← Chapters

နတ်ဆိုးသားရဲ ကင်းခြေများ

Vol. 15 Ch. 197

နတ်ဆိုးသားရဲ ကင်းခြေများ

Vol. 15 Ch. 197

“ငါ ရောက်လာခဲ့ပြီ။ ဒီလှိုဏ်ဂူပဲ…” လေးနာရီလောက် ကြာပြီးနောက် ဟန်လိသည် လူ့အရပ် တစ်ဝက်စာလောက် မြင့်သော အနက်ရောင်ကျောက်တုံးတစ်ခုပေါ်တွင် ရပ်နေပြီး လှိုဏ်ဂူတစ်ခုထံ စူးစမ်းကာ လှမ်းကြည့်နေသည်။

“ဘာမှ ထူးထူးခြားခြား မရှိတဲ့ပုံပဲ…” ဟန်လိက လှိုဏ်ဂူထဲသို့ အလျင်စလို မဝင်သေး၊ တအောင့်ကြာသည့်အထိ အနီးအနားကို သေချာ လေ့လာကြည့်နေသည်။ သူသည် အချိန်တိုအတွင်း အပြေးလာခဲ့သည်ဟု ပြော၍ ရသော်လည်း သူ့ကိုယ်သူတော့ အန္တရာယ်ထဲ ဂရုမမူဘဲ ကျရောက်စေမည့်သူ မဟုတ်ပါ။

သူ သိထားသော အချက်အလက်၌ ဖော်ပြထားသော ဒီလျှို့ဝှက်လှိုဏ်ဂူမှာ အပြင်ကနေ ကြည့်ပါက ထူးခြားပုံ ပေါ်မနေပေ။ ဟန်လိသည် ဒီကိုလာသည့်လမ်း၌ အလားတူ လှိုဏ်ဂူများစွာကို မြင်ဖူးခဲ့သည်။ သူ့အနေဖြင့် အခု သူ့ရှေ့မှ လှိုဏ်ဂူကို အရင်လူများ မည်သို့မည်ပုံ ရှာတွေ့ခဲ့တာကိုလည်း မသိပါ။ သို့ဖြစ်၍ သူ့အနေဖြင့် ထိုသူတို့ကို လေးစားမိပေ၏။

ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်လောက် ကြာပြီးနောက် ဟန်လိက အနီးအနား၌ ကွယ်ပုန်းနေသော သားရဲများနှင့် တခြားမည်သူမည်ဝါမျှ မရှိတာကို သေချာစေ၏။ ထို့နောက် သူက လှိုဏ်ဂူထံ သတိထားကာ လျှောက်လာသည်။

သည်လှိုဏ်ဂူမှာ သဘာဝ လှိုဏ်ဂူ ဖြစ်၏။ လူ လုပ်ထားသော လက္ခဏာအရိပ်အယောင် လုံးဝ ရှိမနေပေ။ သူက လှိုဏ်ဂူထဲသို့ ဝင်လာနေရင်း ဂူနံရံများကို ကြည့်ကာ ထိုသို့ ကောက်ချက်ချမိတာ ဖြစ်သည်။

ထို့နောက်တွင် ဟန်လိ၏ ခန္ဓာကိုယ်သည် ဖြတ်ခနဲ ဖြစ်သွားကာ လှိုဏ်ဂူအတွင်းပိုင်းသို့ တိတ်တဆိတ် လှမ်းဝင်လာသည်။ သို့ပေမည့် သူ ခြေဆယ်လှမ်းခန့် လှမ်းပြီး ရပ်လိုက်ရ၏။ အကြောင်းမှာ ထောင့်ချိုးကွေ့နှစ်ခုကို ကျော်လာပြီးနောက် သူ့ရှေ့ ဝန်းကျင်မှာ ပိန်းပိန်းမှောင်နေသောကြောင့်ပင်။

သူ မျက်ခုံး တွန့်ချိုးကာ သူ့ သိုလှောင်အိတ်ထဲကို လက်နှိုက်ရှာပြီး ဘဲဥအရွယ်လောက် ရှိသည့် လရောင်ကျောက်တုံးတစ်တုံးကို ထုတ်သည်။ ၎င်းကို ထုတ်ယူပြီးသည့်နောက် အနီးအနားဝန်းကျင်၌ အဖြူရောင်ခပ်ဖျော့ဖျော့ အလင်းဓာတ် ဖြာလာ၏။ ဟန်လိက ထိုသည်ကို မြင်သည့်အခါ ခေါင်းယမ်းမိသည်။

