← Chapters

ဘုံကျောင်းနှင့် မြေအောက်လမ်း

Vol. 15 Ch. 204

ဘုံကျောင်းနှင့် မြေအောက်လမ်း

Vol. 15 Ch. 204

ဟန်လိ သွားမည့်နေရာမှာ ဒီတောင်တန်း၏ ချိုင့်ဝှမ်းတစ်ခုထဲ၌ ရှိသည်။ ၎င်းချိုင့်ဝှမ်းကို ကျောက်စိုင်ကျောက်ခဲကြီးများဖြင့် ဝန်းရံထား၏။ ချိုင့်ဝှမ်းအလယ်တွင် ရှေးကျသော ဘုံကျောင်းတစ်ခု ရှိသည်။ ထိုဘုံကျောင်းက ကြီးမားသော်လည်း တံခါးဝကတော့ သေးငယ်လှကာ လူနှစ်ယောက်ဝင်စာလောက်သာ ရှိ၏။ ကျောက်တုံးတစ်ခုပေါ်တွင် ရပ်၍ ဟန်လိက ဒီဘုံကျောင်းထံ အကြည့်ရောက်နေသည်။

သူက မျက်မှောင်ကြုတ်၍ ကျောက်တုံးများပေါ်ကနေ ခုန်ချလာသည်။ ထို့နောက် သူသည် ဘုံကျောင်းတံခါးဝနား လျှောက်လာ၏။ သူ့အကြည့်က ဘုံကျောင်းထံ ကျရောက်နေသည်။ သူ့မျက်နှာထက်ရှိ သံသယဖြစ်ဟန်က ပို၍ သိသာလာသည်။

၎င်းက ပုံရိပ်ယောင်တစ်ခု ဖြစ်နေလား သူ မသိပေ။ သို့သော် ဒီဘုံကျောင်းပေါ်တွင် မိုးပြာရောင် ခပ်ဖျော့ဖျော့ စီးဆင်းနေသည်ဟု ခံစားမိနေသည်။ သို့ပေမည့် သူ သေချာ ကြည့်သည့်အခါ ဘာကွာဟချက်ကိုမျှ မမြင်နိုင်တော့ပေ။ ထိုသို့ အကြိမ်အနည်းငယ် ဖြစ်ပြီးနောက် သူ တစ်ကိုယ်တည်း တိတ်တဆိတ် ရေရွတ်နေ၏။ ဒီနေရာမှာ လူအများက မှော်ပညာရပ်အချို့ကို အမှန်တကယ် ချခင်းထားတာ ဖြစ်နိုင်လား။

ဟန်လိက ခေါင်းငုံ့ကာ သူ့ဝန်းကျင်ရှိ မြေပြင်ကို စူးစမ်းကာ ကြည့်နေသည်။ သူ့အရင် ရောက်လာခဲ့သော လူသူအရိပ်အယောင်ကိုလည်း မတွေ့ရပေ။ ထိုအခါ သူ မျက်လုံး မှေးသွား၏။

“ဒီမှာ တစ်ခုခု ထူးခြားတာ ကျိန်းသေပေါက် ရှိနေရမယ်။ ဒီချိုင့်ဝှမ်းက ခေါင်တဲ့နေရာမှာ ရှိနေပေမယ့် ဒီမှာ ဘုံကျောင်းကြီး ရှိနေတဲ့အတွက် တခြားသူတွေ ဒီချိုင့်ဝှမ်းကို ရှာမတွေ့စရာ အကြောင်း မရှိဘူး။ ဒါ့အပြင် ငါ့ကို ဒီနေရာအကြောင်း ပြောပြခဲ့တဲ့ ကျုံးဝူကပါ ဒီကို ရောက်မလာခဲ့သေးတာလား…”

အခုအခိုက်အတန့်တွင် ဟန်လိစိတ်ထဲ၌ အတွေးမျိုးစုံ ဖြစ်ပေါ်နေသည်။ သူက တစ်ခုခုမှားနေပြီဟု အလိုလို ခံစားမိနေ၏။

