ပဋိပက္ခ
Vol. 15 Ch. 198
“ဘန်း…” အဆင့်မြင့်မှော်လက်နက်နှစ်ခုက ကင်းခြေများ၏ ဦးမှင်နှစ်ခုကို နည်းနည်းသာ အက်ကွဲသွားစေပြီး ဘေးသို့ ပြန်ကန်ထွက်သွား၏။ ဟန်လိမှာ ခဏတော့ မင်သက်မိသွားသည်။
“မာလိုက်တာဟ။ ဒီဦးမှင်တွေက အလယ်အဆင့် မှော်ပစ္စည်းတွေနဲ့ ယှဉ်နိုင်လုနီးပါးပဲ…”
ဟန်လိသည် သူ ကံကောင်းသည်ဟု ကြိတ်၍ ပြောမိ၏။ သူသည် လှည့်ကွက်အချို့ အသုံးမပြုပါက ဒီကင်းခြေများကြီးကို ရင်ဆိုင်ဖို့ အချိန်များစွာ ကုန်ပေလိမ့်မည်။
ဟန်လိက ဓားတိုနှင့် ရွှေခွက်တို့က သက်ရောက်မှု ကြီးကြီးမားမား မရှိသည်ကို မြင်သည့်အခါ ယင်းတို့ကို ပြန်သိမ်းဆည်းသည်။
ဒီအဆိပ်ကောင်သားရဲက ဒဏ်ရာ သိသိသာသာ ရထားပြီး ဖြစ်သော်လည်း ၎င်း၏အသက်ဓာတ်မှာ အားကောင်းလွန်းနေတုန်းပင်။ ၎င်းက အဆက်မပြတ် လူးလှိမ့်နေ၏။ အချိန်တိုအတွင်း သေမည့်ပုံ မရပေ။ ထို့ကြောင့် ဟန်လိက မျက်မှောင်တင်းတင်း ကြုံ့ကာ သူ့ လှုပ်ရှားမှုပညာရပ်ကို အသုံးပြုသည်။ ထိုသားရဲ သေတာ ရှင်တာကို သူက စိတ်မဝင်စားချေ။ သူက သည်ဥမင်လမ်းအတိုင်း ပြန်လှည့်ကာ ကျောက်သားခန်းမထံ ပြန်ရောက်လာ၏။
ထိုအခန်းထဲတွင် ခရမ်းမျောက်ပန်းပင် မျိုးစေ့အနည်းငယ်က ကောင်းကောင်းမွန်မွန် ရှိနေတုန်းပင်။ သို့မှသာ ဟန်လိက ပျော်နိုင်တော့၏။
သူက သူ့သိုလှောင်အိတ်ထဲကနေ ကျောက်စိမ်းသေတ္တာတစ်ခုကို ထုတ်ယူ၏။ ၎င်းကို မြေပြင်ထက်သို့ နေရာချသည်။ ထို့နောက် ဓားတိုကို အသုံးပြုကာ ခရမ်းမျောက်ပန်းပင် ပါသော ကျောက်သားကို ဂရုတစိုက် ဖဲ့ခြွေသည်။ ထို့နောက် သူက ဓားတိုကို ပြန်သိမ်းကာ ကျောက်သားကို သူ့လက်ထဲသို့ ယူလာစေသည်။ သူက ၎င်းကျောက်သားကို ကျောက်စိမ်းသေတ္တာထဲသို့ ထည့်ပြီး အသေအချာ ချိပ်ပိတ်လိုက်သည်။
ထိုသို့ ပြုလုပ်ပြီးမှသာ သူက စိတ်အေးလက်အေး ဖြစ်သွားရ၏။ သူ့စိတ်မှာလည်း တည်ငြိမ်လာပေပြီ။
သူက ပျင်းကြောဆန့်လိုက်၏။ ထို့နောက် သည်အခန်းထဲ၌ သူ မျက်စိလျှမ်းကာ တစ်ခုခု ကျန်ခဲ့အုံးမလားဟု သေချာ ကြည့်ပြီးမှ တည်တည်ငြိမ်ငြိမ် ပြန်လှမ်းထွက်လာသည်။
