မိန်းမပျို
Vol. 15 Ch. 200
အဖြူရောင်ဝတ်စုံနှင့် ထိုအမျိုးသမီး။ သူမက သန့်စင်လှပလွန်း၏။ တချိန်တည်းမှာလည်း လေးနက်မှု ရှိပြန်သည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို ငွေရောင်ထွေးခြုံထား၏။ ဤသည်က သူမကို ပို၍ ဆန်းကြယ်ထူးခြားစေသည်။
လူအများကို အံ့အားတသင့် ဖြစ်စေသည်မှာ သည်အမျိုးသမီး၏ နောက်မှ လိုက်ပါလာသော အမျိုးသား၊ အမျိုးသမီး အားလုံးသည် နာခံငြိမ်သက်ဟန် ရှိနေကြခြင်းပင်။ သူတို့က တီးတိုးစကားများကိုပင် မဆိုကြပေ။ သည်အမျိုးသမီး၏ နောက်ကျောကို ငေးကြည့်နေလျက် သူတို့၏ အမူအရာများမှာ ကြည်ညိုခြင်းတို့ ရှိနေသည်။
သဲကန္တာရထဲ၌ ပေါ်လာခဲ့သော မောက်မာရိုင်းစိုင်းသော အမျိုးသမီးမှာလည်း သူမ၏ ကျင့်ကြံခြင်းအဖော်နှင့်အတူ ဒီအုပ်စုထဲ၌ ရှိနေ၏။ ယခုအခါ၌ ထိုအမျိုးသမီး၏ မျက်နှာထက်တွင် မော်ကြွားမောက်မာဟန် လုံးဝ ရှိမနေပေ။ သူမ ဘေးနားမှ လူများနည်းတူ အသက်ပင် ပြင်းပြင်း မရှုဝံ့ပေ။
ရုတ်တရက် အုပ်စုခေါင်းဆောင်ဖြစ်သော နတ်သမီးအလား ကျော့ရှင်းသော အမျိုးသမီးက ခြေလှမ်းတာ ရပ်၏။ သူမ၏ နောက်မှ လိုက်ပါသူများအားလုံးလည်း အလားတူပင်။
သူတို့ရှေ့ရှိ မနီးမဝေးတွင် အစိမ်းရောင်ရေကန်တစ်ခု ပေါ်လာ၏။ ထိုရေကန်၏ အလယ်ကောင်တွင် ရေမျက်နှာပြင်ပေါ် ပေါ်နေသော ကျောက်တန်းအချို့ ရှိနေ၏။ သည်ကျောက်တုံးများပေါ်တွင် လင်းဇီးမှိုပင် ဆယ်ပင်လောက် ပေါက်နေသည်။
“ဒီနေရာလား…” နတ်သမီးအလား မိန်းမပျိုက ခေါင်းလှည့်မကြည့်ဘဲ မေး၏။ သူမ၏အကြည့်ကတော့ ရေကန်ထံ စိတ်ဝင်တစားဟန်ဖြင့် ကျရောက်နေသည်။ သူမထံမှ ထွက်ပေါ်လာသော အသံကပင် နူးညံ့နေ၏။
“ဟုတ်ပါတယ်။ ဘိုးဘေး…။ ဒီရေကန်ထဲမှာ ထိပ်တန်းအဆင့် ကျောက်စိမ်းမိချောင်းသားရဲ ပုန်းကွယ်နေပါတယ်။ ပြီးခဲ့တဲ့တခေါက်တုန်းက ဒီစမ်းသပ်ဧရိယာထဲ ဆေးပင်စုဆောင်းဖို့ ရောက်လာခဲ့တုန်းက ကျမတို့ဂိုဏ်းရဲ့ တပည့်တစ်ယောက်ဟာ ဒီမိချောင်းသားရဲရဲ့ ဝမ်းဗိုက်ထဲ မြှုပ်နှံ့ခံခဲ့ရပါတယ်။ ဒါပေမဲ့ တခြားတပည့်တစ်ယောက်ကတော့ လွတ်မြောက်ပြီး အသက်ရှင်နိုင်ခဲ့ပါတယ်…”