သို့သော် သူက ဒီနေရာကနေ လက်ဗလာအတိုင်း ပြန်မထွက်သွားချင် ဖြစ်နေသည်။

ထို့ကြောင့် သူက ခြေလှမ်းအနည်းငယ် နောက်ဆုတ်၏။ သူ့သိုလှောင်အိတ်ထဲကနေ ရွှေရောင်ဓားသွားကို ထုတ်ယူကာ လေထဲသို့ ပစ်သွင်းလိုက်သည်။ ၎င်းဓားက ရွှေရောင်အလင်းတန်းအဖြစ်သို့ ပြောင်းကာ ဘုံကျောင်းတံခါးဝပေါ်ရှိ မိုးပြာရောင်ကျောက်တုံးတစ်တုံးကို အကြမ်းပတမ်း ဝင်တိုက်ခိုက်သည်။ ထိုအခါ အဇူရာအလင်း လင်းလက်သွားပြီး ထိုကျောက်တုံးက မထိမခိုက်ဘဲ ရှိ၏။ ဓားကမူ လေထဲသို့ လည်ပြန်ထွက်သွားပြီး ဆယ်မီတာကျော်လောက်ထိ ပြန်ကန်လာသည်။

ဟန်လိက ခေါင်းယမ်းကာ တဖက်သို့ လှည့်၍ ဒီနေရာကနေ ထွက်သွားရန် ဟန်ပြင်သည်။

“အဓိက ပန်းတိုင်ဟာ မလိုလားအပ်တဲ့ အန္တရာယ်တွေကို ရှောင်ဖို့၊ ဒီတားမြစ်ဧရိယာကနေ အသက်ရှင်လျက် ပြန်ထွက်နိုင်ဖို့ပဲ။ ဒီဘုံကျောင်းက ထူးခြားလွန်းနေတယ်။ ငါ ဒီထဲ မဝင်တာ အကောင်းဆုံးပဲ…”

ဟန်လိက ထိုသို့ စဉ်းစား၏။

သို့သော် သူ ခြေလှမ်းနှစ်လှမ်းခန့် လျှောက်လှမ်းပြီးရုံ ရှိသေး သူ့မျက်နှာ အမူအရာမှာ ပြောင်းလဲသွားသည်။ သူ့ပုံရိပ်က ဖြတ်ခနဲဖြင့် လေထဲမှာ ပျောက်ကွယ်သွားသည်။ ထို့နောက် ဟန်လိ၏ ပုံရိပ်သည် ဘုံကျောင်းတံခါးအတွင်း၌ ထပ်မံ ပေါ်လာ၏။ သူသည် ဘုံကျောင်းအတွင်းထဲ ပျောက်ကွယ်သွားပြန်သည်။

တစ်ချိန်တည်းမှာ လမျက်နှာဖုံးဂိုဏ်း၏ အုပ်စုက ချိုင့်ဝှမ်းတဖက်ရှိ ကျောက်တုံးကျောက်စိုင်အချို့ ပေါ်၌ ပေါ်လာ၏။ သူတို့အုပ်စု ခေါင်းဆောင်မှာ လမျက်နှာဖုံးဂိုဏ်း၏ ဘိုးဘေးဖြစ်သူ နတ်သမီးအလား မိန်းမပျိုလေးပင်။

ထိုအခိုက်တွင် သူမ၏အကြည့်က ဟန်လိ ပျောက်ကွယ်သွားသော ဘုံကျောင်းတံခါးဝထံ ကျရောက်နေ၏။သူမက သည်နေရာတွင် တစ်ယောက်ယောက် ရှိနေသည်ဟု ခံစားမိခဲ့သည်။ သို့သော် အခ သူမသည် မြင်ကွင်း၌ တစ်ဦးတစ်ယောက်ကိုမျှ မမြင်ရဘဲ ရှိသည်။ သူမ၏ အလိုလို သိစိတ်ကများ မှားယွင်းသွားတာလား။