ဟန်လိသည် ဒဏ်ရာအပြင်းအထန် ရထားသော ကင်းခြေများ ရှိနေသော နေရာကို ကျော်၍ လျှောက်လာချိန်၌ ထိုသားရဲက မြေပေါ်တွင် လှဲလျောင်းနေတုန်းပင်။ အခုအခါ၌ ၎င်းသားရဲမှာ လုံးဝ အသက်ပျောက်သွားခဲ့ပေပြီ။ ၎င်း၏ခန္ဓာကိုယ်မှ အနက်ရောင်အဆိပ်သွေးများက အိုင်ထွန်းနေပြီး လူအများကို အန့်အောစေမည့် အနံ့စူးစူးကို ပေးစွမ်းနေသည်။ ဟန်လိ ထိုအနံ့ကို ရှုမိသည့်အခါ မူးဝေသွား၏။
ဟန်လိသည် ထိုအဆိပ်၏ သက်ရောက်မှုက လေထဲ၌ ရောယှက်ကာ သက်ရောက်မှု ရှိသည်ကို သိသည့်အခါ မင်သက်သွား၏။ သူက သန့်စင်စိတ်ဝိညာဉ်အမှုန့်ကို မြန်မြန် ထုတ်ကာ သောက်လိုက်ရ၏။ သို့မှသာ သူ၏ မသက်မသာ ခံစားမှုက လျော့ပါးသွားသည်။
သူက ကင်းခြေများနှင့် မီတာနှစ်ဆယ်လောက် အဝေးထိ လျှောက်လာပြီး ရပ်၏။ ထို့နောက် ဓားတိုကို ထုတ်ကာ ခုနစ်ကြိမ်၊ရှစ်ကြိမ်လောက် ၎င်းသားရဲ၏ အလောင်းခန္ဓာကိုယ်ကို ထိုးစိုက်ကြည့်သည်။ ၎င်းသားရဲက လုံးလုံး မလှုပ်တော့သည်ကို မြင်မှ နောက်ဆုံး၌ သူ စိတ်အေးနိုင်ကာ သူ့လမ်းသူ ဆက်လျှောက်တော့သည်။
သို့သော် ခြေလှမ်း အနည်းငယ် လှမ်းပြီးရုံ ရှိသေး ဟန်လိက ခါးကိုင်းကာ လှိုဏ်ဂူကြမ်းပြင်ပေါ်မှ ဓားတိုတစ်လက်ကို စွဲနှုတ်ယူသည်။ သူက လက်နှစ်ချောင်းကို အသုံးပြု၍ ထိုဓား၏အစွန်းပတ်ပတ်လည်ရှိ အနက်ရောင်ရွှံ့များကို သုတ်သည်။ ထိုအခါ ယင်းဓားတိုသည် ချက်ခြင်း ရွှေရောင်တောက်ပလာ၏။ တကယ်တော့ သည်ဓားတိုမှာ ရွှေပိုးတောင်မာဓားသွားအုပ်ထဲမှ ကလေးငယ်ဓားသွားများထဲက တစ်ခု ဖြစ်၏။
ဟန်လိသည် ကင်းခြေများ၏ ဝမ်းဗိုက်ကို အလွယ်တကူ ထိုးခွဲပစ်နိုင်ခဲ့ခြင်းမှာ သူ ပျောက်သွားသည့်အခိုက်၌ ရွှေပိုးတောင်မာဓားသွားအုပ်ထဲမှ ကလေးငယ်ဓားတိုရှစ်ချောင်းကို ဂူ၏ ကြမ်းပြင်ပေါ်တွင် အသွားဖော်ကာ ထိုးစိုက်ထားခဲ့ခြင်းကြောင့်သာ။ သူက သည်ဥမင်လမ်းတစ်လျှောက်၌ အနှီဓားများ၏ ချွန်ထက်သောအပိုင်းကို ထောင်၍ စိုက်ထားခဲ့တာ ဖြစ်၏။
သည်ရွှေရောင်ဓားသွားများက တောက်ပလွန်းသည့်အတွက် ကင်းခြေများက အရင် တွေ့ရှိသွားမှာကို စိုးရိမ်ပြီး ဓား၏အသွားအစွန်းများအပေါ် ရွှံ့မဲများ လိမ်းသုတ်ထားခဲ့၏။ ထိုအခါ သည်ဓားများက လှိုဏ်ဂူထဲရှိ ပိန်းပိန်းမှောင်ခြင်းနှင့် တသားတည်း ဖြစ်သွားခဲ့သည်။ သည်နည်းဖြင့် အနှီကင်းခြေများသည် ဒီထောင်ချောက်ကို သတိပြုမိဖို့ ခက်ခဲသွားခဲ့သည်။