လမျက်နှာဖုံးဂိုဏ်းမှ အသက်နည်းနည်း ပိုကြီးသော အမျိုးသမီးတပည့်တစ်ယောက်က အုပ်စုထဲကနေ လှမ်းထွက်လာကာ တလေးတစား ပြန်ဖြေသည်။
“ဘိုးဘေး ဆိုပါ့လား…” တခြားဂိုဏ်းခြောက်ဂိုဏ်းမှ တပည့်များကသာ ဒီအခေါ်အဝေါ်ကို ကြားပါက သူတို့သည် မေးရိုးများ ပြုတ်ကျသည့်အထိ တုန်လှုပ်သွားပေလိမ့်မည်။
ကျင့်ကြံခြင်းလောကသည် စီနီယာကျခြင်းကို ခွန်အားနှင့် ဆုံးဖြတ်၏။ အခု သည်နတ်သမီးအလား မိန်းမပျိုလေးသည် အခုလို အသုံးအနှုန်းဖြင့် ခေါ်ဝေါ်ခြင်း ခံနေရသည်။ သူမက လမျက်နှာဖုံးဂိုဏ်း၏ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများထဲမှ တစ်ယောက် ဖြစ်နေတာလား။ ထို့အပြင် ဒီတားမြစ်စမ်းသပ်ကွင်းထဲသို့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကော၊ ၎င်းထက်မြင့်သော ကျင့်ကြံသူများကိုပါ ဝင်ရောက်ခွင့် မပြုပေ။ လမျက်နှာဖုံးဂိုဏ်း၏ တခြားတပည့်များကတော့ ဘိုးဘေး ဟူသော အခေါ်အဝေါ်ကြောင့် အံ့အားတသင့် မဖြစ်သွားကြပါ။ သူတို့က ဒီလျှို့ဝှက်ချက်ကို အစောတည်းက သိနေကြသည့်အလား။
“ကောင်းပြီ…။ နင် နောက်ပြန်ဆုတ်နေတော့…”
သည်နတ်သမီးအလား မိန်းမပျိုက အမိန့်ပေး၏။ သူမ၏မျက်နှာထက်၌ အသက်နှင့် မလိုက်ဖက်သော အစွမ်းသတ္တိဟန်ပန် ပေါ်လွင်နေသည်။
ထို့နောက် သူမက နောက်မှ အုပ်စုကို ထပ်ပြော၏။ “ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားကြ။ ငါက အဲ့မိချောင်းကို ရေမျက်နှာပြင်ပေါ် တက်လာအောင် သွားဖြားယောင်းမယ်။ ပြီးရင် နင်တို့က မကြာသေးခင်က သင်ယူထားတဲ့ ယင်ယန်ဆွဲငင်ခြင်း ပညာရပ်ကို စုံတွဲအသုံးပြုပြိး တိုက်ခိုက်ပါ။ အခြေခံတည်ဆောက်ခြင်း တပည့်တွေကိုပါ တချက်တည်းနဲ့ အနိုင်ယူနိုင်တဲ့ ဒီတိုက်ချက်နဲ့ဆို အခု အမဲလိုက်မှုဟာ အောင်မြင်မှာ အသေအချာပဲ။ ပြီးရင်တော့ အဲ့သားရဲ ပုန်းကွယ်တဲ့နေရာကို သွားပြီး အရင်တုန်းက တခြားသူတွေ မရိတ်သိမ်းဝံ့တဲ့ ဆေးပင်တွေကို ရှင်းလင်းကြတာပေါ့….”