ထိုမိန်းမပျိုက နေရာတွင် ရပ်နေဆဲ၊ သူမ၏ အာရုံခံစားမှုက မှားသည်ဟု လက်မခံပေ။ သူမက မျက်လုံးမှိတ်ကာ နတ်ဘုရားအာရုံကို ထုတ်ဖော်၏။ အဆုံးသပ်၌ သူတို့၏အုပ်စုအပြင် ဒီချိုင့်ဝှမ်းဝန်းကျင်၌ တခြား မည်သည့်ကျင့်ကြံသူကိုမျှ အာရုံမခံမိပေ။ သို့သော် သူမ၏ နတ်ဘုရားအာရုံက ဘုံကျောင်းကိုပါ ခြုံလွှမ်းလာချိန်၌ စွမ်းအားတစ်မျိုးမျိုးက သူမ၏ နတ်ဘုရားအာရုံကို ခြေဖျက်လေသည်။ ထိုအခါ မိန်းမပျိုသည် အံ့အားသင့် တုန်လှုပ်သွား၏။ သို့ပေမည့် သူမက ချက်ခြင်း ရွှင်မြူးသွားသည်။ သူမ၏မျက်နှာထက်တွင် ရယ်မောချင်ဟန် အရိပ်အယောင် ဖြစ်ပေါ်သည်။

ပထမဆုံးအကြည့်မှာတည်းက သူမက ဒီဘုံကျောင်းပေါ်တွင် တစ်ယောက်ယောက်က ချခင်းထားသော အကာအကွယ်မှော်ပညာရပ်တစ်ခု ရှိနေတာကို တွေ့ရှိခဲ့ပြီး ဖြစ်၏။ သို့အတွက်လည်း သူမက အံ့အားမသင့်ခဲ့ပေ။ အကြောင်းမှာ နတ်ဆိုးသားရဲများက သူတို့ ကျက်စားရာ လျှို့ဝှက်နေရာများ၌ အတားအဆီးပညာရပ်ကို ချခင်းထားတတ်သောကြောင့်ပင်။ သို့သော် သည်နေရာရှိ အတားအဆီးပညာရပ်ကိုတော့ သူမ၏ နတ်ဘုရားအာရုံဖြင့် မထွင်းဖောက်နိုင် ဖြစ်နေသည်။ အခုလို ကြုံရတာ သူမအတွက် ပထမဆုံး ဖြစ်၏။

ခဏ စိတ်လှုပ်တရှား ဖြစ်နေပြီး နတ်သမီးအလား မိန်းမပျိုက အစောပိုင်းတုန်းက လူရိပ်လူယောင် ရှိခဲ့သည့် ကိစ္စကို ထပ်မံ မစူးစမ်းကြည့်တော့ပေ။ သူမက ဒီအနီးအနား၌ ပုန်းနေသော တခြားဂိုဏ်းများမှ တပည့်တစ်ယောက်၊နှစ်ယောက် ရှိနေခဲ့လျှင်ပင် လမျက်နှာဖုံးဂိုဏ်း၏ သူမတို့အုပ်စုကို နှောက်ယှက်ဝံ့မှာ မဟုတ်ဟု ယုံကြည်ထားသည်။ ထို့ကြောင့် သူမက ဘုံကျောင်းထံသို့သာ ဦးဆောင်၍ လျှောက်လာ၏။

ထိုအချိန်၌ ဟန်လိသည် ဘုံကျောင်းထဲရှိ အခန်းကြီးတစ်ခုထဲမှာ မတ်တပ် ရပ်နေသည်။ သူက စိတ်ပူပန်နေ၏။

