အခန်း (၂၉၅)
Vol. 20 Ch. 295
"လီဖေး နင်အဲ့လို ပြောလို့ မရဘူးလေ.."မုန့်ရှင်း ပြောလိုက်ပြီး "ငါတို့ နင့်နောက် လိုက်ခဲ့တာ မှန်တယ်..ခု ငါးမိနစ်တောင် မပြည့်သေးဘူးမောင်းထုတ်ခံလိုက်ရပြီ....နင်က ငါတို့ အရှက်ရတာအတွက် လျော်ကြေးတောင် မပေးရသေးဘူး.."
"အဲ့တာကြောင့် ငါတို့ နှစ်ယောက်ကပဲ သခင်လေးလင်းရဲ့ ကားထဲမှာ လိုက်စီးခွင့်ရှိတယ်..နင်က တက္ကစီပဲ စီးတော့.."
"ဘာလို့ ငါက တက္ကစီစီးရမှာ..."
လီဖေး အသံမြင့်လိုက်ပြီး "တကယ်လို့ ငါ့ကြောင့်သာ မဟုတ်ရင် နင်တို့ သခင်လေးလင်းနဲ့ တွေ့ရမှာတောင် မဟုတ်ဘူးနော်...နင်တို့ကို ပြောလိုက်မယ် ငါနဲ့ လာမလုနဲ့ လစ်လိုက်တော့.."
"နင် အပျက်မ..ဘယ်သူ့ကို လာအော်နေတာလဲ.."
"နင့်ကို အော်နေတာလေ..သောက်ကောင်မရဲ့..နင်က ငါနဲ့ယှဉ်ပြီးတော့ သခင်လေးလင်းရဲ့ ထိုင်ခံဘေးမှာ ထိုင်ချင်နေတယ်ပေါ့လေ...နင်လုပ်နေတာကိုကော နင်သိရဲ့လား.."
"နင်ငါ့ကို အော်ရဲတယ်ပေါ့လေ..နင့်ကို သင်ခန်းစာ ပေးမှရမယ်..."
သို့ဖြင့် အမျိုးသမီး သုံးဦးမှာ တစ်ယောက်ကို တစ်ယောက် ကန်ကျောက်ပြီး ဆံပင်များဆွဲဆောင့်ကြကာ ရုပ်ပျက်ဆင်းပျက်များ ဖြစ်နေကြတော့၏။
လင်းရီ :"???"
ဒီလို ရန်ဖြစ်လဲ ရတာပဲလားဟ..
ပြောတော့ နှစ်တွေအကြာကြီး ပေါင်းလာခဲ့တဲ့ သူငယ်ချင်း ကောင်းတွေဆို...
ရန်ပွဲမှာ ဆိုးသထက်ဆိုး၀ါးလာပြီး မည်သူအနိုင်ရမလဲဆိုတာ မသဲကြသောကြောင့် လင်းရီလည်း စောင့်ဆိုင်းမနေတော့ပဲ မောင်းထွက်လာခဲ့လိုက်သည်။
"အား....သခင်လေးလင်း..မသွားနဲဦးလေ..ကျွန်မတို့ တက္ကစီ ငှားချင်သေးတယ်..."
