← Chapters

အခန်း (၂၉၈)

Vol. 20 Ch. 298

အခန်း (၂၉၈)

Vol. 20 Ch. 298

"ဘာပြောလိုက်တယ်...မင်းက အမိန့်ပေးလိုက်တယ်..."

"အမှန်ပဲလေ..မင်းက ဘယ်သူလို့ ထင်နေတာ.."

ကျောက်ကျိန်းရန် ချင်းဟန်ကို ကြည့်လိုက်ပြီး "ချင်းကြီး..ဒါမင်းပုံစံ မဟုတ်ပါဘူးကွ..ငါတို့ သိလာတာဖြင့် ဒီလောက်ကြာနေပြီကို...မင်းငါ့ကို မျက်နှာသာ‌ မပေးချင်တော့ဘူးလား..."

ကျောက်ကျိန်းရန် လျန်ကျင်းမင်နှင့် ‌ကောင်းကျုံးယွမ်တို့ကို မရင်းနှီးသော်လည်း ချင်းဟန်နှင့်သော ရင်းနှီးပေသည်။

မိသားစု နှစ်ခုမှာ အဆက်အသွယ်များ ရှိကြ၏။ မဟုတ်ပါက ချင်းဟန်မှာ သူတို့ ကျောက်မိသားစု၏ လေလံတင်ပွဲသို့ လာခဲ့လိမ့်မည် မဟုတ်ချေ။

အထက်တန်းလွှာ အသိုင်းအဝိုင်း‌တွင်တော့ ဆက်ဆံရင်းနီးမှုများမှာ သာမန်လူတန်းစားများနှင့် မတူညီချေ။

အကယ်၍ လူတစ်ယောက်က သင်၏ မင်္ဂလာပွဲသို့ တက်ရောက်မည် ဆိုပါက ထိုလူနှင့် သင်တို့ နှစ်ဦးကြားရှိ ရင်နီးမှုကို ရှင်းလင်းစွာ သိနိုင်လေသည်။ ထိုလူက သင်နှင့် ရင်းနီး၍ ပွဲလာတက်သည်။

သို့သော်လည်း အကျိုးမြတ်ကိုသာ ပဓာနထားသည့် အထက်တန်းလွှာအသိုင်းအဝိုင်းတွင်တော့ မည်သူကမျှ မက်လောက်စရာ အကျိုးမြတ်မရှိပဲ စောစောထကြလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ကျောက်ကျိန်းရန်နှင့် ချင်းဟန်တို့ကြားရှိ ဆက်ဆံရေးမှာ ထင်သလောက် ကောင်းမွန်ခြင်း မရှိကြ။

"ငါတို့ သိလာတာကြာပြီ..ဒါပေမယ့် ငါလုပ်ပေးနိုင်တာ ဘာမှ မရှိဘူး..ငါနဲ့ လင်းကြီးရဲ့ ရင်းနှီးမှုက မင်းထင်ထားတာထက် ပိုကောင်းတယ်..ဒီတော့ ဆောတီးပါလို့ပဲ ပြောနိုင်တယ်..."

ကျောက်ကျိန်းရန် ကျန်သူများကို အကြောက်ရွံ့ကင်းမဲ့သည်ဟု ဆိုသော်လည်း ချင်းဟန်ကိုလည်း ထို့အတူပဲလို့တော့ မဆိုလိုချေ။

ချင်းမိသားစုနှင့် ကျောက်မိသားစုမှာ တစ်တန်းတည်းရှိ၏။

ယခု သူပါ ပါ၀င်လာပြီဆိုတော့ ကိစ္စများမှာ ထင်သလောက် လွယ်ကူ ရိုးရှင်းတော့မည် မဟုတ်ပေ။

ကျောက်ကျိန်းရန် မျက်လုံးများ ကျဉ်းမြောင်းပြီး လင်းရီကို ကြည့်လိုက်၏။

"ဒီကနေ့ ငါရှုံးတယ်လို့ ၀န်ခံတယ်..ဒါပေမယ့် နောက်တစ်ခေါက်ထပ်တွေ့ရင်တော့ ဒီလိုဖြစ်မှာ မဟုတ်ဘူးလို့ မှတ်ထားလိုက်..."

