← Chapters

အပူအပင်မဲ့အပ်နှင့် မှတ်ဉာဏ်ပျောက်ဆေးလုံး

Vol. 15 Ch. 203

အပူအပင်မဲ့အပ်နှင့် မှတ်ဉာဏ်ပျောက်ဆေးလုံး

Vol. 15 Ch. 203

ဟန်လိသည် ခါးသီးစွာ ရယ်မောမိ၏။ သူက ဓားဘီလူးဂိုဏ်းမှ ရောင်းရင်းကို သုတ်သင်ပြီးနောက် အကြီးမားဆုံး ပြဿနာတစ်ခုကို ရင်ဆိုင်ဖို့ ကျန်နေသေးသည်။

အစိမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးငယ်။ သူမ၏သွယ်လျအားနည်းနေသော ခန္ဓာကိုယ်။ သေလောက်အောင် ဖြူရောနေသော မျက်နှာ၊ မျက်လုံထးထဲရှိ အလွန်အမင်း ကြောက်လန့်မှု။ သူမ၏ ဒီအသွင်ဟန်ပန် ပုံရိပ်က ဟန်လိ၏ မျက်လုံးထဲ တိုးဝင်လာသည်။ သူမ ခံစားခဲ့ရသော ထိတ်လန့်တုန်လှုပ်မှုက ပေါ့သေးသေး မဟုတ်ခဲ့ပါ။

သူက ထိုမိန်းကလေး၏ အမေးကို ပြန်မဖြေ။ ထိုအစား ခါးညွတ်ကာ ခြေဗလာနှင့်သူ၏ အလောင်းပေါ်မှ သိုလှောင်အိတ်ကို လှမ်းယူသည်။ ထို့နောက် သူ့လက်ချောင်းဖြင့် ဆက်ခနဲ တောက်ထုတ်၏။ မီးလုံးငယ်တစ်လုံးက အလောင်းကို ထိမှန်ကာ လောင်ကျွမ်း ပြာဖြစ်သွားစေသည်။ ထို့နောက် သူက မိုးပြာကြေးမုံကို အသုံးပြု၍ ငွေရောင်ဓားနှင့် ရွှေရောင်ဓားသွားများကို ချုပ်နှောင်ထားသော မြူအလင်းကို ပြန်ရုတ်သိမ်းသည်။ ထိန်းချုပ်ခံရခြင်းကနေ လွတ်သွားသော ၎င်းဓားများကို သူ့သိုလှောင်အိတ်ထဲ ပြန်ထည့်သိမ်းသည်။

ထို့နောက်တွင် ဟန်လိက တဖက်သို့ ပြန်လှည့်ကာ အမျိုးသမီးငယ်ထံ လျှောက်လာ၏။

သူမက ဟန်လိ သူမထံ နီးနီးလာသည်ကို မြင်သည့်အခါ သူမ၏ နဂိုသေလောက်အောင် ဖြူရော်နေသော မျက်နှာက သွေးတစက်မျှ မရှိသည့်နှယ် ပို၍ ဖြူရောလာ၏။

“ရှင် ဘာလုပ်ချင်တာလဲ။ ရှင် ဒီ့ထက် ပိုတိုးလာရင် ကျမ ယဉ်ကျေးမနေတော့ဘူးနော်…”

အစိမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးငယ်က ပြောပြောဆိုဆို သူ့လက်ကို သိုလှောင်အိတ်ထဲ ထည့်၍ ပြန်ထုတ်သည်။ သူမလက်ထဲ၌ အနက်ရောင်ဓားတစ်လက် ပါလာ၏။ သူမက ဒီဓားဖြင့် ဟန်လိကို ချိန်ရွယ်သည်။ သို့ပေမည့် တချက်ကြည့်ရုံဖြင့် ဒီဓားက အမှိုက်သာသာ အလယ်အဆင့် မှော်လက်နက်တစ်ခုမှန်း သိ၏။ ဒီကောင်မလေးထံ၌ ထိပ်တန်းမှော်ပစ္စည်းဟူ၍ အဝါရောင် လက်ကိုင်ပုဝါတစ်ခုသာ ပိုင်ဆိုင်ထားပုံ ရသည်။

