အခန်း(၃၀၀)
Vol. 20 Ch. 300
လင်းရီ ရှပ်အင်္ကျီ လှန်လိုက်တာကို မြင်တော့ ကျီချင်းရန် သူ၏ ၀မ်းဗိုက် ကြွက်သားများကို အာရုံရှိမနေဘဲ အနီရောင် ကုတ်ခြစ်ရာများကိုသာ အာရုံရောက် နေလေသည်။
ဒီကုတ်ခြစ်ရာတွေက ဘယ်ကနေ ရောက်လာပါလိမ့်...
"မဟုတ်မှလွဲရော...."
ရုတ်ချည်းဆိုသလို ကျီချင်းရန် အားလုံးကို နားလည်သွားခဲ့သည်။
"ငါနင့်ကို မနေ့ညက ဖက်ပြီး အိပ်ခဲ့တာလား...."
"မေးနေသေးတယ်ပေါ့.." လင်းရီ မချိပြုံး ပြုံးလိုက်ပြီး "ငါက မင်းအအေးမိမှာဆိုးလို့ စေတနာနဲ့ အခန်းထဲ ခေါ်လာခဲ့ပေးတာ..နောက်တော့ မင်းက ငါ့ကို တင်းတင်း ဖက်ထားပြီးတော့ စကုတ်ပါလေရော.."
ကျီချင်းရန် မျက်နှာ ရဲသွားပြီး "မကောင်းတဲ့ကောင် ...ဘယ်သူကနင့်ကို ငါနဲ့အတူ လာအိပ်ခိုင်းလို့လဲ.."
"ကုတင်က ငါပိုင်တာ..အိုကေ..အဲ့တာကို မင်းက ငါ့ကို ဆိုဖာပေါ် အိပ်စေချင်နေတာလား.."လင်းရီ အထင်သေးစွာဖြင့် ကြည့်လိုက်ပြီး "ငါက မင်းကိုတောင် ဘာမှ မပြောရသေးဘူး..သူကပဲ ဦးပြီးတော့ ငါ့ကို လာအော်နေရသေး..."
အရှက်ရလွန်း၍ ကျီချင်းရန် မျက်နှာ နီရဲနေပြီး လည်ပင်းတစ်ဝိုက်ထိပါ ရောက်လို့လာခဲ့သည်။
သူမ သက်တောင့်သက်သာ ရှိတယ်ဆိုပြီး အားရပါးရ ဖက်နေခဲ့သူမှာ လင်းရီ ဖြစ်သွားပုံပင်။
ငါ့အထင်တော့ သူက ပိန်တယ် ထင်နေတာ...
"မနေ့ညက မတော်တဆနော်..ထည့်မတွက်ဘူး..နင် မြန်မြန် မေ့ပစ်လိုက်..."ကျီချင်းရန် သူမ လက်သီးသေးသေးလေးကို ဝှေ့ယမ်းပြီး ခြိမ်းခြောက်လိုက်သည်။
"ပြီးတော့ နင် နောက်ကျရင် ငါ့ရှေ့မှာ ဘာပဲဖြစ်ဖြစ် ပြောလို့ရတယ်..ဒါပေမယ့် အဲ့တာကိုတော့ ပြောလို့ မရဘူးနော်..."
"သေချာပြီလား..ငါ ဘာမဆို ပြောလို့ရတယ်လို့ မင်းပြောတာနော်..."
"ဒါပေါ့..ဒါပေမယ့် အဲ့တာကိုတော့ ပြောလို့ မရဘူး.."
"အဲ့လိုဆို ငါတို့ ဒီမှာ တစ်ညလောက် အတူအိပ်ကြရင်ကော.. "
"ဟမ်...အတူအိပ်မယ်..."ကျီချင်းရန် တခဏ ကြက်သေသေသွားပြီးနောက် "လင်းရီ ..နင် ..ကောင်စုတ်..."