လင်းရီ ကားပြိုင်ပွဲကွင်းမှ မထွက်ခွာမီ နောက်ထပ်အော်ဒါတစ်ခု လက်ခံလိုက်သည်။ ဤတစ်ကြိမ်တွင်တော့ သူ၏ ခရီးသည်မှာ အမျိုးသား တစ်ဦးဖြစ်ပြီးလင်းရီနှင့် ကားအကြောင်းများ ဆွေးနွေး၍ လိုရာ ခရီးရောက်သောအခါ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ကားထဲမှ ထွက်သွားတော့၏။
ထို့နောက် လင်းရီ ကျုံးရွှမ်လမ်းကြားထဲသို့ ၀င်၍ ဦးလေးကျင်း၏ ကြက်ဥထမင်းကြော်ကို သုံးဆောင်ကာ အော်ဒါများ ဆက်လက် ရယူတော့သည်။
ညနေ ၄ နာရီခွဲသို့ ရောက်သောအခါ လင်းရီ ပျှမ်းမျှ အော်ဒါ ၁၂ ခု ရယူခဲ့ပြီး ကီလိုမီတာ ၁၆၀ကျော်အထိ မောင်းနှင်ခဲ့၏။ နည်းသည်ဟု မဆိုသာသော်လည်း မစ်ရှင် ပြီးမြောက်ရန်တော့ အတော်လေး အလှမ်းကွာဝေးနေဆဲပင်။
နောက်ဆုံးအော်ဒါအတွက်ကတော့ လင်းရီ ချောင်ရန်အုပ်စုသို့သွားပြီး ဂျီကျမလေးကို ကြိုရန် ဆုံးဖြတ်လိုက်သည်။
ရုံးခန်းတံခါးကို ဖွင့်လိုက်သည့် အချိန်တွင်တော့ ကျီချင်းရန် မှန်ရှေ့၌ ရပ်နေကြောင်း မြင်လိုက်ရ၏။ သူမ၏ ကိုယ်အောက်ပိုင်းတွင်တော့ စကတ်အတိုတစ်ထည် ၀တ်ဆင်ထားပြီး အဖြူရောင် အစက်အပြောက်လေးများကို မြင်တွေ့နေရ၏။ အကယ်၍ သေချာဂရုတစိုက်နှင့် ကြည့်မည်ဆိုပါက ထို အစက်အပြောက်လေးများမှာ အဖြူရောင်ပန်းပွင့်လေးများ ဖြစ်နေကြောင်း မြင်တွေ့နိုင်သည်။ အပေါ်ထပ်တွင်တော့ သာမန် အဖြူရောင် အမျိူသမီး၀တ် မစ်ကီးမောက် အင်္ကျီကိုသာ ၀တ်ဆင်ထား၏။
သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ လှသွေးကြွယ်သည့် အရှိန်အဝါများ ထုတ်လွှတ်နေလေသည်။
ကျီချင်းရန်မှာ အမြဲလိုလို ရှပ်နှင့် ဂါ၀န်ကို တွဲဖက်၀တ်ဆင်ရသည်ကို နှစ်သက်ကြောင်း လင်းရီရုတ်တရက် သတိထားမိသွား၏။
"အယ်..ရောက်လာပြီပေါ့..."
လင်းရီ အထဲသို့ ရောက်လာသည်ကို မြင်တော့ ကျီချင်းရန် သူမ ၀တ်ဆင်ထားသည်ကို ပြလိုက်ပြီး "ဘယ်လိုလဲ..ငါ၀တ်ထားတာ လှလား.."
"မဆိုးပါဘူး..၀တ်စုံကတော့ အတော်လေး လှတယ်..."
"အဲ့တာဆို ငါက မလှဘူးပေါ့..."
"အာ..မင်းလည်း လှတယ်လေ..."
ဘယ်လိုတောင် ရစ်တာလဲဟ...
ကျီချင်းရန် ရယ်မောလိုက်ပြီး "ငါနင့်အတွက် အင်္ကျီတွေ ရွေးထားပေးပြီးပြီ..မြန်မြန် သွား၀တ်ကြည့်ကြည့် ..ပြီးရင် ငါတို့ သွားကြမယ်..."
"အိုကေ.."
လင်းရီ အ၀တ်စားအမြန်လဲပြီး မိနစ်အနည်းငယ်အတွင်း အထဲမှ ထွက်လာခဲ့၏။
ထို့နောက် သူ၏ အင်္ကျီနှင့် ကျီချင်းရန်၏ အ၀တ်စားတို့မှာ လိုက်ဖက်ညီနေကြောင်း ရုတ်တရက် သတိထားမိသွားသည်။
သူမမှာ အဖြူရောင် ရှပ်အင်္ကျီနှင့် အပြာရောင် စကတ်ကို ၀င်ဆင်ထားပြီး သူကတော့ အဖြူရောင် ဘောင်းဘီ အတိုနှင့် အပြာရောင် အင်္ကျီလက်တိုကို ၀တ်ဆင်ထားလေသည်။ အတူရပ်နေပါက စုံတွဲ ၀တ်စုံများကဲ့သို့ ထင်မှတ် သွားစေနိုင်၏။
"ပစ္စည်းတွေကော ..ရယ်ဒီပဲလား..."
