← Chapters

သိုင်းရူး

Vol. 15 Ch. 201

သိုင်းရူး

Vol. 15 Ch. 201

ခြေဗလာနှင့်လူက သည်စကားများကို ကြားသည့်အခါ ဒေါသပုန်ထသွား၏။ သူ့ရှေ့မှ ဒီကောင်မလေးသည် သူ့အသက်ကိုယ်သူ ခက်ခက်ခဲခဲ ကာကွယ်နေရပြီး ဖြစ်၏။ သို့တိုင် သူမက ခေါင်းမာနေတုန်းပင်။

“ကောင်းတယ်…ကောင်းတယ်…ကောင်းတယ်…”

သူက ရယ်မောလိုက်၏။ သူ အတော့်ကို စိတ်ရှုပ်နေပေပြီ။

“အဲ့လိုဆိုမှတော့ ဒီနေ့ နင် ဒီနေရာမှာ သေလိုက်တော့…”

ထိုသို့ပြောကာ သူက ငွေရောင်ဓားကြီးထံ လက်ညွှန်သည်။ အနှီဓားက ချက်ခြင်း တောက်ပကာ ဓားထိပ်၌ အလွန်တရာလင်းလက်မှုကို ပေးစွမ်းလာ၏။ သည့်နောက် ဖိအားတစ်ခုက အမျိုးသမီးငယ်၏ နဖူးထံ အညှာအတာမဲ့စွာ တိုးဝင်လာသည်။

အမျိုးသမီးငယ်က ဤသည်ကို မြင်သည့်အခါ အံတင်းတင်းကြိတ်၍ သူမ၏ ပိုးသားလက်ကိုင်ပုဝါကို အဝါရောင်အပြားတစ်ခု ဖြစ်လာအောင် အလျင်အမြန် အမိန့်ပေးသည်။

ဇွက်။ ထိုထိပ်တန်းမှော်လက်ကိုင်ပုဝါသည် ငွေရောင်ဓား၏ အင်ပြည့်အားပြည့် တိုက်ခိုက်မှုကြောင့် တစစီ ဖြစ်သွားတော့၏။ ငွေရောင်ဓားက လင်းလက်တောက်ပနေပြီး ထိုသူ၏ ထိန်းချုပ်မှုအောက်မှာ ခါးသီးစွာ ပြုံးနေသော အမျိုးသမီးငယ်ထံ နှေးဖင့်ခြင်းမရှိ ထိုးစိုက်ချလာ၏။

“ဒန်…” ထိုအသံကို ရှင်းရှင်းလင်းလင်း ကြားရ၏။ ငွေရောင်ဓားက အမျိုးသမီးငယ်၏ နဖူးနှင့် ဆယ်မီတာအကွာ ရောက်သည့်အခါ ရွှေရောင်ဓားတိုတစ်လက်က ၎င်းကို တားဆီး၏။ ထို့နောက်တွင် အနှီဓားတိုက လေထဲ၌ ကခုန်ကာ အမျိုးသမီးငယ်၏ ခေါင်းထက်တွင် ရွှေရောင်အလင်းစက်ဝန်း ဖြစ်ပေါ်သည်။ ထိုအခါ ငွေရောင်ဓားသည် ရှေ့ဆက်မတိုးနိုင်တော့ပေ။

“ဘယ်သူလဲ…ထွက်လာခဲ့စမ်း…” ခြေဗလာနှင့်သူက မျက်နှာပျက်သွားပြီး သူ့ကိုယ်ဟန်ကို ပြန်ထိန်းကာ ဓားကို ပြန်ရုတ်သည်။ ထို့နောက် သူက ဘေးတစ်ဖက်ထံ အကြည့်ရောက်သွားပြီး တောင်ပေါ်ရှိ ကျောက်တုံးကြီးရှိရာကို ရန်လိုစွာ စိုက်ကြည့်သည်။ ငွေရောင်ဓားက ယင်းနေရာကနေ ပျံသန်းထွက်လာတာကို သူ ကောင်းကောင်း တွေ့မြင်ခဲ့ရသည်။