“မိန်းကလေးက အသက်ကယ်တင်ပေးတဲ့ ကြင်နာမှုကို ခုလိုမျိုး ပြန်ဆပ်တာလား…”

ဟန်လိက နှာခေါင်းပွတ်၍ ပြုံးကာ မေးလိုက်သည်။

“အသက်ကယ်တင်ပေးတဲ့ ကြင်နာမှု ဟုတ်လား…” ထိုအမျိုးသမီးငယ်က ခဏတော့ မင်သက်သွား၏။ အစောလေးတုန်းကနှင့် အခုကြား သိသာစွာ ပြောင်းလဲသွားသော ဟန်လိ၏ အမူဟန်ပန်ကြောင့် သူမက စိတ်ရှုပ်ထွေးမိသွားသည်။

“ကဲ မိန်းကလေးက မှတ်ဉာဏ်မကောင်းတဲ့ တစ်ယောက်လား။ ကျုပ်သာ မိန်းကလေးကို ဟိုလူရဲ့ ဓားချက်ကနေ ဝင်မကယ်ပေးခဲ့ရင် နင်က အသက်ရှင်နေအုံးမှာလား…”

ဟန်လိသည် ထိုသို့ ပြောလိုက်၏။ သူသည် ရယ်ရမလား၊ ငိုရမလားမသိ ဖြစ်ရသည်။

“အို…ကျမ တကယ်တောင်းပန်ပါတယ်။ ကျမ…ကျမ အကြောက်လွန်ပြီး မေ့သွားခဲ့တာပါ…”

သည်အမျိုးသမီးငယ်က အဖြစ်အပျက်ကို ပြန်အမှတ်ရသွားသည်။ ထို့ကြောင့် သူမက မျက်နှာနီမြန်းကာ ခပ်မြန်မြန် ရှင်းပြ၏။ သူမ၏ ဟန်ပန်မှာ တကယ် သနားဖို့ ကောင်း၏။

“ရပါတယ်။ ဒါပေမဲ့ ထိုက်နန်တောင်ကြားမှာ ကျုပ်တို့ တစ်ကြိမ် တွေ့ပြီးတဲ့နောက် အခု ဒီနေရာမှာ တကယ်ပဲ လာထပ်တွေ့နေရတယ်။ မယုံနိုင်စရာပဲ…”

ဟန်လိက လက်ဝေ့ယမ်းကာ ဖော်ရွှင်စွာ ပြောလိုက်၏။ သူက ဘာကြောင့်မှန်းမသိ၊ ဒီအမျိုးသမီး၏ ရှက်သွေးဖြန်းသော ဟန်ပန်ကို မြင်ရချိန်တိုင်း ရင်းနှီးချက်ချာသလို ခံစားမိ၏။ သူ့မိသားစုမှ သူ့ညီမဖြစ်သူနှင့် ပြန်တွေ့ရသည့်အလား။

“ကျုပ် နာမည်က ဟန်လိပါ။ မိန်းကလေးရဲ့ နာမည်ကရော…” ဟန်လိက အေးအေးဆေးဆေး ပြောလိုက်၏။

“ကျမ…ကျမကို ဟန်ယွမ်ဇီလို့ ခေါ်ပါတယ်…” ခဏ တွေဝေနေပြီးနောက် သည်အမျိုးသမီးငယ်က ပြန်ပြောသည်။ သူမ၏မျက်နှာမှာ နီရဲနေ၏။ သူမသည် သည်ယောက်ျားပျိုတစ်ယောက်ရှေ့မှာ သူမ၏အမည်ကို အလိုလို ပြောပြမိခဲ့ပြီးမှ ရှက်သလို ခံစားမိနေသည်။