"အင်း..ငါ့ရဲ့ အ၀တ်လဲခန်းထဲမှာ ခရီးဆောင်အိတ်တစ်လုံး ရှိတယ်လေ.."
လင်းရီ နောက်သို့ လှည့်ကြည့်လိုက်သောအခါ အနီရောင် ခရီးဆောင်အိတ် အကြီးစားကြီး တစ်လုံးကို မြင်တွေ့လိုက်ရပြီး "မင်းယူလာမယ့်ဟာတွေက ဒါတွေပေါ့..မနည်းလွန်းဘူးလားဟ..."
"အင်း..ငါတို့က မနက်ဖြန်ရောက်တဲ့ထိ မလာနိုင်ဘူးဆိုတော့ အ၀တ်စား နည်းနည်းလေး ပိုယူခဲ့လိုက်တာလေ...ဟိုရောက်မှ ထ၀ယ်နေမယ်ဆို နောက်ကျသွားတော့မှာ..."
"ငါက ဘာမှ သိပ်လိုတာ မဟုတ်ဘူး..ငါ့ ပစ္စည်းတွေ ထုတ်ထားလိုက်လေ..၀န်ပိုပေါ့သွားတာပေါ့.."
"အဲ့ထဲမှာ နင့်ပစ္စည်းတွေ တစ်ခုမှ မပါဘူး.."ကျီချင်းရန် ဟန်ပါပါဖြင့် "အိတ်ထဲကဟာတွေ အကုန်လုံးက ငါ့ဟာတွေချည်းပဲ..နင့်ပစ္စည်းတွေက ဟိုးးးနားလေးက ကျောင်းလွယ်အိတ်လေးထဲမှာ..."
လင်းရီ :"...."
ကြောင်သူတော်ကြီးပဲ...
"ခစ်ခစ်..ငါကို အဲ့လိုကြီး လာမကြည့်နဲ့လေဟယ်..."ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်ပြီး "အိတ်ထဲမှာ နင့်ပစ္စည်းတစ်ချို့လည်း ပါပါတယ်ဟယ်..ငါ ကျီချင်းရန်က လုံး၀ တစ်ကိုယ်ကောင်းဆန်တဲ့သူ မဟုတ်ပါဘူးနော်..."
"အဲ့တာဆို ဘာတွေ ထည့်ထားပေးထားတာ.."
"သွားတိုက်တံလေ..."
"အင်း..ပြီးတော့ကော..."
"ဘာကို ပြီးတော့လဲ..."
လင်းရီ သူမ ပါးဖောင်းဖောင်းလေးကို ဆွဲစိတ်လိုက်ပြီး "ဒီတော့ မင်းက ငါ့အတွက် သွားတိုက်တံ တစ်ချောင်းပဲ ထည့်ထားပေးတယ်ပေါ့လေ..."
"အာ့ အာ့ နာတယ်...ခုမှ မိတ်ကပ်လိမ်းထားပါတယ်ဆိုနေမှ..ပျက်ကုန်တော့မှာပဲ.."