သူက ဘုံကျောင်းထဲ မဝင်ဘဲ ထွက်သွားတော့မည်ဟု ဆုံးဖြတ်လိုက်ပြီး သူ့အနီးပတ်ဝန်းကျင် အခြေအနေကို သိရအောင် နတ်ဘုရားအာရုံကို အရင်ဆုံး ထုတ်ဖော်ခဲ့၏။ သူ ထွက်သွားဖို့အတွက် ပြင်ဆင်ခဲ့တာ ဖြစ်သည်။

သို့သော် သူ့နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်ရုံရှိသေး သူ့အနီးဝန်းကျင်၌ ကျင့်ကြံသူအုပ်စုတစ်စုကို အာရုံခံမိလိမ့်မည်ဟု သူ မထင်ထားမိခဲ့ပေ။ ထိုသို့ အာရုံခံမိသည့်အခါ သူ အံ့အားတသင့် ဖြစ်သွားပြီး စဉ်းစားမနေတော့ဘဲ ဘုံကျောင်းထဲ ဖြတ်ခနဲ ဝင်ရောက်ခဲ့ရတာ ဖြစ်သည်။ ထိုအုပ်စုကသာ ဒီနေရာ၌ သူ့ကို မြင်သွားခဲ့ပါက သူ့ကံကြမ္မာက ဘာဆက်ဖြစ်မည်ကို တွေးနေဖို့ပင် လိုလိမ့်မည် မဟုတ်ပေ။

တကယ်တော့ ပြီးခဲ့သော နှစ်ရက်တုန်းက သူ့စွမ်းအားကို အများအပြား သုံးစွဲခဲ့ရခြင်း မရှိပါက ဟန်လိသည် သူ၏ အလျင်မြန်ဆုံး လှုပ်ရှားမှု ပညာရပ်များကို သုံး၍ ထိုကျင့်ကြံသူများထံကနေ ထွက်သွားနိုင်မည် ဖြစ်၏။ ကံမကောင်းစွာဖြင့် ခုလက်ရှိ သူ့အခြေအနေမှာ သည်လို လှုပ်ရှားမှု ပညာရပ်ကို အကြိမ်များစွာ အသုံးမပြုနိုင်တော့တာ ဖြစ်သည်။ သူ ထွက်ပြေးချင်လျှင်ပင် ဝေးဝေးသို့ ပြေးနိုင်စွမ်း မရှိတော့ပေ။

ယနေ့တွင် သူက ဒီဘုံကျောင်းအတွင်း၌ ပုန်းနေခြင်းကသာ သူ့အတွက် ယာယီလုံံခြုံဘေးကင်း နိုင်လိမ့်မည်။ သို့သော် ထိုကျင့်ကြံသူအုပ်စုက ဘုံကျောင်းဝတွင် ပိတ်နေသဖြင့် သူ့အဖို့ ထွက်သွားဖို့ နည်းလမ်းမရှိ ဖြစ်နေရပြီ။

တကယ်တော့ သည်ဘုံကျောင်း၏ တည်ဆောက်ပုံက ရိုးရှင်း၏။ တံခါးဝကနေ ဝင်လာပြီး၊ မြေလိမ်မြွေကောက် လျှောက်လာပြီးနောက် သူ့ မျက်စိရှေ့တွင် အခန်းလွတ်ကြီးတစ်ခု ပေါ်လာခဲ့တာ ဖြစ်၏။ ထိုအခန်းလွတ်ထဲ၌ သူ့အတွက် ပုန်းနေဖို့ တစ်နေရာပင် မရှိလေပေ။ ထို့အပြင် အပြင်ဘက်မှ ကျင့်ကြံသူအုပ်စုက ဒီဘုံကျောင်းထဲ ဝင်ဖို့ ရောက်လာတာ ကျိန်းသေ၏။

