တိုက်ပွဲကို ကြည့်ရှုခြင်း
Vol. 15 Ch. 205
တပည့်များအားလုံးကို အမိန့်ပေးပြီးနောက် သူမက တဖက်သို့ ပြန်လှည့်ကာ ရှေ့ရှိ စိမ့်မြေကို ကြည့်သည်။ သူမဘာသာ တစ်ကိုယ်တည်း ရေရွတ်လိုက်၏။
“ဒီသေတ္တာထဲမှာ အဲ့ဟာက ရှိနေတဲ့ပုံပဲ။ အရင်တုန်းက နေရာတွေက အချည်းနှီးပဲ။ ငါ့အနေနဲ့ အမှိုက်သာသာ တချို့ပစ္စည်းလောက်ကိုပဲ ရခဲ့တယ်…”
သူမ၏အသံကို တခြားတပည့်များက လုံးဝ မကြားရပေ။ သူတို့အားလုံးသည် လာမည့် တိုက်ပွဲကြီးအတွက် စိတ်လှုပ်တရှားဖြင့် တက်ကြွနေသည်။
မိန်းမပျို၏ အမိန့် ရသည့်နောက် လမျက်နှာဖုံးဂိုဏ်းမှ အမျိုးသား၊ အမျိုးသမီးတပည့်များက သူတို့၏ အဖော်အချင်းချင်း ဘေးချင်း ယှဉ်ရပ်၏။ သူတို့၏ လက်တစ်ဖက်စီ ထုတ်ကာ တစ်ယောက်နှင့်တစ်ယောက် ဆုပ်ကိုင်ထားကြသည်။ သူတို့က ဒီမှော်ပညာရပ်ကို စုပေါင်းထုတ်ဖော်ရာ၌ ကျွမ်းကျင်နေပုံ ပေါ်သည်။
ယောက်ျား၊မိန်းမ ကျင့်ကြံသူ နှစ်ယောက်တတွဲစီက လက်ချင်းယှပ်၍ ထိကိုင်သည့်အခါ အပြာနှင့်အနီရောင် တောက်ပမှုကို ထုတ်လွှတ်၍ သူတို့၏လက်များ၌ စုန်ဆန်စီးဆင်းသည်။ ထိုတောက်ပမှုက ဒီတပည့်များ၏ ခန္ဓာကိုယ်များထိပါ ပျံ့နှံ့လာသည်။ ထိုအခါ အမျိုးသားများ၏ ခန္ဓာကိုယ်များပေါ်၌ အနီရောင်အလင်း၊ အမျိုးသမီးများ၏ ခန္ဓာကိုယ်များပေါ်၌ အပြာရောင်အလင်း ခြုံလွှမ်းသွားကြ၏။ သူတို့က မှော်ပစ္စည်းအချို့ကိုသာ ထုတ်ယူနိုင်တော့ပြီး အခြေခံပြင်ဆင်မှုအချို့ကိုသာ လုပ်နိုင်တော့မည် ဖြစ်သည်။
ဟန်လိက ရွှံ့ပုံတစ်ခုပေါ်တွင် လှဲနေ၏။ သူက ထိုမိန်းမပျို၏ တကိုယ်တည်း ရေရွတ်သော အသံကို မကြားသော်လည်း ရှေ့ဆုံးမှ အမျိုးသမီးတပည့်တစ်ယောက်က သူမကို ဘိုးဘေးဟု ခေါ်ဆိုသံကိုတော့ ကြားလိုက်ရ၏။ ထိုအခါ ဟန်လိမှာ အံ့အားသင့်လွန်း၍ သူ့လျှာကိုယ်သူ ကိုက်မိမတတ် ဖြစ်မိသွား၏။
“လမျက်နှာဖုံးဂိုဏ်းရဲ့ ဘိုးဘေး…..။ ဒီအခေါ်အဝေါ်…”
ဟန်လိသည် ကျင့်ကြံခြင်းလောက၌ လက်သစ်တစ်ယောက် မဟုတ်တော့ပေ။ သူက အခြေအနေများကို ကောင်းကောင်း သိနေပြီ ဖြစ်သည်။ ထိုအခေါ်အဝေါ်က သူ့ဂိုဏ်း၏ ဘိုးဘေးလီနှင့် အဆင့်တူသော အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ကို ခေါ်ဆိုရာ၌ အသုံးပြုသော အမည်နာမပင်။ ထိုသို့သော ကျွမ်းကျင်သူက ဒီတားမြစ်ဧရိယာတွင် အမှန်တကယ် ပေါ်လာခဲ့တာလား။ ဒီတားမြစ်ဧရိယာ၌ အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် အထက် ကျင့်ကြံသူများကို တားဆီးထားသည် မဟုတ်လား။ ဟန်လိ၏ခေါင်းမှာ ချာချာလည် သွား၏။