ဟန်လိ နောက်သို့ အသည်းအသန် လိုက်ပါလာသော ကင်းခြေများက အကောင်ကြီးသဖြင့် ၎င်း၏ ဝမ်းဗိုက်မှာ လှိုဏ်ဂူအောက်ခြေနှင့် မလွတ်ဘဲ ဟန်လိ ကြံစည်ထားသော ဓားသွားများ၏ ထိုးခွဲခံခဲ့ရတာ ဖြစ်၏။
ဟန်လိက သူ သတ်ခဲ့သော ကင်းခြေများသည် အဆင့်မြင့်သားရဲကောင်မှန်း မသိသော်လည်း ၎င်း၏ အဆိပ်ကို ထောက်ရှု၍ ထိုသားရဲမှာ အနည်းဆုံးတော့ အလယ်အဆင့်နတ်ဆိုးသားရဲများထဲမှ တစ်ကောင် ဖြစ်လိမ့်မည်ဟုတော့ သူ ခန့်မှန်းမိသည်။ ထို့ကြောင့် ဟန်လိက သည်အဆိပ်ကောင်သားရဲကို သူ့အနေဖြင့် အလွယ်တကူ ရင်ဆိုင်ခဲ့သည့်အပေါ် စိတ်ထဲကနေ အတော်လေး ကျေနပ်နေမိ၏။
အခု သူသည် ခြေလှမ်း ခုနစ်လှမ်း၊ရှစ်လှမ်း တဆက်တည်း လှမ်းကာ ခြေလှမ်းတိုင်းတွင် ခါးညွှတ်၍ ဓားများကို ပြန်ကောက်သိမ်းယူသည်။ နောက်ဆုံး၌ သူသည် ရွှေရောင်ဓားသွားအားလုံးကို သန့်ရှင်းစေပြီး ပြန်သိမ်းဆည်းလိုက်ပြီ ဖြစ်၏။ ထို့နောက် သူက သည်နေရာကနေ ထွက်သွားရန် ဟန်ပြင်ပြီး ကင်းခြေများအလောင်းကို တချက် လှမ်းကြည့်လိုက်သည်။ ထိုအခါ သူသည် ခဏ တွေဝေသွားပြီးနောက် ၎င်းထံ လျှောက်လာသည်။
သူ ကင်းခြေများအလောင်းရှေ့ လျှောက်လာပြီး ယဉ်ကျေးမနေတော့ဘဲ လက်ထဲရှိ ရွှေရောင်ဓားကို သုံးကာ ၎င်း၏ ဦးခေါင်း၊ ခါး၊ အမြှီးပိုင်းတို့ကို ဖြတ်ပိုင်း၏။ အဆုံးသပ်၌ သူက ဒီသားရဲကောင်၏ ကျောပိုင်း၌ အမာကြောဆုံးအခွံကို တွေ့သည်။ သူ့ဓားဖြင့်ပင် ၎င်းကျောခွံထဲ လက်မဝက်မျှသာ ထိုးဖောက်နိုင်၏။ သူက အားထပ်စိုက်ကာ သည်ကျောခွံကို ဖြည်းဖြည်းချင်း ထိုးခွဲသည်။
သည့်နောက် ဟန်လိက ဆက်၍ ချီတုံချတုံ ဖြစ်မနေတော့ပေ။ သူက ချက်ခြင်းပင် ရွှေပိုးတောင်မာဓားသွားအုပ်ကို ပြန်ထုတ်ကာ ကင်းခြေများ၏ နောက်ကျောပိုင်းမှ အခွံကို အားစိုက်ထုတ်ကာ ဖြတ်ပိုင်းသည်။
