← Chapters

မတော်တဆ

Vol. 15 Ch. 206

မတော်တဆ

Vol. 15 Ch. 206

မိန်းမပျို၏ စကားများက လမျက်နှာဖုံးဂိုဏ်းမှ တပည့်များကို မင်သက်သွားစေတာ သိသာသည်။ ပြီးခဲ့သောနှစ်ရက်တုန်းက သူတို့၏ အတွေ့အကြုံများအရ သူတို့၏ ဘိုးဘေးဖြစ်သူသည် လက်စွပ်၏အတားအဆီးဖြင့် ချုပ်နှောင်သည့်အခါ ထိပ်တန်းနတ်ဆိုးသားရဲ တစ်ကောင်တစ်လေပင် အချိန်တိုအတွင်း ရုန်းထွက်လွတ်မြောက်နိုင်ခြင်း မရှိခဲ့တာကို သိခဲ့ရ၏။ သို့ဖြစ်၍ အခု နတ်ဆိုးသားရဲက ခုလောက်ထိ မြန်မြန်ဆန်ဆန် အဘယ်သို့ လွတ်မြောက်နိုင်ပါ့မည်နည်း။

သူတို့၏စိတ်နှလုံးထဲတွင် သံသယများ ပြည့်နေသော်လည်း မိန်းမပျို၏ သတိပေးချက်ကို လစ်လျူမရှုဝံ့ကြပေ။ သူတို့က ချက်ခြင်းလက်ငင်း အစွမ်းကုန် သတိထားကြ၏။ သူတို့၏ လက်များထံမှ အနီ၊အပြာအလင်းတိုင်လုံး တိုက်ခိုက်မှုများက ပိုကြမ်းလာသည်။ မင်နက်ရေနဂါး၏ ခန္ဓာကိုယ်ပေါ်၌ သွေးပေါက်ရာ ဆယ်ခုကျော်လောက် ရှိနေလေပြီ။ ၎င်းသားရဲထံမှ ကျဆင်းသော လတ်လတ်ဆတ်ဆတ်သွေးများက အောက်ဘက်ရှိ စိမ့်မြေပေါ်မှာ ချင်းချင်းနီနေ၏။

ရေနဂါးက ပို၍ ဒေါသထွက်လာ၏။ ၎င်း၏ ပါးစပ်ကို ဟကာ စူးရှသော အော်မြည်သံများကို အဆက်မပြတ် ဟိန်းဟောက်လာသည်။ ဒီနေရာတစ်ခုလုံးမှာ လှုပ်ခါနေ၏။ သည်နေရာရှိ လူအားလုံးမှာ မူးဝေကုန်သည်။

ဗြိ…။ ထူးခြားသော မြည်သံတစ်ခု လေထဲ၌ ဟိန်းထွက်၏။ လူတိုင်းက အသိစိတ် ပြန်ကပ်သွားချိန်၊ သေချာ ကြည့်မိချိန်၌ သူတို့၏ အမူအရာများသည် တိုက်ရိုက် ပြောင်းလဲသွားသည်။

လက်စွပ်မှော်ရတနာကား လေထဲ၌ မလှုပ်မယှက် လွင့်မြောတည်ရှိနေတုန်း။ သို့သော် မင်နက်ရေနဂါးကမူ ၎င်းအတွင်း၌ မရှိတော့ဘဲ ပျောက်ကွယ်သွားခဲ့ပြီ။ ၎င်း၏ စုတ်ပြတ်သပ်ကျန်ခဲ့သော အရေပြားတို့ကသာ လက်စွပ်ပေါ်၌ ကျန်ခဲ့၏။ နတ်ဆိုးသားရဲက ၎င်း၏ အရေခွံကို အမှန်တကယ် ခွာထုတ်ကာ လွတ်မြောက်သွားခဲ့ပြီ။

လမျက်နှာဖုံးဂိုဏ်းမှ တပည့်များသာ အံ့အားတသင့် ဖြစ်ကုန်တာ မဟုတ်၊ မိန်းမပျိုကိုယ်တိုင်လည်း သူမရှေ့ရှိ မြင်ကွင်းကြောင့် အင်မတန် တုန်လှုပ်မင်သက်သွားရသည်။

သူမက တပည့်များကို ဂရုစိုက်ဖို့ အော်ပြောချိန်၌ ၎င်းသားရဲက ၎င်း၏အရေပြားကို ခွာထုတ်ပစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။

ထိုသားရဲ၏ လွတ်မြောက်နိုင်သော စွမ်းအားက ကြီးမားလွန်းလှ၏။ သူမ၏ မှော်ရတနာ၏ ခွန်အားဖြင့်ပင် ၎င်းကို ထပ်မံ၍ ထိန်းထားနိုင်စွမ်း မရှိတော့ပေ။ ပုလဲလက်စွပ်၏ ချုပ်နှောင်ခြင်း စွမ်းအားကို တွေ့ကြုံခံစား ရပြီးနောက် အနှီနတ်ဆိုးသားရဲမှာလည်း ဒီမှော်ရတနာ၏ အကြောင်းကို ကောင်းကောင်း သိနေလောက်ပြီ။ ထိုသို့တိုင် ၎င်းက ၎င်း၏ အသက်ဓာတ်ကို များစွာ ထိခိုက်စေပြီး အဘယ်ကြောင့် ခုလိုမျိုး ပြုမူခဲ့ရသနည်း။ ဖြစ်နိုင်တာက…။

မိန်းမပျို၏ စိတ်နှလုံးမှာ လှုပ်ရှားသွားရပြီ။ သူမက ထိတ်လန့်ဖွယ်ကောင်းသော အကြောင်းရင်းတစ်ခုကို တွေးလိုက်မိ၏။ သူမ၏မျက်နှာပါ လုံးဝ ဖြူရောသွားသည်။ သူမက မင်နက်ရေနဂါးကို အလျင်စလို ရှာဖွေကြည့်၏။ ခန့်မှန်းမိသော အကြောင်းရင်းကို သူမက အတည်ပြုချင်သည်။

“အဲ့သားရဲက ဟိုမှာပဲ…”

လမျက်နှာဖုံးဂိုဏ်း၏ တပည့်တစ်ယောက်က ဒီစိမ့်မြေ၏ ထိပ်ဆုံးပိုင်း အနီးအနားမှာ လှုပ်ရှားလူးလွန့်နေသော နတ်ဆိုးသားရဲကို ပထမဆုံး တွေ့သွားသည်။ ၎င်းသားရဲကား အခုအခါ၌ လုံးဝ သားရဲအသစ်တစ်ကောင်ကဲ့သို့ ဖြစ်နေပြီ။ ၎င်း၏အသွင်အပြင်က အစောပိုင်းကနှင့် မတူတော့ပေ။

