တိတ်ဆိတ်ခြင်း
Vol. 15 Ch. 202
ကလေးငယ်ဓားသွားခုနစ်ခုက ငွေရောင်ဓားနှင့် ရောထွေးယှက်လိမ် ဖြစ်သွားခိုက်တွင် ဟန်လိသည် တဖက်သူ၏ ခွန်အားကို ချက်ခြင်း ခံစားမိသည်။
ငွေရောင်ဓားမှော်လက်နက်ဖြင့်ပင် ထိုသူမှာ ရွှေရောင်ဓားသွားအားလုံးကို တွန်းထုတ်ပစ်နိုင်၏။ ရွှေရောင်အလင်းတန်းခုနစ်ခုက ရွှေပိုက်ကွန်အဖြစ် အကာအကွယ်ပုံစံ ပြောင်းလဲသည်။ ပြင်းထန်သော ထိပ်တိုက်တွေ့မှုအောက်၌ ရွှေရောင်ဓားသွားများသည် ခံဘက်သပ်သပ် ဖြစ်ရသည်။ ငွေရောင်ဓားကြီးကို အနည်းငယ်မျှပင် ဖိနှိပ်နိုင်စွမ်း မရှိပေ။
ငွေရောင်ဓားအလင်းတန်း၏ တိုက်ခိုက်မှုအောက်၌ ရွှေရောင်ဓားသွားများ၏ အရောင်မှာ အလျင်အမြန် မှိန်ဖျော့လာ၏။ ၎င်းတို့သည် ပျက်စီးတော့မည့် လက္ခဏများ ပြသလာသည်။
ငွေရောင်ဓား၏ ခွန်အားကို ကိုယ်တိုင်ကြုံရသည့်အခါ ဟန်လိသည် အံ့အားသင့်မိရသည်။ ခွန်အားအရာ၌ သူ၏ ရွှေပိုးတောင်မာဓားသွားအုပ်က ထိပ်တန်းမှော်လက်နက်များ ကြားတွင် အမှိုက်သာသာပင်။ ငွေရောင်ဓားကို မဆန့်ကျင်နိုင်ခြင်းက သူ မျှော်လင့်ထားသည့်အတွင်း၌သာ ရှိသေး၏။ ဟန်လိက ဓားသွားများထဲမှ တစ်ခုကို ခြေဗလာနှင့်သိုင်းရူးထံ ဝင်ရောက်တိုက်ခိုက်စေချင်တာ ဖြစ်၏။ အရင်ဆုံး သူက တဖက်သူ၏ ကာကွယ်မှုနည်းလမ်းများကို စမ်းသပ်ကြည့်ချင်သည်။ ထိုတိုက်ခိုက်မှုကနေ သူ့အတွက် အခွင့်အရေးလည်း ရချင်ရနိုင်မည် မဟုတ်လား။ တကယ်တော့ တစ်စုံတစ်ယောက် သေသွားပါက ထိုသူ၏ မှော်လက်နက်သည် မည်မျှ အားကောင်းပါစေ အသုံးမဝင်တော့ပေ။
ဟန်လိ ထိန်းချုပ်လိုက်သော ဓားသွားနှစ်ခုက လှည့်ထွက်ကာ တဖက်သူ၏ ခြေထောက်များထံ ဦးတည်မည့်ဟန် ရှိ၏။ သို့သော် မထင်မှတ်စရာပင်။ တဖက်သူ၏ ဓားကြီးက ရုတ်တရက် ငွေရောင်အလင်း ဖြာထွက်လာ၏။ ၎င်းအလင်းက ဓားရိုးကို ဗဟိုပြုကာ တဝီဝီ လည်ပတ်သည်။ ချက်ခြင်းပင် ငွေရောင်စက်ဝန်းတစ်ခု ပေါ်လာပြီး ၎င်း၏ ဗဟိုချက်ကနေ မရေမတွက်နိုင်သော ဆွဲအားအမျှင်တန်းများကို ထုတ်လွှတ်၏။ ထိုအခါ ငွေရောင်ဓားကြီးနှင့် ထိပ်တိုက်တွေ့ခြင်းကနေ ခွဲထွက်ချင်သော ဓားသွားနှစ်ခုမှာ ကီလိုမီတာထောင်ချီအလေးချိန်ဖြင့် ဖိချခြင်း ခံလိုက်ရသည့်နှယ် လုံးဝ လွတ်ထွက်လာနိုင်စွမ်း မရှိတော့ပေ။