“ဟန်ယွမ်ဇီ…။ နာမည်ကောင်းပဲ။ ဒီနာမည်က မိန်းကလေးနဲ့ လိုက်ဖက်တယ်…”

ဟန်လိက ထိုအမျိုးသမီးငယ်၏ အမည်ကို ထပ်ခါထပ်ခါ ရေရွတ်နေလျက် ပေါ့ပေါးပါးပါး ရယ်မောသည်။

“တကယ်လား…” ဖန်းယွမ်ဇီ၏ မျက်နှာထက်ရှိ အနီရောင်မှာ ထပ်ပြီး ပိုကဲသွားပြန်သည်။

“ဒါပေမဲ့လည်း မိန်းကလေးဟန်က ဝိညာဉ်သားရဲတောင်ကို ဘာကြောင့် ဝင်ရောက်ခဲ့ပြီး သွေးနဲ့မီးလွှမ်းခြုံတဲ့ ဒီစမ်းသပ်ကွင်းထဲ ဘယ်လို ရောက်လာခဲ့ရတာလဲ…”

ဟန်လိက သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ဒါက…” ဟန်ယွမ်ဇီ၏ မျက်နှာပေါ်တွင် အခက်တွေ့ဟန် ပေါ်လာ၏။ သူမက ချီတုံချတုံ ဖြစ်နေကာ မပြောဖို့ ရွေးချယ်သည်။

“ဟားဟား…ဖြေဖို့ ခက်နေမှတော့ ကျုပ်ကို ပြောပြဖို့ မလိုပါဘူး။ ကျုပ်က ဒီအတိုင်းပဲ မေးလိုက်တာပါ…” ဟန်လိက ထိုသို့ ပြော၏။ ဟန်ယွမ်ဇီမှာ ဟန်လိကို အားနာသွားသည်။

“ကဲ…ကျုပ်တို့ ကျောက်သားအခန်းထဲ ဝင်ပြီး ဆေးပင်တွေ ယူတာ ပိုကောင်းလိမ့်မယ်။ ဒီမှာ ပိုကြာရင် ပိုပြဿနာ ရှိနိုင်တယ်။ တခြားသူတွေလည် း ဒီကို ရောက်လာနိုင်တယ်…”

ဟန်လိက ရုတ်တရက် ထိုသို့ ပြောလိုက်၏။

ဟန်ယွမ်ဇီက ထပ်ခါထပ်ခါ ခေါင်းညိတ်၏။ သို့သော် သူမက ဘာစကားမှ ထပ်မပြောတော့ပေ။ သူမက အနေခက်နေပုံ ပေါ်သည်။

“အစ်ကိုကြီးဟန်…ကျမကို ကြမ်းကြုတ်နေပန်းပွင့် နည်းနည်း ပေးနိုင်မလား။ အဲ့ပန်းပွင့် ရရင် တော်ပါပြိ။ တခြား ဘာမှ ထပ်တောင်းဆိုမှာ မဟုတ်ပါဘူး…”

“ရတာပေါ့။ ပြဿနာမရှိပါဘူး။ မိန်းကလေးက မပြောရင်တောင် ကျုပ်က ပေးဖို့ စီစဉ်ထားပြီးသားပါ…”

ဟန်လိက ရယ်ကာမောကာဖြင့် ထိုသို့ ပြန်ဖြေသည်။

“ကျေးဇူးအများကြီး တင်ပါတယ်…အစ်ကိုကြီးဟန်…” ထိုအမျိုးသမီးငယ်က ဟန်လိ၏ စကားကို ကြားသည့်အခါ ကျေးဇူးတင်ကြောင်း အခါခါ ပြော၏။ သူ၏မျက်နှာထက်၌လည်း ပျော်ရွှင်မှုတို့ အထင်းသား ပေါ်နေသည်။