၎င်း၏ နက်မှောင်သော ခန္ဓာကိုယ်က နှင်းအလား ဖြူဆွတ်နေပြီ။ အကြေးခွံများမရှိတော့၊ ၎င်း၏အရွယ်အစားက ပေလေးဆယ်လောက်ကနေ ခြောက်ဆယ်လောက်ထိ ရှိလာခဲ့ပြီ။ ၎င်း ဒဏ်ရာရထားသော နေရာများတွင် ခပ်ရေးရေး အမာရွတ်များ ရှိနေ၏။ သို့သော် ယင်းအမာရွတ်များမှာ မမြင်ရလုနီးပါးပင်။ တုန်လှုပ်ဖွယ် အကောင်းဆုံးမှာ ထက်ရှသော ဦးချိုနက်သာ။ ၎င်းဦးချိုနက်၌ အလင်းခပ်ဖျော့ဖျော့ တောက်နေသည်။ ထိုသားရဲ၏ ခန္ဓာကိုယ်အလယ်ပိုင်းလောက်ကနေ ထက်ရှသော အဖြူရောင် လက်သည်းအပိုတစ်စုံ ပေါ်လာခဲ့သည်။ ထိုနတ်ဆိုးသားရဲက မြွေအသွင်ပုံစံကနေ ရေနဂါးတစ်ကောင်အဖြစ်သို့ အမှန်တကယ် ပြောင်းလဲသွားခဲ့ပြီ။ အခုအခါ၌ အနှီရေနဂါးသားရဲက ဒဏ္ဌာရီလာ ရေနဂါးနှင့် အလွန်တူနေသည်။

ထိုသားရဲ၏ ယခုပုံစံကို မြင်သည့်အခါ လမျက်နှာဖုံးဂိုဏ်းမှ ကျင့်ကြံသူများသည် အလွန်အမင်း တုန်လှုပ်ချောက်ခြား ကုန်သည်။ သို့ပေမည့် သူတို့က ဘာလှုပ်ရှားမှုမျှ မပြုလုပ်ခင် ရှေ့ဆုံးမှ မိန်းမပျိုက ဖြူရောနေသော မျက်နှာဖြင့် အလျင်စလို အမိန့်ပေးလိုက်သည်။

“လူတိုင်းပဲ မြန်မြန် နောက်ဆုတ်ကြ။ ဒီမင်နက်ရေနဂါးက အဆင့်နှစ်ကို ရောက်နေပြီ။ ၎င်းရဲ့ ခွန်အားက အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေထက် သာလွန်တယ်။ ငါတို့အားလုံး ပေါင်းရင်တောင် ဒီကောင့်ကို မယှဉ်နိုင်ဘူး။ ချက်ခြင်း ဒီကနေ ထွက်ပြေးတော့။ ငါ ခဏ အချိန်ဆွဲထားပေးမယ်…”

မိန်းမပျိုက အလေးအနက် ပြော၏။ ထို့နောက် သူမက ချက်ခြင်း လက်ဝေ့ယမ်းသည်။ ပုလဲလက်စွပ်က သူမရှေ့ ပြန်ရောက်လာသည်။ ထို့နောက်တွင် သူမက ခံစစ်ကိုယ်ဟန်အနေအထား အပြည့်အဝ ယူသည်။

သူမနောက်မှ တပည့်များက ဒီစကားကို ကြားသည့်အခါ အားလုံး ချီတုံချတုံဖြစ်ကုန်၏။ မင်နက်ရေနဂါးက ၎င်း၏အရေပြားကို ချွတ်ခွာလိုက်သော်လည်း ၎င်း၏ ပုံစံအသွင်က ပြောင်းလဲသွားသော်လည်း ၎င်းက ဒဏ်ရာများစွာ ရထားသည် မဟုတ်ပါလား။ သူတို့အတွက် ခုလေးတင် အသွင်ပုံစံ ပြောင်းလဲသွားသော ဒီရေနဂါး၏ ခွန်အားကို ယုံကြည့်ဖို့ ခက်နေ၏။

သို့သော် သူတို့ ချီတုံချတုံ ဖြစ်သွားသည့် အခိုက်အတန့်လေးက သူတို့ဘဝအတွက် နောင်တရဖို့ လုံလောက်သွားခဲ့ပြီ။ အကြောင်းမှာ မင်နက်ရေနဂါးက ရုတ်တရက် ၎င်း၏ ခန္ဓာကိုယ်ကို လှုပ်ရှားကာ လမျက်နှာဖုံးဂိုဏ်း၏ တပည့်များ အားလုံးပေါ်ရှိ ဟင်းလင်းပြင်ထံ လျှပ်စီးတန်းအလား ရောက်လာခဲ့သောကြောင့်ပင်။ ထို့နောက်တွင် ၎င်းက ပါးစပ် အကျယ်ကြီးဟသည်။ ၎င်း၏ ပါးစပ်ထဲမှ ခရမ်းရောင်အရည်များ ပန်းထွက်လာ၏။

“မြန်မြန်ပုန်းကြ၊ရှောင်ကြ၊ နင်တို့ ဒါကို ခံနိုင်မှာ မဟုတ်ဘူး..”

မိန်းမပျိုက အသည်းအသန် အော်ဟစ်၏။ သူမ၏ အမူအရာ၌ စိုးရိမ်ဟန် ပေါ်နေသည်။ တချိန်တည်းမှာ ပုလဲလက်စွပ်က ချက်ခြင်း အရွယ်အစား ဆထက်ကြီးမားလာ၏။ ၎င်းက ပျံသန်းထွက်ကာ ခရမ်းရောင်အရည်တစ်ဝက်ကျော်ကို တားဆီးပေးသည်။

သူမ၏ စကားကို ကြားသည့်အခါ လျင်မြန်ဖြတ်လတ်သော တချို့က ချက်ခြင်း လှည့်ကာ ဥမင်လမ်းထံ ပြန်ပြေးသည်။ တချို့က လက်စွပ်ရတနာ၏ အဝန်းအတိုင်းအတွင်း ဝင်ရောက်၍ ပုန်းကွယ်သည်။ ကျန်သည့် တပည့်လေးငါးယောက် ခြောက်ယောက်ကမူ သူတို့၏ မှော်ပစ္စည်းများအပေါ် ယုံကြည်မျု ရှိနေသည့်အလား မပုန်းကွယ်ကြသလို ထွက်လည်း မပြေးပေ။ ယင်းပစ္စည်းများကို အသုံးပြု၍ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြသည်။

“အရူးတွေ…”

သူမ၏ စကားကို နားမထောင်သော တပည့်အချို့ကို မြင်သည့်အခါ သူမသည် ဒေါသထွက်သွား၏။ သို့သော် သူမ၏ မှော်စွမ်းအားမှာ အကန့်အသတ် ရောက်နေပေပြီ။ သူမထံ၌ မှော်ရတနာ ခြုံလွှမ်းသော အဝန်းအဝိုင်းကို ထပ်ချဲ့ဖို့ နည်းလမ်း မရှိတော့ပေ။ သူမက ထိုတပည့်များကို ဒီအတိုင်းသာ ကြည့်နေရတော့၏။

