုင်းအဆင့်က ဘယ်အဆင့်မလို့လဲ။ ဘယ်လိုလုပ်ပြီး မူလဝိညာဉ်ကို အစောကြီး ဖွဲ့တည်ပြီးသွားတာလဲ”
“ကောင်းကင်တံတားအဆင့်မှာ” ယန်ကျင့်ကျင့်က ရှက်ရွံ့စွာဖြင့် တိုးတိုးလေးပြောလိုက်သည်။ “ငါ ဖွဲ့တည်ထားတာမဟုတ်ဘူး။ နေသင်္ဘောကြောင့်ပါ။ ငါက သန့်စင်ခန္ဓာဆိုတော့ နေသင်္ဘောကို ထိန်းချုပ်ပြီး နေစွမ်းအင်နဲ့ ငှားယူလိုက်ရင် ကောင်းကင်ရတနာတွေ ပွင့်သွားတယ်။ အရင်တုန်းကတော့ နေသင်္ဘောနဲ့ ခွာလိုက်ရင် ကောင်းကင်ရတနာတွေက ပြန်ပိတ်သွားတတ်တယ်။ ဒါပေမဲ့ ခဏခဏ သုံးပြီးတော့ ကောင်းကင်ရတနာတွေ ပြန်မပိတ်တော့ဘူး”
စစ်ယွင်ရှန်းနှင့် လင်ယွိရှို့ မှင်သက်သွားသည်။ ချင်မူ မျက်လုံးအပြူးသားဖြင့် ကြည့်ကာ မယုံနိုင်ဖြစ်နေသည်။
ယန်ကျင့်ကျင့်က သူတို့နှင့် သက်တူရွယ်တူ ဖြစ်သော်လည်း ဂိုဏ်းသခင်အဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်နေချေပြီ။
ယန်ကျင့်ကျင့်က သူတို့ထဲတွင် သန်မာအားအကောင်းဆုံးဖြစ်သည်ကို သူတို့ မမြင်ခဲ့ပေ။
ချင်မူလည်း နေသင်္ဘောနှင့် လသင်္ဘောကို ထိန်းချုပ်ခဲ့သော်လည်း သူ၏ကောင်းကင်ရတနာများက သင်္ဘောနှင့်ခွာလိုက်လျှင် ပြန်ပိတ်သွား၏။ အကြိမ်များစွာ ထိန်းချုပ်လျှင် ကောင်းကင်ရတနာများ ပွင့်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“ဒီလိုဆို ငါတို့ နေသင်္ဘောကို သုံးပြီး ဂိုဏ်းသခင်အဆင့် သိုင်းပညာရှင်တွေကို မွေးမထုတ်နိုင်ဘူးလား” စစ်ယွင်ရှန်းက အကြံပြုလိုက်သည်။
လင်ယွိရှို့က ခေါင်းယမ်းလိုက်၏။ “မဖြစ်နိုင်ဘူး။ သန့်စင်ယန်ခန္ဓာဖြစ်မှ နေစောင့်ရှောက်သူ ဖြစ်လာမှာ။ နေထိန်းကျောင်းသူခေါင်းဆောင်တောင် ဒုတိယသန့်စင်ယန်ခန္ဓာကို မရှာနိုင်ဘူးလေ။ တခြားနေရာတွေကတော့ ပြောမနေနဲ့”
“ဂိုဏ်းသခင်ကတော့ လုပ်နိုင်တယ်” စစ်ယွင်ရှန်း ချင်မူ့ကို လှမ်းကြည့်လိုက်သည်။ “ဂိုဏ်းသခင် နေသင်္ဘောကို ထိန်းချုပ်ပြီး ကောင်းကင်ရတနာအားလုံး ဖွင့်နိုင်လောက်တယ်”
ချင်မူ လှုပ်လှုပ်ရှားရှား ဖြစ်သွားသော်လည်း ယန်ကျင့်ကျင့်က ကပျာကယာ ဝင်ပြောလိုက်၏။ “နေသင်္ဘောရဲ့ စွမ်းအားနဲ့ ကောင်းကင်ရတနာဖွင့်လိုက်ရင် သိုင်းအခြေခံ မခိုင်မာတော့ဘူး။ ဘိုးဘိုးခေါင်းဆောင်က အဲဒါ ဖြတ်လမ်းနည်းဆိုပေမယ့် တစ်ဆင့်ပြီးတစ်ဆင့် ကျင့်တာလောက် မခိုင်မာဘူးတဲ့။ ဒီတစ်ခေါက် ငါ ထွက်လာတာကလည်း နင်တို့တွေ ဘယ်လိုကျင့်ကြံလဲ လေ့လာပြီး အခြေခိုင်အောင် ပြန်လုပ်နိုင်မလား ကြည့်ဖို့ပဲ”