ပေအနည်းငယ်လောက် ရှိသည့် မာကြောသော ကျောခွံပိုင်းအနည်းငယ်ကို တဆက်တည်း ဖြတ်ပိုင်းထုတ်ယူပြီး သူ၏ သိုလှောင်အိတ်ထဲ သေချာ ထည့်သည်။ ယင်းတို့မှာ ထိပ်တန်းမှော်ပစ္စည်းများ၏ တိုက်ခိုက်မှုကို တစ်ကြိမ်မက ကာကွယ်ပေးနိုင်၏။ ယင်းသို့ မာကြောသော ကျောခွံကို ရဖို့လည်း ခက်ပေ၏။ သည်ကျောခွံကို ချပ်ဝတ်အတွင်းပိုင်း၌ ထည့်သွင်းထားပါက သူ့အတွက် ကျိန်းသေပေါက် အသုံးတည့်မည် မဟုတ်လား။
အမှန်တကယ်တော့ ဟန်လိ၏မူလအစီအစဉ်မှာ သည်ကင်းခြေများ၏ နောကျောခွံတစ်ခုလုံးကို ဖြတ်ထုတ်ပြီး ယူရန် ဖြစ်၏။ သို့သော် သူက ထိုသို့ ပြုလုပ်ပါက အချိန်ပေးရလိမ့်မည်။ ခုလက်ရှိ၌ အချိန် သိပ်မရ ဖြစ်နေ၏။
သို့ဖြစ်၍ ဟန်လိက နောင်တအနည်းငယ်ဖြင့် လှိုဏ်ဂူထဲကနေ ထွက်လာရတော့သည်။ ထို့နောက်တါင် သူသည် နောက်ထပ် ဆေးပင်များ ရိတ်သိမ်းမည်ဟု ကြိုဆုံးဖြတ်ထားသော တည်နေရာထံ ချက်ခြင်း ဦးတည်သွားတော့၏။ ထိုနေရာ၌ မရင့်မှည့်သေးသော ဝိညာဉ်ကောင်းကင်သစ်သီးပင်အချို့ ရှိနိုင်လောက်သည်။
ဟန်လိက သူ့အစီအစဉ်အတိုင်း ဆက်တိုက်လုပ်ဆောင်ကာ မရင့်မှည့်သေးသော ဆေးပင်အမျိုးမျိုးကို စုဆောင်းနေစဉ် လူတိုင်းသိကြသည့် ရင့်မှည့်ပြီး ခူးရန်အဆင့် ဖြစ်နေသော ဆေးပင်များ ရှိသည့်နေရာအချို့တွင် ထိပ်တန်းတပည့်များကြား ပဋိပက္ခများ ဖြစ်နေလေပြီ။ ထို့အပြင် လူ သိပ်မသိသော ရင့်မှည့်ပြီး ဆေးပင်များ၏ တည်နေရာအချို့ကို သိသော် သူများလည်း ရှိကြ၏။ ဂိုဏ်းအသီးသီးမှ ကျွမ်းကျင်သူများ၏ ကြီးမားသော ပဋိပက္ခတိုက်ပွဲများမှာ အင်မတန် ပြင်းထန်လှသည်။
ဟန်လိ၏ အနောက်တောင်ဘက်တွင် ရှိသော တောင်ကြားတစ်ခုအတွင်း၌ ခုလက်ရှိတွင် လူသုံးယောက် ရှိနေ၏။ သူတို့တစ်ယောက်ချင်းစီက တစ်ဦးနှင့်တစ်ဦးထံ ခရမ်းမျောက်ပန်းပင်ကို လက်လွှတ်ပေးဖို့ ဆန္ဒမရှိကြပေ။
ဒီခရမ်းမျောက်ပန်းပင်နှစ်ပင်က ရင့်မှည့်နေပြီ ဖြစ်၏။ သည်ပန်းပင်တို့၏ အရောင်မှာ မိုးပြာရောင်ထက် ခရမ်းရောင်က ပိုပိုကဲကဲ ရှိနေ၏။ ထိုပန်းပင်နှစ်ခု၏ ရှေ့၌ ထူးခြားသော သမင်သားရဲတစ်ကောင် ရှိနေ၏။ ၎င်း၏ခန္ဓာကိုယ်မှာ နှစ်ပိုင်းကွဲနေပြီး သွေးအိုင်ထဲ၌ လဲနေသည်။ ၎င်းသားရဲ သေသွားတာ ကြာမှန်း သိသာ၏။
ထိုထူးခြားသောသားရဲ၏ မနီးမဝေးတွင် လူသုံးယောက် တြိဂံပုံ မျက်နှာချင်းဆိုင်နေသည်။ သူတို့တစ်ယောက်ချင်းစီက မတူညီသော ဝတ်စုံများဖြင့်ပင်။ သို့ပေမည့် မည်သူကမျှ လှုပ်ရှားမှု မပြုသေးပေ။ သူတို့က တစ်ယောက်နှင့်တစ်ယောက် ရှိန်နေကြသည့်အလား။