ကျီချင်းရန် လင်းရီနောက်ကျောပေါ်သို့ ကိုအာလာကဲ့သို့ ခုန်တက်လိုက်ပြီး သူ၏ လည်ပင်းကို ကိုက်လိုက်သည်။
အနည်းငယ် နာကျင်သွားသော်လည်း လင်းရီ သည်းခံလိုက်၏။
"ငါ စောနတုန်းက သေးပေါက်ပြီးတော့ လက်မဆေးရသေးဘဲ လည်ပင်းကိုင်ထားတာနော်..."
"အား....."
ကျီချင်းရန်၏ အော်သံမှာ အခန်းထဲတွင် ပဲ့တင် ထပ်သွားတော့၏။
"ဖီး ဖီး ဖီး ..နင်က အရမ်းရွံဖို့ ကောင်းတာပဲ..အိမ်သာသွားပြီး ဘာလို့ လက်မဆေးတာ ကောင်စုတ်.."
"ငါလက်သွားဆေးမလို့ပဲလေ..မင်းဘာမင်း နောက်က နေ ခုန်တက်လာပြီးတော့မှများ..."လင်းရီ အပြစ်ကင်းစင်ဟန်ဖြင့် ပြောလိုက်ပြီး "မနေ့ညတုန်းကလည်း မင်းကပဲ အတင်းဖက်ပြီးတော့ ငါ့ကို လာကုတ်သေးတယ်...ပြီးတော့ ခုလည်း ကိုက်ပြန်ပြီ...ခံရတဲ့ သူက ငါတောင် ဘာမှ မပြောတာကို မင်းက ဘာလို့ လာပြီး စောဒက တက်ပြနေတာ"
"နင်..နင် စကားကို အကောင်း မပြောတတ်ဘူးလား...အတင်း ဖက်ခံရတယ်ဆိုတာက ဘာသဘောလဲ..ငါ့ဘာငါ အိပ်မက်ယောင်ပြီးတော့ ဖက်မိတာကို..."
"ဥက္ကဌကျီ...ကျေးဇူးပြုပြီး စကားကို လက်လွတ်စပယ် မပြောပါနဲ့.... "လင်းရီ ပြောလိုက်ပြီး "မင်းဖက်တာက တစ်ညလုံးနော်..ခဏလေးပဲ မဟုတ်ဘူး..."
"ဟွန့်...နင်နဲ့ ပြောရမှာ ပျင်းတယ်.."
ကျီချင်းရန် လင်းရီကို တင်ပါးဖြင့် ဘေးသို့ တွန်းထုတ်လိုက်ပြီး "ဘေးဖယ်နေ..ဒီမင်းသမီးက သွားတိုက်တော့မယ်..."
လင်းရီ ပြုံးလိုက်ပြီး သူ၏ ရှပ်အင်္ကျီကို ချွတ်ကာ သွားတိုက်ရန် ပြင်ဆင်လိုက်၏။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကုတ်ခြစ်ရာ အစင်းကြောင်းများကို မြင်တော့ ကျီချင်းရင် ရင်ထဲ နာကျင်သွားပြီး "နာနေလားဟင်..."
"အမ်...မင်းငါ့ကို ဂရုစိုက်ပေးနေမှန်းတော့ သိပါတယ်..ဒါပေမယ့် အဲ့ဒီ လေသံကြီးနဲ့ မပြောလို့ မရဘူးလား..."
"ငါ့လေသံက ဘာဖြစ်နေလို့လဲ..ဒါမှမဟုတ် ငါက အော်ပြောရမှာလား..."
"စဉ်းစားကြည့်လေ..မနေ့ညက မိန်းကလေးတစ်ယောက် ကိုယ်နဲ့ အတူအိပ်ပြီးတော့..မနက်ရောက်မှ နာနေလားလို့ လာမေးတာ မထူးဆန်းဘူးလား.."
"ထူးဆန်းလို့လား..ငါတော့ သာမန်ပဲလို့ ထင်တာပဲ..."
"အာ...မင်းက ပုံမှန်ပဲလို့ ထင်နေရင်လည်း ပုံမှန်ပဲပေါ့ကွာ.."