မျှော်လင့်ထားသည့်အတိုင်း မိန်းမပျို ပြောခဲ့တာက အမှန် ဖြစ်လာ၏။ ခရမ်းရောင်အရည်သည် ထိုမိုက်ရူးရဲသော တပည့်အချို့၏ ခေါင်းများထံ ကြမ်းကြမ်းတမ်းတမ်း ကျရောက်လာသည်။ ထိုအရည်နှင့် ထိမိသည်နှင့် သူတို့၏ အကာအကွယ်ရတနာများအားလုံး အရည်ပျော်ကုန်သည်။

ထို့နောက်တွင် ယင်းတပည့်အချို့သည် အော်ဟစ်နိုင်ရုံသာ ရှိခဲ့ပြီး ဒီအရည်၏ တိုက်စားမှုအောက်မှာ ပျောက်ကွယ်သွားတော့သည်။ သူတို့ ရပ်နေခဲ့သော နေရာ၌ ဆယ်ပေကျော်လောက် နက်သည့် တွင်းပေါက်ကြီးတစ်ခုသာ ကျန်ခဲ့သည်။ ထိုအခါ အသက်ရှင်လျက် ကျန်ခဲ့သော တပည့်များ၏ မျက်နှာမှာ သေလောက်အောင် ဖြူရောကုန်၏။

ထို့နောက်တွင် မင်နက်ရေနဂါးက ထိုခရမ်းရောင်အရည်များ ထွေးထုတ်ခြင်းကို ရပ်တန့်သွားသည်။ ထိုအစား ၎င်း၏ အကြည့်က မိန်းမပျိုထံ အေးစက်စွာ ကျရောက်လာ၏။

“နင်တို့ ဘာကြောင်ပြီး စိုက်ကြည့်နေတာလဲ။ မြန်မြန် ထွက်မသွားသေးဘူးလား။ ဒီသားရဲက ခုမှ မြွေကနေ နဂါးတစ်ကောင် အဖြစ် ပြောင်းထားတာ။ သူ့မှာ ဒျန်အရည်တွေ များများ မကျန်တော့ဘူး။ ဒါ့ကြောင့် ဒီကောင်က ဒျန်အရည်ကို ပေါ့ပေါးပါးပါး ထပ်ထွေးထုတ်နိုင်တော့မှာ မဟုတ်ဘူး…”

မိန်းမပျိုက အေးစက်စက် အမိန့်ပေး၏။ သူမက မင်နက်ရေနဂါး၏ အကြည့်ကို အာရုံစိုက်မနေပေ။

ထို့နောက်တွင် သူမက ခါးသီးစွာ တကိုယ်တည်း ရေရွတ်မိ၏။ “နင်က ခုမှ အဆင့်နှစ် တက်လှမ်းလာတဲ့ မြွေလေးပါ။ ဒါတောင် ငါ့ရှေ့မှာ မောက်မာနေရဲတယ်။ ငါ့မူလ မှော်စွမ်းအားသာ ပြန်ရခဲ့ရင် နင့်ကို ဖမ်းပြီး ငါ့ အင်မောတယ်ဂူမှာ အစောင့်လုပ်ခိုင်းထားတာ ကြာနေလောက်ပြီ…”

လမျက်နှာဖုံးဂိုဏ်းမှ တပည့်များသည် ဒီနေရာ၌ ခဏလေးပင် မနေဝံ့တော့ပေ။ သူတို့က မိန်းမပျို၏ စကားကို နာခံကာ ချက်ခြင်း ဥမင်ထံ ပြန်ဆုတ်ပြီး အပြင်ဘက်သို့ ဝရောသုန်းကား ပြေးကြလေသည်။

တအောင့်အကြာ၌ သူတို့နောက်မှ နတ်ဆိုးသားရဲ၏ အော်သံများ၊ မိန်းမပျို၏ ဆူမာန်သံများ၊ တဝုန်းဝုန်းနှင့် တိုက်ပွဲသံများကို ကြားရသည်။ ထိုတပည့်များက လှေကားထစ်များအတိုင်း အပေါ်သို့ အသည်းအသန် ထွက်ပြေးကြ၏။ တချိန်တည်းမှာ သူတို့က အလွန်ကြောက်လန့်နေပေပြီ။

သူတို့၏ ဘိုးဘေးဖြစ်သူက ထိုသားရဲကောင်ကို အချိန်ခဏသာ ဟန့်တားပေးနိုင်မည်ဟု ပြောခဲ့သည် မဟုတ်လား။ သူတို့သာ နှေး၍ ၎င်းသားရဲကောင် မှီလာခြင်းကို ခံရပါက ကြောက်မက်ဖွယ် ခရမ်းရောင်အရည်များကို ကြုံရလိမ့်မည်။ ထိုအခါ သည်ဥမင်၌ ရှောင်ဖို့ နေရာ ရှိမနေ၊ သူတို့က မမျှမတ သေသွားရရုံသာ ရှိလိမ့်မည်။

ထိုအချိန်၌ မိန်းမပျိုက လေထဲ၌ ရှေ့ကနေနောက်၊ နောက်ကနေရှေ့ ပျံသန်းလျက် မင်နက်ရေနဂါးနှင့် အဆက်မပြတ် တိုက်ခိုက်နေရပြီ။ သင်းပျံ့ပျံ့ ချွေးသီးလေးများပါ သူမ၏ခန္ဓာကိုယ်ပေါ်ကနေ တစက်စက် ကျနေ၏။ ပုလဲလက်စွပ်မှော်ရတနာကို ကျွမ်းကျင်စွာ အသုံးပြု၍ အနှီနတ်ဆိုးသားရဲကောင်ကို တိုက်ခိုက်နေ၏။ သားရဲကောင်က ဒေါသတကြီး အဆက်မပြတ် အော်ဟစ်နေသည်။ သို့ပေမည့် ၎င်းက မိန်းမပျိုကို ဘာမျှ လုပ်နိုင်စွမ်း မရှိလေပါ။ သူမ၏ ရွှေ့လျားမှု ပညာရပ်များက လျင်မြန်လွန်း၍ ဖြစ်၏။

မိန်းမပျိုက ခုထိ သူမ၏ စွမ်းအားကုန် အသုံးမပြုရသေးပုံ ပေါ်သည်။ လက်တဖက်၌ ပုလဲလက်စွပ်ကို ထိန်းချုပ်လျက် တခြားလက်တဖက်ဖြင့် မီးဓာတ်စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ကိုင်ကာ ၎င်းထဲမှ ချီကို အဆက်မပြတ် စုပ်ယူနေ၏။ သူမ၏ မှော်စွမ်းအားကို အားပြန်ဖြည့်တင်းနိုင်ရန်အတွက်သာ။