ထိုမြင်ကွင်းက ဟန်လိကို လန့်ကာ မင်သက်သွားစေ၏။ သူက တဖက်ရန်သူကို လှမ်းကြည့်၏။ မျှော်လင့်ထားသည့်အတိုင်း ရန်သူက ထူးခြားသော မှော်ပညာရပ်ကို အသုံးပြုနေသည်။ သူ့လက်နှစ်ဖက်မှာ လေနှင့်အတူ ကခုန်နေ၏။
ဟန်လိက အများကြီး တွေးမနေတော့၊ သူ့သိုလှောင်အိတ်ကို ပုတ်၏။ အပြာရောင်ဓားတိုတစ်လက်နှင့် ရွှေရောင်ခွက်တို့ ပျံသန်းထွက်လာသည်။ ထိုပစ္စည်းနှစ်ခုသည် ဟန်လိ၏ ဘက်ခြမ်းတွင် တချက်လေးပင် မရပ်ဘဲ ရန်သူ့ထံ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။
ဓားဘီလူးဂိုဏ်းမှ ခြေဗလာနှင့်သူ၏ လက်နှစ်ဖက်မှာ မအားသော်လည်း ဟန်လိ၏ အပြုအမူက ရှင်းလင်းနေသည်။ ထိုအခိုက်၌ သူက နှာခေါင်းရှုံ့၏။ ထို့နောက်တွင် သူက ရုတ်တရက် သူ့လက်ဟန်အနေအထားကို ပြောင်းကာ တိုးဝင်လာသော အဝေးမှ ယင်းမှော်ပစ္စည်းအမယ်နှစ်ခုထံ လက်ညွှန်သည်။
ရလဒ်ကို ဟန်လိက ချက်ခြင်း ခံစားမိ၏။ သည်မှော်ပစ္စည်းနှစ်ခုအပေါ် သူ၏ ထိန်းချုပ်မှု ဆုံးရှုံးသွားခဲ့ပြီ။
ဝှစ်…ဝှစ်….
မှော်ပစ္စည်းနှစ်ခုသည် မီတာနှစ်ဆယ်ကျော်ထိ လွင့်ထွက် ပျံသန်းသွားကာ လွင့်မြောနေသော ငွေရောင်ဓား၏ ဝဲကတော့ထဲ စုပ်ယူခြင်း ခံရသည်။
ထိုအဆင့်မြင့်မှော်ပစ္စည်းနှစ်ခုသည် ဝဲကတော့ထဲ ဝင်သွားရုံရှိသေး ခဏလေးပင် တောင့်ခံနိုင်စွမ်းမရှိဘဲ မီးပွားများကဲ့သို့ ပေါက်ကွဲ ပျက်စီးသွားသည်။ မှော်ပစ္စည်းအပိုင်းအစ မီးပွားများ၏ မြင်ကွင်းက လှ၍ပင် နေသေး၏။
ဟန်လိမှာ အာစေးမိသွားသည်။ သူသည် တဖက်သူ၏ ကျင့်ကြံမှုနှင့် ငွေရောင်ဓားတို့မှာ ထိုမျှ အစွမ်းထက်နေမည်ဟု မမျှော်လင့်ထားမိပေ။ သူ၏ ရွှေပိုးတောင်မာဓားသွားအုပ် ပိတ်လှောင်ခံရုံသာမက သူ၏ အဆင့်မြင့် မှော်ပစ္စည်းနှစ်ခုမှာလည်း ဖျက်စီးခံလိုက်ရပေပြီ။ ဟန်လိမှာ အမှန်တကယ် ပူပန်လာ၏။