"ဒါက ငါ့အိမ်လည်း မဟုတ်ဘူး..မင်းဘာမင်း ဘာလုပ်လုပ် စိတ်မ၀င်စားဘူး..ဒါပေမယ့် ဒီကနေ့ တခြား ခရီးသည်တွေ လေယာဉ်ပေါ် တက်ခွင့် ရှိမရှိက မင်းငါ့အပေါ် တောင်းပန်လား မတောင်းပန်ဘူးလား ဆိုတဲ့ပေါ် မူတည်တယ်နော်..ဘာလုပ်မလဲဆိုတာတော့ မင်းကပဲ ဆုံးဖြတ်...ဘာပဲပြောပြော ငါက ဒီတိုင်း အပျော်သပ်သပ် သွားမှာ ဆို‌ောတ့ တစ်ရက် နှစါရက်လောက် နောက်ဆုတ်လိုက်ရလည်း ဘာမှ ဖြစ်မသွားဘူး...."

ရုတ်ချည်းဆိုသလို လေယာဉ် ပျံသန်းဖို့ရာ စောင့်ဆိုင်းနေကြသည့် ခရီးသည်များ၏ အကြည့်များမှာ ကျောက်ကျိန်းရန်ထံသို့ ကျရောက်သွားခဲ့သည်။

လင်းရီ အလျင်မရှိသော်လည်း တခြားသူများလည်း အရေးမကြီးဟု မဆိုလိုပေ။

အကယ်၍ သူသာ လေယာဉ်ချန်ကို တစ်ရက် ရွေ့ဆိုင်းလိုက်မည် ဆိုပါက သူတို့၏ အစီအစဉ်များစွာကို ကမောက်ကမ ဖြစ်သွားစေလိမ့်မည်။

ထို့ကြောင့် မည်သို့ပင် ဖြစ်နေစေကာမူ သူတို့ ယနေ့ လေယာဉ်ပေါ်သို့ တက်ကို တက်ရပေမည်။

"‌ဒါရိုက်တာကျောက်..ဒီက အခြေနေတွေ သိပ်မဟန်တော့ဘူး တူတယ်..ကျုပ်တို့ ခု ဘယ်လို လုပ်ကြမလဲ.."ချွီနန်၏ လေသံမှာ အလွန်အမင်း လေးနက်နေသည်။

"ဘာလုပ်လို့ရမှာ..သွားစို့.."

ကျောက်ကျိန်းရန်နှင့် ချွီန်တို့ ဒီတိုင်း ထွက်သွားသည်ကို မြင်တော့ ဘေး၌ ရပ်စောင့်နေကြသူများ ချက်ချင်း ဒေါသထွက်လာပြီး "ဟျောင့်..အဲ့မှာ ရပ်ပြီး တောင်းပန်လိုက်စမ်း..ငါတို့ကို လေယာဉ် စီးလို့ မရအောင် မလုပ်နဲ့.."

သူတို့နောက်မှ လူအများကြီး ပြေးလိုက်လာနေသည်ကို မြင်တော့ ကျောက်ကျိန်းရန်နှင့် ချွီနန်တို့ ခြေလှမ်းများကို အရှိန်တင်လိုက်ကြသည်။

အကယ်၍ သူတို့သာ ဖမ်းမိသွားပါက လင်းရီကို တောင်းပန်ရမည်မှာ မလွဲမသွေပင်။

ထိုသို့ ဖြစ်‌လာမည်ဆိုပါက သူ သေချာပေါက် အနိုင်ကျင့်ခံရပေတော့မည်။

လူများစွာမှ သူတို့နောက် ပြေးလိုက်ရင်း ကျောက်ကျိန်းရန်နှင့် ချွီနန်တို့ အမှီးကုပ်ပြီး ထွက်ပြေးသွားကြသည်ကို မြင်တော့ ချင်းဟန် ရယ်မောလိုက်ပြီး "လင်းကြီး..မင်းက အကောင်းဆုံးပဲဟျောင့်..အဲ့ မျိုးမစစ် ကျောက်ကျိန်းရန်ကို ဦးချိုးပစ်လိုက်တာ မိုက်တယ်ကွာ..."

