အခန်း (၂၈၇)
Vol. 20 Ch. 287
"ငါသွားရင် အမြဲတမ်း VIP ၀င်ပေါက်ကနေ သွားတာ...ဒါတွေ မလိုဘူး..."လင်းရီ လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။
"ကောင်းပြီ အပိုတွေ လျှောက်ပြောမနေနဲ့တော့..ကားထဲက ထွက်ပြီး တစ်ချက်သွားကြည့်ကြစို့..."
လုရင်း သူမ ၀တ်စုံကို တင်းရင်းသန့်ပြန့်အောင် ပြုလိုက်ပြီး ကားထဲမှ ထွက်ကာ လင်းရီဘေးမှ လိုက်လာခဲ့လိုက်၏။
လူသူလေးပါးနှင့် ယောက်ယပ်ခေတ်နေသည့် Cisco ၏ ၀င်ပေါက်နှင့် နှိုင်းယှဉ်မည်ဆိုပါက Sci-tech မှာလုံး၀ကို လူသူကင်းမဲ့သည့် သဲကန္တာရကြီးပင်။
အပြင်ဘက်တွင် ရပ်ထားသည့် အိုဟောင်းနေသော စက်ဘီးလေးတစ်စီး ရှိနေသောကြောင့်သာ မဟုတ်ပါက အထဲတွင် လူရှိမှန်းတောင် သိလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ထိုစက်ဘီးအစုတ်လေးက ပါကင်နှစ်နေရာစာ ယူထား၏။
နေရာဖြန်းတီးမှုကြီးပင်။
"မင်းတို့ ဒီဘာလာလုပ်ကြတာလဲ...ပါမစ် ပါမှ ၀င်လို့ရမယ်."
ပန်ကာ အသေးလေးကိုင်ထားသည့် လုံခြုံရေး၀န်ထမ်းမှာ လင်းရီတို့ကို မြင်တော့ သင်္ကာမကင်းနှင့် မေးမြန်းလိုက်သည်။
"ကျွန်မတို့က စက်ရုံထဲ လေ့လာကြည့်မလို့ပါ....ပါမစ်က ဒီမှာပါ..."
လင်းရီမှ စက်ရုံသို့ သွားကြည့်ချင်သည်ဟု ဆိုထားသောကြောင့် လုရင်း လက်မှတ်ထိုးစဉ်အခါက ပါမစ်ကိုပါ တစ်ပါတည်း တောင်းခဲ့လေသည်။ ယင်းက မလိုလားအပ်သည့် ပြဿနာ အများအပြားကို သက်သာသွားစေခဲ့၏။
လင်းရီ ဘယ်သူလဲဆိုတာတော့ ယခုအချိန်က ဖော်ထုတ်ဖို့ရာ မသင့်လျော်သေးပေ။ အနည်းဆုံးတော့လင်းရီကိုယ်တိုင် သူက Sci-tech ကုမ္ပဏီ၏ ဘော့စ်ပါဟူ၍ ဖော်ထုတ်၍ မဖြစ်ပေ။
ပါမစ်ကို မြင်တော့ လုံခြုံရေး၀န်ထမ်းလည်း သူတို့ကို တားဆီးမနေတော့ပဲ ဖြတ်ကျော်ခွင့် ပြုလိုက်၏။
နှစ်ယောက်မှာတော့ Sci-tech နှင့် မရင်းနှီးသောကြောင့် သာမန်ကာလျှံကာ စူးစမ်းရုံမျှသာ တတ်နိုင်လေသည်။
တစ်ခဏမျှ စူးစမ်းကြည့်ပြီးနောက် လင်းရီ စက်ရုံထဲတွင် ပြန့်ကျဲနေသည့် လူအနည်းငယ်က လွဲ၍ အတော်လေး ခြောက်ကပ်နေကြောင်း မြင်တွေ့လိုက်ရ၏။
ပြတင်းပေါက်မှတစ်ဆင့် အထဲသို့ လှမ်းမျှော်ကြည့်လိုက်သောအခါ ရုံးခန်း၏ နေရာတော်တော်များများ၌ နေရာလွတ်နေပြီး အနည်းငယ်သော ရုံးခန်းထဲတွင်သာ လောင်းကစား ပြုလုပ်သည့် လူအချို့နှင့် ပြည့်နှက်နေ လေသည်။