“မင်းတို့နှစ်ယောက်က ဘာဖြစ်ချင်တာလဲ။ ဒီမီးတောက်သမင်ကို ငါ သတ်ခဲ့တာ။ ဒါ့ကြောင့် ဒီစိတ်ဝိညာဉ်ဆေးပင်ကိုလည်း ငါပဲ ရသင့်တယ်…”
နောက်ဆုံး၌ တစ်ယောက်က မကျေမချမ်းအပြည့်ဖြင့် စကားပြောလာခဲ့ပြီ။
ထိုသို့ ပြောလိုက်သူမှာ အသက်နှစ်ဆယ်လောက် ရှိမည်။ သူက အပြာရောင်ဝတ်စုံကို ဝတ်ထား၏။ သူက ပိန်ပိန်ပါးပါးဖြင့် ရုပ်ချောသော သွင်ပြင် ရှိသည်။ သူ့လက်တစ်ဖက်၌ မိုးပြာရောင်လက်ဝါးကပ်တိုင်တစ်ခု၊ နောက်လက်တစ်ဖက်၌ အဝါရောင်ပုလဲတစ်လုံးတို့ကို ကိုင်ဆောင်ထားသည်။ သည်ပစ္စည်းနှစ်ခုလုံးမှာ စိတ်ဝိညာဉ်အလင်းဖြင့် တောက်ပနေ၏။ ထိုလူငယ်က ထူးခြားသော အဆင့်မြင့်နတ်ဆိုးသားရဲကို ကိုယ်တိုင် သတ်နိုင်ခဲ့တာ အံ့အားသင့်စရာ မရှိတော့ပေ။
“တာအိုရောင်းရင်း…ကျုပ်တို့ ဒီနေ့ ဆုံရလိမ့်မယ်လို့ မထင်ထားမိဘူး။ ကျုပ်တို့နှစ်ယောက်လုံးဟာ ရေစက်ပါလောက်တယ်…”
သည်တခါ စကားဆိုလာသူက မိုးပြာရောင်ဝတ်စုံကို ဝတ်ထားသော အသက်ကြီးကြီး လူတစ်ယောက် ဖြစ်၏။ သူ့လက်ထဲ၌ တောင်ဝှေးတစ်ချောင်းကို အားပြု ကိုင်ထားသည်။ သူက လူငယ်၏ အမေးကို အသိအမှတ်ပြုတာ မဟုတ်ပေ။ ထိုအစား တခြား သက်လတ်ပိုင်းအရွယ်ရှိသော တာအိုရသေ့ကို စကားလှမ်းပြောတာသာ။
“ဟုတ်ပါတယ်။ ကျုပ်လည်း အရှင်လီနဲ့ ဒီကနေ့ ထပ်ဆုံရလိမ့်မယ်လို့ မထင်မိတာ အမှန်ပဲ…”
တာအိုရသေ့က တည်ငြိမ်သောဟန်ပန်ဖြင့် ပြောလိုက်၏။ သူက ဓားအိမ်နှင့်အတူ ရိုးရှင်းသော ဓားရှည်တစ်လက်ကို လွယ်ထား၏။ သူက လူငယ့်ကို တစ်ချက်လေးပင် မကြည့်ပေ။
မျှော်စင်ရဲတိုက်မှ လူငယ်က ဒေါသပုန်ထနေပေပြီ။ သူ၏ အရည်အချင်းမှာ သာမန် မဟုတ်ပေ။ သူ့မိသားစု နောက်ခံမှာလည်း မြင့်မား၏။ သူ၏ရုပ်သွင်မှာလည်း ချောမောသည်။ သူသည် ဘယ်နေရာသွားသွား တခြားသူများ၏ အာရုံစိုက်ခြင်းကို ခံရသူ ဖြစ်သည်။ သို့သော် အခုအခါ၌ သူသည် ထိုနှစ်ယောက်၏ အခုလိုနည်းလမ်းဖြင့် အရှက်ခွဲတာကို ခံနေရသည်။ သူ့အနေဖြင့် ဒေါသပုန်မထဘဲ ဘယ်နေပါ့မည်နည်း။