“ဒီလိုဆိုမှတော့ မိန်းကလေးဟန်ကပဲ ကြမ်းကြုတ်နေပန်းပွင့်ကို အရင် သွားယူပါ့လား။ နမို့ဆို ကျုပ်က မတော်တဆ ဒီပန်းပွင့်တွေကို ယူမိသွားရင် ခက်မယ်…”

ဟန်လိက တည်ငြိမ်စွာ ပြောပြီးမှ ထပ်ရယ်ပြန်၏။

“ကောင်းပါပြီ…” ဟန်ယွမ်ဇီက ဟန်လိ၏ စကားမှာ အကျိုးအကြောင်းသင့်သည်ဟု ခံစားမိ၏။ သူမက ခေါင်းငုံ့ကာ ဟန်လိကို လေးစားသမှု ပြသည်။ ထို့နောက် သူမက တဖက်သို့ လှည့်ကာ ကျောက်သားခန်းမထံ လျှောက်လာသည်။

သို့သော် သူမ နောက်လှည့်ရုံရှိသေး ဟန်လိ၏ သက်ပြင်းချသံကို ရုတ်တရက် ကြားလိုက်ရ၏။ ထို့နောက် သူမ၏ ခေါင်းနောက်ဘက်မှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး သူမ၏အမြင်အာရုံမှာ မှောင်အတိကျသွားသည်။ သူမက သတိမေ့ကာ မြေပေါ်သို့ လဲကျသွား၏။ သို့သော် သူမ မြေပြင်နှင့် မစောင့်မိခင်မှာ နောက်ကနေ တစ်စုံတစ်ယောက်က ပွေ့ချီကာ အောက်သို့ ပြုတ်မကျအောင် ထိန်းပေးလိုက်သည်။

ဟန်လိသည် ထိုအမျိုးသမီးငယ် တစ်ဖက်သို့ လှည့်သွားချိန် ရုတ်တရက် လှုပ်ရှားကာ သူမကို သတိမေ့သွားအောင် လုပ်ခဲ့တာ ဖြစ်၏။ ထို့နောက် သူ့လက်နှစ်ဖက်ဖြင့် သူမ၏ ကျောက်စိမ်းကဲ့သို့ နူးညံ့သောခန္ဓာကိုယ်လေးကို ထိန်းပေးလိုက်တာပင်။

ဟန်လိသည် ထိုအမျိုးသမီးငယ်ကို ပွေ့ထားစဉ် သူမ၏ ခန္ဓာကိုယ်မှ လှပနူးညံ့သော ရနံ့ကို ရ၏။ သူ့စိတ်မှာ လှုပ်ရှားသွားရသည်။ သူက ခေါင်းငုံ့ကာ ဒီမိန်းကလေးငယ်၏ သင်းသင်းမွှေးနေသော ပါးထံ အနမ်းပေးမိသွားသည်။ သို့သော် သူက ချက်ခြင်း ပြန်သတိထား၏။ သူ့လျှာကို ထိကိုက်ကာ အာရုံပြန်ကြည်လင်သွားစေသည်။ ထိုမိန်းကလေးငယ်၏ အလှအပကို ကြည့်နေလျက် သူက ခါးသီးစွာ ရယ်မိပြန်သည်။

ဦးဆုံးအနေနှင့် ဟန်လိက သူမကို ကျောက်သားအခန်းနံရံကို မှီ၍ ညင်ညင်သာသာ လှဲလျောင်းစေသည်။ ထို့နောက် သူက အခန်းထဲသို့ ဖြတ်ခနဲ ဝင်လာ၏။ တအောင့်အကြာတွင် သူက အခန်းထဲရှိ စိတ်ဝိညာဉ်ဆေးပင်အားလုံးကို အပြောင်ရှင်းကာ ယူလာခဲ့ပြီး ဖြစ်၏။ ထို့နောက် သူ အပြင် ပြန်ထွက်လာသည်။ အမျိုးသမီးငယ်ကို ထပ်မံ ပွေ့ချီကာ ခြေလှမ်း၍ သူ့ပုံရိပ်သည် ရိပ်ခနဲ ရိပ်ခနဲ ပျောက်ကွယ်သွားတော့သည်။