လမျက်နှာဖုံးဂိုဏ်း၏ တပည့်များကမူ အသင့်ပြင်ထားပြီး ဖြစ်၏။ ထိုမိန်းမပျိုက သူမ၏ လှုပ်ရှားမှုကို စတင်ပြီ။
သူက ထိုမိန်းမပျိုသည် သူမ၏ နှင်းဆီဖူးနှုတ်ခမ်းကို မဆိုသလောက် ဖွင့်ဟကာ သူမ၏ မှော်ရတနာ၊ ပုလဲလက်စွပ်ကို ထွေးထုတ်လိုက်သည်ကို မြင်သည်။ ထိုလက်စွပ်က သူမ၏ ပါးစပ်ထဲကနေ ထွက်လာသည့်အခါ စိမ့်မြေအထက်ရှိ လေထဲ ပျံသန်းကာ လေထဲ၌ ရစ်ဝဲ၍ ၎င်း၏အရွယ်အစားသည် အိမ်တစ်ခု၏ အခန်းတစ်ခုစာမျှ ကြီးမားလာသည်။
ထို့နောက်တွင် သူမက မှော်ပညာရပ်ဟ လက်ဟန်အချို့ကို ထုတ်ဖော်ကာ လက်ညွှန်၏။ သူမ၏လက်ထံမှ အနီရောင်အလင်းတန်းတစ်ခုက လက်စွပ်ထံ ပြေးဝင်သွားသည်။ လက်စွပ်ပတ်လည်ရှိ အရောင်က ပန်းရောင်ကနေ တောက်ပစူးရှသော အနီရောင်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။
ရွှံ့ပုံထိပ်ရှိ ဟန်လိက ထိုမြင်ကွင်းကို မြင်သည့်အခါ မင်သက်အံ့အားသင့်သွား၏။ ထိုသို့သော ခွန်အားနှင့်သက်ရောက်မှု။ လူတစ်ယောက်က ဒီလက်စွပ်သည် မှော်ရတနာ မဟုတ်ဟု ပြောလာခဲ့လျှင် သူ သေသည့်အထိ ရိုက်နှက်ခံရလျှင်ပင် အနှီစကားကို ယုံလိမ့်မည် မဟုတ်ပေ။
မိန်းမပျိုက ဒီမှော်ရတနာကို ထိန်းချုပ်နိုင်သည် ဖြစ်၍ သူမ၏ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ဖြစ်ခြင်းကို သံသယ ရှိစရာ မလိုတော့ပေ။ သို့သော် သူမက ဒီတားမြစ်ဧရိယာထဲ မည်သို့မည်ပုံ ဝင်လာနိုင်ခဲ့သနည်း။ သူမ၏ မှော်စွမ်းအားက ချီစုဆောင်းခြင်း အထွတ်အထိပ်အဆင့်သာ ရှိနေပုံ ဘာကြောင့် ဖြစ်ပေါ်နေရသနည်း။ ဟန်လိ၏ ခေါင်းထဲ၌ မေးခွန်းများ တသီတတန်း ဝင်လာမိ၏။ သို့သော် သူ့မှာ အဖြေမရှိပေ။
အောက်ဘက်ရှိ စိမ့်မြေက လှုပ်ရှားသည့် အရိပ်လက္ခဏာများ ပြသလာချိန်၌ ထိုမိန်းမပျိုသည် နောက်ထပ် မလှုပ်ရှားရသေးပေ။ ဗဟိုချက်ရှိ စိမ့်မြေအစိတ်အပိုင်းတစ်ခုနှင့်အတူ ၎င်းအနီးအနားရှိ ရွှံ့နုန်းမြေသည် ရုန်းကြလှုပ်ရှားလာ၏။ လှုပ်ရှားသော ဧရိယာက ပိုပို ကြီးမားလာ၏။ ရွှံ့လှိုင်းများ ရုန်းကြွမှုက ပိုပို မြင့်လာ၏။ ၎င်းရွှံ့မြေသည် တဖြည်းဖြည်း ငေါထွက်လာကာ တုန်လှုပ်ဖွယ်မြင်ကွင်းပင်။