သူ၏ မူလအကြံက လှိုဏ်ဂူအတွင်းနက်ပိုင်းသို့ တိတ်တဆိတ် ဝင်ရောက်ကာ အတွင်း၌ စောင့်ကြပ်နေသော နတ်ဆိုးသားရဲ ရှိလား၊ မရှိလားကို သိရအောင် လုပ်ရန် ဖြစ်သည်။ အကယ်၍ နတ်ဆိုးသားရဲတစ်ကောင်ကောင် ရှိနေခဲ့ပါက သူက လက်ဦးမှုယူကာ လျှို့ဝှက်တိုက်ခိုက်မည်ဟု စဉ်းစားထားသည်။ သို့သော် အခု လရောင်ကျောက်တုံးကြောင့် သူက ထင်ရှားသော ပစ်မှတ်တစ်ခု ဖြစ်လာသည်။ သို့ဖြစ်၍ အခုအခါ သူသည် မည်သို့ အလစ်တိုက်ခိုက်နိုင်ပါတော့မည်နည်း။

ဟန်လိက လရောင်ကျောက်တုံးကို လက်ထဲ၌ ကိုင်ထား၏။ သူ ခဏတွေဝေနေသေးသည်။ ထို့နောက် သူက တခြားလက်ဖြင့် မြေဓာတ်အကာအကွယ် အရံအတားကို ချခင်းသည်။ ထို့နောက်တွင် သူသည် ခိုးကြောင်ခိုးဝှက်ဖြင့် ခြေဖွလှမ်းကာ ဆက်လျှောက်လာသည်။

သို့မှသာ သူက အတော်လေး စိတ်အေးသွားသည်။ သူ၏ အမြန်နှုန်းက လျော့သွားသော်လည်း ဟန်လိက အမြန်နှုန်းကော၊ အကာအကွယ်ကောကို နှစ်ခုလုံး မရွေးချယ်တာ သိသာသည်။

သည်လှိုဏ်ဂူမှာ ကျဉ်းမြောင်းရှည်လျားသည်။ ဟန်လိသည် အတော်အတန် လျှောက်လာပြီးသည့်ထိ အဆုံးသပ်ကို မတွေ့သေးပေ။ သူ့စိတ်ထဲ၌ စိုးရိမ်ကြောင့်ကြမှု ရှိလာ၏။ သူများ နေရာမှားကာ ထိပ်တန်းနတ်ဆိုးသားရဲတစ်ကောင်၏ အသိုက်အမြုံထဲ ရောက်လာခဲ့တာလားဟု သံသယ ဖြစ်မိနေသည်။

ကံကောင်းစွာဖြင့် နောက်ထပ် ဆယ်မီတာကျော်လောက် ထပ်လျှောက်လာပြီးသည့်အခါ သူ၏ ပူပန်မှုမှာ ပျောက်သွားလေ၏။ သူက သူ့ဘယ်ဘက်ထောင့်ကို လှမ်းကြည့်သည်။ ထိုနေရာတွင် အဖြူရောင်အလင်းခပ်ဖျော့ဖျော့ ပေးစွမ်းနေ၏။

ဟန်လိက ထိုသည်ကို မြင်သည့်အခါ ပျော်သွားသည်။ သူက လကျောက်တုံးကို ခပ်မြန်မြန် ပြန်သိမ်းကာ တိတ်တဆိတ်လျှောက်လာသည်။ သည်နေရာ၌ အလင်းဓာတ် ရှိနေပြီ ဖြစ်၍ သူ၏ မူလအကြံအတိုင်း ဆက်၍ လုပ်နိုင်ပြီ မဟုတ်လား။

ခိုးကြောင်ခိုးဝှက်ဖြင့် သည်အလင်းဓာတ် ရှိနေသော ထောင့်နေရာထံ ဖြည်းဖြည်းချင်း ခြေဖွ တိုးကပ်လာ၏။ ထိုနေရာတွင် တွေ့မြင်ရသည့် အရာက သူ့ကို ပျော်မြူးသွားစေသည်။ သို့သော် တအောင့်အကြာ၌ သူ စိတ်ထဲကနေ ညည်းညူမိသည်။