လင်းရီ စူးစမ်းရင်း ထူးဆန်းသည့် အသံဗလံများကြား၍ စပ်စုကြည့်လိုက်သောအခါ အမျိုးသားတစ်ဦးမှာ နားကြပ်ပင်မတပ်ပဲ ပွန်းကားများ စိတ်ကြိုက်ထိုင်ကြည့်နေသည်ကို အံ့အားသင့်စွာ မြင်တွေ့လိုက်ရ၏။ တော်တော်လေး စောက်ထာကျနေသည့် လူကြီးပင်။
"Sci-tech က ဒေဝါလီခံတော့မယ်လို့ ကြေညာပြီးမှတော့ တာ၀န်ကျနေတဲ့ ၀န်ထမ်းတစ်ချို့ကလွဲရင် ဘယ်သူမှ ရှိမှာ မဟုတ်တော့ဘူးလေ...အလုပ်ထွက်ရင်ထွက် မထွက်ရင် ခရီးတွေ ဘာတွေ သွားနေကြလောက်ပြီ...ဒီတော့ လူနည်းနည်းလေးပဲ ရှိတာက သာမန်ပါပဲ..."လုရင်းမှ ပြောလိုက်၏။
"အင်း..လက်တွေ့ကျတယ်.."လင်းရီ ခေါင်းတဆတ်ဆတ် ညိမ့်လိုက်ပြီး"ဒီပစ္စည်းတွေ သုံးတတ်လား..."
လုရင်း ခေါင်းညိမ့်၍ "တစ်ချို့ ပစ္စည်းတွေကတော့ နောက်ဆုံးပေါ်တွေပါပဲ..ဒါပေမယ့် ကျန်တဲ့ပစ္စည်းတွေက ဟောင်းနေတယ်ဆိုပေမယ့်လည်း သုံးလို့တော့ ရပါသေးတယ်..သူတိူ့ ဈေးကွက်လိုအပ်ချက်ပို ထောက်ပံ့မပေးနိုင်တာကတော့ တကဏ္ဍ ဖြစ်သွားပြီလေ..."
လင်းရီ နှုတ်ခမ်းများ ကွေးညွတ်သွားပြီး "သူတိူ့မှာ ဒီလောက်ကောင်းတဲ့ကတ်ကြီး ကိုင်ထားတာကိုတောင် မသုံးဘူးဆိုတော့ ဖြုန်းတီးရာကျတာပေါ့ဟ..."
"....."
လုရင်း တခဏမျှ ငြိမ်သက်ပြီးနောက်"Sci-tech က သူ့ပြိုင်ဘက်ကို အကြောပေးနေတာ ဖြစ်ရင်လည်း ဖြစ်နိုင်တာပဲလေ...
လင်းရီ : "...."
လုရင်း တခစ်ခစ် ရယ်မောလိုက်ပြီး "ဘော့စ်...ကျွန်မတို့ အထဲ၀င်ပြီး သေချာလေးသွားကြည့်ကြရင်ကော....ပိုပြီး အသေးစိတ် သိချင်တယ်ဆိုရင် အထဲက ၀န်ထမ်းတွေကို မေးလို့ရတာပဲ မဟုတ်ဘူးလား..."
"အထဲ၀င်ဖို့ဆိုတာကို မေ့ထားလိုက်..ငါက ဒီတိုင်းလာကြည့်တာ..နောက်ကျရင် ဒီမှာ ရှိဖြစ်မှာ မဟုတ်ဘူး တစ်ယောက်ယောက်နဲ့ လွှဲထားခဲ့မှာ..ဆိုတော့ သူတို့ရှေ့မှာ ကိုယ်ထင်ပြစရာ အကြောင်းမရှိဘူး....."
လုရင်း သဘောပေါက်ဟန်ဖြင့် ခေါင်းညိမ့်လိုက်ပြီး သူမ ရင်ထဲတွင်တော့ လင်းရီမှာ တစ်စုံတစ်ဦးကို အရူးလုပ်ရန် လှည့်ကွက်သုံးနေသည်ဟု ခံစားလိုက်ရ၏။
"သွားစို့..ကြည့်သင့်သလောက်တော့ ကြည့်ပြီးသွားပြီပဲ..."