မိန်းမပျိုက ထိုမြင်ကွင်းကို မြင်သည့်အခါ သူမ၏မျက်နှာထက်တွင် သံသယဖြစ်ဟန် ဖြတ်ပြေးသွားသည်။ သူမ၏ မှတ်ဉာဏ်အရ အကြေးခွံစပါးအုံးနက်သားရဲမှာ ဒီမျှ မထင်ပေါ် မရုန်းကြွပေ။
သို့ပေမည့် သားရဲ ထွက်ပေါ်လာမည်ကို မြင်သည့်အခါ သူမက ချီတုံချတုံ ဖြစ်မနေဝံ့တော့ပေ။ သူမ၏ လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်များ ပြုလုပ်ကာ အပြာရောင်ပန်းပွင့် မှော်ပညာရပ်ကို ထုတ်ဖော်သည်။ သူမက ပုလဲလက်စွပ်နှင့်လည်း အာရုံစိုက်၍ ချိတ်ဆက်သည်။ ၎င်း လက်စွပ်ကြီးက လေထဲတွင် စတင် လှည့်ပတ်နေပြီ။ ၎င်းအတွင်းရှိ မီးလုံးရာချီသည် သည်တချိန်၌ မီးပင်လယ်တစ်ခု ဖြစ်လာ၏။
“သွား…”
ထိုမိန်းမပျိုက သူမ၏ မှော်ပညာရပ်ကို ရုတ်တရက် တည်ငြိမ်စေသည်။
ရုတ်ချည်းပင် လက်စွပ်၏ လည်ပတ်မှုက အကြမ်းဆန်စွာ ရပ်သွား၏။ ထို့ကြောင့် မီးတောက်များက ရုတ်တရက် ထူထဲလာပြီး မီးဆိုင်ကလုံးတိုင်လုံးက အောက်ဘက်သို့ ရုန့်ရင်းစွာ ထိုးစိုက်ချလာသည်။ အနှီမီးတိုင်လုံးက စိမ့်မြေကနေ ငေါထွက်လာသော သားရဲထံ ဦးတည်ခြင်းပင်။
သို့ပေမည့် မီးတိုင်လုံးက စိမ့်မြေ အနီးအနား မရောက်ခင် မင်နက်ရေတိုင်လုံးတစ်လုံးက ဟူးခနဲ ထိုးထွက်လာ၏။ ၎င်းက မီးတိုင်လုံးကို အချိန်မီ ပိတ်ဆို့သည်။
ရုတ်တရက် နှစ်ဘက်လုံးမှ ပေါက်ကွဲမှုများသည် ဆူညံစွာ ထွက်ပေါ်သည်။ မြူလုံးကြီးတစ်လုံးက ချက်ခြင်းပင် အပိုင်းပိုင်းအစစ မြင့်တက်လာကာ ဝန်းကျင်ကို မြူများနှင့် ပိတ်ဖုံးသွားစေ၏။ အရာအားလုံးမှာ ဝေဝါးသွားလေ၏။
“ဒီကောင်က အကြေးခွံစပါးအုံးနက် မဟုတ်ဘူး…”
မင်နက်အလား ရေတိုင်လုံးတစ်ခု မြင့်တက်လာသည့်ကို မြင်သည့်အခါ ထိုမိန်းမပျို၏ သံသယ ဖြစ်ဟန် ပေါ်နေသော ဟန်ပန်က ချက်ခြင်း ပြောင်းလဲကာ ထိုသို့ ပြောလိုက်၏။
မိန်းမပျို၏ စကားကို တုန့်ပြန်ဖြေသည့်အလား အဖြူရောင်မြူထုထံမှ ငြီးတွားသံကြီး စူးခနဲ ထွက်ပေါ်လာ၏။ ထိုအသံကြီးက ထူးခြားလှ၏။ ထို့နောက် အဆုံးစွန် ပူပြင်းသော လေများ တိုက်ခတ်၏။ ထိုအခါ ဝန်းကျင်ရှိ အဖြူရောင်မြူလေထုမှာ တလိမ့်လိမ့် ပျောက်ကွယ်သွားသည်။ နတ်ဆိုးသားရဲ၏ အစစ်အမှန်အရောင် လှစ်ဟပေါ်လာသည်။