သည်မိန်းမပျို၏အသံမှာ မကျယ်ပါ။ သို့သော် သူမ၏ စကားလုံးတို့က ယုံကြည်မှု အပြည့်ပင်။ အမျိုးသား၊အမျိုးသမီးတပည့်များက ဒီစကားကို ကြားသည့်အခါ မည်သူကမျှ သံသယဖြစ်ဟန် မပေါ်ကြပေ။
ထိုနတ်သမီးအလား မိန်းမပျိုက တဖက်သို့ ပြန်လှည့်ပြီး သူမ၏ နီမြန်းသော နှုတ်ခမ်းတစ်စုံကို ဖွင့်ဟသည်။ လက်မအရွယ်ခန့် ပန်းရောင်လက်စွပ်တစ်ခုက သူမ၏ ပါးစပ်ထဲကနေ ပျံသန်းထွက်လာ၏။ ထို့နောက်တွင် ယင်းလက်စွပ်သည် နဖူးအရွယ်အစားလောက် ရှိလာကာ တဝီဝီအသံကို စတင် ထုတ်လွှတ်သည်။
သည်လက်စွပ်က အလင်းဖြာထွက်နေ၏။ စိတ်ဝိညာဉ်စွမ်းအင်လည်း ပေါကြွယ်လွန်းသည်။ ၎င်းမှာ မှော်ရတနာတစ်ခု ဖြစ်တာ သေချာသည်။
သည်မိန်းမပျိုက အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် အမှန်တကယ် ဖြစ်နေတာလား။
ထို့နောက်တွင် မီတာရာချီ နက်ရှိုင်းသော ဒီလျှို့ဝှက်လှိုဏ်ဂူအတွင်း၌ အလွန်ကျယ်လောင်သော အသံတစ်သံ ဦးဆုံး ထွက်ပေါ်လာသည်။ ဒေါသပုန်ထနေသော အော်ဟစ်သံများလည်း ထွက်ပေါ်လာ၏။ သို့သော် မိုးကြိုးဟိန်းသံများလည်း စတင် ဟိန်းမြည်လာ၏။ ထိုအခါ အော်ဟစ်သံများသည် ချက်ခြင်း အားနည်းသွားသည်။ ထို့နောက်တွင် ဆူညံသံမျိုးစုံနှင့် အက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီး နောက်ဆုံး၌ ဟိန်းအော်သံများမှာ လုံးဝ ကွယ်ပျောက်သွားပြီး နောက်ထပ် လုံးလုံးလျာလျာ ထပ်မံ ထွက်ပေါ်လာခြင်း မရှိတော့ပေ။
နာရီ အတော်အတန် ကြာပြီးနောက် သည်မိန်းမပျိုက လမျက်နှာဖုံးဂိုဏ်းမှ တပည့်များကို ဦးဆောင်ကာ လျှို့ဝှက်လမ်းကနေ ထွက်ခွာလာသည်။ သူမနောက်မှ အမျိုးသား၊ အမျိုးသမီး တပည့်အားလုံးက စိတ်လှုပ်တရှား ဖြစ်နေကြ၏။
ဤသည်မှာ အံ့အားသင့်စရာ မရှိပေ။ ချီစုဆောင်းခြင်းအဆင့် လက်သစ်ကျင့်ကြံသူများအတွက် အဆင့်တစ် ထိပ်တန်းနတ်ဆိုးသားရဲတစ်ကောင်ကို သတ်နိုင်ဖို့ အခွင့်အရေးမှာ မကြာခဏ ရနိုင်သည့်အရာ မဟုတ်ပါ။ ယနေ့၌ သူတို့အားလုံးက များစွာ အားစိုက်ထုတ်ရခြင်း မရှိဘဲ ကြမ်းလှသော ကျောက်စိမ်းမိချောင်းကို သတ်နိုင်ခဲ့ပေသည်။ သူတို့အနေဖြင့် စိတ်မလှုပ်ရှားဘဲ ဘယ်နေပါ့မည်နည်း။