သူ့ရှေ့၌ ဂူ၏အဆုံးသပ် အမှန်တကယ် ရှိနေ၏။ ထို့အပြင် သဘာဝအတွင်း ဖြစ်ပေါ်နေသော ကျောက်အခန်းကြီးတစ်ခုလည်း ရှိနေသည်။ ထိုနေရာ၌ ပြိုးပြိုးပြက်ပြက် လင်းလက်နေသော ကျောက်စက်ပန်းဆွဲတစ်ခု ရှိနေ၏။ ထိုမျှသာမကသေး ဂူနံရံပေါ်တွင် ပေါက်နေသော ပန်းပွင့်သုံးလေးပင် ရှိနေသည်။ ယင်းအပင်တို့မှာ မိုးပြာရောင် ရှိ၏။

ထိုပန်းပွင့်များသည် တစ်လက်မမျှသာ။ ယင်းတို့၏ ပွင့်ချပ်များက လားရာတစ်ခုတည်းသို့ ကွေးညွှတ်နေပြီး ထူးခြားသော အသွင်ရှိသည်။ အဝေးမှ ကြည့်ပါက ယင်းအပင်များသည် မျောက်ငယ်တစ်ကောင် ပြုံးနေသည့်အလား။ အမှန်ပင် မင်သက်ဖို့ ကောင်းလှသည်။

“ဘယ်သူ့မှ သွားမေးနေစရာမလိုဘူး။ ဒါက ခရမ်းမျောက်ပန်းပင်တွေဆိုတာ သေချာတယ်…။ သူ့ပွင့်ချပ်နဲ့ ရိုးတံဟာ မိုးပြာရောင် ရှိတယ်။ ဒါဟာ ဒီအပင်တွေက ရင့်မှည့်မှု မရှိသေးလို့ပဲ…”

ဟန်လိက ထိုပန်းပင်များကို မြင်သည့်နောက် အံ့အားတသင့်ဖြင့် ထိုသို့ တွေးလိုက်မိသည်။

သို့သော် သူ့အကြည့်က မိုးပြာကျောက်သားနံရံ အောက်ခြေထံ ကျရောက်သွားသည့်အခါ သူ၏ အမူဟန်ပန်မှာ ချက်ခြင်း ခါးသီးဟန် ပေါက်လာ၏။ ၎င်းနေရာတွင် ကင်းခြေများတစ်ကောင် ရှိနေ၏။ ထိုသားရဲမှာ သုံးမီတာလောက် ရှည်လျားသည်။ ၎င်း၏ ဦးမှင်က တစ်မီတာလောက် ရှိကာ ကြောက်မက်ဖွယ်အသွင် ပိုင်ဆိုင်ထားသည်။ ၎င်းက လှုပ်ရှားမှု မရှိဘဲ ငြိမ်သက်နေသည့်အချိန်တွင်ပင် ဟန်လိက ထိတ်လန့်မိရ၏။

သူက အဆိပ်ရှိသော အင်းဆက်သားရဲများကို ခုထိ မသတ်ဖူးသေးသေးသော်လည်း ၎င်းတို့၏ ကြောက်မက်ဖွယ်ဂုဏ်ဒြပ်ကို ကြားဖူးတာ ကြာခဲ့ပြီ ဖြစ်၏။

တခြားသူများ၏ အပြောအရ အဆိပ်ရှိသော သားရဲအင်းဆက်များသည် ငှက်များ သို့မဟုတ် တခြားသားရဲများထက် ပို၍ ဒုက္ခပေးနိုင်သည် ဟူ၍ပင်။ ထို့အပြင် ၎င်းတို့ထဲမှ အများစုမှာ ပြင်းထန်သောအဆိပ်ကို ပိုင်ဆိုင်ထားပြီး ထိမိသည်နှင့် လူကို သေစေနိုင်သည်။ သို့ဖြစ်၍ မဖြစ်မနေ မဟုတ်ပါက လူအများသည် တတ်နိုင်သမျှ ဒီလို သားရဲများကို ရန်စမိခြင်းကနေ ရှောင်ကြ၏။

အခု ကင်းခြေများက ကြီးမားလွန်းသည် ဖြစ်၍ အနည်းဆုံး အလယ်အဆင့် နတ်ဆိုးသားရဲ ဖြစ်နိုင်သည်။ သည့်ထက်လည်း ပို၍ အဆင့်မြင့်ကာ အစွမ်းထက်နိုင်သေးသည်။ သို့ဖြစ်၍ ဟန်လိက ထိတ်လန့်ကာ လေအေးတစ်ချက် ရှိုက်သွင်းမိတာ ဖြစ်၏။