"ငါ့ကြောင့်တော့ မဟုတ်ပါဘူးကွာ..လျန်ကြီးကိုပဲ ကျေးဇူးတင်ရမှာ.."လင်းရီ ပြောလိုက်၏။

"အစ်ကိုကြီးလင်းက ကြင်နာလွန်းနေပါပြီ...ကျုပ်တို့က တစ်လှေတည်း စီးနေကြတဲ့သူတွေပဲ မဟုတ်လား...ဒီလောက်လေးကတော့ ထည့်ပြောမနေပါနဲ့ဗျာ..."

"ဒါပေမယ့် ဒီကိစ္စကြောင့် မင်းနဲ့ ကျာက်ကျိန်းရန် ရန်သူတွေ ဖြစ်သွားတယ်လေကွာ..."

"အစ်ကိုကြီးလင်းက မသိလို့ ဒီ‌လိုတွေ ပြောနေတာ.."လျန်ကျင်းမင် ပြောလိုက်ပြီး "ကျိုးဟိုင်မှာ ရှိတဲ့ ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေဆိုတာကလည်း ဂိုဏ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ လူတွေလိုပဲ..အချင်းချင်း မတည့်ကြဘူး...ကျောက်ကျိန်းရန်ဆိုတာကလည်း ကျုပ်တို့ အသိုင်းအဝိုင်းထဲက မှ မဟုတ်တာ..သူ့ကို အပြင်မှာ မြင်ရင်တောင် အဲ့ကောင်က သောက်ကြီးသောက်ကျယ်နဲ့..စ ကတည်းကနေကို သဘောမကျတာ..."

"လျန်ကြီးပြောတာ မှန်တယ်.."ကောင်းကျူံးယွမ်၏ အသံမှာ ဘေးမှ ထွက်လာခဲ့သည်။

"ကျုပ်တို့လည်း အဲ့ကောင်ကို ကြည့်မရဖြစ်နေတာ ကြာပြီ..ဒါပေမယ့် လုပ်နိုင်တာ ဘာမှ မရှိလို့..ဒီနေ့ အစ်ကိုကြီးလင်းနဲ့တွေ့မှပဲ အဲ့ကောင် အမြီးကုပ် ပြေးသွားတယ်ဆိုတော့ ကြည့်ရတာ အရသာရှိလိုက်တာဗျာ... "

"တော်ပြီဟျောင့် အဲ့ကောင်အကြောင်း ပြောမနေနဲ့တော့..နားကျက်သရေ ယုတ်တယ်.. "

ချင်းဟန်ပြောပြီးနောက် ကျီချင်းရန်ကို ကြည့်ကာ "သူက မင်းငါ့ကို ပို့လိုက်တဲ့ ဓာတ်ပုံထဲက မိန်းကလေးမလား..."

"မင်းမှတ်ဉာဏ်ကတော့ မဆိုးဘူးပဲကွ..ဘယ်လောက်တောင် ကြာနေပြီလဲ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

"လင်းကြီး မင်းကတော့ မရိုးသားဘူးနော..."

ချင်းဟန် ပြောလိုက်ပြီး "ငါတို့ သိလာတာဖြင့် ကြာလှပြီ....အတူတူမိုက်ကြပါမယ်ဆိုမှ မင်းက တိတ်တိတ်လေး ကောင်မလေးတစ်ယောက် ရှာလိုက်တယ်တဲ့ကွာ..ဘယ်လိုတောင် မရိုးသားတဲ့ ကောင်လဲကွ..."

ကျီချင်းရန် မျက်နှာလေး ရဲလားခဲ့သော်လည်း မရှင်းပြခဲ့ချေ။ ချင်းဟန်တို့ကို အထင်လွဲသည့်အတိုင်းသာ လွှတ်ထားလိုက်တော့၏။

"ငါနေ့တိုင်း Didi မောင်းနေတာ အလကားများ မှတ်နေလား..."