ကျီချင်းရန် လင်းရီလက်ကို ဘေးသို့ ပုတ်ထုတ်လိုက်ပြီး နှုတ်ခမ်းစူကာ သူမ ပါးဖောင်းဖောင်းလေးကို ပွတ်လိုက်၏။
"သွားတိုက်တံကလွဲရင် ငါတို့ ကျန်တာတွေ အကုန် မျှသုံးလို့ရတယ်လေ..ပြီးတော့ နင်က အင်္ကျီအများကြီးလည်း ၀တ်စရာ မလိုဘူး..ကျောင်းလွယ်အိတ်တစ်လုံးကတောင် နင့်အတွက် လုံလောက်တာထက် ပိုနေပြီးသား...ငါက နင့်အတွက် ၀န်ပေါ့အောင် ကြိုးစားပေးနေတာကိုနော်..ဟွန့် ငါ့ရဲ့ စေတနာတွေကို နင်က နားမလည်ဘူးပေါ့.."
တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးဟူသော စကားပုံအတိုင်း ကျီချင်းရန်ပါ လင်းရီအနား နေတာကြာပြီဖစ်၍ ပေါက်တတ်ကရများပင် ဆိုတတ်လာသည်။
"တော်ပြီ..မင်းနဲ့ ဆက်မငြင်းချင်တော့ဘူး..."
ကိစ္စ ဝိစ္စများကို ပြင်ဆင်ပြီးနောက် လင်းရီ ကျီချင်းရန်ကို ခေါ်၍ လေဆိပ်သိူ့ ထွက်လာခဲ့လေသည်။
လင်းရီနှင့် ကျီချင်းရန်တို့ လေဆိပ်သို့ ရောက်လာသည့်အခါ များပြားလှသည့် အမျိုးသားနှင့် အမျိုးသမီးတို့၏ အာရုံကို သိမ်းကျုံးဖမ်းစားသွားခဲ့သည်။
တစ်ချို့ မိန်းကလေးများဆိုလျင် ကျီချင်းရန်ကို မြင်ပြီးနောက် မဖြောင့်တော့ဟု ခံစားရလာ၏။ သို့သော်လည်း သူမ၏ အေးစက်နေသည့် ရေခဲလို လှပမှုမှာ စကားလာပြောချင်သည့် မသမာသူ အမြောက်အများကို စကားလာပြောသည့် ရန်မှ သူ့အလိုလို တားဆီးပြီး ဖြစ်သွား၏။
"ဘော့၏်လင်း..ဘော့စ်ကျီ..ဒီမှာ လာဆုံတယ်ဆိုတော့ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ.."
လေယာဉ်ပျံသန်းတော့မည့် အချိန်ကို ထိုင်စောင့်နေစဉ် ရုတ်တရက် သူမတို့ အနောက်မှ အသံတစ်သံ ပေါ်ထွက်လာသည်ကို ကြားလိုက်ရသည်။
နှစ်ယောက်သား မသိလိုက်မသိစွာဖြင့် နောက်သို့ လှည့်ကြည့်မိသောအခါ ကျောက်ကျိန်းရန်နှင့် ချွီနန်တို့ သူမတို့နောက်၌ ရောက်ရှိနေကြောင်း အံ့အားသင့်ဖွယ် မြင်တွေ့လိုက်ရ၏။
"အာဟား..သခင်လေး ကျောက်ပါလား..ဘယ်လောက် တောင် တိုက်ဆိုင်လိုက်လဲ.."လင်းရီ ပြုံးလိုက်သည်။
"မင်းရဲ့ ငွေငါးသောင်းကိုပဲ ကျေးဇူးတင်ရမှာပါပဲကွာ..အဲ့တာလေးနဲ့ပဲ ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တစ်ဆင့်တက်သွားတာ..မဟုတ်ရင် ချင်းရန်က ငါနဲ့အတူ အမေရိကားသွားဖို့ သဘောတူမှာတောင် မဟုတ်ဘူး..."
"ဟက်..."
ကျောက်ကျိန်းရန် အေးစက်စက် ရယ်မောလိုက်ပြီး "ရပါတယ်..ငါးသောင်းလေးပါပဲ..လက်ဆောင်ပေးတယ်လို့ သဘောထားလိုက်..အဲ့လောက်ကြီး စာဖွဲ့နေစရာ မလိုဘူး..."