လူတိုင်း၏ မျက်လုံးရှေ့တွင် နက်မှောင်ညိုသော မြွေပုံစံ နတ်ဆိုးတစ်ကောင် ပေါ်လာ၏။ ၎င်းကို ကြီးမားသော အကြေးအခွံများက ဖုံးအုပ်ထားသည်။
ထိုမြွေပုံစံ ရှိသော သားရဲက အမှန်တကယ်တော့ ကြီးမားလွန်းခြင်း မရှိပါ။ မီတာသုံးလေးဆယ်လောက်သာ ရှည်လျား၏။ သို့ပေမည့် ၎င်း၏ ခေါင်းအစ ခြေအဆုံးကို အနက်ရောင်မြူလွှာပါးတစ်ခုက ခြုံလွှမ်းထားသည်။ အင်မတိအင်မတန် နတ်ဆိုးဆန်လှ၏။ ထို့အပြင် ၎င်း၏ ခေါင်းအစ ခြေအဆုံး အပြင်ပိုင်းအသွင်အပြင်မှာ ပုံမှန် စပါးအုံးမြွေနက်နှင့် သိပ်မကွဲပြားပေ။ ၎င်း၏ နက်မှောင်တောက်ပသော အကြေးခွံကြီးမားကသာ ကွာခြားတာ ဖြစ်၏။
“မင်နက်ရေနဂါး…”
မိန်းမပျိုက ထိုနတ်ဆိုးသားရဲ၏ ပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မြင်သည့်အခါ အသံထွက်ကာ မပြောမိဘဲ မနေနိုင် ဖြစ်ရ၏။ သူမ၏ မျက်နှာထက်၌ စိတ်လှုပ်ရှားမှုဟန်ပန်ကမူ ရှိနေတုန်းသာ။
သို့ပေမည့် သူမ၏နောက်မှ တပည့်များကမူ စဉ်းစားမရ ဖြစ်ဟန် ပေါ်နေသည်။ “ဒီသားရဲကောင်က အကြေးခွံစပါးအုံးနက် မဟုတ်ဘူးလား။ ဒီကောင်က ဘယ်အချိန်တုန်းကများ မင်နက်ရေနဂါး ဖြစ်သွားရတာလဲ…”
ထိုမိန်းမပျိုက သူမ၏ တပည့်များကို ရှင်းပြမနေအား။ အကြောင်းမှာ နတ်ဆိုးသားရဲက မြေပြင်ထက် မီတာများစွာတွင် လွင့်မြောကာ ၎င်း၏ ပစ်မှတ်ကို တွေ့နေပြီ ဖြစ်သောကြောင့်တည်း။ ၎င်း၏ ဦးခေါင်းရှိ အစိမ်းရောင်မျက်လုံးတစ်စုံက တလက်လက် ဖြစ်ကာ ၎င်း၏ပါးစပ်ကို ဟ၏။ နောက်ထပ် အနက်ရောင်ရေတိုင်လုံးတစ်လုံးသည် လမျက်နှာဖုံးဂိုဏ်းမှ အုပ်စုထံ တိုးဝင်လာခဲ့ပြီ။
“သားရဲကောင်…သေချင်နေတာလား…”
ထိုမိန်းမပျိုက မင်နက်ရေနဂါး၏ ခွန်အားကို ကောင်းကောင်း သိထား၏။ ထိုသားရဲက ငယ်ရွယ်သေးပုံ ပေါက်သော်လည်း သူမက မပေါ့ဆဝံ့ပေ။ အလျင်အမြန်ဖြင့် သူမ၏ ပုလဲလက်စွပ်ရတနာကို ထိန်းချုပ်၏။ ၎င်းလက်စွပ်ထံမှ အနီရောင်အလင်းဝန်း ထုတ်လွှတ်ကာ မိန်းမပျို၏ ရှေ့တွင် ကာကွယ်ပိတ်ဆို့သည်။ ထို့နောက်တွင် လက်စွပ်အတွင်းကနေ မီးလုံးတန်းတစ်ခု ပျံသန်းထွက်လာပြီး ရေနက်တိုင်လုံးကို လမ်းတဝက်၌ ရပ်တန့်သွားစေသည်။
“လက်ခံ၊ အရှိန်မြန် ၊ ထိန်းထား၊ ဖမ်း၊ ချုပ်…”