လုရင်း သဘောတူလိုက်ပြီး ထွက်လာခဲ့လိုက်ကြ၏။
"နေဦး..."
နှစ်ယောက်သား တံခါး၀သို့ ရောက်ခါရှိသေး အနက်ရောက် လန်ရိုဗာ ကားတစ်စီး ရောက်လာပြီး အမျိုးသားနှင့် အမျိုးသမီးတစ်ဦးတို့ ထွက်လာခဲ့ကြ၏။
အမျိုးသားမှာ သာမန်ရွက်ကြမ်းရေကျို မျှသာဖြစ်သော်လည်း အမျိုးသမီးကတော့ ဆက်ဆီဆန်ပြီး စွဲမက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ထို့ပြင် သူမ၏ လက်ထဲတွင်လည်း လက်ဆွဲသေတ္တာတစ်လုံးကို သယ်ဆောင်ထားလေသည်။
နှစ်ဦးသား ရှေ့ဆင့်နောက်ဆင့် လျှောက်လာခဲ့ကြပြီး သာမန်ကြည့်ရုံမျှနှင့် မည်သူမဆို သူဌေးနှင့် အတွင်းရေးမှူးမလေး ဖြစ်ကြောင်း ပြောနိုင်ပေသည်။
သတိမထားမိစေရန် လင်းရီ လုရင်းကို ဂျောင်တစ် နေရာသို့ ဆွဲခေါ်သွားလိုက်၏။
လုရင်းအနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။ သူမဘော့စ်က ဘာလို့ အဲ့လူနှစ်ယောက်ကို ပုန်းနေတာလဲတဲ့...
တစ်ခုခု ဖြစ်ထားလို့များလား...
မဟုတ်မှလွဲရော အဲ့အမျိုးသမီးက ဘော့စ်ရဲ့ ပြောပြလို့မရတဲ့ လျို့ဝှက်ချက်တွေထဲက တစ်ခုများလား...
သူမဘေးနားက အမျိုးသား ရိပ်မိသွားမှာ စိုးလို့နဲ့တူတယ်...
အင်း..အဲ့လိုနေမှာ...
လင်းရီကတော့ လုရင်း သူမစိတ်ထဲတွင် သူ့ကို တိတ်တဆိတ် ဝေဖန်သုံးသပ်နေကြောင်း မသိရှိခဲ့ပေ။ သိခဲ့လျင်တော့ သူဆွံ့အသွားပေလိမ့်မည်။
လင်းရီ၏ အကြည့်များကတော့ အမျိုးသားနှင့်အမျိုးသမီးတို့ထံတွင် ကျရောက်နေပြီး နှစ်ယောက်စလုံး စက်ရုံထဲသို့ မ၀င်ခင်အချိန်အထိ ဂျောင်ထဲမှ ထွက်မလာသေးချေ။
"ဘော့စ်..ရှင် အဲ့အမျိုးသမီးနဲ့ သိတာလား..."ကားထဲသို့ ၀င်ရောက်ပြီးနောက် လုရင်းမှ မေးလိုက်၏။
"ဘယ်အမျိုးသမီးလဲ.."
"စကတ်အတိုနဲ့ အမျိုးသမီးကို ပြောနေတာလေ..."
"ငါက ဘယ်လိုလုပ်သိမှာလဲဟ.."
"အဲ့တာဆို ဘာလို့ သူတို့ကို ပုန်းနေတာ.."
"ဘာလို့လဲဆိုတော့ ခုနက သူတို့စီးလာတဲ့ လန်ရိုဗာက Cisco ကလေ...ခု ဒီရောက်နေတယ်ဆိုတော့ နည်းနည်းလေး ထူးဆန်းမနေဘူးလား..."
လုရင်း ရုတ်ချည်း သဘောပေါက်သွားပြီး "သူတိူ့က Ciscoကလို့ ဘော့စ်ထင်နေတာလား..."