အမှန်တကယ်တော့ သူ့အတွက် ပုန်းဖို့ နေရာလုံးလုံး မရှိဟု ပြောပါက လုံးလုံး မမှန်ပေ။

ဟန်လိ၏ရှေ့၊ ဒီအခန်းလွတ်ကြီး အလယ်မှာ ကျောက်စိမ်းလက်ရန်းများနှင့် ဥမင်နက်တစ်ခု ရှိနေသည်။ ထိုဥမင်၏ ဝင်ပေါက်မှာ လှေကားထစ်များ ရှိနေ၏။ ဝင်ပေါက်ကနေ အောက်ဘက်သို့ ဆင်းသက်သွားနိုင်သော လမ်းကြောင်းတစ်ခုပင်။ ထိုဥမင်က မည်သည့်နေရာထံ ဦးတည်သည်ကိုတော့ စိတ်ကူးကြည့်ဖို့ တကယ်ခက်၏။

သို့ပေမည့် ဟန်လိက ဒီဥမင်သည် ကောင်းကောင်းမွန်မွန်နေရာတစ်ခုထံ ဦးတည်လိမ့်မည်ဟု မဟုတ်ဟု စဉ်းစားစရာမလိုဘဲ ခန့်မှန်းမိပြီးသားပင်။ သို့အတွက်ကြောင့်လည်း သူ ၎င်းဥမင်လမ်းထဲ ဆင်းရမလား၊ မဆင်းရမလားဟု တွေဝေနေတာ ဖြစ်၏။ သို့ပေမည့် သည်ဘုံကျောင်းကြီးအတွင်း၌ သူ ပုန်းနေဖို့ တခြားနေရာကလည်း မရှိတော့ပေ။ သို့ဖြစ်၍ ဟန်လိက နဖူးတွင် ချွေးပြန်နေရပြီ။

ထိုအချိန်မှာ ဘုံကျောင်းဝင်ပေါက်ကနေ လှမ်းဝင်လာသော ခြေသံများကို ကြားရသည်။

ထိုအခါ ဟန်လိက စိတ်ထဲကနေ ခါးသီးစွာ သက်ပြင်းချမိတော့၏။ သူက အံတင်းတင်းကြိတ်ကာ ကျောက်စိမ်းလက်ရန်းများပေါ် ခုန်ကျော်၍ ဥမင်လမ်းထဲ လှမ်းဝင်လာတော့သည်။

ထိုဥမင်ထဲ ဝင်လာသည့်နောက် ဟန်လိ၏ ဝန်းကျင်မှာ အမှောင်အတိ ပြီးနေ၏။ သူက သူ့ သိုလှောင်အိတ်ထဲကနေ လရောင်ကျောက်တုံးတစ်တုံးကို ထုတ်ကာ သူ့ဝန်းကျင်ကို အလင်းရစေသည်။

ဥမလင်းလမ်းမှာ ကြီးမားလှသည်ဟု သတ်မှတ်၍ မရပေ။ လူတစ်ယောက် ကောင်းကောင်း ဖြတ်သွားနိုင်ရုံမျှသာ အကျယ်ရှိသည်။ ဟန်လိက ဥမင်လမ်းအတိုင်း ဆင်းလာရင်း ဘေးရှိ ကျောက်သားနံရံကို လက်ဖြင့် ထိကြည့်သည်။ ထိုနံရံက စိုထိုင်းထိုင်းနှင့် ချောနေ၏။

သူက အချိန်ဖင့်မနေဝံ့ပေ။ သူ့နောက်မှ လူများက သူ့ကို မှီလာမှာ စိုးရိမ်နေသည်။ ထို့ကြောင့် သူက အောက်ဘက်သို့ သတိထားကာ ဆက်ဆင်းလာ၏။

တစ်လှမ်းချင်း လှမ်းလာပြီး ခြေလှမ်းတစ်ရာလောက် လှမ်းလာပြီးနောက် ဝင်ဝင်ချင်းတုန်းက ကျဉ်းမြောင်းနေသော ဥမင်လမ်းသည် တဖြည်းဖြည်း စကျယ်လာ၏။ လူနှစ်ယောက် ဘေးတိုက် လျှောက်ဝင်လို့ ရသည့်အထိ ကျယ်လာသည်။ သို့သော် ရှေ့မှ တိုက်ခတ်နေသော စိုစွတ်သည့်လေ၌ အပူဓာတ်က အဆက်မပြတ် တိုးလာနေ၏။ ဟန်လိမှာ ချွေးပြန်နေပြီ။ သူ၏ ခေါင်းအစ ခြေအဆုံး ချွေးများဖြင့် ရွှဲနစ်နေပြီ။