တောင်ထွတ်တစ်ခု အနီးအနားရှိ သဘာဝအတိုင်း ဖြစ်ပေါ်နေသော လှိုဏ်ဂူတစ်ခုအတွင်း၌ ဟန်လိက သည်မိန်းကလေးကို ဂူကြမ်းပြင်ပေါ် ချပေးသည်။ ထို့နောက် သူက ဘေးတစ်ဖက်တွင် တင်ပလ္လင်ခွေထိုင်ကာ မျက်လုံးမှိတ်၍ အားပြန်ဖြည့်တင်းသည်။

နောက်ဆုံး၌ သူ မျက်လုံး ပြန်ဖွင့်လာသည်။ သူ့မျက်လုံးထဲ၌ ဆန်းကြယ်သောအလင်းတစ်ခု လင်းလက်တောက်ပနေ၏။ အစောပိုင်း တိုက်ပွဲတုန်းက ဟန်လိသည် သူ၏ လှုပ်ရှားမှုပညာရပ်ကို အစွမ်းကုန် အသုံးပြုခဲ့ရ၏။ အခုတော့ သူသည် စွမ်းအားအချို့ ပြန်ပြည့်လာပြီ။ သည့်နောက် သူက သိုလှောင်အိတ်ထဲကနေ လက်ဝါးအရွယ်ခန့်ရှိ ငွေရောင်သေတ္တာတစ်ခုကို ထုတ်ယူသည်။

သူ့အကြည့်က ၎င်းသေတ္တာပေါ် ကျရောက်သွားပြီး ခဏ မိန်းမောမိသွား၏။

တအောင့်အကြာတွင် သူက သေတ္တာအဖုံးကို ဖွင့်သည်။ ထိုအခါ သေတ္တာအတွင်းဘက်မှ သေသပ်စွာ စီရီထားသော ငွေရောင်အပ်တန်းများ လှစ်ဟပေါ်လာ၏။ ယင်းတို့မှာ အရင်တုန်းက ဟန်လိ ချီးရွှမ်ဂိုဏ်းမှာ အသုံးပြုခဲ့သော အပ်များ ဖြစ်၏။

သူက လက်မြှောက်ကာ အရွယ်အစားစုံ ငွေရောင်အပ်များကို ညင်သာစွာ ပွတ်သပ်သည်။ ထိုစဉ် သူ့စိတ်ထဲ၌ သမားတော်မော့၊ လီဖေးယွီ စသဖြင့် သူ သိခဲ့ဖူးသော သူများ၏ ပုံရိပ်များ ပြန်ပေါ်လာ၏။ နတ်ဘုရားလက်တောင်ကြားတွင် သူ ရှိခဲ့သော အချိန်ကာလမှာ မနေ့တစ်နေ့ကအလား။ ဟန်လိက သက်ပြင်းချမိ၏။

အတွေးယဉ်ကြောထဲ မြောနေပြီးနောက် ဟန်လိက သူ့အတွေးစိတ်စဉ်ကို ဖြတ်တောက်ပစ်၏။ သူက သူ့စိတ်ကိုယ်သူ ပြန်တည်ငြိမ်စေသည်။ ထို့နောက် သူ့လက်ချောင်းနှစ်ချောင်းကို အသုံးပြု၍ ရှည်သွယ်သော ငွေရောင်အပ်တစ်ချောင်းကို လေ့ကျင့်သားပြည့်ဝစွာ သေသေသပ်သပ် ဆွဲထုတ်သည်။ ထိုအပ်က သူ့လက်ချောင်းကြား၌ ပေါ်လာ၏။

ထို့နောက်တွင် ဟန်လိက အမျိုးသမီးငယ်ကို လှမ်းကြည့်သည်။ သူ့လက်ထဲက အပ်ကို ကြည့်သည်။ သူ့ထံ၌ ဘာမျှမတတ်နိုင်ဟန် အမူအရာ ဖြစ်ပေါ်လာသည်။