တကယ်တော့ ဒီမိန်းမပျိုက သူမ၏ မှော်ရတနာကို အသုံးပြုခဲ့ခြင်း မရှိခဲ့လျှင်၊ နတ်ဆိုးသားရဲ၏ တိုက်ခိုက်မှု တဝက်ကျော်ကို ပိတ်ဆို့တားဆီးပေးခြင်း မရှိခဲ့လျှင် သူတို့အဖို့ ဘာအထိအခိုက်မှ မရှိဘဲ ဒီလို ထိပ်တန်းသားရဲမျိုးကို သတ်နိုင်ကြမည် မဟုတ်ပါ။ သို့ဖြစ်၍ မိန်းမပျို၏ နောက်ကျောကို ကြည့်နေသော သူတို့၏အကြည့်မှာ ပို၍ လေးစားသမှု ဖြစ်ပေါ်လာသည်။
မိန်းမပျိုကတော့ သူမနောက်မှ တပည့်များ၏ အကြည့်ကို ဂရုစိုက်ပုံမရ။ သူမက ရှေ့ကနေသာ မထူးခြားနားဟန်ဖြင့် ဆက်လျှောက်လာသည်။ အဆင့်တစ်ထိပ်တန်း နတ်ဆိုးသားရဲ တစ်ကောင်ကို သတ်ရခြင်းက သူမအတွက် ဘာမျှ မဟုတ်လေသည့်အလား။
တအောင့်ကြာပြီးနောက် လမျက်နှာဖုံးဂိုဏ်း၏ ဒီအုပ်စုက သစ်တောအုပ်တစ်ခု အနီးအနားမှာ သဲလွန်စမရှိ ပျောက်ကွယ်သွားကြသည်။
……
သည်နေရာမှာကဲ့သို့ တခြားနေရာများတွင်လည်း ဂိုဏ်းအသီးသီးမှ တပည့်များက စိတ်ဝိညာဉ်ဆေးပင်များကို ရဖို့ နတ်ဆိုးသားရဲများကို တိုက်ခိုက်နေကြသည်။ စိတ်ဝိညာဉ်ဆေးပင်များအတွက် ပဋိပက္ခများလည်း ဖြစ်ပွားနေသည်။ သို့သော် ထူးဆန်းသည်မှာ သည်ပဋိပက္ခတိုက်ပွဲများ၌ သေဆုံးသူ ဦးရေမှာ နည်းပါးလှသည်။
များသောအားဖြင့် သူတို့၏ ရန်သူကို မယှဉ်နိုင်ဟု သိကြသော သူများက နောက်ဆုတ်ပေးပြီး အသာစီးရသူများကလည်း အပိုအင်အားများကို အသုံးမပြုကြပေ။ ထိုအစား သူတို့က စိတ်ဝိညာဉ်ဆေးပင်များကို ခပ်သွက်သွက် အရယူကာ နောက်တစ်နေရာသို့ အမြန် ထွက်ခွာသည်။
ထိုသို့ဖြစ်ရခြင်းမှာ လူတိုင်းက အချိန်သိပ်မကျန်တော့သည်ကို သိကြ၏။ သွေးလွှမ်းသော တိုက်ပွဲများကို တိုက်ခိုက်မည့်အစား တခြားနေရာများသို့ သွား၍ အခွင့်အရေးကောင်းများ ရှိလေမလားဟု ရှာဖွေခြင်းက ပိုကောင်းသည် မဟုတ်လား။ လူတိုင်းအတွက် တစ်ယောက်နှင့်တစ်ယောက် အမှန်တကယ် သတ်ဖြတ်ရမည့်နေ့မှာ နောက်ဆုံးနေ့ ဖြစ်၏။ ထိုနေ့တွင် ကျိန်းသေပေါက် သွေးလွှမ်းမည် ဖြစ်ကာ ပြီးခဲ့သော နှစ်ရက်နှင့် တူလိမ့်မည် မဟုတ်ပေ။