သူက တစ်ခုခု ပြောရန် ဟန်ပြင်၏။ သို့သော် အဘိုးအိုနှင့် တာအိုရသေ့တို့ထံမှ စကားများက သူ့ကို မျက်နှာပျက်ယွင်းသွားစေ၏။ သူသည် ကြောက်လန့်လာသည်။
“ပြီးခဲ့တာကို ပြန်ပြောမနေတော့ဘူး။ ဒီနေ့ ဒီနေရာမှ စိတ်ဝိညာဉ်ဆေးပင်နှစ်ပင် ရှိတယ်။ ကျုပ်တို့နှစ်ယောက် အညီအမျှ ခွဲဝေကြတာပေါ့။ တစ်ယောက်တစ်ပင်ဆို ဘယ်လိုလဲ…”
ထိုအဘိုးအိုက အပိုစကားများ ပြောမနေတော့ဘဲ ဗလာသန့်စင်ဂိုဏ်းမှ တာအိုရသေ့ကို သူနှင့် ပူးပေါင်းကာ စိတ်ဝိညာဉ်ဆေးပင်ကို ခွဲဝေကြမည်ဟု ဆိုသည်။
သက်လတ်ပိုင်းအရွယ် တာအိုရသေ့က ဒီစကားကို ကြားသည့်အခါ အံ့အားသင့်မသွားပေ။ သူက ခေါင်းညိတ်ကာ သဘောတူ၏။ “ဒီလိုပဲ ဖြစ်သင့်ပါတယ်လေ….။ ကျုပ်တို့ ခွန်အားက သူမသာကိုယ်မသာမလား။ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ရရင်တောင် နှစ်ယောက်လုံး ဒဏ်ရာ အများအပြား ရတာနဲ့ အဆုံးသပ်သွားလိမ့်မယ်။ ဒါ့ကြောင့် ခင်ဗျားပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့။ ကျုပ် ဘာမှ ကန့်ကွက်စရာ မရှိဘူး…”
သူ့ရှေ့မှ လူနှစ်ယောက်၏ အပြန်အလှန် ပြောစကားများကို လူငယ်က ရှင်းလင်းစွာ ကြား၏။ သူက လန့်လည်းလန့်မိသလို ဒေါသလည်း ဖြစ်မိ၏။
သူ၏ မှော်ပစ္စည်းများက အင်မတန် အစွမ်းထက်သည်ကို သူ သိသော်လည်း ထိုနှစ်ယောက် ပူးပေါင်းတိုက်ခိုက်ပါက သူ မယှဉ်သာဟု ခံစားမိ၏။ သို့သော်လည်း သူက သူ ရခါနီး ဒီစိတ်ဝိညာဉ်ဆေးပင်နှစ်ပင်ကို လက်မလွှတ်ချင်ပေ။
သူ့ခေါင်းထဲ၌ အလျင်စလို အကြံထုတ်ပြီးနောက် လူငယ်က နောက်သို့ ဖြတ်ခနဲ ရွှေ့လျားလိုက်၏။ စိတ်ဝိညာဉ်ဆေးပင်နှစ်ပင်ထံ တိုက်ရိုက် တိုးဝင်လာတာ ဖြစ်၏။ သူက သည်ဆေးပင်များကို အမြန်ခူးယူကာ အဝေးသို့ ချက်ခြင်း ထွက်ပြေးချင်နေတာ ဖြစ်သည်။
“မင်းက သေချင်နေတာပဲ…”
လူငယ် ဖြတ်ခနဲ လှုပ်ရှားသည်နှင့် မိုးပြာရောင်ဝတ်စုံနှင့်အကြီးအကဲက သူ့လက်ထဲရှိ တောင်ဝှေးကို ချက်ခြင်း ပစ်သွင်းလိုက်သည်။ ၎င်းက မိုးပြာရောင်အလင်းတန်းအဖြစ် ပြောင်းကာ လူငယ့်ထံ တိုးဝင်လာ၏။ ၎င်းတောင်ဝှေးက မြန်လှ၏။ ၎င်းက စက္ကန့်ပိုင်းအတွင်း လူငယ်၏ ရှေ့သို့ ရောက်သွားကာ သူ၏လမ်းကို ပိတ်ပစ်သည်။