မိန်းမပျိုက အချိန်လုံလောက်ပြီဟု ခံစားမိသည့်နောက် မီးဓာတ်ကျောက်တုံးကို ပြန်သိမ်းဆည်းကာ တောက်ပသော ရွှေရောင်အဆောင်တစ်ခုကို ထုတ်ယူလိုက်၏။

မင်နက်ရေနဂါးက သူမ၏ ပုလဲလက်စွပ်ကို အာရုံစိုက်နေခြင်းကို အခွင့်ကောင်းယူကာ အနှီအဆောင်ကို ၎င်းထံ ပစ်သွင်း၏။ ရွှေရောင်အလင်းတန်းတစ်ခုက ၎င်းသားရဲ၏ ခန္ဓာကိုယ်ရှေ့ ရောက်သွားချိန်၌ ရုတ်တရက် မရေမတွက်နိုင်သော ရွှေရောင်အမျှင်တန်းများအဖြစ် ကွဲထွက်ကာ သားရဲကောင်ကို တုပ်နှောင်သည်။ ၎င်းသည် အနည်းငယ်မျှ မလှုပ်ရှားနိုင် ဖြစ်သွား၏။ ထိုအခါ ၎င်းသားရဲက ဒေါသတကြီး ဟိန်းအော်သံများကို ထုတ်ဖော်၏။

မိန်းမပျိုက ထိုမြင်ကွင်းကို မြင်သည့်အခါ သူမ၏မျက်လုံးထဲ၌ လှောင်ပြောင်လိုဟန် ဖြတ်ပြေးသွားသည်။ သူမက အဖြူရောင်ကျောက်စိမ်းအဆောက်အဦထဲရှိ လွင့်မြောနေသော ရွှေရောင်သေတ္တာထံ နှမြောတသဟန်ဖြင့် လှမ်းကြည့်သည်။ သူမက ထိုအဆောင်က ဒီကောင့်ကို အချိန်အကြာကြီး မချုပ်နှောင်ထားနိုင်မှာကို သိ၏။ သူမအတွက် စောလျက်စွာ ဒီကနေ ပြန်ထွက်သွားတာကသာ အကောင်းဆုံး ဖြစ်လိမ့်မည်။ ရွှေရောင်သေတ္တာထဲရှိ ရတနာပစ္စည်းများနှင့် ပတ်သတ်၍တော့ နောက်ပိုင်းမှ အရယူမည့် နည်းလမ်းများကို စဉ်းစားကြည့်တော့မည် ဖြစ်သည်။

သူမ လေထဲကနေ ပြန်ဆင်းသပ်ကာ ဥမင်ထဲ ဝင်ရောက်ရန် ခြေလှမ်းပြင်သည်။ ထိုစဉ် ဥမင်ထဲကနေ အော်မြည်သံ ဟိန်းထွက်လာ၏။ ထိုအော်သံက ပိုပို နီးကပ်၊ ပိုပို ကျယ်လောင်လာ၏။ ထိုအခိုက်၌ သူမက ဥမင်လမ်းထဲ ခြေမလှမ်း ဝံ့တော့ပေ။

ဥမင်အတွင်း၌ တောက်ပသောအလင်း ရုတ်တရက် ပေါ်လာပြီး ဥမင်ကို ဒီရေမုန်တိုင်းနှယ် ဖြတ်သန်းဝေ့ခတ်သည်။ ၎င်းအလင်း ဖြတ်သန်းသွားသည့် နေရာတိုင်း ကျောက်တုံးဥမင်သည် အသက်ဝင်လာသလား မှတ်ရ၏။ မျက်စိတမှိတ်အတွင်း ပေများစွာ ရှည်လျားသော ဥမင်၌ အပွင့်ဟူ၍ မရှိလေတော့ပေ။ ထိုသည်ကို မြင်သည့်အခါ မိန်းမပျိုသည် နောက်သို့ ခြေလှမ်းများစွာ ပြန်ဆုတ်ကာ အလန့်တကြား ထအော်မိသည်။

“ဓာတ်ငါးပါး ရှုမီတောင် မှော်ပညာရပ်…”

ထို့နောက်တွင် သူမ၏မျက်နှာက သေလောက်အောင် ဖြူရောသွား၏။ သူမက ပျောက်ကွယ်သွားသော ဥမင်ကို အကြောင်သား စိုက်ကြည့်မိနေသည်။ ယုံကြည်မှု အမြဲရှိနေသော သူမ၏ ဟန်ပန်ပါ ပျောက်ကွယ်သွားလေပြီ။

ထိုစဉ် သူမ၏ နောက်တွင် ရှိနေသော မင်နက်ရေနဂါးက ရွှေရောင်ကြိုးမျှင်မျးကို တစ်လက်မချင်း ဆုတ်ဖြဲပစ်နေသည်။ ၎င်းက အချုပ်အနှောင်ကနေ လွတ်လာတော့မည် ဖြစ်၏။ မိန်းမပျိုက သတိပြန်ဝင်လာပြီး တဖက်သို့ လှည့်ကြည့်၏။ သားရဲကောင် လွတ်လာတော့မည်ကို မြင်သည့်အခါ သူမ၏ စိတ်နှလုံးမှာ တောင့်တင်းသွားမိသည်။ သူမသည် ချောက်နက်ကြီးထဲ ပြုတ်ကျသွားသည့်အလား။

ဥမင်၏အပြင်ဘက် အခန်းလွတ်ကြီးထဲ၌ လမျက်နှာဖုံးဂိုဏ်းမှ တပည့်ဆယ်ယောက်ကျော်က ဝတ်စုံဖြူနှင့်အမျိုးသမီးတစ်ယောက်ကို ဒေါသထွက်စွာ စိုက်ကြည့်နေ၏။ သူမက သူမကိုယ်သူမ လမျက်နှာဖုံးဂိုဏ်း၏ အမွှာအလှနှစ်ပါးထဲမှ တစ်ယောက်ဟု သုံးနှုန်းခဲ့သော အမျိုးသမီးငယ်ပင်။ သို့ပေမည့် အခုအခါ၌ သူမ၏မျက်နှာမှာ ဖြူရောနေ၏။ သူမသည် အသိစိတ်ပါ လွတ်နေသည့်အလား။

“ဂျူနီယာညီမကျောက်၊ နင် အစောလေးက ဘာလုပ်ခဲ့တာလဲ။ နင် ဘာကြောင့် ဥမင်ထဲကို ထူးဆန်းတဲ့ အဆောင် ပစ်သွင်းခဲ့တာလဲ။ ဥမင်ရဲ့ ဝင်ပေါက်က ဘာလို့ ပျောက်ကွယ်သွားရတာလဲ။ နင်က တောင်ပိုင်းနန်းဆောင်ရဲ့ ဘိုးဘေးကို သေစေချင်နေတာလား…”

