ရေနဂါးကို သတ်ဖြတ်နိုင်ခြင်းနှင့် အောင်ပွဲအကျိုးအမြတ်များ
Vol. 15 Ch. 207
ဟန်လိ၏ ထိန်းချုပ်မှုအောက်၌ ရွှေအလင်းအုတ်ခဲက ခဏအတွင်း ရွှေရောင်တောက်ပသော တစ်ပေခန့်ရှိ အုတ်ခဲအဖြစ် လေထဲ၌ လွင့်မြောကာ အဘက်ဘက်သို့ အလင်းများ ဖြာထွက်လာ၏။
ဟန်လိ၏ စိတ်ဝိညာဉ်စွမ်းအားများက မြစ်ရေအလား စီးဆင်းကာ ၎င်းအုတ်ခဲအတွင်း အဆက်မပြတ် သွန်းလောင်း၏။ တအောင့်အကြာတွင် သူ၏ မှော်စွမ်းအား သုံးပုံတစ်ပုံ ကုန်ခမ်းသွားလေပြီ။ ထိုအခါ သူ၏ဦးခေါင်းထက်ရှိ ရွှေရောင်အလင်းက ပိုစူးရှ တောက်ပလာသည်။
မင်နက်ရေနဂါးကို ထိန်းချုပ်ဖို့ အင်ကုန်အားကုန် အသုံးပြုထားသော မိန်းမပျိုက ဟန်လိ၏ လှုပ်ရှားမှုများကို သေချာ မြင်နေရသည်။ သူမက ရွှေအလင်းအုတ်ခဲ ထွက်ပေါ်လာသည်ကို မြင်သည့်အခါ စိတ်ထဲ၌ သံသယကင်းသွားတော့၏။ သူမက ဟန်လိက လိမ်ပြောခဲ့တာ မဟုတ်မှန်း သိလိုက်ပြီ။ ဟန်လိ၏ ရတနာအဆောင်က ရေနဂါး၏ အကာအကွယ်ကို ချိုးဖျက်နိုင်မှာ သေချာလောက်၏။
မင်နက်ရေနဂါးက ၎င်း၏ ဝန်းကျင်ရှိ ပြောင်းလဲမှုများကို ထောက်လှမ်းမိသည့်နှယ် ပိုမိုရုန်းကန်ကာ လက်စွပ်ချုပ်နှောင်ခြင်းကနေ လွတ်ရန် ၎င်း၏ လက်သည်းကြီးများဖြင့် အပြင်းအထန် ကုတ်ခြစ်၏။ မိန်းမပျို၏ ပုလဲမှာ စတင် လှုပ်ခါလာသည်။ သူမ၏ မျက်နှာအမူအရာပါ ပြောင်းလဲသွား၏။ သူမက ဟန်လိထံ အလျင်စလို လှမ်းအော်သည်။
“မြန်မြန်…ဒီကောင် လွတ်သွားတော့မယ်…”
ဟန်လိက ဤသည်ကို ကြားသည့်အခါ ဆက်၍ နှေးဖင့်မနေဝံ့၊ သူက ရတနာအဆောင်ထံ လက်ညွှန်၏။ ချက်ခြင်းပင် ရွှေရောင်အုတ်ခဲက “ဝှစ်” ဟူသော အသံနှင့်အတူ မင်နက်ရေနဂါးထံ ပျံသန်းဝင်လာ၏။ လမ်းတဝက်မှာ အနှီအုတ်ခဲသည် အံ့ချီးဖွယ်ဆန်စွာ တောင်အငယ်စားလောက် အရွယ်ထိ ပြောင်းလဲပြီး မင်နက်ရေနဂါးပေါ် အကြမ်းပတမ်း ရိုက်ချလာ၏။
ရုန်းကန်နေသော ရေနဂါးက အခြေအနေ ဆိုးနေပြီကို သိသည်။ သို့သော် ၎င်း၏ အစိမ်းရောင်မျက်လုံး တစုံက ရုတ်ချည်း လင်းလက်သွား၏။ ၎င်းက ပါးစပ်ဟကာ ဟန်လိ ထိတ်လန့်ရသော ခရမ်းရောင်အရည်ကို ထပ်မံ ထွေးထုတ်သည်။ ထိုအရည်က ကျဆင်းလာသော ရွှေရောင်အုတ်ခဲကို တားဆီး၏။ ထိုအခါ အုတ်ခဲသည် ဆက်၍ ကျဆင်းနိုင်ခြင်းမရှိ ဖြစ်ရလေပြီ။