မိန်းကလေးဟန်…ဒီအပ်စိုက်ပညာရပ်က လူတစ်ယောက်ရဲ့ အချိန်တိုအတွင်းမှတ်ဉာဏ်တစ်ခုကို ဖျောက်ဖျက်ပေးနိုင်တာကြောင့်သာ မဟုတ်ရင် “ငါ့လျှို့ဝှက်ချက် မပေါ်အောင် ဘယ်လိုလုပ်ရမလဲ ငါ တကယ် မသိတော့ဘူး။ နင်က ငါ့လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးမယ်လို့ ယုံကြည်ပေမယ့် ခုချိန်က မတော်တဆ ဖြစ်နိုင်ချေ အရမ်းများတယ်။ နင့်အနေနဲ့ ဒီလျှို့ဝှက်ချက်အကြောင်းကို အမှတ်မထင် ပြောမိချင်လည်း ပြောမိနိုင်တယ်။ ဒါမှမဟုတ် တစ်ယောက်ယောက်က နင်တောင် မသိဘဲ တစ်ယောက်ယောက်က နင့်မှတ်ဉာဏ်တွေကို လျှို့ဝှက်ပညာရပ်နဲ့ ရှာဖွေခြင်း ခံရမှာလည်း ဖြစ်နိုင်သေးတယ်။ ဒါ့ကြောင့် ဒီလို ဖြစ်မလာအောင် ကာကွယ်ဖို့က လွဲလို့ ငါ့မှာ ရွေးချယ်စရာ မရှိတော့ဘူး…”

ဟန်လိက တကိုယ်တည်း ခပ်တိုးတိုး ရေရွတ်နေ၏။

သူက အနီရောင်ဆေးပုလင်းတစ်ခုကိုလည်း ထုတ်ယူပြီး ၎င်းထဲမှ အနီရင့်ရောင် ဆေးလုံးတစ်လုံးကို သွန်ချသည်။ ထို့နောက် သူက ဒီဆေးကို အနံ့ခံကြည့်ပြီး အမျိုးသမီးငယ်၏ ပါးစပ်ထဲ ထည့်လိုက်သည်။

“ကံကောင်းစွာနဲ့ အရင်တုန်းက ငါ အမှတ်မထင် ဖော်စပ်ခဲ့တဲ့ ဒီမှတ်ဉာဏ်ပျောက်ဆေးလုံးကို ငါနဲ့အတူ ယူလာခဲ့မိလို့ပေါ့။ ဒီဆေးလုံးနဲ့ဆို ငါ့အနေနဲ့ အပူအပင်မဲ့အပ်စိုက်ပညာရပ်ကို ကောင်းကောင်း အသုံးချနိုင်ပြီ။ ဒါက နည်းနည်းတော့ အန္တရာယ် ရှိပေမယ့် ပြဿနာကြီးကြီးမားမားတော့ မရှိလောက်ပါဘူး။ နင့်အနေနဲ့ ဒီနေ့တဝက်စာ အဖြစ်အပျက်တွေကိုပဲ မေ့သွားမှာပါ။ ငါ သမားတော်မော့ရဲ့ ဆေးကျမ်းတွေထဲက သင်ယူခဲ့တဲ့ ဒီအပ်စိုက်ပညာရပ်က ကျင့်ကြံခြင်းလောကရဲ့ ဒီကနေ့မှာ အသုံးတည့်လာလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး…”

