ချန်မောင်နှစ်မ
Vol. 15 Ch. 199
“အရှင်လီက ကျုပ် ဟိုကောင်လေးကို ထွက်သွားခွင့် ပေးလိုက်တဲ့အပေါ် စိတ်ရှုပ်ထွေးနေတာ မလား…” တာအိုရသေ့က ခဏတာ တိတ်ဆိတ်နေပြီးနောက် ရုတ်တရက် ထိုသို့ ပြောလာသည်။
“ဟားဟား…နည်းနည်းပါ။ ဒီကောင်လေးရဲ့ မှော်ပစ္စည်းတွေက တော်တော်လေး ကောင်းတယ်။ ကျုပ်တောင် ဒါတွေကို မြင်တော့ လိုချင်မိသွားသေးတယ်…”
ထိုအဘိုးအိုက ပွင့်ပွင့်လင်းလင်း ပြော၏။ သူ၏အတွေးကို ဖုံးကွယ်မထားပေ။
“အရှင်လီ ဒီအတွေးကို မြန်မြန် စွန့်ပစ်သင့်တယ်။ သူ့ကို သတ်လို့ မရနိုင်ဘူး…” တာအိုရသေ့က သတိထားဟန်ဖြင့် ထိုသို့ ပြောသည်။ သူက မျက်မှောင်ကြုံ့သွား၏။
မိုးပြာရောင်ဝတ်စုံနှင့် အဘိုးအိုက သည်စကားကို ကြားသည့်အခါ သူ့မျက်နှာထက်တွင် သံသယဝင်ဟန် ဖြစ်ပေါ်သွား၏။ သို့သော် သူက ဘာမျှ ထပ်မမေးတော့ပေ။ တာအိုရသေ့က အကြောင်းရှိ၍ ထိုသို့ ပြောမှန်း သူ သိသည်။ သူက ခဏနေ သည်အကြောင်းရင်းကို သိရလိမ့်မည် ဖြစ်၏။
မျှော်လင်ထားသည့်အတိုင်းပင် တာအိုရသေ့က ဆက်၍ ပြောလာ၏။ “အဲ့လူငယ်လေးက ကောင်းကင်မျှော်စင်ရဲတိုက်ရဲ့ မာယွမ်လုံနဲ့ ပတ်သတ်မှု ရှိတယ်။ ဒါ့ကြောင့် သူ့ကို အလျင်စလို ရန်မစမိတာ အကောင်းဆုံးပဲ…”
အဘိုးအိုက ထိုစကားကို ကြားသည့်အခါ စိတ်လှုပ်ရှားသွား၏။ သူက အံ့အားတသင့် မပြောမိဘဲ မနေနိုင် ဖြစ်ရသည်။
“ရောင်းရင်းဆိုလိုတာက အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ဝင်ရောက်နိုင်ချေ အရှိဆုံး၊ လွန်ခဲ့တဲ့နှစ်တစ်ရာက မျှော်စင်ရဲတိုက်ရဲ့ မာယွမ်လုံလား…”
တာအိုရသေ့က ခါးသီးစွာ ရယ်မော၍ သက်ပြင်းချကာ ပြောသည်။ “အဲ့လူမဟုတ်ရင် ဘယ်သူ ရှိအုံးမှာလဲ။ ကျုပ် သူ့ကို အကြိမ်အနည်းငယ် မြင်ဖူးတယ်။ ခု ဒီလူငယ်လေးရဲ့ လက်ထဲမှ ကိုင်ထားတဲ့ ပုလဲဟာ အဲ့လူရဲ့ ကျော်ကြားတဲ့ မှော်ပစ္စည်းပဲ။ ဒါ့ကြောင့် ကျုပ် မမှားနိုင်ဘူး…။ ဒါ့ကြောင့် အဲ့ကောင်လေးဟာ မာယွမ်လုံနဲ့ ပတ်သတ်မှု ကြီးကြီးမားမား ရှိလိမ့်မယ်။ ဒါ့ကြောင့် ကျုပ်တို့ ဒီကောင်လေးကို သွားမထိတာ အကောင်းဆုံးပဲ…”