ဘန်း…။ ပေါက်ကွဲသံကြောင့် ဟန်လိ ထိတ်လန့်သွားသည်။ သူက ထိုအသံလားရာထံ ချက်ခြင်း လှမ်းကြည့်သည်။ ထင်ထားသည့်အတိုင်းသာ။ မူလတုန်းက ရွှေရောင်ဓားသွားအုပ်၏ ဓားသွားခုနစ်ခုသည် ခြောက်ခု ဖြစ်သွားလေပြီ။ ဓားသွားတစ်လက်က ရွှေရောင်အစက်အပြောက်များအဖြစ် ပေါက်ကွဲထွက်သွားခဲ့ပြီ။ ထိုသူ၏ ထိန်းချုပ်မှုအောက်တွင် ငွေရောင်ဝဲကတော့သည် ရွှေရောင်ဓားသွားများကို စုပ်ယူနိုင်သလို ဖျက်စီးခြင်းလည်း စတင်လာ၏။
အဆင့်မြင့် မှော်ပစ္စည်းနှစ်ခု ဖျက်စီးခံရချိန်မှာ ဟန်လိက ပူပန်နေခဲ့ပြီ ဖြစ်သည်။ သို့သော် အခု ရွှေရောင်ဓားများ ပျောက်ကွယ်တော့မည်ကို မြင်သည့်အခါ ဟန်လိသည် စိတ်နှလုံးပါ နာကျင်ရ၏။ ယင်းတို့က ထိပ်တန်းမှော်ပစ္စည်း မဟုတ်လား။ ထို့အပြင် ယင်းတို့က အစုံလိုက် ရှိသော မှော်ပစ္စည်းဖြစ်၍ တစ်ခု ဆုံးရှုံးသွားတိုင်း ၎င်း၏စွမ်းအားမှာ သိသိသာသာ လျော့ကျသွားမည် ဖြစ်သည်။
အင်မတန် စိတ်နှလုံး နာကျင်ရခြင်းနှင့်အတူ ဟန်လိက ထပ်ပြီး တွေဝေမနေတော့ပေ။ သူ့သိုလှောင်အိတ်ထဲမှ ရတနာများစွာ ပိုင်ဆိုင်သော အမျိုးသမီးငယ်ထံမှ ရခဲ့သော ကြေးမုံငယ်ကို ထုတ်ယူတော့၏။ ၎င်းကြေးမုံထဲ စိတ်ဝိညာဉ်စွမ်းအားကို ခပ်သွက်သွက် သွန်းလောင်းပေးပြီး ၎င်းထံ လက်ညွှန်သည်။ ထိုအခါ ကြေးမုံထံမှ တောက်ပသော မိုးပြာရောင်မြူများ ပန်းထွက်လာသည်။ ထိုမြူများက ငွေရောင်ဝဲကတော့ကို ၎င်း၏ မူလပုံစံအတိုင်း ချက်ခြင်း ပြန်ဖြစ်သွားစေသည်။ ၎င်းက ငွေရောင်ဓားနှင့်အတူ ကျန်သည့် ရွှေရောင်ဓားသွားများကိုပါ မြူထဲ၌ ပိတ်လှောင်ထားကာ သည်မှော်လက်နက်များသည် လေထဲ၌ မလှုပ်မယှက် ဖြစ်သွားလေ၏။
ဟန်လိ၏ ကြေးမုံငယ်ကို မြင်သည်နှင့် ခြေဗလာနှင့်သူ၏ အမူအရာမှာ ချက်ခြင်း ပြောင်းလဲသွား၏။ ဖြူရောရော ဖြစ်သွားသော ဟန်ပန်နှင့်အတူ သူက အလန့်တကြား ထအော်သည်။ “မိုးပြာကြေးမုံ…။ မင်း ဒါကို ဘယ်လို ရလာခဲ့တာလဲ။ ဒါက လမျက်နှာဖုံးဂိုဏ်းက ရွှမ်းကျောင်းရဲ့ အသက်ကယ် ရတနာမဟုတ်ဘူးလား။ မင်း သူမကို သတ်ခဲ့တာလား…”