ထိုမိန်းမပျို၏ လက်နှစ်ဖက်က လခြမ်းကွေးအသွင် ဖြစ်ပေါ်စေး၏။ သူမက သူမ၏ပါးစပ်ထဲကနေ စူးချွန်တစ်ခုကို ထွေးထုတ်သည်။
ထိုဓားငါးလက်က သူမ၏ ပါးစပ်ထဲကနေ ထွက်ခွာသွားချိန်၌ ပုလဲလက်စွပ်က လေထဲ၌ တုန်တုန်ယင်ယင် ဖြစ်လာသည်။ ထို့နောက် ၎င်းက စက်ဝန်းလေးတစ်ခုကို ထုတ်လွှတ်ကာ လေထဲ၌ ပျောက်ကွယ်သွားသည်။ ထိုသည်က မင်နက်ရေနဂါး၏ မျက်လုံးမှာ ပုတ်ခတ်ပုတ်ခတ် ဖြစ်ကာ စူးစိုက်ကြည့်လာ၏။
သို့သော် ချက်ခြင်းလိုလို ထိုလက်စွပ်က နတ်ဆိုးသားရဲ၏ နဖူးပေါ်တွင် တိုက်ရိုက် ပေါ်လာ၏။ ၎င်းက နတ်ဆိုးသားရဲ၏ တုန့်ပြန်မှု နှေးသွားတာကို အသာစီးယူလိုက်ပြီ။ မျက်စိတမှိတ်အတွင်း ပုလဲလက်စွပ်က မင်နက်ရေနဂါးကို ကြမ်းကြုတ်စွာ ခြုံ့လွှမ်း၏။ ထို့နောက်တွင် အနှီလက်စွပ်ထံမှ နီရဲသောအလင်းတစ်ခု မြင့်တက်လာကာ နတ်ဆိုးသားရဲကောင်၏ ခန္ဓာကိုယ်တဝက်မှာ မီးတောက်များဖြင့် ထွေးခြုံခြင်း ခံလိုက်ရသည်။
“မြန်မြန် လှုပ်ရှားကြ။ ငါ ဒီကောင့်ကို အချိန်အကြာကြီး မထိန်းချုပ်ထားနိုင်ဘူး…”
ပုလဲလက်စွပ်က သားရဲကောင်ကို ထိန်းထားသော်လည်း မိန်းမပျိုမှာ စိတ်အေးဟန် မပေါ်ပေ။ ထိုအစား သူမက ပူပန်တကြီး အမိန့် မြန်မြန် ပေး၏။
လမျက်နှာဖုံးဂိုဏ်းမှ တပည့်များက အသင့်ပြင်ထားပြီး ဖြစ်၏။
“တိုက်…”
အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးတစ်ယောက်၏ အမိန့်များအတိုင်း တပည့်အမျိုးသား၊အမျိုးသမီး၏ ခန္ဓာကိုယ်များထံမှ အနီ၊အပြာ ရောထွေးယှက်လိမ်နေသော အလင်းသည် တချီချီ အသံပေးလျက် လေထဲကို ဆုတ်ဖြဲလေ၏။ သူတို့က မလှုပ်နိုင် ဖြစ်နေသော သားရဲကောင်ထံ အမှားအယွင်းကင်းစွာ တိုက်ခိုက်ကြသည်။
ဟုန်း…ဟုန်း…။ ကျယ်လောင်သောအသံများ ဆက်တိုက် ပျံ့နှံ့သည်။ အလင်းတိုင်လုံးများက နတ်ဆိုးသားရဲ၏ အနီးအနား ရောက်လာချိန်၌ ၎င်းသားရဲ၏ ခန္ဓာကိုယ်ကို ခြုံလွှမ်းထားသော အနက်ရောင်မြူလွှားပါးက ယင်းတို့ကို ပိတ်ဆို့သည်။ ပေါက်ကွဲသံများ ဟိန်းထွက်ကုန်၏။
“ဆက်တိုက်ခိုက်ကြ။ ဒီမင်နက်ရေနဂါးရဲ့ အကာအကွယ်မြူက ကြာကြာ တောင့်ခံထားနိုင်မှာ မဟုတ်ဘူး…” မိန်းမပျိုက ထပ်မံ အမိန့်ပေး၏။ သူမ၏မျက်လုံးတို့က ထက်ရှနေ၏။ တချိန်တည်းမှာ သူမက ပုလဲလက်စါပ်ပေါ်၌ အနီရောင်မီးတောက်ပညာရပ်ကို အဆက်မပြတ် အသုံးပြုသည်။ ထိုအခါ နတ်ဆိုးသားရဲကို ဝန်းရံထားသော မီးတောက်များသည် ပို၍ ရုန့်ရုန်းထကြွလာ၏။