ဟန်လိကလည်း သည်အခြင်းအရာများကို နည်းနည်းပါးပါး သိထားသည်။ ထို့ကြောင့် သူက ဂိုဏ်းအသီးသီးမှ တပည့်များ က သူတို့ကိုယ်သူတို့ နောက်ဆုံးနေ့၌ ခွန်အားကို ထိန်းသိမ်းထားလိုသည့် အခြေအနေအပေါ် အခွင့်ကောင်း ယူကာ တစ်နေရာပြီးတစ်နေရာ အလျင်အမြန် သွားနေသည်။ အလယ်အဆင့် သားရဲတစ်ကောင်နှင့် လမ်းမှာ တွေ့တိုင်း သူက လှုပ်ရှားမှု ပညာရပ်ကို သုံးကာ ၎င်းကို ရှောင်ကွင်းသွား၏။ သူက နည်းနည်းလေးမျှ အချိန်မဖင့်ချင်ပေ။
ဟန်လိက ကံကောင်းနေတာလားတော့ မသိ၊ ပထမဆုံး သူ သွားခဲ့သော လှိုဏ်ဂူကလွဲ၍ နောက်ထပ် နေရာလေးခုမှာ အလားတူ သားရဲမျိုးနှင့် မကြုံရတော့ပေ။ ထို့ကြောင့် သူက ဆေးပင်များကို အားသိပ်မစိုက်ထုတ်ရဘဲ အလွယ်တကူ ရိတ်သိမ်းနိုင်ခဲ့သည်။ သို့အတွက် သူ ပျော်နေ၏။ နောက်ထပ်လည်း ခုလိုမျိုး ချောမွေ့ပါက သူ လိုချင်သော စိတ်ဝိညာဉ်ဆေးပင်များကို ရဖို့မှာ ပြဿနာတစ်ခု မဟုတ်တော့ပေ။
ဤသို့ဖြင့် တားမြစ်စမ်းသပ်ကွင်း၏ တတိယမြောက်နေ့မှာ ကုန်ဆုံးလုနီးလာပြီ။
ခုလက်ရှိ၌ ဟန်လိက သစ်ပင်တစ်ပင်၏ ထိပ်ဖျားကနေ တခြားအပင်၏ ထိပ်ဖျားထံ ခုန်ပေါက် ကူးသန်းကာ သွားလာနေသည်။ လမ်းတစ်လျှောက်တွင် သူက အဆင့်နိမ့် မျောက်ဝံ သားရဲနှစ်ကောင်နှင့်သာ ကြုံခဲ့သည်။ ယင်းအဆင့် သားရဲလောက်ကိုတော့ သူ့အနေဖြင့် လွယ်လင့်တကူ ရှင်းထုတ်ပစ်နိုင်ခဲ့သည်။
အခုအချိန်၌ ဟန်လိက သည်နေ့၏ သူ့နောက်ဆုံး ပန်းတိုင်ထံ အရှိန်အဟုန်နှင့် လာနေ၏။ သူ လာနေသော နေရာမှာ တောင်ထိပ်တစ်ခု အနားရှိ ဘုံကျောင်းတစ်ခုပင်။ ယင်းနေရာ၌ ခုချိန်တွင် သူ့အတွက် အလိုအပ်ဆုံး ဖြစ်နေသည့် ကောင်းကင်ဝိညာဉ်သစ်ပင် ပေါက်ရောက်နေ၏။ ၎င်းနေရာတွင် ထူးခြားသော တခြားစိတ်ဝိညာဉ်ဆေးပင်များလည်း ပေါက်ရောက်နေသည်။
ထိုနေရာ၌ ကောင်းကင်ဝိညာဉ်ပင်က မရင့်မှည့်သေးသော်လည်း တခြားစိတ်ဝိညာဉ်ဆေးပင်အချို့ကမူ ရင့်မှည့်ကာ ခူးဆွတ်ဖို့ အသင့်ဖြစ်နေပြီ။ သို့ဖြစ်၍ ဟန်လိက ထိုနေရာတွင် ယင်းအပင်များကို စောင့်ကြပ်နေသော နတ်ဆိုးသားရဲများ ကျိန်းသေပေါက် ရှိလိမ့်မည်ဟု ခန့်မှန်းမိသည်။ တခြားဂိုဏ်းများမှ တပည့်များပါ ရှိနေနိုင်သည်။