"အမှန်ပဲ..ကျောက်မိသားစုရဲ့ ဂုဏ်သတင်းတွေနဲ့ဆိုရင် ပရဟိတ ညစာစားပွဲလေးလုပ်ပြီး လေလံတင်လိုက်တာနဲ့ သူများပိုက်ဆံတွေကို လိမ်ရိုက်လို့ရပြီလေ..ငွေငါးသောင်းလောက်ကတော့ မင်းအတွက် ပါးပါးလေးပါ...ဟုတ်တယ်မလား..."
"ဒါပေမယ့် မင်းပုံစံကြည့်ရတာက ကိုးရီးယားသွားပြီး ပလတ်စတစ် ဆာဂျရီ လုပ်တော့မယ့် ပုံစံပဲ...အဲ့လိုဆိုရင်တော့ လေယာဉ်ပေါ် အမြန်တက်နော်..အချိန်မမှီရင် ဆာဂျရီလုပ်ဖို့ လွဲနေဦးမယ်...ငါကတော့ ဟင်း....ငါ ပလတ်စတစ်ဆာဂျရီ လုပ်ချင်ရင်တောင်မှ ဆရာ၀န်က ငါ့မျက်နှာကို ပြည့်စုံလွန်းလို့ ဓားတင်ခွင့် မပေးဘူးတဲ့ကွာ...မင်းတို့လို ပလတ်စတစ်ဆာဂျရီ လုပ်နိုင်တဲ့ကောင်တွေကို သောက်ရမ်း အားကျတယ်..."
ကျီချင်းရန် နှုတ်ခမ်းလေး အုပ်၍ အသံထွက်မရယ်မိစေရန် အနိုင်နိုင် ကြိုးစားနေရသည်။
ဒီကျောက်ကျိန်းရန်က လွန်လွန်းပါတယ်ဟယ်...ဘာလို့ သူက ဘာလို့ လင်းရီနဲ့ လာငြင်းခုန်နေတာလဲတဲ့..မိန်းမသားဖြစ်တဲ့ သူမတောင်မှ လင်းရီနဲ့ စကားယှဉ်မပြောနိုင်တာကို..
"ဘာတွေ လာပြောနေတာ...ငါ ကျောက်ကျိန်းရန်က မျက်နှာနဲ့ လုပ်စားနေတဲ့ကောင် မဟုတ်ဘူးကွ..."ကျောက်ကျိန်းရန် အရုပ်ဆိုးနေသော မျက်နှာဖြင့် အေးစက်စွာ ပြောလိုက်သည်။
"ဒါပေမယ့် မင်းတလောတုန်းကမှ တရားခွင်မှာ ငါ့ကို ရှုံးသွားတာမလား..ကျွတ်ကျွတ်...ရုပ်ရည်ပဲဖြစ်ဖြစ် ခွန်အားပဲဖြစ်ဖြစ် မင်းက တစ်ခုမှ မပြည့်စုံပါဘူး ညီကိုရာ.."လင်းရီ သနားနေဟန်ဖြင့် တစ်ချက် စုပ်သပ်လိုက်သည်။
ငိုးပဲ...
ကျောက်ကျိန်းရန် အကျယ်ကြီး အော်ဆဲချင်နေသော်လည်း လေဆိပ်တွင် လူအများကြီး ရှိနေသောကြောင့် ကြိတ်မှိတ် သည်းခံလိုက်ရ၏။ မဟုတ်ပါက သူ့လူများနှင့် မိုက်မိုက်ကန်းကန်း လုပ်ပစ်လိုက်မည်။
"ငါ လေယာဉ်သွားစီးတော့မယ်..ဒီမှာပဲ စောင့်ပြီး ကြည့်နေလိုက်စမ်းပါ..."
ထိုစကားလူံးများ ပြောဆိုပြီးနောက် ကျောက်ကျိန်းရန် ချွီနန်ကို တစ်ဖက်သို့ ခေါ်ဆောင်သွားခဲ့၏။
"ဒါရိုက်တာကျောက် ..ကျုပ်အထင်တော့ သူတို့က အမေရိကား သွားမလို့ ထင်တယ်..ကျုပ်တို့ အဆက်အသွယ်တွေကို အသုံးချပြီးတော့ သင်ခန်းစာလေး တစ်ခုလောက် ပေးလိုက်ရင်ကော.."