“ဟားဟား…ဒီကနေ့ ရာသီဥတုကလည်း တယ်သာယာပါလား။ လူတိုင်းက ဘာကြောင့်များ တစ်ယောက်နဲ့တစ်ယောက် အသေအကြေ တိုက်ခိုက်နေကြတာလဲ။ အေးဆေးထိုင်ပြီး ကောင်းကောင်းမွန်မွန် စကားပြောကြရင် ပိုမကောင်းပေဘူးလား…”

ထိုကျောက်တုံးကြီးနောက်မှ ပုံရိပ်တစ်ခု လှစ်ခနဲ ထွက်လာ၏။ ထိုပုံရိပ်က ခေါင်းပွတ်ကာ ကောင်းကင်ထက်သို့ မော့ကြည့်ပြီး အထက်ပါအတိုင်း ရယ်မော ပြောဆိုလိုက်သည်။

သို့ပေမည့် ကျောက်တုံးနောက်မှ ထွက်လာသော လူငယ်၏ မျက်နှာထက်တွင်မူ အကူအညီမဲ့မှုတို့ ပြည့်နေသည်။ ဟန်လိက သည်အမျိုးသမီးငယ် အသက်ဘေး ကြုံရသည်ကို မြင်သည့်အခါ ရွေးချယ်စရာမရှိတော့ဘဲ သူမကို ကယ်တင်နိုင်ဖို့ လှုပ်ရှားခဲ့ရတာ ဖြစ်၏။

ဟန်လိက ကောင်းကင်ထက်သို့ မော့ကြည့်ကာ ငေးနေမိ၏။ သူသည် သည်လုပ်ရပ်ကို မစဉ်းစားဘဲ လုပ်ခဲ့တာ ဖြစ်၏။ ဤသည်မှာ သူ၏ ဘေးကင်းအောင် အမြဲနေရမည်ဟူသော စည်းမျဉ်းများထဲမှ တစ်ခုကို အမှန်တကယ် ဖောက်ဖျက်ခဲ့တာပင်။ သူက ဘာအကြောင်းရင်းမှ မရှိဘဲ သူ့ကိုယ်သူ ပြဿနာအရှုပ်ထဲ ရောက်စေခဲ့ပေသည်။ သည်မိန်းမလှလေးက သူ့အပေါ် ဘေးဒုက္ခတစ်ခုကို အမှန်တကယ် သယ်ဆောင်လာသူသာ။

သို့သော် ဟန်လိက သူမအပေါ် အမြင်ကောင်း ရှိနေ၏။ သို့ဖြစ်၍ သူ သဘောကျသော ဟန်ပန်အမူအရာ ရှိနေသော တစ်ယောက်က သူ့မျက်လုံးရှေ့တွင် ဒီအတိုင်း သေသွားမည်ကို သူ ဆက်ကြည့်နိုင်စွမ်း မရှိတော့ပေ။ ကြည့်ရတာ သူ့စိတ်နှလုံးက တအား မမာကြောတာ ဖြစ်နိုင်၏။ သူက အမှန်တကယ် ရက်စက်ယုတ်မာပြီး ကိုယ့်မိသားစုကိုယ် ထည့်မတွက်ဘဲ အတ္တကြီးလွန်းသော စိတ်နေစရိုက် မရှိသူ ဖြစ်နေပုံ ရသည်။

ဟန်လိက ခါးသီးစွာ ရယ်မိသည်။

သို့သော် သူက ဒီပြဿနာထဲ ဝင်ပါလာပြီ ဖြစ်၍ သတိထားရမည်သာ။ ကံကောင်းသည်မှာ ရတနာများစွာ ပိုင်ဆိုင်သော အမျိုးသမီးနှင့် အစွမ်းထက်လှသော ဖန်းယွဲ့တို့နှင့် တိုက်ခိုက်ပြီးနောက် သူက ထိပ်တန်းတပည့်များနှင့် ဆန့်ကျင်တိုက်ခိုက်ရမည့်အပေါ် ယုံကြည်မှု အတော်အတန် ရှိလာခဲ့တာပင်။ သို့ဖြစ်၍ သူ့စိတ်ထဲ၌ တအား ထိတ်လန့်နေခြင်းတော့ မရှိပေ။

“ရှင်ကို…” အစိမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးငယ်က ဟန်လိ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပေပြီ။ သူမက အံ့အားတသင့် မပြောမိဘဲ မနေနိုင် ဖြစ်ရ၏။ သူမသည် မယုံကြည်နိုင်ဟန် ဖြစ်နေသည်။