ချင်မူ လက်လျှော့လိုက်ရသည်။
တစ်ဆင့်ပြီးတစ်ဆင့် သိုင်းကျင့်ခြင်းက အမှန်တကယ်ပင် ပိုမိုပျော်စရာကောင်းသည်။ သူသာ ကျော်တက်ခဲ့လျှင် ဓာတ်ကြီးငါးပါးအဆင့်၏ နတ်ဘုရားအသွင်များကို သော်လည်းကောင်း၊ အရပ်ခြောက်မျက်နှာမူလဝိညာဉ်ကို သော်လည်းကောင်း တွေ့ရှိခဲ့မည်မဟုတ်ပေ။
နေသင်္ဘော၏ အကူအညီဖြင့် ကောင်းကင်ရတနာများဖွင့်ထားသော ယန့်ကျင့်ကျင့်အနေဖြင့်လည်း အစမှ ပြန်စကျင့်ပြီး သိုင်းအဆင့်တစ်ဆင့်တိုင်း၏ ဆန်းကြယ်သော သဘောတရားများကို ပြန်လည်သုံးသပ်ရန် လိုအပ်လိမ့်မည်။
သို့တိုင်အောင် ယန်ကျင့်ကျင့်၏အဆင့်က မြင့်မားလွန်းရာ အောက်ခြေကို မြင်ရန် ခက်ခဲလိမ့်မည်။
စစ်ယွင်ရှန်း မိန်းမကျင့်စဉ်အပိုင်းကို လေ့လာပြီး အမှားမပါအောင် လင်ယွိရှို့အား ထောက်ပြခိုင်းသည်။ ထို့နောက်မှ ချင်မူနှင့်အတူ မူလဝိညာဉ်ဖွဲ့တည်ခြင်း စတင်လိုက်သည်။
ထိုအချိန်တွင် မျက်ကန်းနှင့် ဧကရာဇ်ယန်ဖုန်းက အဝေးမှ လှမ်းကြည့်နေသည်။ မျက်လုံးကို ပတ်တီးစည်းထားသော မျက်ကန်းက ဧကရာဇ်ယန်ဖုန်းကို ပြောလိုက်သည်။ “ဧကရာဇ်၊ ခင်ဗျားသမီးတော်က တော်တော် ရက်ရောတာပဲ။ ခင်ဗျားသမက်ကို လူလည်မလေးရှန်းနဲ့ ပျော်ခိုင်းထားတယ်”
ဧကရာဇ်ယန်ဖုန်း အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ “ရှို့အာက မူလဝိညာဉ် တူနှစ်ကိုယ်ကျင့်စဉ်ရဲ့ အဓိပ္ပါယ်ကို သိတာမဟုတ်ဘူး။ လင်မယားဖြစ်မှ ကျင့်ကြံနိုင်တာသာ သိလို့ကတော့ အဲဒီလောက်ရက်ရောမှာ မဟုတ်ဘူး”
“ဒါဆို မပြောတော့ဘူးပေါ့” မျက်ကန်း စိတ်ဝင်တစား မေးလိုက်မိသည်။
“ပြောစရာမလိုဘူး” ဧကရာဇ်ယန်ဖုန်း ခေါင်းယမ်းလိုက်၏။ “အတွဲတစ်တွဲပဲ မူလဝိညာဉ်တူနှစ်ကိုယ်ကျင့်စဉ်ကို ကျင့်ကြံနိုင်တယ်။ သူတို့ရဲ့ မူလဝိညာဉ်အချင်းချင်း ပဲ့တင်ရိုက်ခတ်ပြီးသွားရင် တတိယလူရဲ့ မူလဝိညာဉ်နဲ့ ပဲ့တင်မရိုက်ခတ်နိုင်တော့ဘူး။ ဝန်မင်းချင်က ရှို့အာရဲ့ မူလဝိညာဉ်နဲ့ ရင်းနှီးတွယ်တာသွားပြီမလို့ ကောင်းကင်နယ်မယ်ရှန်း သူနဲ့အတူ ကျင့်ကြံရင်တောင်မှ မူလဝိညာဉ်အချင်းချင်း ပဲ့တင်ရိုက်ခတ်တော့မှာ မဟုတ်ဘူး။ သူ မူလဝိညာဉ်ကို မဖွဲ့နိုင်ဘူး။ သူတို့က ကလေးပဲ ရှိသေးတာလေ တကယ့်အကြောင်းရင်းကို မသိကြသေးဘူး”