အခု သူက ခရမ်းမျောက်ပန်းပင်များကို စောင့်ကြည့်နေသော ဒီကောင့်ကို ရန်စရတော့မည် မဟုတ်လား။ သူသာ ဒီအဆိပ်ကောင်ကို အရေးမစိုက်ဘဲ နံရံပေါ်မှ စိတ်ဝိညာဉ်ဆေးပင်များကို ခူးယူပါက မိုက်မဲလွန်းရာ ကျပေလိမ့်မည်။

သူ အသက်ရှုခြင်းကို ချိန်ညှိကာ ခေါင်းပြန်ရုတ်၏။ အိပ်ပျော်နေဟန် ရသော ဒီကင်းခြေများ မနိုးသွားအောင် သူ့လှုပ်ရှားမှုများကို အလွန်အမင်း ဂရုစိုက်နေသည်။

သူက ဂူနံရံပေါ် မှီကာ မျက်စိကစားကြည့်၏။ ဖြည်းဖြည်းချင်း ခေါင်းငုံ့ကာ ဒီအဆိပ်သားရဲနှင့် မည်သို့ ရင်ဆိုင်ရင် ကောင်းမလဲဟု အကြံထုတ်နေသည်။

သူ၏ ထိပ်တန်းမှော်လက်နက်များ၏ ခွန်အားအပေါ် မှီခိုကာ အပြင်းအထန် တိုက်ခိုက်ရမလားဟု သူ တွေးကြည့်၏။ ရွှေအလင်းအုတ်ခဲ ရတနာအဆောင်ကို အသုံးပြုလိုက်ပါက ဒီသားရဲကောင်ကို တစ်ချက်တည်းနှင့် ပြားချပ်သွားအောင် သူ လုပ်နိုင်မည် ဖြစ်သည်။ သို့သော် ထိုသို့သော တိုက်ခိုက်မှုက သူ၏ မှော်စွမ်းအားများကို ကုန်ခမ်းစေမည် ဖြစ်ကာ သူ၏ အထွတ်အထိပ် အခြေအနေ၌ သူ့ကိုယ်သူ ထိန်းထားနိုင်တော့မည် မဟုတ်ပေ။

ဂူအပြင် ပြန်ထွက်မည့်လမ်းကလည်း အတော်လေး ရှည်လျားနေသေး၏။ ထို့အပြင် သူသည် နောက်ထပ်လည်း ပိုပိုများပြားသော အန္တရာယ်များကို ရင်ဆိုင်ရဖို့က သေချာနေသည်။ နေ့တဝက်လောက် လာရာလမ်း ပြန်လှည့်ပြီး သူ၏ မှော်စွမ်းအားကို အားပြန်ဖြည့်တင်းဖို့လည်း အချိန် မရတော့ပေ။

အသေအချာ တွေးတောနေပြီးနောက် ဟန်လိက ဖြတ်ခနဲ စိတ်ကူးဉာဏ် ပွင့်သွားကာ အကြံကောင်းတစ်ခုကို တွေးမိသွားသည်။

သူ မလှုပ်ရှားခင် သည်ကင်းခြေများထံ လည်ဆန့်၍ အရင်ဆုံး လှမ်းကြည့်သည်။ သူက ၎င်းသားရဲသည် မလှုပ်မယှက် ရှိနေတာကို မြင်သည့်အခါ စိတ်တည်ငြိမ်မှု ရလာ၏။ ထို့နောက် သူက ခပ်ရေးရေး ပြုံးကာ အမှောင်ထု ခြုံလွှမ်းသော လမ်းအတွင်း ပျောက်ကွယ်သွားသည်။

တအောင့်အကြာ၌ သူ ပြန်လှည့်လာ၏။ သူ့ထံ၌ တက်ကြွမှုတို့ ရှိနေသည်။

သူ ဝတ်ထားသော အကာအကွယ် အရံအတားကို မမြင်ရတော့ပေ။ ထို့အပြင် သူက သတိထားကာ ခြေဖွ၍ လှမ်းလာတာ မဟုတ်ပေ။ ကင်းခြေများကြီး လဲလျောင်းနေသော ခန်းမထံသို့ ခြေသံပြင်းပြင်းဖြင့် ကွေ့ပတ်ပြီး ပြန်လျှောက်လာခဲ့တာ ဖြစ်၏။