ဟန်လိက သူမကို ခေါင်းညိတ်ရုံ ညိတ်ပြ၏။ ထို့နောက် တဖက်သို့ လှည့်ကာ ခြေဗလာနှင့်လူထံ စကားထပ်ဆိုသည်။ “ညီအစ်ကိုက ကျုပ်ရဲ့ အကြံပေးချက်ကို ဘယ်လိုထင်လဲ။ ခင်ဗျားလို ကြီးမြတ်တဲ့သူက ဒီကောင်မလေးကို လွတ်ပေးလိုက်မယ်ဆိုလည်း ခင်ဗျားရဲ့လမ်းက ဖြောင့်ဖြူးနေတာပါပဲ။ ကျုပ်တို့နှစ်ယောက်ကလည်း ကိုယ့်လမ်းကိုယ် သွားမယ်လေ။ ဒါဆို တစ်ယောက်နဲ့တစ်ယောက် ဘာအနှောက်အယှက်မှ မဖြစ်စေဘဲ အေးဆေးဖြစ်တာပေါ့ဗျာ…”

ဟန်လိသည် တိုက်ရခိုက်ရမည်ကို ရှောင်ဖို့ အတွေးကိုသာ ဆုပ်ကိုင်ထားဆဲပင်။ သို့ဖြစ်၍ သူက အထက်ပါ စကားများကို ပြောဆိုခဲ့တာ ဖြစ်၏။

သို့သော် ဟန်လိက သူ့ရှေ့မှ ခြေဗလာနှင့်သူသည် သူ့စကားများကို ကြားလေဟန်ပင်မတူ၊ ထိုအစား သူ့လက်ထဲရှိ ရွှေပိုးတောင်မာမိခင်ဓားသွားကို အာရုံစိုက်ကာ ကြည့်နေ၏။

သည်လို တုန့်ပြန်မှုမျိုးက ဟန်လိကို မကျေမနပ် ဖြစ်သွားစေ၏။ သူက စိတ်ကသိကအောက် ဖြစ်မှုကို အတင်းအကြပ် ထိန်းချုပ်ကာ တစ်ခုခု ထပ်ပြောရန် ဟန်ပြင်သည်။ ထိုစဉ် အနှီသူက စကားပြောလာ၏။ သူ့စကားကြောင့် ဟန်လိမှာ မင်သက်သွားရသည်။

“မင်းလက်ထဲက ဒီရွှေရောင်ဓားသွားက ဟို လေထဲက ဓားတိုနဲ့ တစုံတည်း ဖြစ်ရမယ်။ ဟုတ်တယ်မလား။ ဒီဓားက ငါ့ရဲ့ ငွေရောင်ဓား တိုက်ခိုက်မှုကို မထိမခိုက်ဘဲ ဟန့်တားနိုင်မှတော့ ထိပ်တန်းမှော်လက်နက်ပဲ ဖြစ်လိမ့်မယ်။ ငါ ခန့်မှန်းကြည့်တာ မှန်တကယ်မလား…”

ဓားဘီလူးဂိုဏ်းမှ ခြေဗလာနှင့်သူသည် ထိုသို့ ပြောလာ၏။ သူ၏မျက်လုံးတို့မှာ တောက်ပနေသည်။ သူက စိတ်အားတက်ကြွလာပုံ ရ၏။

ဟန်လိမှာ စိတ်ရှုပ်ထွေးမိသွားသည်။ သူက တဖက်ရန်သူ၏ ရည်ရွယ်ချက်ကို မသိနိုင် ဖြစ်နေ၏။ သို့သော် သူက ကောင်းကောင်းမွန်မွန် ပြန်ဖြေလိုက်သည်။ “ခင်ဗျားပြောတာ မှန်ပါတယ်။ ဒါက ထိပ်တန်းမှော်လက်နက်ဆိုတာ အမှန်ပါပဲ။ ဒါ့အပြင်…”

“ရပြီ။ ဒီလောက်သိရရင်ကို လုံလောက်တယ်။ မင်း ငါ့ကို နိုင်ရင် ဒီမိန်းကလေးရဲ့ အသက်ကို ချမ်းသာ ပေးမယ့်အပြင် ကျောက်သားအခန်းထဲက စိတ်ဝိညာဉ်ဆေးပင်တွေဟာလည်း မင်းတို့နှစ်ယောက် အပိုင်ပဲ…”