နောက်ထပ် ခြေလှမ်းရာချီလောက် ထပ်ဆင်းလာပြီးနောက် ဟန်လိက သူ အောက်ဘက်သို့ ရောက်တော့မည်ဟု ခန့်မှန်းမိသည်။ ဥမင်လမ်းလည်း လုံးလုံး ပျောက်သွားခဲ့ပြီ။ ဥမင်လမ်းအဆုံးသို့ ရောက်လာသည်နှင့် သူ့မျက်စိရှေ့တွင် ထူးခြားသော လောကတစ်ခု ပေါ်လာခဲ့သည်။

ဘုံကျောင်းအောက်၌ ရှိနေသော ဒီမြေအောက်လောကမှာ မီတာသုံးရာလောက် မြင့်ပြီး ကီလိုမီတာအနည်းငယ် ကျယ်ပြောသည်။ ဒီနေရာမှာ မြေသားမြေမာများ ရှိမနေ၊ စိမ့်မြေ ဖြစ်နေ၏။ တချက်ကြည့်ရုံဖြင့် နေရာတိုင်းတွင် အနက်ရောင်ရေပူဖောင်းများ ထုတ်လွှတ်နေသည်ကို မြင်ရနိုင်သည်။ ပူပြင်းစိုစွတ်သောလေက ဒီရွှံစိမ့်မြေပေါ်တွင် စုဝေးနေလျက် ဟန်လိနောက်ဘက်ရှိ ဥမင်လမ်းထံ အလျင်အမြန် စီးဆင်းကာ အပြင်ဘက်က လေကောင်းလေသန့်တို့ကို ပြန်သယ်ဆောင်လာ၏။ ဒီစိမ့်မြေပေါ်ရှိ လေနှင့် အပြင်ဘက်မှလေတို့၏ စီးဆင်းနှုန်းက ညီမျှနေသည်။

စိမ့်မြေပတ်လည်တွင် မြင့်မားသော အနက်ရောင်ရွှံ့ပုံကြီးများ ရှိနေ၏။ ဒီစိမ့်မြေ၏ တခြားတဖက်တွင် အရောင်အသွေးစုံသော ထူးခြားသည့် စိတ်ဝိညာဉ်ဆေးပင်များ ပေါက်ရောက်နေသည်။ ထိုဆေးပင်များထဲ၌ ဟန်လိ လိုအပ်နေသော ဆေးပင်များလည်း ပါသည်။ ယင်းဆေးပင်တို့၏ အရေအတွက်မှာ များလည်းမများ၊ နည်းလမ်းမနည်းပေ။

သို့ပေမည့် ဒီအရာများက စိမ့်မြေ၏ အလယ်တွင် ရှိနေသော အဖြူရောင်ကျောက်စိမ်းအဆောက်အဦငယ်တစ်ခုလောက် ဟန်လိ၏ အာရုံကို မစွဲဆောင်နိုင်ပေ။ ဒီအဆောက်အဦထဲ၌ လွင့်မြောနေသော ရွှေရောင်သေတ္တာကြီး တစ်ခု ရှိနေ၏။ ၎င်းက မီတာနှစ်ဆယ်လောက်အရှည်၊ ငါးမီတာလောက် အမြင့်ရှိ၏။ ၎င်းသေတ္တာ၏ အဖုံးမှာ တင်းကြပ်စွာ ပိတ်ထားပြီး ၎င်းပတ်လည်၌ ရွှေရောင်ခပ်ဖျော့ဖျော့ စီးဆင်းနေသည်။ တချက်ကြည့်ရုံပင် ၎င်းက သာမန်ပစ္စည်းတစ်ခုမဟုတ်မှန်း ပြောနိုင်သည်။