ဤသည်ကို မြင်သည့်အခါ မိန်းမပျိုကော၊ ဟန်လိကော အံ့အားတသင့် ဖြစ်သွား၏။ ဟန်လိသည် ရွှေရောင်အုတ်ခဲကို ထိန်းချုပ်ရာ၌ အာရုံနစ်ထား၏။ ထို့ကြောင့် သူက ဒီအဖြစ်သနစ်ကို အကူအညီမဲ့စွာသာ စိုက်ကြည့်နေရပြီး သူ တခြားတတ်နိုင်တာ ဘာမျှ မရှိလေတော့ပေ။ သို့သော် မိန်းမပျိုကတော့ သူမ၏ နှုတ်ခမ်းဖူးဖူးကို ကိုက်ကာ သူမ၏ အင်္ကျီရင်ဘက်ထဲကနေ အဝါရောင်ပုလဲတစ်ခုကို ထုတ်ယူ၏။ ထို့နောက် သူမက လက်ပင့်မြှောက်ကာ အချုပ်အနှောင် မိနေသေးသော နတ်ဆိုးသားရဲထံ ၎င်းပုလဲဖြင့် ရိုက်ချသည်။
ဘန်း။ ယင်းပုလဲက နဂါး၏ ဦးခေါင်းပိုင်းပေါ် ကျရောက်သွားကာ ချက်ခြင်း ပေါက်ကွဲ၏။ ထိုအခါ အဝါရောင်မြူလွှာထုတစ်ခုက နဂါး၏ ခန္ဓာကိုယ်ကို ထွေးခြုံလာသည်။ နဂါးမှာ အထိတ်တလန့် စတင်အော်ဟစ်သံ ပြု၏။ ၎င်း ထွေးထုတ်နေသော ခရမ်းရောင်အရည်မှာလည်း ရပ်တန့်သွားခဲ့ရသည်။
ထိုအရည်၏ အတားအဆီး မရှိသည့်အခါ ရွှေရောင်အုတ်ခဲက ထပ်မံ ကျဆင်းလာပြီး နဂါး၏ခန္ဓာကိုယ်ကို ထိမှန်၏။ ဝုန်း…။ မြေကမ္ဘာအက်ကွဲသည့်အလား ကျယ်လောင်သော ဟိန်းမြည်သံ ပေါက်ကွဲ၏။ စူးရှသော ရွှေရောင်အလင်းတို့က ဒီမြေအောက်ဧရိယာဝန်းကျင်တစ်ခုလုံးကို လင်းထင်းသွားစေသည်။ သို့သော် ချက်ခြင်းပင် ရွှေရောင်အုတ်ခဲက တဖန် ပြန်နက်မှောင်ကာ ၎င်း၏ ပုံမှန်အနေအထားသို့ ပြန်ရောက်သွား၏။
ရွှေအလင်းအုတ်ခဲက ၎င်း၏မူလအရွယ်အစားသို့ ပြန်ရောက်သွားချိန်၌ ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းကာ ဟန်လိထံ ပျံသန်းလာသည်။ လေထဲ၌ အသက်သင်နေသော နတ်ဆိုးသားရဲသာ ကျန်ခဲ့လေ၏။
ရေလွှမ်းနဂါး၏ ဦးခေါင်းပိုင်းမှာ ကြေမွနေခဲ့ပြီ။ ၎င်း၏ မျက်လုံးတစ်လုံးမှာလည်း သူငယ်အိမ်ထဲကနေ ကျွတ်ထွက်သွားခဲ့ကာ မည်သည့်နေရာသို့ လွင့်ထွက်သွားမှန်း မသိရပေ။ တခြားမျက်လုံးကမူ သူငယ်အိမ်ထဲ၌ ရှိနေသေး၏။ သို့သော် ၎င်းမှာလည်း သွေးများ အဆက်မပြတ် စီးကျနေသည်။ မှင်နက်ရေနဂါးသည် ဆိုးဆိုးရွားရွား ဖြစ်သွားခဲ့ရပြီ။