“ဟုတ်ပါပြီ။ တာအိုရောင်းရင်းရဲ့ သတိပေးမှုအတွက် ကျေးဇူးပါ။ မဟုတ်ရင် ကျုပ် အမှားကြီး လုပ်မိတော့မလို့။ ဟူး..ကျုပ်တို့ တတ်နိုင်သမျှ ဒီစိတ်ဝိညာဉ်ဆေးပင်တွေကို စောစောစီးစီး စုဆောင်းတာ အကောင်းဆုံးပဲ။ ကျုပ်တို့ နောက်ထပ် မထင်ထားတဲ့ ဧည့်သည်တွေ ထပ်ရောက်လာမှာကို မလိုချင်ဘူးမလား…”
ထိုအဘိုးအိုက ဤသို့ ချက်ခြင်း အကြံပြု၏။
တာအိုရသေ့က ဝမ်းသာအားရ သဘောတူသည်။ ထို့နောက်တွင် သူတို့နှစ်ယောက်က ခရမ်းမျောက်ပန်းပင်တစ်ပင်စီကို ခွဲယူကာ ချက်ခြင်း လမ်းခွဲကာ ထွက်သွားကြ၏။
တခြားနေရာအချို့တွင်လည်း အလားတူမြင်ကွင်းများ ဖြစ်နေပေ၏။ ဂိုဏ်းအသီးသီး၏ တပည့်များကြား ထိပ်တိုက်တွေ့နေကြပေပြီ။
တောင်တန်းတစ်ခုပေါ်ရှိ တစ်ခုသော ကျောက်သားခန်းမဘေးတွင်လည်း လူလေးယောက်သည် မှော်ပစ္စည်းများကို ထိန်းချုပ်ကာ တိုက်ခိုက်နေကြ၏။ သူတို့က မတူညီသော ဝတ်စုံများကို ဝတ်ထားကြသည်။
သူတို့ထဲ၌ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ကမူ အဝါရောင်ဝတ်စုံကို ဝတ်ထား၏။ သူတို့က အဝါရောင်မေပယ်တောင်ကြား၏ တပည့်များ ဖြစ်သည်။
အမျိုးသားဖြစ်သူက အသက်လေးဆယ်လောက် ရှိမည်။ ပညာတတ်ဟန်ပန် ပေါ်၏။ သူ့လက်ထဲ၌ ငွေရောင်တောက်တောက် စုတ်တံတစ်ချောင်းကို ကိုင်ထား၏။ သူ့လက်ဝါးအလယ်တွင် တောက်ပလင်းလက်သော စာအုပ်တစ်အုပ်လည်း ရှိသည်။ လက်ဝေ့ယမ်းသည်နှင့် ငွေရောင်အမှတ်အသားများနှင့် ရွှေရောင်အလင်းတို့သည် ရန်သူနှစ်ယောက်ကို ထိုးနှက်တိုက်ခိုက်နေသည်။ ထိုအမျိုးသား၏ တိုက်ခိုက်မှုကြောင့် ရန်သူနှစ်ယောက်၏ နောက်ကျောတွင် ချွေးပြန်နေလေပြီ။ သူတို့က မျက်စိပျက်မျက်နှာပျက် ဖြစ်နေကြ၏။
ငယ်ရွယ်လှပသော အမျိုးသမီးငယ်ကမူ အပြာနှင့်အဝါရောင် ဓားပျံအတွဲကို ထိန်းချုပ်ကာ ဘေးကနေ ပံ့ပိုးကာ တိုက်ခိုက်နေ၏။ သူမ၏ ခွန်အားက ရန်သူတော်နှစ်ယောက်ထက် အားနည်းတာ သိသာသည်။ တကယ်တော့ သည်တိုက်ပွဲ၌ သူမက အသုံးမဝင်ပေ။ သူမ၏ အစွမ်းထက်သော ဂိုဏ်းဖော်အစ်ကိုက သူမကို နှစ်ကြိမ်တိတိ ကယ်တင်ခဲ့ရသေး၏။
သို့ပေမည့် သူတို့၏ ရန်သူနှစ်ယောက်ကမူ တူညီသောဂိုဏ်းမှ မဟုတ်ကြပေ။