ထိုသူက ဤသို့ ပြောလာပြီးနောက် ဟန်လိကို ယုံရခက်ခက်အကြည့်ဖြင့် လှမ်းကြည့်သည်။ ထိုအကြည့်က ဟန်လိကို စိတ်မသက်မသာ ဖြစ်သွားစေသည်။
တဖက်သူ၏ လေသံအရ သည်ထိပ်တန်းမှော်ကြေးမုံက သူ့ကို အတော်လေး မသက်မသာ ဖြစ်စေပုံ ရသည်။ ဟန်လိက တဖက်သူ ဘာဆက်ပြောမလဲကို နားထောင်ချင်သွားသည်။
“ဘာလဲဟ။ ကျုပ် သူ့ကို မသတ်ခဲ့ဘူး။ သူ့ကို သတ်ခဲ့တဲ့ တစ်ယောက်ရှိကနေ ဒီကြေးမုံကို ကျုပ် ရခဲ့တာ။ သူ့ကို သတ်ခဲ့တဲ့သူက ဖန်းယွဲ့ဆိုတဲ့ တစ်ယောက်ပဲ။ တစ်ခုခု ထူးခြားတာများ ရှိနေလို့လား..”
ဟန်လိသည် မျက်မှောင်ကြုတ်ကာ ထိုသို့ ပြောလိုက်၏။
“ဟားဟား…ဒါက မင်းရဲ့ တဖက်သပ် စကားလေ။ လမျက်နှာဖုံးဂိုဏ်းက ရွှမ်းကျောင်းရဲ့ ဘိုးဘေးက မင်း ပြောတာကို ယုံမယ်တဲ့လား။ လမျက်နှာဖုံးဂိုဏ်းရဲ့ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ချီစုဆောင်းခြင်းတပည့်တစ်ယောက်ရဲ့ ကလိမ်ကကျစ် စကားတွေကို ယုံမှာလား…”
ခြေဗလာနှင့်လူက အားပါးတရ ရယ်မောတော့၏။
ဟန်လိမှာ ချောက်ချားသွားရသည်။ သူက သူ မှန်နေခဲ့လျှင်ပင် ရှင်းပြခွင့် ရှိလိမ့်မည် မဟုတ်တာ သိသည်။
“ပြဿနာတော့ ကြီးပြီ…” ဟန်လိက အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က သူ၏ ဘာမဟုတ်သည့် အသက်လေးကို နှုတ်ယူမည်ဟု တွေးမိသည့်အခါ သူ့ပါးစပ်မှာ အာစေးခြောက်မိရုံသာမက သွေးများ အန်ထွက်ပစ်ချင်စိတ်ပါ ပေါက်မိလာသည်။
ထိုသို့သာ ဖြစ်လာပါက သူသည် အတော့်ကို တရားမဲ့စွာ ဆက်ဆံခံရတာ ဖြစ်လိမ့်မည်။ သူက လမျက်နှာဖုံးဂိုဏ်းမှ ရွှမ်းကျောင်းကို မသတ်ခဲ့ရုံသာမက သူမကို သတ်ခဲ့သော ဖန်းယွဲ့ကိုပါ သတ်ပေးခဲ့သူ ဖြစ်၏။ သူမအတွက် လက်စားပြန်ချေပေးခဲ့သည်ဟုပင် ယူဆ၍ ရသည်။ သို့သော် အခု ရလဒ်ကတော့ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က သူ့နောက် လိုက်လာပါက သူအပြစ်ကင်းကြောင်း ပြသနိုင်သည့် နည်းလမ်း မရှိလေပေ။