ကျီချင်းရန် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော်လည်း ဆက်လက် စဉ်းစားမနေတော့ချေ။
"ငါနင့်ကို ခြွင်းချက်ထားပြီးတော့မှ ငါ့ရဲ့ သွားတိုက်ဆေးကို မျှပေးလိုက်မယ်နော်.." ကျီချင်းရန် သူမ လက်ထဲတွင် အင်္ဂလိပ်စာလုံးများဖြင့် ရေးထားသည့် သွားတိုက်ဆေးဘူးကို ကိုင်၍ "ငါနင့်ကို နည်းနည်း ညှစ်ပေးမယ်..."
"သွားတိုက်ဆေး နည်းနည်းလေးကိုများကွာ...စာဖွဲ့ပြီး လာပြောပြနေသေးတယ်..."
"စကားကို ဆင်ခြင်ပြောနော်..သွားတိုက်ဆေးဘူးက တစ်ခုတည်းရှိတာ ပြီးတော့ အဲ့တာကလည်း ငါ့လက်ထဲမှာ...ငါက အသာစီးကပဲ..."
လင်းရီ သူ၏ လက်ကို ဆန့်ထုတ်လိုက်ပြီး ကျီချင်းရန်ထံမှ သွားတိုက်သံကို ဆွဲလု၍ "အဲ့လိုဆို ငါက သွားတိုက်တံကို ယူလိုက်မယ်ဆိုရင်ကော..."
"နင်....မကောင်းတဲ့ကောင်ကြီး..ငါ့ သွားတိုက်တံပြန်ပေး..."
နှစ်ယောက်သား ရန်ဖြစ်လို့၀တော့ မှန်ရှေ့ရပ်၍ သွားအတူ တိုက်လိုက်ကြသည်။
မှန်ရှေ့တွင် ရပ်နေသည့် သူမတို့ နှစ်ဦး၏ ပုံရိပ်ကို ကြည့်ရင်း ကျီချင်းရန် အတွေးနက်နေလေသည်။
လင်းရီ၏ အရပ်မှာ သူမထက် ခေါင်းတစ်၀က်ခန့်မျှ ပိုမြင့်၏။ အရပ်ကွာခြားမှုကလည်း လုံး၀ ပါဖက်ပင်။
ထို့ပြင် ယခုမှ အိပ်ရာထကာစ ဖြစ်သောကြောင့် လင်းရီ၏ ဆံပင်မှာ ရှုပ်ထွေးနေပြီး အပေါ်ပိုင်းတွင်လည်း အင်္ကျီဗလာကျင်းနေကာ ကြွက်သားများဖြင့် တစ်မျိုးတစ်ဖုံ ကြည့်၍ ခန့်ညားနေသည်။
ဒါ..ဒါက ချစ်သူရီးစားတွေ အတူနေရင် ဖြစ်နေကြ ပုံစံမဟုတ်လား...
၎င်းကိုစဉ်းစားမိတော့ ကျီချင်းရန် ရင်ခုန်နှုန်း မြန်ဆန်လာပြီး မျက်နှာမှာလည်း ရုတ်ချည်းဆိုသလို ရဲတက်လာလေသည်။
သူမ ထိုမြင်ကွင်းကို ကိုးရီးယားရုပ်ရှင်များထဲတွင်သာ တွေ့ဖူးလေ့ရှိသော်လည်း ယခုတော့ ကိုယ်တိုင် ကြုံတွေ့နေလေသည်။
ကံတရားကြောင့်လားဆိုတာတော့ မပြောတတ်တော့။
"ကလူး ကလူး ကလူး ...."
လင်းရီ စတင် ပါးလုပ် ကျင်း၏။
"သွားဆိုတာ ကြာကြာလေး တိုက်ပေးရတယ်..မဟုတ်ရင် ပိုးတွေက မသေဘူး..."ကျီချင်းရန် သွားတိုက်ရင်း မြည်တွန်တောက်တီးလိုက်သည်။
"မင်းကို နမ်းမှာလည်း မဟုတ်ဘဲနဲ့ ငါက ဘာလို့ အချိန်အကြာကြီး သွားတိုက်ပေးရမှာ.."လင်းရီ ပြောလိုက်ပြီး "ဒါပေမယ့် မင်းကတော့ နည်းနည်းလေး ကြာအောင် ပိုတိုက်သင့်တယ်..."