လင်းရီ၏ စကားလုံးများက ကျီချင်းရန်အား တစ်စုံတစ်ခုကို သတိရသွားစေသည်။

သူမနှင့် လင်းရီတို့ ဆုံစည်းခဲ့ကြသည်မှာလည်း Didi ကြောင့်ပင်။

ထိုစဉ်အခါက သူမမှာ လင်းရီ၏ ပထမဆုံး ခရီးသည် ဖြစ်ခဲ့လေသည်။

"ဟယ်လို မရီး ..ကျွန်တော့် နာမည်က လျန်ကျင်းမင်ပါဗျ...နောက်မှပဲ မရီးဆီ တစ်ယောက်ယောက်လွှတ်ပြီးတော့ VIP ကတ် ပို့ပေးလိုက်ပါ့မယ်ဗျ..ခုကစပြီးတော့ မရီး ကျွန်တော်တို့ လေကြောင်းလိုင်းမှာ စီးရင် ဖရီးပါ..."

တစ်ချိန်တည်းတွင် ကောင်းကျုံးယွမ်လည်း သူ၏ လက်ကို ဆန့်ထုတ်လိုက်၏။

"မရီး ကျွန်တော်ကတော့ ကောင်းကျုံးယွမ်ပါဗျ..ကျွန်တော့်မိသားစုကတော့ စလင်း ကေဘယ်တွေ ထုတ်တာပါ.... တကယ်လို့ အနာဂတ်ကျ သင်္ဘောအကြီးစားကြီးတွေ ဆောက်ချင်တာပဲ ဖြစ်ဖြစ် ..ဘာပဲဖြစ်ဖြစ် အသိပေးပါဗျ။ ကျွန်တော့်ဘက်က အကောင်း‌ဆုံး ကူညီပေးပါ့မယ်.... "

ကျီချင်းရန်ကတော့ အလွန်အမင်း အံ့အားသင့်‌လို့ နေတော့၏။

လင်းရီ၏ သူငယ်ချင်းများမှာ ထိုမျှ ကြီးမားသည့် လုပ်ငန်းစုကြီးများမှ ဆက်ခံသူများ ဖြစ်နေလိမ့်မည်လို့ ထင်မထားချေ။

"အိုကေ အိုကေ ငါ မင်းတို့နဲ့ စကား ဆက်မပြောတော့ဘူးကွာ... "လင်းရီ လျန်ကျင်းမင်ကို ကြည့်၍ "မင်းလူတွေကို ငါတို့ရဲ့ လက်မှတ် ပြန်စစ်ဆေးပေးဖို့ ပြောလိုက်ဦး..ငါတို့ လုပ်စရာလေးတွေ ရှိသေးတယ်..."

"ကောင်းပြီ အစ်ကိုကြီးလင်း..ကျုပ်အခုပဲ သွားပြောလိုက်မယ်..."

ပျံသန်းရန် စီစစဉ်ပြီးနောက် လင်းရီ ကျီချင်းရန်နှင့်အတူ ချင်းဟန်နှင့် ကျန်သူများအား နှုတ်ဆက်ပြီး လေယာဉ်ပေါ်သို့ တက်လာခဲ့၏။

ယနေ့ သူတင်ခဲ့သည့် အကူအညီအတွက်ကတော့ အခွင့်ကြုံလာမှပဲ တစ်ဖန် ပြန်အကူညီ ပေးလိုက်တော့မည်။

လေယာဉ်ပေါ်တက်ပြီးနောက် နှစ်ယောက်သား ထိုင်ခုံကိုယ်စီသို့ ၀င်ထိုင်လိုက်ကြပြီး ကျီချင်းရန်မှ "နင်နဲ့ ချင်းဟန်က ဘယ်လိုလုပ်ပြီး ရင်းနှီးသွားကြတာ..ပြီးတော့ ခင်လာတာ‌လည်း တော်တော် ကြာတဲ့ပုံပဲ‌နော်..."

"သူနဲ့ ရင်းနှီးတာ ဘာများ ဆန်းကြယ်နေလို့..."