လမျက်နှာဖုံးဂိုဏ်းမှ အမျိုးသားတစ်ယောက်က ထိတ်ပျာနေသောဟန်ဖြင့် ဒေါသတကြီး အဆက်မပြတ် မေးခွန်းထုတ်သည်။

ဤသည်က ရယ်စရာ ကိစ္စ မဟုတ်ပေ။ အခုအဖြစ်ကြောင့် ဘိုးဘေးသာ အမှန်တကယ် ပြန်ထွက်မလာနိုင်တော့ပါက သူတို့၏ ကံကြမ္မာသည် မြွေပွေးကိုက်ပေပြီ။ သူတို့ ဂိုဏ်းကို ပြန်ရောက်သည်နှင့် အကောင်းဆုံးက ကျင့်ကြံခြင်း ဖျက်စီးခံရကာ ဂိုဏ်းကနေ မောင်းထုတ်ခံရမည် ဖြစ်ပြီး အဆိုးဆုံးကတော့ ဂိုဏ်း၏ ဒေါသကြောင့် သူတို့ အသက်များ ပေးရလိမ့်မည်။ သူတို့က ဂိုဏ်းတစ်ခု၏ အမြုတေဖွဲ့စည်းခြင်းကျွမ်းကျင်သူတစ်ယောက် ဆုံးရှုံးရခြင်း၏ သဘောသဘာဝကို ကောင်းကောင်း သိကြသည်။ ထို့ကြောင့်လည်း သူတို့သည် အလွန်တရာ ပူပန်သောက ရောက်နေခြင်းသာ။

“ကျမ ဘာမှ မလုပ်ခဲ့ပါဘူး။ အလယ်အဆင့်အဆောင် ဖြစ်တဲ့ ဓာတ်ငါးပါးအဆာင်ကို ဝင်ပေါက်နားမှာ ထားခဲ့ရုံလေးပါ။ နတ်ဆိုးသားရဲ လိုက်လာခဲ့ရင် အဲ့အဆောင် အသက်ဝင်ပြီး သူ့အတွက် စားစရာအမှတ်နဲ့ စားပစ်အောင်လို့ပါ…”

အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးက အလန့်တကြား ပြန်ဖြေသည်။

သူမက သူမ၏နောက်ခံမှာ မည်မျှ အားကောင်းပါစေ အခုလိုဘေးဒုက္ခနှင့် ကြုံရပါက အသုံးမဝင် ဖြစ်မည်ကို ကောင်းကောင်းသိသည်။ မိန်းမပျို(ဝါ) ဘိုးဘေးသာ သူမကြောင့် ဒီဘုံကျောင်းအောက်ထဲကနေ ပြန်ထွက်မလာနိုင်ခဲ့ပါက ဖြစ်လာမည့် ကြောက်မက်ဖွယ်အကျိုးဆက်များကို တွေးမိကာ သူမသည် ခြေဖျားလက်ဖျားများ အေးလာသလိုပါ ခံစားမိရသည်။

“အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့။ ငါတို့ ဒီဥမင်ကို ဖွင့်လှစ်ပြီး တောင်ပိုင်းနန်းဆောင်ရဲ့ ဘိုးဘေးကို ကယ်တင်နိုင်မလား ကြိုးစားကြည့်ရအောင်…”

အမျိုးသားတပည့်တစ်ယောက်က နှာခေါင်းရှုံ့၍ ပြော၏။

သူ၏ စကားက တခြားတပည့်များကိုပါ သတိဝင်လာစေ၏။ သူတို့က အလျင်အမြန် မှော်ပစ္စည်းမျိုးစုံကို ထုတ်၍ မူလတုန်းက ဥမင်ဝင်ပေါက်ဖြစ်ခဲ့သော အနီးအနားတွင် ဝန်းရံကာ အဆက်မပြတ် တိုက်ခိုက်မှုများ ပြုလုပ်ပြီး အတားအဆီးများကို ချိုးဖျက်ကာ မိန်းမပျိုကို ကယ်တင်နိုင်ဖို့ လုပ်ဆောင်ကြတော့သည်။

နာရီအနည်းငယ် ကြာပြီးနောက် ဘုံကျောင်းအောက်ဘက်ရှိ စိမ့်မြေလောကတွင်တော့ မိန်းမပျိုသည် မျက်လုံးပြူးကာ သူမရှေ့တွင် ရုတ်တရက် ပေါ်လာသောလူကို မယုံကြည်နိုင်စွာ ကြည့်နေသည်။ ထိုသူက လက်တဖက်ဖြင့် ရွှေရောင်ဓားသွားခုနစ်ခုကို ထိန်းချုပ်ကာ မင်နက်ရေနဂါးကို တိုက်ခိုက်နေပြီး တခြားလက်တဖက်ဖြင့် သံမဏိနက်ဒိုင်းငယ်ကို ထုတ်ဖော်ကာ သူတို့နှစ်ယောက်ကို မင်နက်ရေနဂါး၏ တိုက်ခိုက်မှုများကနေ ကာကွယ်ထားသည်။

ထိုသူသည် အဝါရောင်မေပယ်တောင်ကြား၏ တပည့်တစ်ယောက် ဖြစ်ကာ သူမ တစ်ခါ မြင်ခဲ့ဖူး၏။ ထိုစဉ်က သည်တပည့်မှာ စိတ်ဝင်စားဖို့ ကောင်းသည်ဟုပင် သူမ ခံစားမိခဲ့သေးသည်။ သူမ၏ မှော်စွမ်းအားများ ကုန်ခမ်းကာ ပျံသန်းနိုင်ခြင်း မရှိဘဲ မင်နက်နဂါး၏ တိုက်ခိုက်မှုများကို ရှောင်ရှားနေရတာ နာရီအနည်းငယ် ကြာပြီးနောက် ထိုသူက ရုတ်တရက် ဘယ်က ပေါ်လာမှန်းမသိ ပေါ်လာခဲ့တာ ဖြစ်၏။ သူမ အန္တရာယ်ကြုံနေရချိန်၌ ချိန်သားကိုက်စွာ ပေါ်လာခဲ့တာပင်။

တချိန်တည်းမှာ ဟန်လိက မင်နက်ရေနဂါး၏ တိုက်ခိုက်မှုများကို ထိန်းထားနိုင်ရုံမျှသာ ရှိနေသည်။ သူက အံ့အားတသင့်ဖြစ်နေသော မိန်းမပျိုကို တချက် လှမ်းကြည့်ကာ စိတ်ထဲကနေ ခါးသက်စွာ ရယ်မောမိ၏။