သူတို့ထဲမှ တစ်ယောက်က အစိမ်းရောင်အလင်းမျက်နှာဖုံးကို ဝတ်ထားကာ မြွေပျံနှင့် ပျားနှင့် ဆင်တူသောအင်းဆက်တအုပ်ကို ထိန်းချုပ်ကာ ခုခံတိုက်ခိုက်နေ၏။ ထိုသူသည် အဝါရောင်မေပယ်တောင်ကြားမှ အမျိုးသား၏ အကြမ်းပတမ်း တိုက်ခိုက်မှုများကို ခုခံနေရသည်။ ထိုသူက ဟန်လိနှင့် သတင်းချင်း ဖလှယ်ခဲ့သော ဝိညာဉ်သားရဲတောင်မှ ရုပ်စိုးစိုးနှင့်ကျုံးဝူ ဖြစ်၏။
(T/N - ရှေ့အခန်းတွေတုန်းက မူရင်း E မှာ ကျုံးဝူဟု ဖော်ပြထားပြီး အခုအခန်းတွင် ကျုံးယွဲ့ဟု ပြောင်းသွားပါသည်။ ရှေ့အခန်းတွေမှာ ပြန်ခဲ့သည့်အတိုင်း ကျုံးဝူဟူသာ ဆက်ဖော်ပြပါမည်။ )
နောက်တစ်ယောက်ကမူ အတော်လေး ကြည့်ကောင်းသော လူငယ်တစ်ယောက် ဖြစ်၏။ သူက ဓားဆိပ်ကမ်းဂိုဏ်းမှ တပည့်တစ်ယောက် ဖြစ်ပုံ ရသည်။
သူ့ရှေ့၌ အနီရောင်ဓားတိုနှစ်လက်က ရွှေ့လျားနေ၏။ အလင်းတန်းများကို အဘက်ဘက်သို့ ဖြန့်ထွက်စေသည်။ တစ်ချက်ကြည့်ရုံဖြင့် သည်ဓားနှစ်လက်က သာမန်မဟုတ်မှန်း သိနိုင်သည်။ အစတုန်းက တိုက်စစ်၌ အသုံးပြုရန်ရသော အနှီဓားတိုနှစ်လက်က လူငယ့်ရှေ့တွင် အလင်းလိုက်ကာစနှယ် ဖြစ်လာကာ ငွေရောင်အမှတ်အသားများကို ခုခံတားဆီးပေးသည်။
“တိုက်ခိုက်တာ ရပ်လိုက်တော့…ကျုပ်တို့နှစ်ယောက် လက်နက်ချတယ်။ ချန်ဆိုတဲ့ တစ်ယောက် ဒီကျောက်သားအခန်းထဲက စိတ်ဝိညာဉ်မြက်ပင်တွေက မင်းရဲ့ အပိုင်ပဲ…”
ဓားဆိပ်ကမ်းမှ လူငယ်သည် ဆက်၍ တောင့်မခံထားနိုင်တော့ပေ။ နောက်ဆုံး၌ သူက အရှုံးပေးရန် ပါးစပ်ကနေပါ ပြောလာ၏။
သူ့ဘေးမှ ကျုံးဝူက သည်စကားကို ကြားသည့်အခါ အလိုအကျဟန် ဖြစ်ပေါ်သော်လည်း လူငယ်၏ စကားကို မငြင်းဆန်ပေ။ သူက မြွေပျံနှင့် အင်းဆက်အုပ်ကို သူ့နား ပြန်ဆင့်ခေါ်သည်။
“ဟက်…ငါတို့က နင်တို့ အရှုံးပေးတယ် ပြောတာနဲ့ အလျှော့ပေးလိုက်ရမှာလား…”
အားအနည်းဆုံးဖြစ်သော အဝါရောင်မေပယ်တောင်ကြားမှ အမျိုးသမီးက သူမ၏ ဆံနွယ်ရှည်များကို နှဖူးပေါ် ပင့်သက်ရင်း သဘောမတူဟန်ဖြင့် ပြောလိုက်၏။ အစောပိုင်းတည်းက သူမသည် လုံးဝ လစ်လျူရှုထားခဲ့ရ၏။ သို့ဖြစ်၍ သူမသည် ဒေါသပုန်ထကာ မကျေမချမ်း ဖြစ်နေပေသည်။ ထို့ကြောင့် သူမ၏လေသံက အတော်လေး ကြမ်းတမ်းကာ ရန်လိုနေ၏။