ထိုအခါ ဟန်လိ၏ လှုပ်ရှားမှုများကို ၎င်းသားရဲကောင်က သတိမပြုမိဘဲ ဘယ်နေပါ့တော့မည်နည်း။ မဟုတ်ပါက ၎င်း၏ အမည်ကို နတ်ဆိုးသားရဲအစား ငတုံးသားရဲဟုသာ ပြောင်းလိုက်တာ ပိုကောင်းလိမ့်မည်။ ၎င်းသားရဲက ဟန်လိကို မြင်သည့်အခါ ချက်ခြင်း ခေါင်းမော့လာ၏။ ၎င်း၏ ရှည်လျားသော ဦးမှင်နှစ်ခုကို အဆက်မပြတ် ဝေ့ယမ်းကာ ထူးခြားကာ ထိတ်လန့်ဖွယ်ကောင်းသော တစီစီအသံစူးစူးများကို ထုတ်လွှတ်သည်။

ဟန်လိက ထိုသည်ကိုမြင်သည့်အခါ မည်သည့်စကားမျှမဆို၊ သူက ခေါင်းမော့ကာ လှမ်းကြည့်၏။ အင်မတန်မြန်ဆန်သောနှုန်းဖြင့် မီးလုံးငယ်များသည် ဟန်လိထံကနေ ထိုးထွက်ကာ ကင်းခြေများ၏ ဦးခေါင်းပေါ် ထိမှန်သည်။ ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်သွားသည်။

မီးတောက်များ လွင့်ပါးသွားပြီးနောက် ဟန်လိက နတ်ဆိုးသားရဲ၏ ဦးခေါင်းမှာ မီးလုံးများ ထိမှန်ခံရပြီးနောက်တွင်လည်း အနက်ရောင်တောက်ပနေတုန်းကို ရှင်းရှင်းလင်းလင်း မြင်ရသည်။ ထိရာခိုက်ရာလေး နည်းနည်းမျှ မကျန်ခဲ့ပေ။ ဟန်လိမှာ စွံ့အမိရ၏။ တခြားသူများ၏ အပြောက မမှားပါ။ သည်အဆိပ်ရှိသော နတ်ဆိုးသားရဲများက အမှန်တကယ် ပြဿနာပေးနိုင်စွမ်း ရှိနေသည်။

ကင်းခြေများက မည်သည့်ဒဏ်ရာမျှ မရခဲ့သော်လည်း ဟန်လိ၏ တိုက်ခိုက်မှုက ၎င်းကို ဒေါသထွက်စေ၏။

ချွန်မြသော သွားနှစ်ချောင်းနှင့် ၎င်း၏ ပါးစပ်ကို ဖွင့်ဟကာ အဆိပ်မြူခိုးလုံးကို ဟန်ထိထံ ပစ်သွင်း၏။ ၎င်းက ဟန်လိကို အဆိပ်ဖြင့် ခြုံလွှမ်းသွားစေချင်ပုံ ရသည်။

ဟန်လိက ထိုအဆိပ်များ သူ့ကို လာထိသည့်အထိ နေရာတွင် အကြောင်သား ရပ်နေရအောင် သူက အရူးမဟုတ်ပေ။ အကာအကွယ်အရံအတားကို ပြန်ရုတ်သိမ်းထားသည့်အခါ သူက လျင်မြန်မှု ပြန်ရလာခဲ့ပြီ ဖြစ်၏။ သူသည် ကျောက်အခန်းကို ဝန်းရံကာ ထိုးထွက်လာသော အဆိပ်မြူများထက် ပိုမြန်ဆန်စွာ လှုပ်ရှားကာ သည်အခန်းထဲကနေ ပြေးထွက်၏။ သည်အဆိပ်ကို သူ ကြောက်ရွှံ့ပြီး အညံ့ခံကာ ချက်ခြင်း ပြန်လှည့်ပြေးသည့်အလား။