မူလတုန်းက ဟန်လိက လမျက်နှာဖုံးဂိုဏ်းနှင့် မင်နက်ရေနဂါးတို့၏ တိုက်ပွဲကို ဘေးကနေ ဆေးဆေး ကြည့်နေခဲ့တာ ဖြစ်၏။ ထိုနဂါးကောင် အဆင့်တက်လာခဲ့သော်လည်း သူက မင်သက်သွားရုံကလွဲ၍ ထိတ်ပျာမသွားခဲ့ပေ။ သို့သော် ထိုမိန်းမပျိုက ဥမင်ကနေ ခြေလှမ်းပြန်ဆုတ်ကာ ရုတ်တရက် ဥမင်ဝင်ပေါက် ပျောက်ကွယ်သွားချိန်တွင်တော့ သူ အေးဆေး ထိုင်မနေနိုင်တော့ပေ။

ထိုဝင်ပေါက် ပျောက်ကွယ်သွားပြီ ဖြစ်၍ သူ့အနေဖြင့် ဒီကနေ ထွက်သွားနိုင်တော့မည် မဟုတ်ပေ။ သို့အတွက် သူက ထိတ်လန့်မမိဘဲ မနေနိုင် ဖြစ်ရ၏။

ထိုအချိန်၌ မင်နက်ရေနဂါးနှင့် မိန်းမပျိုတို့က တဖန် တိုက်ပွဲ ပြန်စစဉ် လမျက်နှာဖုံးဂိုဏ်း၏ ဘိုးဘေးဟု ခေါ်ဝေါ်ခြင်း ခံရသည့် မိန်းမပျိုသည် အခြေအနေမသာတာ သိသာလာသည်။

မှော်ရတနာ လက်စွပ်ကို အသုံးပြု၍ မီးတောက်များဖြင့် ရေနဂါးကို တိုက်ခိုက်တာဖြစ်ဖြစ် မှော်ရတနာနှင့် တိုက်ရိုက်တိုက်ခိုက်တာဖြစ်ဖြစ် သူမက ၎င်းနဂါးပေါ် အပြင်းအထန် ဒဏ်ရာ ရအောင် မလုပ်နိုင် ဖြစ်နေသည်။ အများဆုံးမှ မီးလောင်ဒဏ်ရာလောက်၊ သေးသေးမွှားမွှားဒဏ်ရာလောက်သာ လုပ်နိုင်စွမ်း ရှိတော့သည်။ မင်နက်နဂါးကမူ ထိုမိန်းမပျိုနောက်သို့ အဆက်မပြတ် လိုက်လံတိုက်ခိုက်ရာ သူမအတွက် အကြိမ်ကြိမ် ဘေးကျပ်နံကျပ် ဖြစ်နေရပြီ။

သို့ပေမည့် လမျက်နှာဖုံးဂိုဏ်းမှ ဘိုးဘေးဆိုသူ မိန်းမပျိုက အလယ်အဆင့် မှော်အဆောင်များစွာကို ယူလာခဲ့ပုံရကာ ဟန်လိကိုပါ အမြင်ကျယ်သွားစေ၏။ မြေကမ္ဘာပြေးထွက်ခြင်းအဆောင်၊ ရေအချုပ်အနှောင်အဆောင်၊ မီးငှက် အဆောင် စသဖြင့် ရှားပါးအဆောင်များကိုပါ သူမက တဆက်တည်း အသုံးပြုခဲ့တာကို ဟန်လိ ကောင်းကောင်း တွေ့မြင်ခဲ့ရသည်။

သူမက နတ်ဆိုးသားရဲကြောင့် ဒဏ်ရာ ရခါနီးအချိန်တိုင်း မှော်အဆောင်တစ်ခုကို ထုတ်ပစ်ကာ ရလဒ်ကို အလှည့်အပြောင်း ဖြစ်စေပြီး ဘေးကင်းသွားတတ်သည်။ ကံမကောင်းစွာဖြင့် သူမထံ၌ အားကောင်းသော အဖျက်အစီးစွမ်းအားနှင့် အဆောင်များကတော့ ရှိမနေပုံ ရသည်။ ထို့ကြောင့် သူမကိုယ်သူမသာ ဘေးကင်းအောင် ထိန်းထားနိုင်ပြီး သားရဲကောင်ကို ဒဏ်ရာရအောင် မလုပ်နိုင်တော့ပေ။

ဥမင်ကသာ အရင်ကကဲ့သို့ မထိမခိုက် ရှိခဲ့ပါက ဟန်လိသည် လမျက်နှာဖုံးဂိုဏ်း၏ ဘိုးဘေး မည်သို့ပင် ဒုက္ခများနေပါစေ သူ့အပူ မဟုတ်ဟု တွေးမိသာ။ သို့သော် အခုတော့ ဒီဥမင်ဝင်ပေါက်က ထူးဆန်းစွာ ပျောက်သွားခဲ့ပေပြီ။ ဒီနေရာမှာ အန္တရာယ်အလွန်များသော နေရာ ဖြစ်လာခဲ့ပြီ မဟုတ်လား။ ဟန်လိ၏ စိတ်အခြေအနေမှာ အရင်နှင့် ကွဲပြားသွားခဲ့ရ၏။

ထို့အပြင် လမျက်နှာဖုံးဂိုဏ်း၏ ဘိုးဘေးက ဓာတ်ငါးပါးရှုမီတားမြစ်ပညာရပ်ဟု အော်ခဲ့တာကို သူ့နားနှင့် ကြားခဲ့ရ၏။ သူမက ဒီဥမင် ပျောက်သွားသည့် အကြောင်းရင်းကို သိနေမှာ သေချာနေသည်။ ထို့ကြောင့် ဒီနေရာကနေ လွတ်မြောက်ဖို့က အနှီမိန်းမပျိုအပေါ် မူတည်နေသည်။ သူက တားမြစ်ပညာရပ်များအကြောင်း ဘာမျှ မသိထားပေ။ ထို့ကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် ကျွမ်းကျင်သူ ဖြစ်နေသော ဒီမိန်းမပျိုသည် ခုချိန်မှာ သေသွား၍ မဖြစ်ပေ။

သို့သော် ဟန်လိက အလျင်စလို ချက်ခြင်း မလှုပ်ရှားတာက ထိုမိန်းမပျို၌ နောက်ဆုံးဝှက်ဖဲများ ကျန်နေမှာကို စိုးရိမ်၍ ဖြစ်၏။ ထို့ကြောင့် ထိုမိန်းမပျို ခြေကုန်လက်ပမ်းကျကာ မျှော်လင့်ချက်မဲ့နေသော အခြေအနေကျမှ သူ ရုတ်တရက် ထွက်လာခဲ့တာ ဖြစ်ချေ၏။