တကယ်တော့ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ချီစုဆောင်းခြင်းအဆင့်တစ်ယောက်ကို သတ်ခြင်းသည် ပုရွတ်ဆိတ်တစ်ကောင်ကို သတ်ခြင်းနှင့် မကွာခြားပေ။ အဝါရောင်မေပယ်တောင်ကြားမှ အကြီးအကဲများကလည်း သူ့ကို ကာကွယ်ပေးလိမ့်မည် မဟုတ်ပေ။ သူတို့က သူ့အတွက် လမျက်နှာဖုံးဂိုဏ်း၏ အကြီးအကဲတစ်ယောက်ကို ရန်စကြမှာ မဟုတ်လောက်ပေ။
ဟန်လိက ထိုသို့ တွေးမိလေလေ သူ့အနာဂတ်နှင့် ပတ်သတ်ပြီး ကောင်းတာ မရှိလေဟု ခံစားမိသည်။ သူ ဒီတားမြစ်ဧရိယာကနေ ထွက်လာပြီးနောက် အဝေးသို့ ခရီးနှင်ကာ တခြားနိုင်ငံတစ်ခုတွင် သူ့ကိုယ်သူ ဖုံးကွယ်၍ နေမလား။ ဟန်လိက ထိုလမ်းကြောင်းကို မရွေးချယ်ချင်ပေ။
တဖက်လူက ဟန်လိ၏ မျက်စိပျက်မျက်နှာပျက် အမူအရာကို မြင်သည့်အခါ အားပါးတရ ရယ်မောလေ၏။ ထိုသူက ဟန်လိ၏ ကံဆိုးမှုအပေါ် အားရဝမ်းသာ ဖြစ်နေခြင်းပင်။
ခြေဗလာနှင့်သူ၏ ရယ်သံက ပို၍ ကျယ်လာလေလေ ဟန်လိ၏ အမူဟန်ပန်က ပိုပျက်ယွင်းလာလေပင်။ ထိုစဉ် ဘေးတစ်ဖက်မှ ခပ်တိုးတိုးအသံတစ်သံကို ကြားလိုက်ရ၏။
“ဒီအကြောင်းကို လျှို့ဝှက်ချက်တစ်ခုအနေနဲ့ ရှိစေပြီး ဘယ်သူ့ကိုမှ မပြောနဲ့ပေါ့။ အာ့ဆို အဆင်ပြေတာပဲ မလား…”
ဘေးနားမှာ ရှိနေပြီး ဒီစကားများကို ရှင်းရှင်းလင်းလင်း ကြားသော အစိမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးက ချီတုံချတုံဟန်ဖြင့် ကြားဖြတ်ကာ ဝင်ပြောလိုက်၏။
“ဒီအကြောင်းကို လျှို့ဝှက်ချက်တစ်ခုအနေနဲ့ ထိန်းသိမ်းထားရမှာလား…”
ဟန်လိကော၊ ခြေဗလာနှင့်သူကော မင်သက်သွား၏။ ထို့နောက် သူတို့က တစ်ယောက်နှင့်တစ်ယောက် ထူးခြားသောဟန်ပန်ဖြင့် လှမ်းကြည့်သည်။ ရုတ်တရက် သူတို့နှစ်ယောက်လုံး ပါးစပ်ပိတ်ကာ ငြိမ်သက်သွားသည်။
အမျိုးသမီးငယ် ပြောလိုက်သော စကားတို့က ခေါင်းခြောက်နေသော ဟန်လိတို့နှစ်ယောက်ကို အလန့်တကြား ဖြစ်သွားစေ၏။ သူတို့က မျက်လုံးမျက်ဆန်ပြူးကာ စကားထပ် မဆိုကြတော့ပေ။