သူမ၏ အမိန့်အောက်၌ လမျက်နှာဖုံးဂိုဏ်းမှ တပည့်များက အနီအပြာအလင်းတိုင်လုံးများကို ထုတ်ဖော်ကာ သားရဲကို အဆက်မပြတ် တိုက်ခိုက်သည်။ ယင်းတိုက်ချက်များက သားရဲ၏ မြူနက်အကာအကွယ်ကို မထိုးဖောက်နိုင်သေးသော်လည်း သားရဲကို အော်ဟစ် ရူးသွပ်လာစေ၏။ သို့ပေမည့် ၎င်း၏ ရုန်းကန်မှုက အထမမြောက်၊ မိန်းမပျိုက လက်စွပ်ကို အသုံးပြု၍ ၎င်းအား မလှုပ်နိုင်အောင် ချုပ်နှောင်ထားနိုင်တုန်း ဖြစ်၏။
ဘေးကနေ ကြည့်နေသော ဟန်လိမှာ မင်သက်ကြောင်ရီနေသည်။ တုန်လှုပ်နေသည်။ သူသည် ကျင့်ကြံသူများ ခုလို အုပ်စုလိုက် တိုက်ခိုက်မှုကို လုံးဝ မမြင်ဖူးခဲ့ပေ။ ထို့အပြင် တဖက်သူ၏ မှော်ရတနာက သူ့ကို မျက်လုံးပြူးသွားစေ၏။
သို့ပေမည့် ဟန်လိက နတ်ဆိုးသားရဲက အနိုင်ရသည် ဖြစ်စေ၊ လမျက်နှာဖုံးဂိုဏ်းက ၎င်းသားရဲကို သတ်နိုင်သည် ဖြစ်စေ သူကတော့ ဒီတိုက်ပွဲကြီး ပြီးပါက အလျင်အမြန် အလစ် ထွက်ပြေးမည်ဟု ဆုံးဖြတ်ထားပြီး ဖြစ်၏။
“ဝူး…”
ဟန်လိက ခေါင်းထဲ၌ အစီအစဉ်များ ကြံဆနေစဉ် မင်နက်ရေနဂါးက ရုတ်တရက် ရှည်လျားသော အော်မြည်သံ ပြု၏။ ၎င်း၏အသံက အစောကထက် အဆများစွာ ပိုကျယ်လောင်သည်။ တချိန်တည်းမှာ ၎င်း၏ အော်သံ၌ နာကျင်မှုတို့ ပြည့်နေ၏။
ဟန်လိ မင်သက်သွား၏။ သူ့အကြည့်က ထိုသားရဲထံ ချက်ခြင်း ရောက်သွားသည်။
သူက ၎င်းသားရဲပေါ်ရှိ မြူလွှာက လုံးဝ ပျောက်ကွယ်နေပြီကို မြင်သည်။ အကြေးခွံများ ဖုံးနေသော ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် ခွက်တစ်ခုစာမျှ ကျယ်သော သွေးလွှမ်းသော အပေါက်ကြီးတစ်ခု ပေါ်နေပြီ။ ထိုကဲ့သို့ ဒဏ်ရာရသွားခြင်းက အနှီသားရဲကို ပို၍ပင် ရူးသွပ်လာစေ၏။
“လမျက်နှာဖုံးဂိုဏ်းက သူတွေက ပိုမြင့်တဲ့စွမ်းရည် ရှိနေပုံပဲ…”
ထိုမြင်ကွင်းကို မြင်ရသည့်နောက် ဟန်လိက ဤသို့ မတွေးမိဘဲ မနေနိုင် ဖြစ်ရ၏။
“မကောင်းတော့ဘူး။ နင်တို့အားလုံး ဂရုစိုက်ကြ။ ငါ ဒီသားရဲကောင်ကို ဆက်ပြီး မထိန်းထားနိုင်တော့ဘူး…”
သို့သော် ထိုအချိန်၌ မိန်းမပျို၏အသံ ထွက်ပေါ်လာ၏။ ဟန်လိမှာ ခဏတာ မင်သက်ကြောင်ရီ မိသွား၏။ ကြည့်ရတာ အနိုင်ရမည့်ဘက်ကို လွယ်လွယ် ပြော၍ မရမည့်ပုံ ပေါ်၏။