"ငါကျ ဘာလို့ ကြာကြာတိုက်ရမှာလဲ..."
"ဘာလို့လဲဆိုတောဘ ငါ့ကို နမ်းရမှာမို့လေ..သေချာ မတိုက်လို့ကတော့ ငါသူများကို လျှောက်ပြောပစ်မှာနော်...."
"နင်..."
ကျီချင်းရန် လင်းရီကို မျက်စောင်းထိုးလိုက်ပြီး သူမ သွားတိုက်တံကို ချကာ သွားဆက်မတိုက်ရန် ဆုံးဖြတ်လိုက်တော့၏။
သို့သော်လည်း သူမတွင် OCD ရှိသောကြောင့် မကြာမီ သွားပြန်တိုက်လိုက်၏။
အဲ့ကောင်စုတ် စတာခံလိုက်တာထက် သွားနည်းနည်း ကြာကြာ တိုက်လိုက်တာကမှ ပိုကောင်းဦးမယ်..
"မင်းအရင် ရေချိုးနှင့်လိုက်.ငါနောက်မှ ချိုးတော့မယ်..."
"အိုကေ..."
ကျီချင်းရန် သူမ မျက်နှာကို လျက်မြန်စွာ သစ်လိုက်ပြီးနောက် မိနစ် အနည်းငယ်အတွင်း ထွက်လာခဲ့၏။ ယခု သူမလုပ်ရမည့် အရာမှာတော့ မိတ်ကပ်လိမ်းရန်ပင်။
"လင်းရီလည်း ငါးမိနစ်အတွင်း ရေချိုးခန်းထဲမှ ထွက်လာခဲ့ပြီး အပြင်သို့ရောက်သောအခါ ကျီချင်းရန်မှ လက်သည်းများ ညှပ်နေသည်ကို မြင်လိုက်ရသည်။
"အမ်..ဘာလို့ လက်သည်းတွေ ညှပ်ပစ်လိုက်တာလဲဟ..အဲ့လိုဆို နောက်ကျ ဘယ်လိုလုပ်ပြီး လက်သည်း အလှပြင်လို့ ရတော့မှာ."
"ငါမညှပ်ပစ်ရင် နောက်တစ်ခါကျ နင့်ကို ထိခိုက်စေမှာ ဆိုးလို့လေ... "
ကျီချင်းရန် ပြောလိုက်၏။
"ဘာလဲ ..ဒီည ငါနဲ့ အိပ်ဦးမလို့လား..."
"အွက် အွက် .စိတ်ကူးတွေ ယဉ်နေတာပဲ..အိပ်မက်မက်နေလိုက်..."
"ငါတို့ အတူမအိပ်ဘူးဆိူမှတော့ ဘာလို့ လက်သည်းညှပ်နေမှာလဲ ဟုတ်တယ်မလား...ဟူး...မင်းမှာ အဲ့လောက် ရည်ရွယ်ချက်ကြီးတွေ ရှိ နေမယ်လို့တောင် ထင်မထားဘူး... "လင်းရီ သက်ပြင်းချလိုက်ပြီး "ဒီရဲ့ ခရီးစဉ်ကတော့ ငါ့လူပျိုရည် ပျက်မယ့် ခရီးစဉ်ပဲ ထင်ပါရဲ့ကွာ.."
"နင်ကတော့လေ.. တကယ်.. ပေါက်တတ်ကရတွေ ပြောဖို့ဆို အတော်တတ်တာ..."
"ကျီချင်းရန် မတ်တပ်ထလိုက်ပြီး သူမ၏ လက်သည်းစများကို တစ်သျှူးဖြင့် ထုပ်ကာ အမှိုက်ပုံးထဲသို့ ထည့်လိုက်သည်။ "
"ဆိုဖာပေါ်မှာ ထိုင်နေ..ငါ နင့်ကို နေရောင်ခံတဲ့ လိုးရှင်း လိမ်းပေးမယ်..."