ဟန်လိက ၎င်းသေတ္တာကြီးထံ အကြိမ်အနည်းငယ် လှမ်းကြည့်၏။ ထို့နောက် သူ့အကြည့်ကို ၎င်းထံကနေ ပြန်ခွာသည်။ ဟန်လိက ထိုသေတ္တာကြောင့် စိတ်မလှုပ်ရှားတာ မဟုတ်ပါ။ သို့သော် ကျင့်ကြံသူအုပ်စုက ဒီကို ရောက်လာတော့မည် မဟုတ်လား။ ထို့ကြောင့် သူက ပုန်းကွယ်ဖို့ နေရာတစ်ခု မြန်မြန် ရှာမှ ဖြစ်မည်။ မဟုတ်ပါက သူ၏ အသက်လေးမှာ ဆုံးရှုံးသွားရနိုင်သည်။ ထိုအခါကျလျှင် အနှီရတနာက ဘာသွား အသုံးတည့်ပါတော့မည်နည်း။

ဟန်လိက ဖြတ်ခနဲ လှုပ်ရှား၏။ သူက ဥမင်ဝင်ပေါက်နှင့် အဝေးရှိ ရွှံ့ပုံတစ်ခုထံ လှမ်းလာ၏။ ထို့နောက် သူ၏ ချီကို ထိန်း၍ အသက်ရှုကာ သူ၏ အော်ရာကို ဖုံးကွယ်သည်။ ထို့နောက် သူက ၎င်းရွှံ့ပုံ အပေါ်တွင် လဲလျောင်း၏။ သူ့ကိုယ်သူ ပုန်းကွယ်ပြီးနောက် ဟန်လိက အနှီရွှံ့ပုံနှင့် တသားတည်း ဖြစ်သွားသည်။ အဝေးကနေ လှမ်းကြည့်ပါက လူတစ်ယောက်သည် သူ၏ အရိပ်အယောင်ကို လွယ်လင့်တကူ ရှာတွေ့နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။

ဟန်လိ ထိုသို့ ပြင်ဆင်ပြီးနောက် သိပ်မကြာခင် နတ်သမီးအလား မိန်းမပျိုက ဥမင်လှေကားထစ်များပေါ်တွင် ပေါ်လာ၏။

သူမ ပေါ်လာသည်နှင့် ဒီဧရိယာ၏ အခြေအနေကို မထူးခြားနားဟန်ဖြင့် စူးစမ်းသည်။ သူမက အဖြူရောင်ကျောက်စိမ်းခန်းမထဲရှိ ရွှေရောင်သေတ္တာကြီးကို မြင်သည့်အခါ သူမ၏ မတုန်မလှုပ် အမူအရာမှာ နောက်ဆုံး၌ စိတ်လှုပ်တရှား ဖြစ်လာသည်။ သူမ၏ မျက်လုံးထဲ၌ လိုချင်တပ်မက်မှု တဖြည်းဖြည်း လှစ်ဟပေါ်လာ၏။ သူမက ဒီနေရာ၌ ရွှေရောင်သေတ္တာရှိကြောင်း ဂိုဏ်းက တပည့်များ၏ အပြောကို ကြားပြီးသား ဖြစ်သော်လည်း ကိုယ်တိုင်ကိုယ်ကျ တွေ့ရသည့်အခါ များစွာ ပိုအံ့အားသင့်မိသည်။

ထိုမိန်းမပျိုက ခြေလှမ်းလာပြီး စိမ့်မြေပေါ်တွင် ကျနစွာ ရပ်နေ၏။ ထို့နောက်တွင် သူမနောက်မှ နီးကပ်စွာ လိုက်ပါလာသော လမျက်နှာဖုံးဂိုဏ်းမှ တပည့်များက ထိုမိန်းမပျို၏ နောက်၌ တညီတညာတန်း တန်းစီကာ ရပ်သည်။