“နင်က ဘာလုပ်ချင်တာလဲ။ နင်က တကယ်ပဲ ဒီတိုက်ပွဲကို မရပ်စေချင်ဘူးလား။ နင် အဲ့လို လုပ်နိုင်စွမ်း မရှိမှာ ငါ စိုးမိတယ်…”
ဓားဆိပ်ကမ်းမှ လူငယ်က အာခေါင်ခြစ်ကာ ထအော်၏။ သူသည် လန့်ဖျပ်ကာ ထအော်သော မိန်းကလေးငယ်တစ်ယောက်ကဲ့သို့ ပြန်တုန့်ပြန်လိုက်သည့်အလား။ သို့ဖြစ်၍ ကျန်သုံးယောက်လုံးမှာ ကြက်သီးမွေးညင်းပါ ထသွားမိသည်။
“ကျုပ်တို့ ဘာလို့ လက်မခံရမှာလဲ။ ကျုပ် ညီမခုနစ်က ဒေါသထွက်လို့ ပြောလိုက်တာပါ…။ ခင်ဗျားတို့နှစ်ယောက် စိတ်အေးလက်သာ ထွက်သွားနိုင်တယ်။ ဒီချန်က ခင်ဗျားတို့လမ်းကို ကျိန်းသေပေါက် မနှောက်ယှက်ပါဘူး…”
အဝါရောင်မေပယ်တောင်ကြားမှ သက်လတ်ပိုင်းအရွယ်လူငယ်က မျက်မှောင် အနည်းငယ် ကြုံ့ကာ ထိုသို့ ပြောလိုက်သည်။ သူက ချက်ခြင်းပင် သူ့ညီမဖြစ်သူကို နောက်ထပ် မလိုအားအပ်သော စကားများကို ထပ်မပြောရန် တချက်လှမ်းကြည့်ကာ သတိပေးသည်။
“ဟားဟား…အစ်ကိုချန်က ချန်ဂိုဏ်းရဲ့ မင်းသားဆိုတဲ့ အမည်နဲ့ ထိုက်တန်တဲ့သူပဲ။ ခင်ဗျားရဲ့ ဟန်ပန်က တချို့မိန်းကလေးတွေနဲ့ အများကြီး ကွာတယ်…။ ဒီလိုဆိုတော့လည်း ကျုပ်တို့ ထွက်သွားပါတော့မယ်…”
ဓားဆိပ်ကမ်းမှ လူငယ်က အေးအေးတည်ငြိမ်စွာ ပြန်ပြောလိုက်၏။ သူ၏ အသံမှာ ပုံမှန်ပြန်ဖြစ်သွား၏။ သည်အခိုက်၌ သူသည် ရုပ်ချောကာ ကျက်သရေရှိသည့် မင်းသားတစ်ပါး ပြန်ဖြစ်သွားသည့်နှယ်။ ထိုကဲ့သို့ ဆန့်ကျင်ဘက် ဖြစ်လှသော အမူဟန်ပန်နှင့် စကားလေသံတို့က လူအများကို မျက်လုံးပြူးသွားစေလောက်၏။
ထိုသို့ ပြောပြီးနောက် ယင်းလူငယ်နှင့် ကျုံးဝူတို့သည် ဘေးတစ်ဖက်ရှိ ကျောက်သားခန်းမထံ မခွဲချင်မခွာချင်ဟန်ဖြင့် တချက်လှမ်းကြည့်သည်။ ထို့နောက် သူတို့သည် စိတ်နှလုံးနာကျင်မှုနှင့်အတူ သည်နေရာကနေ ထွက်သွားကြ၏။ သူတို့က တောင်အနောက်ဘက် ကျောက်စိုင်ကျောက်ခဲများ၏ နောက်သို့ သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။
“အစ်ကိုကြီး…နင်…အဲ့နှစ်ယောက်ကို ဘာလို့ မသတ်ပစ်ရတာလဲ။ ညီမတို့ နောက်ထပ် အားထပ်စိုက်တာနဲ့ ဒီနှစ်ယောက်ကို သုတ်သင်နိုင်တော့မှာကို…”
ထိုနှစ်ယောက် ထွက်ခွာသွားသည့်နောက် လှပသောအမျိုးသမီးငယ်က သူမ၏အစ်ကိုဖြစ်သူထံ မကျေမချမ်းဖြင့် မေးလာ၏။