မိန်းမပျိုက ဟန်လိ၏ ရုတ်တရက် ထွက်ပေါ်လာမှုကြောင့် ပျော်ရွှင်သွားသည့်အပြင် ဒေါသလည်း ထွက်၏။ သူမက ဟန်လိ၏ ရည်ရွယ်ချက်ကို ကောင်းကောင်း တွေ့မြင်သည် မဟုတ်လား။

သို့သော် မည်သို့ပင်ဖြစ်စေ အခု ဒီကြမ်းလှသော ရေနဂါးနှင့် တိုက်ပွဲကသာ အရေးကြီးဆုံး ဖြစ်၏။ သူမက ခဏတဖြုတ် အနားယူပြီးနောက် ဘာစကားမျှ မဆိုဘဲ မှော်ရတနာကို ထိန်းချုပ်ကာ တိုက်ခိုက်မှု ပြန်စသည်။

ဟန်လိက မင်နက်ရေနဂါးကို ခုခံနေရချိန် သူက စိတ်ထဲကနေ ကြိတ်၍ အထွန့်တက်နေမိ၏။ သည်မိန်းမပျိုနှင့် သားရဲကောင်တို့၏ တိုက်ပွဲကို သူ စောင့်ကြည့်နေချိန်၌ ၎င်းသားရဲ၏ ခုလောက်သန်မာမှုကို သူ မသိမမြင်ခဲ့ပေ။ သူ ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ရချိန်မှ ၎င်းနဂါး၏ ကြောက်မက်ဖွယ်ခွန်အားကို မြည်းစမ်းရတော့သည်။

သူ၏ ရွှေပိုးတောင်မာမိခင်ဓားသွားမှာ ထိပ်တန်းမှော်ပစ္စည်းများကြား၌ ကောင်းမွန်သော လက်နက်တစ်ခုဟု ဆိုနိုင်၏။ သို့ပေမည့် ရွှေရောင်အလင်းတန်းများ၏ တိုက်ခိုက်မှုက အနှီသားရဲနား ရောက်သွားသည်နှင့် ၎င်း၏ လက်သည်း၊ အမြှီးတို့ဖြင့် ဝေ့ယမ်းတန်ပြန်မှုကြောင့် ယင်းဓားအလင်းတန်းများက ပေရာချီထိ ပြန်ပြန် လွင့်စင်သွားရသည်။

ထို့အပြင် သူက ၎င်းနဂါး၏ တိုက်ခိုက်မှုများကို ပေါ့ပေါ့ဆဆ မခုခံဝံ့ပါ။ ရန်သူ၏ လက်သည်းချက်များ၊ အမြှီးရိုက်ချက်များ သူနှင့် ထိမိသည် မဆိုနှင့်အုံး ရန်သူသားရဲ ထွေးထွေးထုတ်သော အနက်ရောင်ရေများကြောင့် သူ၏ သံမဏိဒိုင်းကိုသာ အားကိုးနေရသည်။

ထိုသို့ဖြင် အနှီမှော်ဒိုင်းက သူ့ကို အကြိမ်ကြိမ် ကယ်တင်ပေးနေပြီး အနက်ရောင်ရေ၏ တိုက်စားမှုကြောင့် အပေါက်များပါ ဖြစ်ပေါ်လာခဲ့ပြီ။ ၎င်းဒိုင်းက ဘယ်အချိန်ထိ ဆက်တောင့်ခံနိုင်မလဲ ဘယ်သူမျှ သိမည် မဟုတ်ပါ။

ထိုအနက်ရောင်ရေ၏ အစွမ်းကပင် အခုလောက် ကြောက်ဖို့ ကောင်းနေပြီ ဖြစ်ရာ ခရမ်းရောင်အရည်ဆို ပြောနေဖို့ လိုတော့မည် မဟုတ်ပေ။ ခရမ်းရောင်အရည်နှင့် ထိမိသော လမျက်နှာဖုံးဂိုဏ်း၏ တပည့်များက ချက်ခြင်း သေကုန်တာ၊ သူတို့၏ မှော်ပစ္စည်းများ အချည်းနှီးဖြစ်ကုန်တာ အံ့အားသင့်စရာ မရှိတော့ချေ။

ဟန်လိက အနှီသားရဲကောင်နှင့် ပို၍ တိုက်ခိုက်ရလေလေ ပို၍ လန့်လာရှိန်လာ ရလေပင်။ သူက နတ်ဆိုးသားရဲကောင်၏ တိုက်ခိုက်မှုများကို ရှောင်ဖို့ သူ့လှုပ်ရှားမှု ပညာရပ်အပေါ်၌သာ လုံးလုံး မှီခိုထားရ၏။ ရွှေရောင်ဓားသွားများက ရန်သူသားရဲကို လုံးဝ မတားဆီးနိုင်ချေ။

မိန်းမပျိုက သူမ၏ တပည့်များကို ဒီကနေ ချက်ခြင်း ထွက်သွားခိုင်းတာ အံ့အားသင့်စရာ မရှိပါ။ ဟန်လိကဲ့သို့ ရွှေ့လျားမှုပညာရပ်၌ ထူးချွန်သူများကလွဲ၍ ချီစုဆောင်းခြင်းတပည့်များသည် အနှီနတ်ဆိုးသားရဲနှင့် တခဏပင် ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။

ထိုမိန်းမပျို၏ ပုလဲလက်စွပ် မြင့်တက်လာချိန်၌ ဟန်လိအပေါ် သက်ရောက်နေသော ဖိအားမှာ များစွာ လျော့ကျသွားသည်။ တကယ်တော့ ထိုမှော်ရတနာလက်စွပ်က မင်နက်ရေနဂါးကို နာကျင်မှုတချို့ရအောင် လုပ်နိုင်စွမ်း ရှိနေတုန်းပင်။

“ကောင်လေး…နင် အကြာကြီး ပုန်းနေခဲ့တယ်။ ဘာကြောင့် စောစောစီးစီး မလှုပ်ရှားခဲ့တာလဲ။ နင် အစောတည်းက လှုပ်ရှားခဲ့ရင် ငါ့အနေနဲ့ ဒီသားရဲကောင်ကို အပြင်းအထန် ဒဏ်ရာရသွားအောင် လုပ်ချင်လုပ်နိုင်ခဲ့မှာ…”

ထိုအမျိုးသမီးက သူမ၏ မှော်ရတနာတိုက်ခိုက်မှုများကို ထိန်းချုပ်လျက် မကျေမချမ်းဖြင့် မေးလိုက်သည်။

“ခင်ဗျား ကျုပ်ကို သတ်ပြီး ကျုပ်ရဲ့ ရတနာတွေ လုယူသွားမှာ စိုးရိမ်လို့ပါ…”