"ငါကခု မိုက်ခရိုဆော့ဖ် ကုမ္ပဏီနဲ့ ဆွေးနွေးဖို့ အမေရိကားကို သွားရတော့မှာ..သူအပေါ် အချိန်ဖြုန်းဖို့ မအားဘူး..."ကျောက်ကျိန်းရန် ပြောလိုက်ပြီးနောက် တခဏမျှ စဉ်းစား၍ "လေဆိပ်မန်နေဂျာကို သွားခေါ်ခဲ့ကွာ..ငါ့နာမည်သာ ပြောလိုက်..."
"နားလည်ပါပြီ ခင်ဗျ..."
အမိန့်ပေးပြီးနောက် ကျောက်ကျိန်းရန် VIP နားနေခန်းထဲသို့ ၀င်သွားခဲ့သည်။ မိနစ်အနည်းငယ်အတွင်း ချွီနန် ရှင်းဟွာ လေကြောင်းလိုင်း၏ မန်နေဂျာနှင့် ရောက်လာခဲ့လေသည်။
ရှင်းဟွာ လေကြောင်းလိုင်း၏ မန်နေဂျာမှာ ကောင်းရှစ်ဖုန်းဖြစ်ပြီး အသက်လေးဆယ် အရွယ်ရှိကာ အနည်းငယ် ၀ဖိုင်ဖိုင့်နှင့်ရှိလှ၏။
ထိုဖက်တီးကြီးမှာ ကျောက်ကျိန်းရန်ဆီသို့ အဆီတလှုပ်လှုပ်ဖြင့် ရောက်လာခဲ့လေသည်။
"ဘော့စ်ကျောက်က ဘာကိစ္စရှိလို့လဲ မသိဘူး..."
ကျောက်မိသားစု၏ အနေအထားမှာ ကျိုးဟိုင်တွင် ချင်းမိသားစုနှင့် မတိမ်းမယိမ်းပင်။ သို့သော်လည်း ကျောက်ကျိန်းရန်မှာ ချင်းဟန်လောက်တော့ နာမည်ဂုဏ်သတင်း ကျော်ဇောခြင်းတော့ မရှိချေ။
ကျောက်မိသားစု၏ ခွန်အားမှာ ထင်ရှားမြင်သာလှ၏။ ကျိုးဟိုင်တွင် သူတို့မှာ နယ်ပယ်ပေါင်းစုံ၌ အဆက်သွယ် စုံလင်လှပေသည်။
"ငါဘယ်သူလဲဆိုတာ မိတ်ဆက် ပေးစရာတော့ မလိုတော့ဘူးထင်တယ်.."ကျောက်ကျိန်းရန် စီးကရက်တစ်လိပ်ကို ပါးစပ်တွင်ခဲလျက် မီးညှိရင်း ပြောလိုက်သည်။
"ဘော့စ်ကျောက်ကတော့ နောက်နေပြန်ပါပြီ...တစ်ယောက်ယောက်က ကိုယ့်အဖေနာမည် ဘယ်သူလဲဆိုတာ မမှတ်မိရင်တောင် ဘော့စ်ကျောက်နာမည်ကိုတော့ သေချာပေါက် မှတ်မိနေမှာပါဗျ..."ကောင်းရှစ်ဖုန်း ဖော်လံဖား လိုက်၏။
"ကောင်းတယ်...အဲ့ဒါဆို ခု အမေရိကားကို သွားမယ့် သူတွေထဲမှာ လင်းရီနဲ့ ကျီချင်းရန်ဆိုတဲ့သူနှစ်ယောက် ရှိတယ်..သူတို့ နှစ်ယောက်ကို ငါလေယာဉ်ပေါ်မှာ မမြင်ချင်ဘူး..."