ဟန်လိက သည်မိန်းမလှ၏ ဆံနွယ်တို့ကို တို့ထိကိုင်ကာ တွယ်ငြိမှုအပြည့်ဖြင့် ပြောနေသည်။

နာရီအနည်းငယ် ကြာပြီးနောက် ဟန်လိက လှိုဏ်ဂူထဲကနေ လှမ်းထွက်လာ၏။ သူ့မျက်နှာမှာ သေလောက်အောင် ဖြူရောနေသည်။ သူက အနီးအနားရှိ သစ်ပင်ကြီးတစ်ပင်နား ခပ်သွက်သွက် ပုန်းကွယ်၏။ ထို့နောက် လှိုဏ်ဂူအဝင်ပေါက်ရှိ အခြေအနေများကို စောင့်ကြည့်နေသည်။

ဆယ်မိနစ်လောက် ကြာပြီးနောက် ဟန်ယွမ်ဇီသည် ငေးငေးငိုင်ငိုင်နှင့် ဂူပေါက်ဝကနေ ထွက်လာ၏။ သူမလက်ထဲတွင် ကြမ်းကြုတ်နေပန်းပွင့်ကို ကိုင်ထားသည်။ သူမက လက်တစ်ဖက် နဖူးပေါ်တင်ကာ လှိုဏ်ဂူအဝကို အကြိမ်အနည်းငယ် လှည့်ပတ်ကြည့်သေးသည်။ သူမ၏မျက်လုံးထံမှ ထူးခြားသောဟန်ပန် ဖြည်းဖြည်းချင်း လှစ်ဟပေါ်သည်။

ရုတ်တရက် သူမက အရေးကြီးသော ကိစ္စတစ်ခုကို တွေးမိသွားပုံရ၏။ သူမက လက်ထဲရှိ ကြမ်းကြုတ်နေပန်းပွင့်ကို သိုလှောင်အိတ်ထဲ ကဗျာကယာ ထည့်ကာ သည်ဧရိယာကနေ အလျင်အမြန် ထွက်လာပြိး တောင်အောက်သို့ ဆင်းသွားတော့သည်။

သူမ ထွက်သွားပြီး မရှေးမနှောင်းမှာ ဟန်လိက အပင်ပေါ်ကနေ ခုန်ဆင်းလာ၏။ ထိုအမျိုးသမိးငယ် ထွက်သွားသော အရပ်ထံ လှမ်းကြည့်ပြီးနောက် သူက သက်ပြင်းရှည် ချမိ၏။ ထို့နောက် သူသည် တဖက်ရှိ ထူထဲသော တောအုပ်ထဲ ဖြည်းဖြည်းချင်း ဦးတည်ကာ လှမ်းလျှောက်သွား၏။

တားမြစ်ဧရိယာ၌ တတိယမြောက်နေ့မှာ နောက်ဆုံး၌ အဆုံးသပ်သွားပြီ။ လေးရက်မြောက် ကျရောက်လာခဲ့ပေပြီ။ ဟန်လိအတွက်လည်း အရင်ရက်များလောက် သိပ်အဆင်မပြေတော့ပေ။

အားကောင်းသော သားရဲများနှင့် တွေ့ကြုံရခြင်း မရှိသော်လည်း သူ ရရှိခဲ့သော အချက်အလက်များက မှားနေပေပြီ။ ဟန်လိအတွက် လိုအပ်သော စိတ်ဝိညာဉ်ဆေးပင်များ ပေါက်ရောက်သည့် နေရာများနှင့် ပတ်သတ်သည့် သတင်းအချက်အလက်မှာ မှားနေခြင်း ဖြစ်၏။ သည်နေ့တဝက်အတွင်း စိတ်ဝိညာဉ်ဆေးပင်များကို စောင့်ကြပ်နေသော နတ်ဆိုးသားရဲများ၏ အရေအတွက်မှာလည်း တိုးလာ၏။ သည်အချိန်အတွင်း ဟန်လိသည် အလယ်အဆင့် နတ်ဆိုးသားရဲ သုံးကောင်၊ အဆင့်မြင့်နတ်ဆိုးသားရဲနှစ်ကောင်တို့ကို ဆက်တိုက်ဆိုသလို သတ်ဖြတ်ခဲ့ရသည်။ သူ၏ မှော်စွမ်းအားကော၊ ရုပ်ပိုင်းခန္ဓာကိုယ်ကောပါ ပင်ပန်းနေပြီ။