ဟန်လိက အလွန်နာခံစွာ ပြန်ဖြေသည်။

ဟန်လိသည် ထိုမိန်းမပျို၏အသွင်ဟန်ပန်က ငယ်ရွယ်ပုံ ပေါက်သော်လည်း တကယ်တမ်းတော့ သူ့အဘွားအရွယ်လောက် ရှိနေလောက်ပြီကို သိသည်။ ထို့ကြောင့် သူက နိမ့်နိမ့်ချချသာ ပြန်ဖြေသည်။ တစ်ယောက်နှင့်တစ်ယောက် ပူးပေါင်းကာ ရန်သူသားရဲကို တိုက်ခိုက်ရမည် ဖြစ်၍ ပွင့်ပွင့်လင်းလင်း ပြောထားတာ အကောင်းဆုံး မဟုတ်လား။

တဖက်သူ၏ အဆင့်အတန်းမှာ အမြုတေဖွဲ့စည်းခြင်းကျွမ်းကျင်သူ ဖြစ်နေကာ သူနှင့်သူမကြား အဆင့်အတန်းကွာဟမှုကြောင့် ဟန်လိသည် ရည်ရွယ်ချက်ရှိရှိ နိမ့်ချကာ ပြောခဲ့ခြင်းပင်။ တဖက်သူ၏ ခုလက်ရှိ ခွန်အားအရ သူမက သူ့ကို မထိန်းချုပ်နိုင်တာတော့ အမှန်၊ သို့သော် ဟန်လိက မှော်စွမ်းအား ဆုံးရှုံးနေသော ထိုမိန်းမပျိုကို စိတ်ထဲကနေ လန့်နေမိပေ၏။

“ကောင်လေး…နင့်အသက်အရွယ်နဲ့ အကြံကတော့ အများသားပဲ။ နင် အချိန်ကြာကြာ အသက်မရှင်ရမှာ ငါ စိုးရိမ်မိတယ်…”

ထိုမိန်းမပျိုက ခါးသီးသောလေသံဖြင့် ပြောလိုက်၏။

ထိုစကားကို ကြားသည့်အခါ ဟန်လိသည် ရယ်မောမိ၏။ သူက ပြန်ခွန်းတုန့်မပြန်တော့ပေ။ သို့ပေမည့် စိတ်ထဲကနေတော့ သူ ပြောမိ၏။ “ကျုပ်မှာ အကြံသာ မများရင် အရင်ထဲက အကြိမ်ကြိမ် သေနေလောက်ပြီ။ အနာဂတ်ဆို ပြောမနေတော့နဲ့…”

ဟန်လိက စကားဆက်မပြောသည်ကို မြင်သည့်အခါ သူမလည်း အများကြီး ထပ်ပြောမနေတော့ပေ။ သူမ၏ စိတ်ထဲရှိ ဒေါသမှာလည်း အတန်အသင့် ပြေလျော့သွားခဲ့ပြီ။ သူမက ရန်သူသားရဲနှင့် မည်သို့မည်ပုံ ရင်ဆိုင်ရမလဲဟု စစဉ်းစား၏။

“နင့်မှာ ဒီနဂါးကို ဒဏ်ရာအပြင်းအထန်ရသွားအောင် လုပ်နိုင်မယ့် တစ်ခုခု မရှိဘူးလား။ နင့်မှာ ရှိခဲ့ရင် မြန်မြန်ပြောပါ…”

“ကျုပ်မှာ တစ်ခု ရှိပါတယ်။ ဒါပေမဲ့ အဲ့တာက ရန်သူကို မတိုက်ခိုက်ခင် အချိန်ခဏတော့ ကြိုပြင်ဆင်ရတယ်။ ပြီးတော့ ရန်သူဟာ လှုပ်ရှားနိုင်ခြင်းလည်း မရှိမှ ဖြစ်မှာ..”

ဟန်လိက ချက်ခြင်း ပြန်ဖြေ၏။

“ကောင်းပြီ။ ငါ ငါ့နောက်ဆုံးလက်ကျန် စွမ်းအားကို အသုံးပြုတော့မယ်။ အဲ့သားရဲကောင်ကို အချိန်ခဏတော့ ငါ ချုပ်နှောင်ထားနိုင်ဦးမှာပါ။ နင့်အတွက် အဲ့ပစ္စည်းကို သုံးဖို့ အချိန်လုံလောက်ဖို့ မျှော်လင့်တယ်။ ဒါပေမဲ့ နင့် နည်းလည်းက ဟန်ပါ့မလား…”

“ကျုပ်မှာ အစွမ်းထက်လှတဲ့ ရတနာအဆောင်တစ်ခု ရှိတယ်။ ဒါက အဲ့ရေနဂါးရဲ့ အကာအကွယ်ကို ချိုးဖျက်နိုင်မှာ သေချာတယ်…”

ဟန်လိက ယုံကြည်မှုအပြည့်ဖြင့် ပြော၏။ သူက ထိုနတ်ဆိုးသားရဲကောင်က ရွှေအလင်းအုတ်ခဲ၏ အင်ပြည့်အားပြည့် တိုက်ခိုက်မှုကို ခံနိုင်လိမ့်မည် မယုံချေ။

“ရတနာအဆောင် ဟုတ်လား…”

ထိုသည်ကို ကြားသည့်အခါ မိန်းမပျို၏ စိတ်ထဲ၌ ပျော်ရွှင်သွား၏။ သူမက သူမရှေ့ရှိ အဝါရောင်မေပယ်တောင်ကြားမှ တပည့်က ဤကဲ့သို့ ရှားပါးပစ္စည်းတစ်ခုကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့မိပေ။ တဖက်သူက ယုံကြည်မှုရှိစွာ ပြောနေမှတော့ ကြည့်ရတာ ၎င်းရတနာသည် အဖျက်အစီးအဆောင်ရတနာ ဖြစ်ပုံ ရမည်။ ဤသည်မှာ အင်မတန်ရှားပါးသော အဆောင်ဖြစ်တာ ကျိန်းသေ၏။

သူမက ဟန်လိ၏ နည်းလမ်းက ဖြစ်နိုင်သည်ကို သဘောပေါက်သည်နှင့် လေထဲ၌ ချက်ခြင်း ရပ်၏။ ထို့နောက် ရေနဂါးကို အရင်ကကဲ့သို့ ချုပ်နှောင်ရန် စတင်သည်။ ပုလဲလက်စွပ်က ရေနဂါး၏ ခန္ဓာကိုယ်ကို ထပ်မံ ထွေးခြုံသွားပြီး ၎င်းကို ဒေါသတကြီး ရုန်းကန်စေတော့သည်။

ဟန်လိက ဒီရွှေရောင်အခွင့်အရေးကို မြင်သည်။ သူက ချက်ခြင်းပင် သူ့ရှေ့၌ သံမဏိဒိုင်းကို ထား၏။ ထို့နောက် သူက ရွှေအလင်းအုတ်ခဲကို ထုတ်ယူကာ တင်ပလ္လင်ခွေ ထိုင်သည်။

All Chapters