ထိုသူက ဟန်လိ၏ စကားဆုံးအောင်ပင် စောင့်မနေ။ သူ ပြောချင်တာကို ဖြတ်ပြောလာ၏။ သူ့မျက်နှာထက်တွင် တက်ကြွမှုတို့ ပြည့်နေ၏။ ထိုသူ ပြောလိုက်သော စကားများက ဟန်လိကို ပါးစပ်ဟောင်းလောင်း ဖြစ်သွားစေသည်။

ထိုသူမှာ ကျင့်ကြံသူများ၏ လောက၌ အမှန်တကယ် သိုင်းရူးတစ်ယောက် ဖြစ်နေ၏။ သည်အခိုက်၌ ဟန်လိက ထိုသူ၏ ရည်ရွယ်ချက်ကို သဘောပေါက်မိပြီ။

“သတိထား…”

ထိုသူက အရံအတားကိုပင် မထုတ်လွှတ်ဘဲ သူ့ငွေရောင်ဓားကြီးကို ချက်ခြင်း ထိန်းချုပ်ကာ အမျိုးသမီးငယ်ထံကနေ ဟန်လိထံ ဦးတည်လိုက်၏။

တဖက်ရန်သူ၏ ရည်ရွယ်ချက်ကို သိသည့်အခါ ဟန်လိက စကားထပ်မဆိုတော့ပေ။ သို့ဖြစ်၍ သူက သူ့လက်ထဲရှိ မိခင်ဓားကို ချက်ခြင်း လှုပ်ခါ၏။ သူ၏ သိုလှောင်အိတ်ထဲမှ နောက်ထပ် ကလေးဓားသွားခုနစ်ခု ပျံသန်းထွက်လာသည်။ ယင်းတို့က ရွှေရောင်အလင်းတန်းများအဖြစ် ပြောင်းကာ ရန်သူ၏ ငွေရောင်ဓားကြီးနှင့် ထိပ်တိုက်တွေ့ရန် ပျံသန်းဝင်သွားသည်။

သို့ပေမည့် ဟန်လိက သူ၏ အကာအကွယ်ကို တိုးမြှင့်နိုင်ဖို့ အကာအကွယ် အဆောင်တစ်ခုကို အသုံးမပြုပေ။

အကြောင်းမှာ သည်ငွေရောင်ဓားက အမျိုးသမီးငယ်၏ ပိုးသားလက်ကိုင်ပုဝါကို တစစီ ဖြစ်သွားအောင် လုပ်နိုင်သည်ကို သူ မြင်ခဲ့၍ ၎င်း၏ ခွန်အားက အမှန် တုန်လှုပ်ဖွယ် ကောင်းမည်ကို သူ သိသောကြောင့်ပင်။ ၎င်းဓားချက် တစ်ချက်သာ မိလိုက်ပါက ပုံမှန်အရံအတားများသည် ချက်ခြင်း ပျက်စီးကာ အသက်ခံရမည်သာ ဖြစ်၏။ ငွေရောင်ဓား၏ တစ်ချက်တလေကိုပင် ခံနိုင်လိမ့်မည် မဟုတ်ပေ။ သို့ဖြစ်၍ အကာအကွယ်ပညာရပ်များကို အသုံးမပြုတာ ပိုကောင်း၏။ သို့မှသာ သူက သူ့လှုပ်ရှားမှု ပညာရပ်ပေါ် အပြည့်အဝ မှီခို၍ တဖက်သူ၏ တမူထူးသော တိုက်ချက်များကို ရင်ဆိုင်နိုင်လိမ့်မည်။

အမျိုးသမီးငယ်ကို ကာကွယ်ပေးထားသော ရွှေရောင်ဓားတိုကလွဲ၍ ကျန်သည့် ဓားသွားခုနစ်ခုက ငွေရောင်ဓားကြီးနှင့် ရောထွေးယှက်လိမ် ဖြစ်သွားလေပြီ။ ငွေရောင်ဓားနှင့် ရွှေရောင်ဓားတိုများ။ မည်သည့်ဘက်ကမျှ အားနည်းသည့် အရိပ်အယောင် မပြသချေ။

All Chapters