“ညီမခုနစ်…ဟို မတော်တဆမှု ဖြစ်ပြီးတည်းက ညီမဟာ အတော်လေး အစွန်းရောက်သွားခဲ့တယ်။ တခြားသူတွေရဲ့ အသက်ကို လွယ်လွယ်နဲ့ သတ်ပစ်ချင်နေတယ်။ ဒါပေမဲ့ အဲ့နှစ်ယောက်က ဘယ်သူလဲဆိုတာ ညီမလေး သိလား။ သူတို့နှစ်ယောက်လုံးဟာ ကျော်ကြားပြီး နောက်ခံမိသားစုလည်း တောင့်တင်းတယ်။ သူတို့က ငါတို့ ယန်၊ ချန်နဲ့ တခြားဂိုဏ်းကြီးတွေနဲ့ အဆင့်ကွာနေပေမယ့်လည်း သူတို့ကို လွယ်လွယ် အထင်သေးလို့တော့ မရဘူး…။ အလျင်စလိုနဲ့ ရန်ငြှိုးမဖွဲ့တာ အကောင်းဆုံးပဲ…”
“ဒါ့အပြင်…ငါတို့က သူတို့ကို အမှန်တကယ် သတ်မယ်ဆို မအောင်မြင်ဖို့ များတယ်။ ရွှေရောင်စာအုပ်နဲ့ ငွေရောင်စုတ်တံတို့က သူတို့ကို ဘေးကြပ်နံကြပ် ဖြစ်စေတယ်ဆိုပေမဲ့ အဲ့တာဟာ သူတို့ ထွက်မပြေးချင်လို့ပဲ။ ငါကသာ သူတို့ကို တကယ်သတ်ချင်တဲ့ပုံစံ တိုက်ခိုက်လာရင် အဲ့ကောင်တွေက အရူးမှ မဟုတ်တာ။ ချက်ခြင်း ထွက်ပြေးကြလိမ့်မယ်။ အဲ့ကျရင် ငါ့ရဲ့ ရွှေရောင်စာအုပ်နဲ့ ငွေရောင်စုတ်တံတို့က ဒီ့ထက် ပိုအားကောင်းခဲ့ရင်တောင် ငါလည်း သူတို့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ရန်ငြှိုးတစ်ခု ရှိသွားတာပဲ အဖက်တင်လိမ့်မယ်…”
အဝါရောင်မေပယ်တောင်ကြားမှ သက်လတ်ပိုင်းလူသည် သူ့ညီမဖြစ်သူကို အေးအေးရှင်းပြသည်။ ထိုအခါ အမျိုးသမီးငယ်သည် ရုတ်တရက် အသိအမြင်သစ်တစ်ခု ရသွားခဲ့၏။
“အို…ဟုတ်ပါရဲ့…ဒါနဲ့ ညီမခုနစ်…။ လုဂိုဏ်းက အဲ့ခွေးကောင်ရော နင့်ကို မကောင်းကြံပြီးတဲ့နောက် ထပ်မတွေ့ရတော့ဘူး။ ကြည့်ရတာ နင့်ကို ကယ်ခဲ့တဲ့သူက အဲ့ကောင်ကို သတ်ပစ်ခဲ့တာ ဖြစ်လောက်တယ်။ အဲ့လိုဆိုရင်တော့ အဲ့ကောင် ကံကောင်းသွားခဲ့တာ။ မဟုတ်ရင် ငါက သူ့ကို သေတာထက် ဆိုးတဲ့အရသာ ခံစားသွားရအောင် လုပ်ပစ်မလို့။
“ဒါပေမဲ့ နင့်ကို ကယ်ခဲ့တဲ့သူနဲ့ပတ်သတ်ပြီးတော့ စဉ်းစားလို့ မရဘူး။ အဲ့အချိန်တုန်းက ငါတို့ ဂိုဏ်းက ပျောက်နေတဲ့ တပည့်တွေအကြောင်း အတော်လေး အားစိုက်ထုတ်ပြီး သေချာ စုံစမ်းကြည့်သေးတယ်။ ဒါပေမဲ့ အဆုံးသပ်မှာတော့ အဲ့တပည့်တွေထဲမှ လုဂိုဏ်းက ကောင်ကို ချိန်းခြောက်နိုင်တဲ့သူ ဘယ်သူမျှ ရှိမနေဘူး…”