ကင်းခြေများကြီးက သူ့ကို လာစသော ဟန်လိကို အလွယ်တကူ ထွက်သွားခွင့် မပြုချေ။ ၎င်းက ဟန်လိထံ အလွန်မြန်ဆန်စွာဖြင့် ဂူကြမ်းပြင်ပေါ် လျှောတိုက်ပြီး လိုက်လာ၏။ ဟန်လိက ခေါင်းလှည့်ကာ နောက်သို့ တချက် ပြန်လှည့်ကြည့်၏။ သူ တုန်လှုပ်သွားပြီး အရှိန်ပိုမြှင့်ရသည်။ ထိုကင်းခြေများနှင့် သူ့ကြား အကွာအဝေးကို ပို တိုးစေကာ ဂူလျှောက်လမ်းထဲ ပျောက်ကွယ်သွားသည်။

ဧရာမကင်းခြေများက ထူးဆန်းသော အသံများကို ပေး၍ တုံ့နှေးခြင်းမရှိ နောက်မှ လိုက်လာ၏။ ထိုနတ်ဆိုးသားရဲက သည်ဂူလမ်းကို အကြိမ်မရေမတွက်နိုင်အောင် လျှောတိုက် သွားလာခဲ့ပြီးသား ဖြစ်၏။ သူ့အနေဖြင့် သည်လမ်းကြောင်းကို ဟန်ထိထက် ပို၍ ရင်းနှီးပေသည်။ ၎င်းက ထွက်ပြေးနေသော ဟန်လိ၏ နောက်ကျောကို ရှင်းရှင်းလင်းလင်း လှမ်းမြင်သည်။

ကင်းခြေများက အတော်လေး မြူးထူးသွား၏။ ၎င်း၏ အမြန်နှုန်းက ပိုတိုးလာပြီး ရှေ့သို့ အကြမ်းပတမ်း ပြေးဝင်လာသည်။

ထိုအခိုက်အတန့်၌ ဟန်လိက ရုတ်တရက် ရပ်သည်။ သူက ခေါင်းလှည့်ကာ ကင်းခြေများထံ ကြည့်၍ လှောင်ရယ်၏။ သူက နောက်ထပ် ဆက်မပြေးတော့ပေ။ သူက ထွက်ပြေးမည့်အကြံကို လုံးလုံး စွန့်လွှတ်လိုက်ပုံ ရသည်။

မျက်စိတမှိတ်အတွင်း ထိုကင်းခြေများက ဟန်လိနှင့် ဆယ်မီတာလောက်အကွာထိ ရောက်လာသည်။ ၎င်းက မြူးထူးကာ သည်လူသားငယ်ကို လက်စားချေရန် ဟန်ပြင်သည်။ သို့သော် ၎င်း၏အစွယ်ကို မဖြန့်ထုတ်နိုင်ခင်မှာပင် ၎င်း၏ ဝမ်းဗိုက်မှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရ၏။ ကင်းခြေများက ရပ်တန့်သွားသည်။ ၎င်းသည် နာကျင်မှုကြောင့် ကြမ်းပြင်ပေါ် လဲကျသွားပြီး ၎င်း၏ခန္ဓာကိုယ်မှ အနက်ရောင်အဆိပ်သွေးများ ပန်းထွက်လာသည်။

ကင်းခြေများ၏ အားအနည်းဆုံး ဝမ်းဗိုက်နေရာမှ မထင်မှတ်စွာဖြင့် ထက်ရှသော ဓားသွားတစ်ခုဖြင့် ထိုးခွဲခံလိုက်ရပေပြီ။ ၎င်း၏ ဝမ်းဗိုက်မှာ သေသပ်စွာ ပွင့်ဟနေကာ ဒဏ်ရာကြီး ထင်းပေါ်နေ၏။ ထိုဒဏ်ရာကြောင့် ဒီကင်းခြေများ ခုလောက်ထိ နာကျင်မှု ခံစားသွားရတာ အံ့အားသင့်စရာ မရှိတော့ပါ။

ရှေ့မလှမ်းမကမ်းတွင် ရပ်နေသော ဟန်လိက ဒီအခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။ သူက ညာလက်ကို ပင့်မြှောက်ပြီး ရွှေရောင်အလင်းစက်ဝန်းတစ်ခုကို ထုတ်လွှတ်၏။ အပြာလဲ့လဲ့လေပြင်းဓားသွားတစ်ခုက ကင်းခြေများ၏ ဦးမှင်နှစ်ခုထံ ဦးတည်ဝင်လာသည်။

All Chapters