သို့သော် ဟန်လိက ဂရုမစိုက်ပေ။ သူ့ရှေ့ ကြိုရောက်နှင့်နေသူများက သူ့အတွက် လမ်းရှင်းပေးရာတွင်ပါ အကူအညီ ဖြစ်စေနိုင်သည် မဟုတ်လား။ ထိုအခါ သူ့အတွက် အချိန်ကုန် သက်သာလိမ့်မည်။ မည်သို့ပင်ဖြစ်စေ တခြားသူများက မရင့်မှည့်သေးသော စိတ်ဝိညာဉ်ဆေးပင်များကို စိတ်ဝင်စားကြမည် မဟုတ်ချေ။
ဟန်လိက ထိုသို့ အကောင်းမြင်ဖြင့် တွေးနေ၏။ သူ့ရှေ့ အကွာအဝေးတစ်ခု၌ ထိုကျောက်သားဘုံကျောင်းကို လှမ်းမြင်နေရပြီ။ ၎င်းဘုံကျောင်းက ကြီးကြီးမားမားတော့ မဟုတ်ပါ။
သို့သော် ဟန်လိက ထိုနေရာ အနီးအနား မရောက်ခင်မှာပင် ကြမ်းတမ်းသော တိုက်ပွဲဖြစ်သံက လွင့်ပြန့်လာသည်။
သူက ပျော်မြူးသွား၏။ တစ်စုံတစ်ယောက်က သူ့အတွက် ကူညီကာ လမ်းရှင်းပေးနေသည့်အလား။ ထို့နောက်တွင် သူ့ပုံရိပ်က ဖြတ်ခနဲ လှုပ်ရှားသွားပြီး ဘုံကျောင်း အနီးအနား တိတ်တဆိတ် ချဉ်းကပ်လာ၏။
ဘုံကျောင်း၏ ရှေ့ကွက်လပ်၌ ဟန်လိ စိတ်ထဲ မျှော်လင့်ထားသလို အမျိုးသားတစ်ယောက်က သားရဲတစ်ကောင်နှင့် တိုက်ခိုက်နေခြင်း မဟုတ်၊ ထိုအစား ဝတ်ရုံနက်ဝတ်ထားပြီး ခြေဗလာနှင့် ကျင့်ကြံသူတစ်ယောက်က ငွေရောင်ဓားကြီးကို ထိန်းချုပ်ကာ အစိမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးငယ်တစ်ယောက်ကို တိုက်ခိုက် ဖိနှိပ်ထားသည်။ သူမအဖို့ အသက်ရှုဖို့ပင် မလွယ် ဖြစ်နေသည်။
ထိုအမျိုးသမီးငယ်၏ ခံစစ်နည်းလမ်းက အဝါရောင်တောက်တောက် ပိုးသားလက်ကိုင်ပုဝါတစ်ခုကို အသုံးပြုနေခြင်း ဖြစ်၏။ ဒီတိုက်ပွဲ၌ သူမသည် ငွေရောင်ဓား၏ လုံးဝ ဖိနှိပ်ခြင်းကို ခံထားရသည်။ သူမအတွက် အခြေအနေမလှပေ။ တောင့်ခံနိုင်ရုံမျှသာ ရှိသည်။
တဖက်တွင် အနီရောင်ဝံပုလွေတစ်ကောင်၏အလောင်းနှင့် နှစ်ပိုင်းကွဲထွက်နေသော သိမ်းငှက်ပျိုတစ်ကောင်လည်း ရှိနေသည်။ ယင်းသားရဲတို့၏ ခန္ဓာကိုယ်များထံမှ လတ်လတ်ဆတ်ဆတ်သွေးများ စီးကျနေသည်။ ယင်းတို့က သေတာ မကြာသေးပုံ ရ၏။