“လုဂိုဏ်းက ခွေးကောင်ရဲ့ စွမ်းအားက ဘာမှ မဟုတ်ပေမယ့် သူ့ရဲ့ အဇူရာနဂါးအလံက အတော်လေး ကောင်းမွန်လှတဲ့ ထိပ်တန်းမှော်လက်နက်တစ်ခုပဲ။ ဒါ့ကြောင့် သူ့လက်ထဲကနေ နင့်ကို ကယ်ခဲ့တဲ့သူဟာ သေချာပေါက် အားနည်းလိမ့်မှာ မဟုတ်ဘူး။ ဂိုဏ်းအပြင်က ဖြတ်သားဖြတ်လာ ကျင့်ကြံသူတစ်ယောက်ယောက်များ ဖြစ်နေမလား…”
ထိုသူ၏ လေသံအရ သူ့ညီမခုနစ်အပေါ် အတော်လေး ဂရုစိုက်တာ သိသာ၏။
တကယ်တော့ သည်ညီမခုနစ်ဆိုသော မိန်းမလှမှာ အစတုန်းကနှင့်မတူဘဲ အေးတိအေးစက် ဖြစ်လာသော အဝါရောင်မေပယ်တောင်ကြားမှ ဂျူနီယာညီမချန်ပင်။ သူမရှေ့မှ သူက သူမ၏အစ်ကိုကြီး ဖြစ်၍ ခုချိန်၌ သူမ၏ အေးစက်စက်ဟန်ပန်မှာ မရှိနေဘဲ နဂိုဟန်ပန်အတိုင်း ရှိနေ၏။ သူမက အစ်ကိုဖြစ်သူ၏ စကားများကို ကြားသည့်အခါ သူမ၏မျက်နှာသည် ချက်ခြင်း နီမြန်းသွားပြီး ဒေါသတကြီး ပြောလာ၏။
“ဟွန်း…အစ်ကိုက အဲ့ကောင်အကြောင်း ဘာလို့ လာပြောနေရတာလဲ။ သူက ညီမကို ကယ်ခဲ့တာတော့ မှန်တယ်။ အဲ့တော့ ဘာဖြစ်လဲ။ သူက ညီမကို လူသူကင်းမဲ့တဲ့ နေရာမှာ တစ်ယောက်တည်း ထားခဲ့တယ်လေ။ ဒါတင် မကသေးဘူး။ သူက ညီမရှိက အခြေခံတည်ဆောက်ခြင်းဆေးလုံးကိုပါ ယူသွားပြီး ကံကောင်းလို့ လွတ်သွားခဲ့တာ။ ဒါ့ကြောင့် သူလည်း လူကောင်းတော့ ဟုတ်ဟန်မတူဘူး…”
ဂျူနီယာညီမချန်၏ လေသံ၌ အလိုမကျမှု၊ အမုန်းတရားတို့နှင့် ပြည့်နေသည်။
အမှန်တကယ်တော့ သူမအတွက် အရှက်ရကာ မခံမရပ်နိုင် ဖြစ်ရခြင်းမှာ သူမ ပြောခဲ့သော အချက်များကြောင့် မဟုတ်ပေ။ သူမ ထိုသူ့အကြောင်းတွေးမိသည်နှင့် ထိုတညက အရှက်ရဖွယ် အခြေအနေကို ပြန်တွေးမိသောကြောင့်သာ။ ထိုတညက သူမခေါင်းထဲ၌ ရှင်းရှင်းလင်းလင်း ရှိမနေခဲ့ဘဲ တကိုယ်လုံး ပူနေသလို၊ အဝတ်ဗလာမဲ့နေသလို ခံစားခဲ့ရ၏။
ခေါင်းပြန်ကြည်လာသောအခါ၌ သူမ၏ လုံးဝန်းသော ရင်သားအပါအဝင် ခေါင်းအစခြေအဆုံး တစ်ကိုယ်လုံး၌ တခြားသော ယောက်ျားသားတစ်ယောက်၏ ခန္ဓာကိုယ်ရနံ့မှာ သူမ၏ မှတ်ဉာဏ်ထဲ၌ စွဲထင်းနေခဲ့ပေသည်။