အခု ဟန်လိက တောင်အငူစွန်းတစ်ခု၏ အောက်မှာ ရပ်၍ သူ ရခဲ့သော ဆေးပင်များကို ခွဲခြမ်းစိတ်ဖြာနေသည်။ သူ့အတွက် လိုအပ်သော ဆေးပင်သုံးပင်၏ အရေအတွက်မှာ သူ မှန်းထားသလို မဖြစ်သေးသော်လည်း လုံလောက်ရုံမျှတော့ ရှိနေပြီ။ သူက အခု ဒီတားမြစ်ဧရိယာ၏ ဗဟိုချက်နေရာကနေ ထွက်သွားခဲ့လျှင်ပင် သူ့အတွက် အဆင်ပြေနိုင်လောက်ပြီ။

ထို့အပြင် အဝါရောင်မေပယ်တောင်ကြားမှ ရခဲ့သော သတင်းအချက်အလက်အရ မရင့်မှည့်သေးသော စိတ်ဝိညာဉ်ဆေးပင်များ ရှိနေသော တည်နေရာများမှာ ထပ်မံ မရှိတော့ပေ။ ကျန်သည့်နေရာများမှာ ကျုံးဝူနှင့် သတင်းအချက်အလက် ဖလှယ်ခြင်းကနေ သိခဲ့ရသည့် နေရာများသာ ရှိတော့၏။

သို့ပေမည့် ဟန်လိသည် တဖက်သူ ဉာဏ်များမည်ကို စိုးရိမ်နေခဲ့ပေ၏။ ထိုသူက သူ့ကို အကျိုးမဲ့သော နေရာများထံ လမ်းညွှန်ပေးခဲ့ပါက သူ့အတွက် အချိန်ကုန်ရမည် မဟုတ်လား။ သိ့သော် ဟန်လိက သူ သိခဲ့သော သတင်းအချက်အလက်တို့ကို ထပ်မံ ကြည့်ပြီးနောက် ခုလက်ရှိ သူနှင့် မနီးမဝေးတွင် နေရာတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုနေရာတွင် စိတ်ဝိညာဉ်ဆေးပင်များ ပေါက်ရောက်နေသည်ဟု ဆိုသည်။

ထိုနေရာ၌ ခုထိ မရင့်မှည့်သေးသော ဆေးပင်များကော၊ ရင့်မှည့်ပြီးသော ဆေးပင်များကော ရှိနေ၏။ သို့အတွက် ဟန်လိက စိတ်ဝင်စားမိသည်။ ရင့်မှည့်ပြီးသော စိတ်ဝိညာဉ်ဆေးပင်များကို ကျုံးဝူက မယူသွားခဲ့သေးလျှင်လည်း တခြားသူများက အရင် ယူခဲ့ပြီးလောက်ပြီဟု သူ ထင်သည်။ သို့သော် မရင့်မှည့်သေးသော ဆေးပင်များကမူ ရှိနေလောက်အုံးမည်။

အခုက အချိန်လည်း ရသေး၊ တခြား သူ သွားရမည့် တည်နေရာလည်း သတ်သတ်မှတ်မှတ် မရှိသေးသဖြင့် ထိုနေရာသို့ တချက်လောက် သွားကြည့်တာ မဆိုးလောက်ဟု သူ ယူဆသည်။ အကယ်၍ သည်သတင်းအချက်အလက် မမှန်ခဲ့လျှင်ပင် သူ့အတွက် ထွေထွေထူးထူး ဆုံးရှုံးတာ မရှိပေ။

ထိုသို့ စိတ်ကူးမိပြီး ဟန်လိက ဒီနေရာတွင် ထပ်၍ ထိုင်စောင့်မနေတော့ ခဏအနားယူပြီး ထွက်ခွာလာတော့သည်။

All Chapters