ထိုနတ်ဆိုးသားရဲမှာ သေဖို့ မဝေးတော့ပေ။
ထိုသည်ကို မြင်သည့်အခါ မိန်းမပျိုသည် စိတ်ထဲ၌ ကျေနပ်သွား၏။ သူမက သူမ၏ သိုလှောင်အိတ်ထဲကနေ သလင်းပန်းအိုးငယ်တစ်ခုကို ထုတ်ယူကာ စကားအချို့ ခပ်တိုးတိုး ရေရွတ်သည်။ ထို့နောက် သူမက မင်နက်ရေနဂါးထံ လက်ညွှန်သည်။ အနက်ရောင်အမျှင်တန်းအချို့က ပန်းအိုး၏နှုတ်ခမ်းကနေ ပျံသန်းထွက်လာကာ မင်နက်ရေနဂါး၏ ခန္ဓာကိုယ် ပတ်ပတ်လည်ကို ထွေးပတ်သွားသည်။
တအောင့်အကြာ၌ မင်နက်ရေနဂါး၏ အရင်ပုံစုံနှင့် လုံးဝ ကွဲထွက်နေသော အစိမ်းရောင်ရေနဂါးတစ်ကောင်က မင်နင်ရေနဂါး၏ ခန္ဓာကိုယ်ထဲကနေ ထိုးထွက်လာသည်။ ၎င်းက အစွယ်ဟကာ လက်သည်းများဖြင့်ကို ဆန့်ထုတ်သော်လည်း ပန်းအိုးငယ်ထဲ တဖြည်းဖြည်း ဆွဲငင်ခြင်း ခံလိုက်ရသည်။
မိန်းမပျိုက ပန်းအိုးအဖုံးကို ပြန်ပိတ်၏။ သူမ၏မျက်နှာထက်ရှိ အပြုံးကိုလည်း ဖုံးကွယ်မထားနိုင်ပေ။ ပျော်ရွှင်မှုကြောင့် သူမက ပီတိဖြာနေ၏။ ထို့နောက်တွင် သူမသည် မင်နက်ရေနဂါး၏ အလောင်းကို တချက် လှမ်းကြည့်သည်။ ၎င်းသည် အသက်ဓာတ်ဆုံးရှုံးသွားခဲ့ပေပြီ။ သူမက စတင် စဉ်းစားသည်။
ဟန်လိက ထိုမိန်းမပျို၏ အပြုအမူကို မြင်သည်။ သူက သူမက ရေနဂါး၏ ကမ္ဘာဦးစိတ်ဝိညာဉ်ကို ယူဆောင်ခဲ့တာကို ချက်ခြင်း သဘောပေါက်၏။ သူက ထိုမင်နက်ရေနဂါး၏ ကမ္ဘာဦးစိတ်ဝိညာဉ်ကို မည်သည့်အတွက် အသုံးပြုနိုင်သည်ကို မသိသော်လည်း မိန်းမပျို၏ ရွှင်မြူးဟန် အမူအရာအရ ၎င်းစိတ်ဝိညာဉ်သည် အတော်လေး တန်ဖိုးရှိမည်ကို သိသည်။
ထိုအချိန်၌ မိန်းမပျိုက သူမ၏လက်ကို ဆန့်ထုတ်ကာ ပုလဲလက်စွပ်ကို ပြန်သိမ်းဆည်း၏။ ကောင်းကင်ထက်ရှိ မင်နက်ရေနဂါး၏ အလောင်းက လေထဲကနေ ချက်ခြင်း ပြုန်ကျသည်။
“ငါက ဒီရေနဂါးရဲ့ ကမ္ဘာဦးစိတ်ဝိညာဉ်ကို ယူပြီးပြီးဆိုတော့ ၎င်းရဲ့အလောင်းကို နင့်အတွက် ချန်ပေးခဲ့မယ်။ တကယ်တော့ ဒီသားရဲကောင်ကို ငါတို့နှစ်ယောက် အတူတူ သတ်ခဲ့တာ မဟုတ်လား…”
မိန်းမပျိုက တည်ငြိမ်စွာ ပြော၍ ပျံသန်းလာကာ ဟန်လိဘေးနား၌ ဆင်းသက်၏။