သို့ပေမည့် ထိုကိစ္စကို တွေးမိခြင်းက အရှက်ရသည် ဖြစ်၍ ဂျူနီယာညီမချန်က ၎င်းအဖြစ်သနစ်ကို စိတ်နှလုံးအတွင်းနက်ပိုင်း ထောင့်တစ်နေရာမှာ ဖိနှိပ်ထားခဲ့ပေသည်။ သူမက ဒီအကြောင်း ပြန်မတွေးမိအောင် နေနေခဲ့သည်။ သို့သော် ယနေ့၌ သူမ၏အစ်ကိုဖြစ်သူက ထိုညက အခြင်းအရာကို ပြောလာသည့်အခါ သူမ၏ မျက်နှာမှာ ဖြူလိုက်၊နီလိုက် တလှည့်စီ ဖြစ်သွားရ၏။
ဂျူနီယာညီမချန်က သတိပြန်ဝင်လာသည့်အခါ သူမ၏ အစ်ကိုဖြစ်သူက သူမကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ပြုံးတုံ့မပြုံးတုံ့ စိုက်ကြည့်နေတာကို တွေ့ရသည်။ သူမ၏ လျှို့ဝှက်ချက်များအားလုံးကို သူက လုံးဝ ဖြတ်မြင်နေသည့်အလား။ ထိုအခါ သူမ၏ ရှက်ရွှံ့ဟန်အမူဟန်ပန်က ပိုသိသာသွားသည်။
ရှက်ရွှံ့မှုကို ခံစားနေရလျက် ဂျူနီယာညီမချန်က ခြေဆောင့်ကာ ပြောလိုက်၏။ “ညီမ…ဆေးပင်တွေ သွားရိတ်သိမ်းတော့မယ်…”
သူ၏ ချစ်ဖွယ်ကောင်းသော ဒီညီမငယ်၏ နောက်ကျောကို ကြည့်ကာ သက်လတ်ပိုင်းလူက ခပ်ဖွဖွ မပြုံးမိဘဲ မနေနိုင် ဖြစ်ရ၏။ သူ့စိတ်ထဲ၌လည်း အကြံအစည်တစ်ခု ရှိနှင့်ပြီးသား ဖြစ်၏။ ထို့နောက်တွင် သူက ဂျူနီယာညီမချန်နောက် လိုက်လာသည်။
သိပ်သည်းသော တောအုပ်တစ်ခုအတွင်း၌ အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးငယ်တစ်ယောက်က အောက်နှုတ်ခမ်းကို တင်းတင်းကိုက်ကာ အဖြူရောင်ရုပ်တုငယ်တစ်ခုကို ထိန်းချုပ်နေ၏။ သူမက ခုလက်ရှိ၌ ခေါင်းနှစ်လုံးမြွေနှင့် ခက်ခက်ခဲခဲ ရင်ဆိုင်တိုက်ခိုက်နေရသည်။ ထိုထူးခြားသောမြွေ၏ နောက်၌ မီးကဲ့သို့ နီတောက်နေသော သစ်ပင်တစ်ပင် ရှိနေသည်။ ၎င်းအပင်၏ အကိုင်းအခတ်များပေါ်တွင် လက်သီးဆုပ်ခန့် ရှိသော အနီရောင်သစ်သီးများ သီးနေသည်။
အဖြူရောင်ဝတ်စုံနှင့် အမျိုးသားငယ်၊ အမျိုးသမီးငယ်များသည် မြေအောက်ဥမင်ထဲရှိ ရှည်လျားကျဉ်းမြောင်းသောလမ်းအတွင်း တိတ်တဆိတ် လျှောက်လှမ်းနေကြ၏။ သူတို့အုပ်စုမှာ ဆယ့်ငါးယောက်၊ဆယ့်ခြောက်ယောက်လောက် ရှိပေမည်။ တားမြစ်စမ်းသပ်ကွင်းအတွင်း၌ လမျက်နှာဖုံးဂိုဏ်း၏ ရှင်သန်သူ တပည့်အားလုံးက ဒီနေရာတွင် အမှန်တကယ် ရောက်နေကြ၏။ သည်အုပ်စု၏ ရှေ့ဆုံးမှ တစ်ယောက်သည် ဟန်လိ အဝေးက မြင်တွေ့ခဲ့ဖူးသော နတ်သမီးလေးအလား လှပသော မိန်းမပျိုလေးတစ်ယောက်ပင်။