"မလိုဘူး..ငါ့အသားအရေက ထူပြီးတော့ ကြမ်းတယ်..မင်းလိမ်းပေးလည်း အပိုပဲ..."
"ဒီက UV တွေက ကျိုးဟိုင်ထက် ပိုပြင်းတယ်နော်..နင် နည်းနည်း လောက် လိမ်းတာ ပိုကောင်းမယ်..."ကျီချင်းရန် sunscreen ကို လက်ထဲတွင် ကိုင်ထားလျက် ပြောလိုက်သည်။
"ကောင်းပြီလေ..မင်းပြောတဲ့ အတိုင်းပေါ့"
ကျီချင်းရန် sunscreen ကို လက်ထဲ ညှစ်ထည့်လိုက်ပြီး လင်းရီ၏ မျက်နှာပေါ်တွင် လိမ်းပေးလိုက်သည်။ထို့နောက် ကြမ်းတမ်းနေသည့် သူ၏ လက်မောင်းနှင့်လည်ပင်းတစ်ဝိုက်ကိုလည်း ညင်သာစွာ လိမ်းပေးလိုက်သေး၏။
"ကဲ..ငါခု မိတ်ကပ်လိမ်းပြီးတော့ အ၀တ်စား သွားလဲလိုက်ဦးမယ်...ပြီးမှ ထွက်ကြတာပေါ့.."
"အိုကေ..."
နာရီ၀က်ကြာပြီးနောက် ကျီချင်းရန် အင်္ကျီအသစ်တစ်စုံ လဲလိုက်သည်။ ဂျင်းစကတ်အတို၊ ရှပ်အဖြူနှင့် ကြိုးသိုင်းဖိနပ် တစ်ရံကို ၀င်ဆင်ထား၏။ ယင်း၀တ်စုံက သူမ ခရီးသွားလျင် ၀တ်နေကြ စတိုင်ပင်။
"လင်းရီ..ငါ၀တ်ထားတာ ဘယ်လိုနေလဲ.."
"အမ်...အောက်ပိုင်းက ကြည့်ရတာ သိပ်အဆင်မပြေသလိုပဲ.."
"ဟုတ်လား..အဲ့တာဆို ငါသွားလဲလိုက်ဦးမယ်.."
မိနစ်အနည်းငယ်ကြာပြီးနောက် ကျီချင်းရန် အနက်ရောင် ဂျင်းအတိုအကြပ်ကို ၀တ်ဆင်လာခဲ့၏။ "ခုကော..ဘယ်လိုနေသေးလဲ.."
"ပူပါတယ်ဆိုနေမှ အနက်ကြီး ၀တ်လာခဲ့တော့ ပိုဆိုးတာပေါ့ဟ.."
"အိုး..အာ့လည်း ဟုတ်သား..ပြန်လဲလိုက်ဦးမယ်..."
တကယ့်တကယ်တွင်တော့ ကျီချင်းရန် အနက်ရောင်ဂျင်းအတိုကို နှစ်သက်သော်လည်း လင်းရီကြောင့် ပြန်လဲလိုက်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ကျီချင်းရန် အဖြူရောင် ပန်အတိုကို ၀တ်၍ အခန်းထဲမှ ထွက်လာခဲ့၏။
"ခုကော ဘယ်လိုနေလဲ.."
"အဖြူရောင်က လူကို ၀တယ်လို့ မြင်စေတယ်လေကွာ..."လင်းရီ ဝေဖန်လိုက်ပြီး "မင်းခုတလော ဘယ်လောက် ၀လာလဲဆိုတာ မသိတာလား..."
ကျီချင်းရန် တစ်ခုခု မူမမှန်သလို ခံစားလိုက်ရပြီးမျက်လုံး ပေကလပ် ပေကလပ် ပြုလုပ်လိုက်သည်။ ထို့နောက် လင်းရီ ခါးကို ဆွဲဆိတ်၍ "ကောင်စုတ်...နင်က ငါ့ပေါင်သားတွေ သူများမြင်ကုန်မှာဆိုးလို့ ဒီလိုတွေ ပြောနေတာမလား..."
စာစဉ် (၂၀)ပြီး၏။