"သူက ကျိုးဟိုင်မှာ အရမ်းနာမည်ကြီးတာလေ..ဝေ့ပေါ်မှာဆိုလည်း သူ့ရဲ့ ဖန်တွေက အများကြီးပဲ..သူ့အကြောင်း တစ်ချို့ ရေးထားတာတော့ အတော်လေး မာနကြီးတယ်ဆိုပဲ..ဒါပေမယ့် ဒီနေ့ မြင်ရသလောက်တော့ အဲ့လို ပုံစံလည်း မဟုတ်ဘူးပဲနော်..."

"ချင်းဟန်က အဲ့လောက်ကြီးလည်း မဆိုးပါဘူးကါာ..တုတ်ထိုးအိုးပေါက် ပြောတယ်ဆိုပေမယ့် ကလိမ်ကကျစ်တော့ မကျဘူး.."လင်းရီ ပြောလိုက်ပြီး

"ကျောက်ကျိန်းရန်လို မဟုတ်ဘူး..အဲ့ကောင်က တကယ့်ကို ချီးဘရိန်း..အပြင်ထွက်လာပြီဆိုရင်လည်း တလောကလုံးမှာ သူသာလျင် သောက်ဆရာကြီးဆို‌တဲ့ အထာကြီးနဲ့...အဲ့လိုမြေနိုးကောင်ကမှ အရူးထောင်နဲ့ ပိုပြီး လိုက်ဖက်တာ..."

"အင်းပါ...ဒါပေမယ့် နောက်ခါကျရင် မဆဲနဲ့နော်..မကောင်းဘူး.."

"ဒါပေါ့..ချင်းရန် ပြောတယ်ဆိုမှတော့ နားထောင်ပေးရမှာပေါ့..."

ကျီချင်းရန် ပြောလိုက်ပြီး "ငါ ကိုးရီးယားကား ကြည့်တော့မယ်..နင်ကတော့ နင့်ဘာနင်ပဲ ဂိမ်းဆော့နေလိုက်.. ဒီခါတော့ မနှောင့်ယှက်တော့ဘူး.."

"အိုကေလေ.."

ကျီချင်းရန် ကိုးရီးယားကား ကြည့်နေစဉ် လင်းရီကတော့ ငြီးငွေ့လောက်သည်အထိ ဂိမ်းဆော့နေလေသည်။

လေယာဉ်မှာ တိုက်ရိုက် ပျံသန်းသည်တော့ မဟုတ်ပဲ ဝါရှင်တန်တွင် တစ်ထောက်နား၏။ သို့တိုင်အောင် အော်လန်ဒို လေဆိပ်သို့ ရောက်သည်အထိ ၁၅ နာရီလောက်ခန့် လေယာဉ် စီးလိုက်ရ၏။

လေယာဉ်ဆင်းသည့် အချိန်တွင်တော့ အချိန်ကွာဟမှုကြောင့် ည ၁၂ နာရီ ထိုးနေပြီး ဖြစ်သည်။

လေယာဉ်ပေါ်၌ အ၀ အိပ်ထားသောကြောင့် လင်းရီတို့ အိပ်ချင်သည်လို့ကို မခံစားရပဲ တက္ကစီးငှား၍ နားနေရန် ဒစ်စနီ ဟိုတယ်သို့ ဦးတည်လိုက်လေသည်။

ကြယ်လေးပွင့် ဟိုတယ်မျှသာ ဖြစ်သော်လည်း ဒစ်စနီဟိုတယ်၏ အပေါ်ပိုင်း ပြတင်းပေါက်မှ ရပ်ကြည့်မည်ဆိုပါက အထဲရှိ ဒစ်စနီ ကာရိုက်တာများကို စုံလင်စွာ ကြည့်ရှုနိုင်လေသည်။

ထို့ပြင် သူတို့ တ-ရုတ်လူမျိုး အများအပြားကိုလည်း မြင်တွေ့နေရ၏။ ထို့ကြောင့် သူတို့အထီးကျန်သည်လို့ မခံစားရတော့ချေ။

"လင်း..နင်က အင်္ဂလိပ်စကား ကောင်းကောင်းမပြော‌တတ်တော့ ငါ့ဘေးနားမှာ နေနော်..တော်ကြာ လမ်းပျောက်သွားလို့ ငါ့ကို ရှာမရ ဖြစ်နေဦးမယ်..."

All Chapters