"ဒီတိုင်း မှန်းကြည့်ရုံသပ်သပ်ပါပဲကွာ..ဘာဖြစ်လဲ အတိအကျ သိချင်ရင်တော့ စုံစမ်းကြည့်မှရမှာ..."
လုရင်း၏ စိတ်ကတော့ အနည်းငယ် ကမောက်ကမ ဖြစ်နေ၏။
ဘာလို့ ဒီလောက်တောင် ရှုပ်ထွေးနေတာလဲတဲ့...
ဤသို့ ဆိုပါက သူမ တစ်သက်လုံး စီးပွားရေးလုပ်ရန် မဖြစ်နိုင်တော့ချေ။ သုတေသန ပညာရှင်အဖြစ်ရပ်တည်သာကပဲ သူမအတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်၏။
စက်ရုံမှ ထွက်လာခဲ့ပြီးနောက် လင်းရီ လုရင်းကို အိမ်သိူ့ ပြန်ပို့လိုက်လေသည်။
"အဲ့ဒီအဆောက်အဦးကို မင်းတို့နဲ့ပဲ ထားခဲ့လိုက်တော့မယ်နော်..ပလန်တွေ အတွက်ကတော့ မင်းနဲ့ စွန်းကြီးတို့ပဲ ကြည့်စီစဉ်ကြပေါ့.."လုရင်း ကားထဲမှ မထွပ်ခွာမီ လင်းရီ ပြောလိုက်ပြီး"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ဖိုတိုလီတိုဂရပ်ဖီပရောဂျက်ကို အမြန်ဆုံး ရုပ်လုံးပေါ်အောင် လုပ်ဖို့ လိုတယ်..."
"ဟုတ်ကဲ့ နားလည်ပါပြီရှင့် .."လုရင်း လေးနက်သည့် အမူအရာဖြင့် ဖြေကြားလိုက်၏။
"ဒါပေမယ့် ရှန်းထျန်းကျိုးကျတော့ကော...သူသာ ရှိမယ်ဆိုရင် ကျွန်မတို့ ပရောဂျက်က တစ်၀က်လောက်ကြိုးစားတာနဲ့ နှစ်ဆလောက် ရှေ့ရောက်သွားမှာနော်..အနည်းဆုံးတော့ သူသာရှိရင် ပရောဂျက်က ဘော့စ် ထင်တာထက် ပိုစောပြီးနိုင်တယ်.....သူက လုံး၀ကို အရေးကြီးတယ်နော်..ဖြစ်နိုင်မယ်ဆိုရင် ခေါ်ထားတာက အကောင်းဆုံးပဲ.."
"အဲ့ကိစ္စကို ငါနဲ့ လွှဲထားလိုက်...ငါ အမေရိကား သွားပြီးတော့ သူ့ကို သွေးဆောင်လို့ရမရ တစ်ချက် သွားကြည့်လိုက်ဦးမယ်..."
လင်းရီ ရှန်းထျန်းကျိုးအကြောင်း ဂဃနဏ မသိသော်လည်း သူအတတ်နိုင်ဆုံးတော့ ကြိုးစား၍ ဆွဲခေါ်သွားပေးမည်။
မည်သိူ့ပင်ဆိုစေ ထိုသူမှာ သာမညောင်ည မဟုတ် ချေ။
လင်းရီ လုရင်းကို ပို့ပြီးနောက် ဟော်ယွမ်ယွမ်ထံသို့ ဖုန်းဆက်လိုက်၏။
"ဘာကိစ်စလဲ.."
ဟော်ယွမ်ယွမ် ယတိပြတ်ကြီး ပြောချလိုက်၏။ မသိသူများဆိုပါက သူမကို သူဌေးဟုတောင် အထင်မှားသွားနိုင်သည်။
"ငါ့ကို ကားတစ်စီးလောက် ကူပြီး စုံစမ်းပေးဦး..လိုင်စင်နံပါတ်ပြားက ကျိုးဟိုင် A34921 ၊ အနက်ရောင် လန်ရိုဗာ..ပိုင်ရှင်က ဘယ်သူလဲဆိုတာ သိရင် တစ်ချက်ပြန်ပြောပေး..."