သူ သက်ပြင်းချလိုက်မိသည်။ “ရှေးကတည်းက ဧကရာဇ်ရဲ့ မိဖုရားဆောင်မှာ မိန်းမလှသုံးထောင် ရှိခဲ့တယ်။ ဒါပေမဲ့ မိဖုရားခေါင်ပဲ ဧကရာဇ်နဲ့အတူ တူနှစ်ကိုယ်ကျင့်စဉ် ကျင့်နိုင်တာဆိုတော့ ဧကရာဇ်အနေနဲ့ ကျန်တဲ့မိဖုရားတွေကို ချစ်နှစ်သက်ရင်တောင်မှ မူလဝိညာဉ်ပဲ့တင်ရိုက်ခတ်မှု မရှိတော့ ပျော်ရွှင်မှုလည်း မရှိတော့ဘူး။ ဒါကြောင့် တော်ဝင်မျိုးနွယ်မှာ မျိုးဆက်များများစားစား မရှိတာပဲ”
မျက်ကန်းက ပြုံးလိုက်သည်။ “တခြားမိဖုရားနဲ့ အတူ‘နေ’ရင် သာယာမှု မရှိတော့လို့ တော်ဝင်မျိုးဆက် နည်းနေတာပေါ့လေ”
ဧကရာဇ် ခေါင်းညိတ်လိုက်သည်။ “ဒါကြောင့် ရှို့အာကို စိတ်မပူတာ။ သူက အခွင့်အရေးကို ယူပြီးသွားပြီလေ။ ဝန်မင်းချင်မှာ တခြားမိန်းမတွေ ရှိရင်တောင် သူ့ဆီပဲ ပြန်လာရမှာ။ ဘာကြောင့်လဲဆိုရင် သူ့ရဲ့မူလဝိညာဉ်က တခြားမိန်းမရဲ့ မူလဝိညာဉ်နဲ့ ပဲ့တင်ရိုက်ခတ်မှုမရှိ...”
“မူလဝိညာဉ် ဖွဲ့တည်ပြီးသွားပြီ”
စစ်ယွင်ရှန်း၏ အော်ဟစ်သံများ ထွက်လာ၍ ဧကရာဇ်ယန်ဖုန်းမှာ စစ်ယွင်ရှန်း မြူးထူးခုန်ပေါက်နေသည်ကို အကြောင်သား ငေးကြည့်နေမိတော့သည်။ လင်ယွိရှို့လည်း အလွန်အမင်း ဝမ်းသာနေပြီး သူမနှင့်အတူ အောင်ပွဲခံနေသည်။ ချင်မူလည်း ပါ၏။
ဧကရာဇ်ယန်ဖုန်း အချိန်များစွာကြာသည့်တိုင်အောင် စိတ်နှင့်ကိုယ် ပြန်မကပ်သေးပေ။
“မူအာက လောကသခင်ခန္ဓာဆိုတာ ခင်ဗျား မေ့သွားတယ်။ သာမန်ဝိညာဉ်ခန္ဓာရဲ့ မူလဝိညာဉ်က လက်တွဲဖော် ရှိပြီးသွားရင် တခြားခန္ဓာတွေနဲ့ ပဲ့တင်ရိုက်ခတ်မှု မရှိတော့ပေမယ့် လောကသခင်ခန္ဓာကတော့ လုပ်နိုင်တယ်” မျက်ကန်းက တောင်ဝှေးကို အားပြု၍ ရပ်နေပြီး တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။ “ဧကရာဇ် ကျုပ်တော့ ခင်ဗျားမျက်နှာထားကို သိပ်သဘောကျသွားပြီ။ ပန်းချီသာဆွဲတတ်လို့ကတော့ ဆွဲပြီး အားတိုင်း ထုတ်ကြည့်နေမိမှာ”
“ငါ ဆွဲပြီးသွားပြီ” နားကန်းက လှမ်းပြောလိုက်သည်။
အဘိုးကြီးနှစ်ယောက် တခွီးခွီး ရယ်ပြီး အားရကျေနပ်နေကြ၏။
“ဂိုဏ်းသခင်၊ မင်းသမီးရှို့ ရှင်တို့ တီထွင်လိုက်တဲ့ ဒီကျင့်စဉ်က ဘယ်လိုခေါ်လဲ” စစ်ယွင်ရှန်းက မေးလိုက်သည်။
“ဒီမူလဝိညာဉ်တူနှစ်ကိုယ်ကျင့်စဉ်ကို မူလဝိညာဉ်လမ်းညွှန်လို့ ခေါ်ကြစို့” ချင်မူနှင့် လင်ယွိရှို့ ပြိုင်တူပြောလိုက်ကြသည်။