ထိုသို့ တိတ်ဆိတ်သွားချိန်အတွင်း ဟန်လိက ရုတ်တရက် လက်နှစ်ဖက် နောက်ပစ်ကာ အနီးအနားတွင် ခေါက်တုန့်ခေါက်ပြန် ဖြည်းဖြည်းချင်း လမ်းလျှောက်နေသည်။ ခြေဗလာနှင့်သူက ဟန်လိ၏လှုပ်ရှားမှုတိုင်းကို အလေးအနက် ကြည့်နေ၏။
သည်လိုနှင့် ဆယ့်ငါးမိနစ်၊မိနစ်နှစ်ဆယ်လောက် ငြိမ်သက်တိတ်ဆိတ်သွားသည်။ ထို့နောက်တွင် ခြေဗလာနှင့်သူက စကားလှမ်းပြောကာ ဒီတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
“ကျုပ်တော့ တကယ်ပဲ အဲ့လို မတွေးမိခဲ့ဘူး။ ကျုပ်တို့နှစ်ယောက်လုံးက ဒီကောင်မလေး သတိပေးတာကို ခံလိုက်ရတာပဲ။ ဒါ့ကြောင့် ပွဲမှာ ပြိုင်တဲ့သူတွေက စိတ်ရှုပ်ထွေးနေစဉ်မှာ ဘေးက ကြည့်နေတဲ့သူက အမှန်ကို မြင်နိုင်တယ်ဆိုတဲ့ စကားရပ်က မမှားဘူးပဲ။ အခု မင်း ငါ့ကို နှုတ်ပိတ်ဖို့ စဉ်းစားနေပြီမလား…”
“အမှန်ပါပဲ။ ဒုတိယလမ်း ရှိရင်တော့ ကျုပ်က ဒီက ညီအစ်ကိုကို မသတ်ချင်ပါဘူး။ ညီအစ်ကိုရဲ့ ဓားထိန်းချုပ်တဲ့ ပညာရပ်ဟာ တကယ့်ကို အံ့ချီးဖွယ်ပဲ။ ကျုပ် တကယ်ပဲ လေးစားမိတယ်…”
ဟန်လိက သက်ပြင်းချကာ ပြန်ပြော၏။
“ကြည့်ရတာ မရဏကျိန်ဆိုမှုကတောင် အလုပ်မဖြစ်တော့မယ့်ပုံပဲ…”
တအောင့်အကြာ၌ ခြေဗလာနှင့်သူက ထိုသို့ ပြောလာသည်။ သူ၏မျက်လုံးမှာ အရောင်တောက်နေ၏။
“အမှန်ပါပဲ။ လူသေကသာ လျှို့ဝှက်ချက်ကို ထိန်းနိုင်တယ်လို့ ကျုပ် ယုံတယ်…”
ဟန်လိက အေးစက်နေသောလေသံဖြင့် ပြန်ဖြေသည်။
“ကောင်းတယ်…။ ဒီလိုဆိုမှတော့ ငါတို့ အပိုတွေ ပြောနေဖို့ မလိုတော့ဘူး။ ငါတို့နှစ်ယောက်ထဲက တစ်ယောက်ပဲ ဒီနေရာမှာ အသက်ရှင် ကျန်ခဲ့တော့မယ်…”
ခြေဗလာနှင့်သူက မျက်ခုံးပင့်ကာ အားမာန်တက်ကြွစွာဖြင့် ပြောလိုက်၏။
“ကျုပ်တို့ထဲက တစ်ယောက်ပဲ အသက်ရှင်မှာလား။ မဟုတ်ဘူး။ ခင်ဗျား သေရမှာ သေချာနေပြီ…”
ဟန်လိက ပြုံး၍ ပြန်ဖြေ၏။
“အဓိပ္ပာယ်မရှိလိုက်တာ။ ငါ့ ငွေရောင်ဓား ပိတ်လှောင်ခံထားရတာနဲ့ပဲ မင်းက နိုင်မှာ သေချာနေတာလား…။ ငါ့မှာ မင်းကို ရင်ဆိုင်နိုင်မယ့် နည်းလမ်းတွေ အများကြီးပဲကွ…”