သူတို့နှင့် မဝေးလွန်းသော နေရာမှ ဟန်လိက ဒီအခြင်းအရာများကို မြင်သည့်အခါ သက်ပြင်းချမိ၏။ တချိန်တည်းမှာ သူက သည်ဦးဆောင်လာသော မိန်းမပျို၏ အဆင့်အတန်းကို သိချင်စိတ် ဖြစ်မိသည်။

“အကြွေးခွံစပါးအုံးနက်က ဒီမှာ ပုန်းနေတာလား…” မိန်းမပျို၏အသံ ထွက်ပေါ်လာ၏။ သူမ၏အသံ၌ ကြီးမြတ်မှုတို့ ပြည့်နေ၏။

“ဘိုးဘေးကို တင်ပြပါတယ်။ အဲ့မြွေကြီးက ဒီစိမ့်မြေထဲမှာ ပုန်းနေပါတယ်။ အရင်တုန်းက ဒီရတနာသေတ္တာကို လိုချင်ခဲ့တဲ့ ဂိုဏ်းအသီးသီးက တပည့်ဆယ်ယောက်ကျော်တို့ကို ၎င်းက ဝါးမြိုခဲ့ပြီးပါပြီ။ ၎င်းရဲ့ ရက်စက်လှတဲ့ အမည်ဆိုးနဲ့ ကျော်ကြာမှုကြောင့် ဒီနေရာဟာ တားမြစ်နေရာလို ဖြစ်ခဲ့ပြီး ဂိုဏ်းအသီးသီးရဲ့ ဘယ်တပည့်ကမှ မလာဝံ့ဘဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့နတ်ဆိုးသားရဲမြေဟာ ပုံမှန် ထိပ်တန်းနတ်ဆိုးသားရဲတွေထက် အများကြီး ပိုအားကောင်းတာကတော့ အမှန်ပါပဲ။ ဘိုးဘေးအနေနဲ့လည်း ဒီသားရဲကို သတိထားဖို့ ကျမ မျှော်လင့်မိပါတယ်…”

အမျိုးသမီးငယ်တစ်ယောက်က တလေးတစား ပြန်ဖြေလိုက်၏။

“ဟက်…။ ငါက အဆင့်တစ် နတ်ဆိုးသားရဲတစ်ကောင်ကို ရင်ဆိုင်နိုင်စွမ်း မရှိဘူးလို့ နင် ထင်တာလား…”

အစောလေးက စကားဆိုခဲ့သော အမျိုးသမီးငယ်မှာ မျက်စိမျက်နှာအပျက်ပျက် ဖြစ်သွား၏။ သို့သော် သူမက ချက်ခြင်း ပြန်ဖြေသည်။ “ကျမ မထင်ဝံ့ပါဘူး…”

“နင် နောက်ဆုတ်နေတော့။ လူတိုင်းပဲ မူလတုန်းက အစီအစဉ်အတိုင်း လုပ်ဆောင်ပါ။ ဒီအကြေးခွံစပါးအုံးနက် ဘယ်လောက်ပဲ အစွမ်းထက်ထက် ယင်ယန်ဆွဲငင်ခြင်း မှော်ပညာရပ်ရဲ့ ပြိုင်ဘက် မဟုတ်မှာ ကျိန်းသေတယ်။ ဒါ့ကြောင့် ဒီမြွေက ဘယ်လောက်ပဲ သန်မာပါစေ အဆင့်တစ်ထိပ်တန်းသားရဲ တစ်ကောင် ဖြစ်နေဆဲပဲ…”

ထိုမိန်းမပျိုက မေးခွန်းပြန်ထုတ်၍ မရသော လေသံဖြင့် ပြောလိုက်၏။ သူမနောက်မှ တပည့်များအားလုံးသည် သူမ၏ စကားသံကြောင့် စိတ်အားတက်ကြွလာတော့သည်။

All Chapters