ထိုမြင်ကွင်းကို မြင်သည့်အခါ ဟန်လိမှာ အံ့အားတသင့် ဖြစ်မိသွား၏။ သူ့ကို ထိုသို့ တုန်လှုပ်သွားစေတာက တိုက်ပွဲကြောင့် မဟုတ်ပေ။ သည်တိုက်ပွဲ၌ ပါဝင်နေသူက ရွှေအမှန်တရားစုတ်တံ သူ့ကို ရောင်းပေးခဲ့သော ရှက်ရွှံ့တတ်သည့် အမျိုးသမီးငယ် ဖြစ်နေသောကြောင့်သာ။ ထိုသည်က ဟန်လိကို အံ့အားတသင့် ဖြစ်မိစေသည်။
အကြောင်းကား ထိုအမျိုးသမီးငယ်၏ ကျင့်ကြံမှုအဆင့်က သည်တားမြစ်စမ်းသပ်ကွင်းအတွင် ဝင်ရောက်လာသော ဂိုဏ်းအသီးသီး၏ တပည့်များကြား၌ နိမ့်ပါးလှ၏။ သူမက ချီစုဆောင်းခြင်းအဆင့်တစ်ဆယ်သာ ရှိသေးသည်။ သို့ဖြစ်၍ သူက ထိုအမျိုးသမီးသည် တားမြစ်ဧရိယာသို့ ဝင်လာပြီးနောက် သေဆုံးသွားခဲ့တာ ကြာပြီဟု ထင်ထားခဲ့သည်။ သို့မဟုတ် တစ်နေရာရာတွင် တိတ်တဆိတ် ပုန်းနေလိမ့်မည်ဟု ထင်ထားခဲ့သည်။
သို့သော် ယနေ့၌ သူမက ထိပ်တန်းမှော်ပစ္စည်းကို အသုံးပြုကာ ဒီဗဟိုချက်ဧရိယာတွင် ဓားဘီလူးဂိုဏ်းမှ တပည့်နှင့် တိုက်ခိုက်နေပေ၏။ သို့အတွက် ဟန်လိမှာ အံ့အားတသင့် ဖြစ်သွားခဲ့တာပင်။
“ကောင်မလေး….နင် ထွက်သွားဖို့ သိပ်နောက်မကျသေးဘူး။ ငါ နင့်ကို ညှာနေတာ နင် သိသင့်တယ်။ ဒါပေမဲ့ မိန်းမပျိုတစ်ယောက်ကို မသတ်ချင်တဲ့ တစ်စုံတစ်ယောက်ဟာ အမျိုးသမီးတွေကို သတ်မှာ မဟုတ်ဘူးလို့ အဓိပ္ပာယ်မရဘူး။ နင် ငါ့ကို ထပ်ပြီး နှောက်ယှက်နေရင် ဟိုက သိမ်းငှက်လို အဆုံးသပ် သွားလိမ့်မယ်…”
ခြေဗလာနှင့်ကျင့်ကြံသူသည် သတ်ဖြတ်ချင်စိတ် ပြည့်နေလေပြီ။ သူ့အမူဟန်ပန်က အေးစက်နေ၏။ ခုချိန်၌ သူသည် အတော်လေး စိတ်ရှုပ်နေပြီ ဖြစ်သည်။
သူ စိတ်မရှည်တော့ပေ။ သည်ကောင်မလေးက အကောင်းပြောတာကို မသိနားလည်ပါက သူ့အနေဖြင့် နူးညံ့သောပန်းလေးတစ်ပွင့်ကို အမှန်တကယ် သတ်မိကောင်း သိမိတော့မည် ဖြစ်သည်။
အမျိုးသမီးငယ်၏ မျက်နှာမှာ သေလောက်အောင် ဖြူရောနေသည်။ သို့သော် သူမက အံတင်းတင်းကြိတ်ကာ အလွန် ခေါင်းမာစွာဖြင့် ပြန်ပြောလာသည်။ “ရှင်က ကျမကို ဒီဘုံကျောင်းထဲက ကြမ်းကြုတ်ယန်ပန်းပွင့်နည်းနည်း မပေးချင်ရင် ကျမ သေရမယ်ဆိုရင်တောင် ထွက်သွားမှာ မဟုတ်ဘူး…”