ဟန်လိ၏ စကားကို ကြားသည့်အခါ ထိုသူသည် ဒေါသတကြီး ပြန်ဖြေ၏။ ထို့အပြင် သူက လက်ပင့်မြှောက်သည်။ သူ့လက်မှ ငွေရောင်အလင်း ဖြာထွက်လာသည်။ ငွေရောင်ဓားနှင့် အလားသဏ္ဌာန်တူသော ဓားအလင်းတန်းတစ်ခု လေထဲ၌ ပေါ်လာသည်။
“ကျုပ်တို့ကြားက အကွာအဝေးက မီတာသုံးဆယ်အတွင်းမှာပဲ ရှိနေတာလေ…” ဟန်လိက ထိုသူ့ကို တမူထူးသောဟန်ပန်ဖြင့် လှမ်းကြည့်ကာ သက်ပြင်းချ၍ ပြောသည်။ တအောင့်အကြာ၌ သူ့ပုံရိပ်က ဝေဝါးကာ လေထဲ၌ ပျောက်ကွယ်သွားသည်။
“ကျုပ်က အကာအကွယ်ပညာရပ် လုံးဝ မသုံးထားတဲ့ တစ်စုံတစ်ယောက်နဲ့ မီတာသုံးဆယ်အတွင်းမှာ ရှိရင် အဲ့လူရဲ့ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်တယ်…”
ဟန်လိ၏ အသံက ဟိန်းထွက်လာ၏။ ရုတ်တရက် သူက ခြေဗလာနှင့်သူ၏ နောက်တွင် ပေါ်လာသည်။ သူ ပေါ်လာသည်နှင့် စကားတန်းဆို၏။
“အခု ခင်ဗျားက သေနှင့်ပြီ…” ဟန်လိက ထိုသို့ ခပ်တိုးတိုး ရေရွတ်ကာ လက်ဝေ့ယမ်း၍ ကြိုးမျှင်ကို ဖြည်းဖြည်းချင်း ပြန်သိမ်းယူသည်။
ခြေဗလာနှင့်သူသည် ရှေ့သို့သာ အသက်မဲ့နေသော ဟန်ပန်ဖြင့် မလှုပ်မယှက် ကြည့်နေ၏။ သူ့လည်ပင်းပေါ်တွင် ပါးလှပ်သော အနီရောင်အစင်းကြောင်းတစ်ခု ပေါ်လာသည်။ ဒီတအောင့်၌ သူ့ခေါင်းမှာ အိုးစားမကွဲသေး။ ထို့နောက်တွင် သူ့ဦးခေါင်းမှာ လည်ပင်းကနေ ပြုတ်ကျသွားတော့သည်။ ထိုသူမှာ အမှန်တကယ် သေလူ ဖြစ်သွားခဲ့ပေပြီ။
သည့်နောက် ဟန်လိက ခေါင်းနှင့်ကိုယ်အိုးစားကွဲသွားသော အလောင်းကို ကြည့်သည်။ သူ့မျက်နှာထက်တွင် သနားဟန် အငွေ့အသက် ဖြတ်ပြေးသွား၏။ သည်လူ၏ ခွန်အားမှာ ဖန်းယွဲ့ထက် အားမနည်းပေ။ သို့သော် သူက ပေါ့ဆလွန်း၏။ ဟန်လိကို အခုလောက် အကွာအဝေးထိ အမှန်တကယ် ချဉ်းကပ်လာခွင့် ပေးခဲ့သည်။ သူ၏ သေဆုံးခြင်းမှာ မတရားပါဟု မှတ်ယူ၍ မရပေ။
“ရှင်…ကျမကိုရော နှုတ်ပိတ်ချင်တာလား…”
သတိထားခြင်း၊ကြောက်လန့်ခြင်းတို့ ပါဝင်နေသည့် တုန်တုန်ယင်ယင်ဖြင့် ပြောလာသော စကားများကို ဟန်လိသည် ရုတ်တရက် ကြားလိုက်ရသည်။