လူငယ်သည် မင်သက်ထိတ်ပျာသွား၏။ ထို မှော်ပစ္စည်းက အဘယ်ကြောင့် ခုလောက် မြန်နေရသနည်း။ သို့သော် ကိစ္စများက ခုလောက်ထိ ဖြစ်လာမှတော့ သူက ဘယ်လက်ကို ပင့်မြှောက်လိုက်သည်။ သူ၏ မိုးပြာရောင်လက်ဝါးကပ်တိုင်က တောင်ဝှေးနှင့် ထိပ်တိုက်တွေ့သည်။ သို့သော် သူက ရပ်မည့်ပုံ မရပေ။ ရှေ့သို့ ဆက်လာ၏။ စိတ်ဝိညာဉ်ဆေးပင်ကို မဖမ်းဆုပ်နိုင်ခင် လက်လျှော့မည့်ပုံ မရပေ။
“မိတ်ဆွေလေး…မင်း နောက်ကျသွားပြီ။ မင်းအနေနဲ့ ဒီကနေ မြန်မြန် ထွက်သွားတာ အကောင်းဆုံးပဲ။ ဒီကနေ့ ဒီတာအိုရသေ့က မင်းကို သတ်ရအောင် မလုပ်နဲ့…”
လူငယ်၏ နောက်မှ တည်ငြိမ်သော အသံ ထွက်ပေါ်လာသည်။ လူငယ်မှာ လိပ်ပြာလွင့်မတတ် ထိတ်လန့်သွား၏။
သူ့မျက်နှာမှာ သေလောက်အောင် ဖြူရောသွားသည်။ သူက ခေါင်းလှည့်ကြည့်သည်။ တာအိုရသေ့က သူနှင့် သုံးမီတာအကွာတွင် ရောက်နေတာ အသေအချာပင်။ ထိုတာအိုရသေ့က သူ့ကို ကြည့်ကာ ရယ်မောနေ၏။
ထိတ်လန့်နေပြီ ဖြစ်သော လူငယ်က စကားထပ်မဆိုတော့ပေ။ သူက ချက်ခြင်း ပြန်လှည့်ကာ တောင်ကြားအပြင်သို့ တဟုန်ထိုး ထွက်ပြေးတော့၏။ သူသည် နောက်သို့ ခေါင်းလှည့်ကာ တစ်ချက်လေးပင် မကြည့်ဝံ့တော့ပေ။ ထိုနှစ်ယောက်နှင့် သူ့ကြားရှိ ခွန်အားကွာဟမှုကို သူ သိ၏။ စိတ်ဝိညာဉ်ဆေးပင်အတွက် ဆက်၍ တိုက်ခိုက်ခြင်းက သူ့သေတွင်းသူ တူးခြင်းသာ ဖြစ်ပေလိမ့်မည်။ တဖက်ရန်သူက သူ့ကို ထွက်ပြေးခွင့်ပေးသည်ကပင် ယုံဖို့ ခက်နေပြီ ဖြစ်၏။
“ဟားဟား…ရောင်းရင်းတာအိုရသေ့ရဲ့ မြေခွေးခြေလှမ်းက အရင်ကထက် အများကြီး ပိုအစွမ်းထက်လာတာပဲ။ တကယ့်ကို ပြီးပြည့်စုံနေပြီပဲ…”
တာအိုရသေ့က လူငယ့်ကို ထွက်ပြေးခွင့်ပြုတာကို အဘိုးအိုက မြင်၏။ ထိုသည်အပေါ် သူ့အနေဖြင့် ထူးခြားသည်ဟု ခံစားမိသည်။ သို့သော်လည်း သူက ထိုလူငယ်ကို ဟန့်တားမနေတော့ပေ။ ထိုအစား သူက တဖက်သူအပေါ် ချီးကျူးစကား ဆိုသည်။
“ဘာမှ မဟုတ်တာလေးပါ။ ဒါက အဆင့်ငယ်ပြီးမြောက်မှုပဲ ရှိပါသေးတယ်…”
တာအိုရသေ့က ပျောက်ကွယ်သွားသော လူငယ်၏ နောက်ကျောကို မထူးခြားနားဟန်ဖြင့် လှမ်းကြည့်ပြီး ပျင်းရိပျင်းတွဲဟန်ဖြင့် ပြောလိုက်သည်။