"ဘော့စ်..ကျွန်မက ကုမ္ပဏီရဲ့ CFO နော် ..စုံထောက် မဟုတ်ဘူး.."ဟော်ယွမ်ယွမ် စောဒကတက်လိုက်ပြီး "တလောတုန်းကပဲ ကျွန်မကို ရှန်းထျန်းကျိုး အကြောင်း စုံစမ်းခိုင်းပြီးပြီ....ခုကျတော့လည်း ဘယ်နားက တွေ့ကရာကားတွေ လာ...."
"ယွမ် ငါးသိန်း.."လင်းရီ ပြောလိုက်၏။
"ကျွန်မဆိုလိုတာက ဘော့စ်ရဲ့ စကားတိုင်းဟာ ကျွန်မအတွက် အမိန့်ပါပဲလို့..ပိုက်ဆံကြောင့် မဟုတ်ဘူးနော်..."ဟော်ယွမ်ယွမ်မှ လေသံတစ်မျိုးပြောင်း၍ ပြန်ပြောလိုက်၏။
"ကောင်းပြီလေ..အဲ့လိုဆိုမှတော့ ပိုက်ဆံမရတော့ဘူး...အလုပ်ကို ကောင်းကောင်းလုပ်..ငါ ..မင်းကို ယုံကြည်တယ်..ဒါက ငါ့ရဲ့လက်ဆောင်ပဲ..ဒီတော့ ကောင်းကောင်းတန်ဖိုးထား..."လင်းရီမှ ထိရှသွားသည့်လေသံဖြင့် ပြောလိုက်သည်။
ဟော်ယွမ်ယွမ် ;"????"
'ငါဆဲလို့ရလား...'
လင်းရီ ဟော်ယွမ်ယွမ်ကို စကားပြန်ပြောရန် အခွင့်အရေး မပေးဘဲ ဖုန်းတန်းချပစ်လိုက်သည်။
ကိစ္စများအားလုံး စီစဉ်ပြီးနောက် ကားနောက်ခုံပေါ်တွင်မှီ၍ မျက်လုံးမှိတ်ကာ အနားယူလိုက်၏။
ယခု သူ၏ ကျောင်းဆရာ အလုပ်အကိုင် အန္တိမ မစ်ရှင်မှာ ပြီးမြောက်ပြီး ဖြစ်သည်။ Didi ဒရိုင်ဘာအတွက် အန္တိမ မစ်ရှင်ကို လုပ်ဆောင်ရန်သာ ကျန်ရှိတော့သည်။
ထိုအကြောင်း စဉ်းစားရင်း လင်းရီ လက်နှစ်ဖက်ကို စိတ်လှုပ်ရှားစွာ ပွတ်ဆွဲလိုက်၏။
အန္တိမ မစ်ရှင်၏ ဆုလဒ်က ဆွဲဆောင်နိုင်သောကြောင့်တော့ မဟုတ်ဘဲ နောက်ပွင့်မည့် အလုပ်အကိုင် အသစ်အကြောင်း စဉ်းစားမိသောကြောင့်ပင်။
ဟီးဟီး ..ဆရာ၀န် အလုပ်က တော်တော်လေး စိတ်၀င်စားဖို့ ကောင်းတော့မှာပဲကွ...
သူ၏ အလုပ်ဟောင်းကို ရပ်စဲတော့မည့် အချိန်တွင် ကျီချင်းရန်မှ ဖုန်း၀င်လာခဲ့၏။
"တီချယ်လင်း..အလုပ်ရှုပ်နေတာလားစင့်...."
လင်းရီ ဂရုတစိုက် နားထောင်ကြည့်လိုက်သောအခါ သူမ အနား၀န်းကျင်၌ အတော်လေး ဆူညံနေပြီး ရုံးခန်းထဲ၌ ရှိနေသည့်ပုံတော့ မပေါ်ချေ။
"မများပါဘူး..ဒီက ပျင်းလို့ တောင်သေတော့မယ်...."
"အဟိ..အဲ့လိုဆို ငါခု ၀မ်သ ပလာဇာမှာရောက်နေတယ်...နင်ကလည်း အားနေတယ်ဆိုတော့ လာကြိုပေးပါလားလို့..."