ဟန်လိက ထိုစကားကို ကြားသည့်အခါ ဒီပြီးပြည့်စုံစွာ လှပနေပြီး စိတ်ကျေနပ်နေသော မိန်းမပျိုကို တချက် လှမ်းကြည့်၏။ ထို့နောက် သူက ခေါင်းငုံ့ကာ မင်နက်ရေနဂါး၏အလောင်းထံ အကြည့်ရောက်သွားသည်။ သူ့စိတ်ထဲကနေ ညှိုးငယ်စွာ ပြောလိုက်မိ၏။
“နင် ပြောတာတော့ အလွယ်လေး။ ဒီအလောင်းကို ငါ့ကို အပိုင်ပေးတယ်ပေါ့။ ဘာကြောင့်လည်း ဆိုတော့ ငါက ဒီအလောင်းနဲ့ ပတ်သတ်ပြီး အသုံးပြုနိုင်တာ မရှိဘူးလို့ နင် ထင်လို့မလား။ ဒါ့အပြင် ရေနဂါးရဲ့ ကြေးခွံက အလွန်မာကြောတယ်။ နင်ကော ငါကော အဲ့တာကို သိနေတာ ရှင်းနေသားပဲ။ ကြည့်ရတာ ငါက ငတုံးတစ်ကောင်လို ဖြစ်နေမှာကို နင် ကြည့်ချင်နေတဲ့ပုံပဲ…”
ထိုသို့တွေးကာ ဟန်လိက သူ့လက်ထဲ၌ အေးစက်စက်အလင်းတစ်ခု ဖြတ်ခနဲ ပေါ်လာစေသည်။ သူ့လက်ထဲတွင် ငွေရောင်ဓားကြီး ပေါ်လာ၏။ ၎င်းဓားမှာ အစောပိုင်းတုန်းက ခြေဗလာနှင့်လူ၏ အားကောင်းလှသော မှော်လက်နက် ဖြစ်လေ၏။
ဟန်လိသည် စကားတခွန်းမှမဆိုဘဲ ငွေရောင်ဓားဖြင့် အားထည့်ကာ ခုတ်ပိုင်းသည်။
ငွေရောင်ဓားက ရေနဂါး၏အလောင်းထဲ သုံးလက်မခန့် အမှန်တကယ် နစ်မြုပ်သွား၏။ ၎င်းခန္ဓာကိုယ်အတွင်းထဲထိ ထိုးစိုက်နိုင်ဖို့ လိုသေးသော်လည်း သည်ဓားချက်က နဂါး၏ အကာအကွယ်များကို ချိုးဖျက်နိုင်ခဲ့ပေသည်။ ထိုအခါ ဘေးတွင် ရပ်ကြည့်နေသော မိန်းမပျိုသည် အံ့အားတသင့် ဖြစ်သွား၏။
ဟန်လိသည် ထိုမိန်းမပျို၏ အမူဟန်ပန်ကို မြင်သည့်အခါ စိတ်ထဲကနေ ရယ်ချင်မိသွား၏။ သူက ထိုဓားကို ဝေ့ယမ်းကာ ထပ်မံ ထိုးစိုက်ချရန် ဟန်ပြင်သည်။
“ဟေး…ငါ့ကို ဒီဓား ကြည့်ခွင့်ပေး…”
သူမက ဖြည်းဖြည်းချင်း ပြောလိုက်၏။ သူမ၏အကြည့်ကတော့ ငွေရောင်ဓားထံ အံ့အားသင့်ဟန်ဖြင့် ကျရောက်နေသည်။ ထိုအခါ ဟန်လိက မင်သက်မိသွား၏။
“ဘာများ စိုးရိမ်နေတာလဲ။ ငါက အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၊ ငါက ရတနာတွေကို အရင်က မမြင်ဖူးဘူး ထင်လို့လား။ နင့်လက်ထဲက ဓားက ထူးခြားနေလို့ ငါ သိချင်စိတ် ဖြစ်မိတာ…”
ဟန်လိက ချီတုံချတုံ ဖြစ်နေသည်ကို မြင်သည့်အခါ သူမက နှာခေါင်းရှုံ့၍ ပြောလိုက်ပြီး သူ့ကို မျက်လုံးလှန်ကာ ကြည့်လာ၏။
သူမ၏ ငယ်ရွယ်ပုံ၊ စွဲဆောင်မှုရှိပုံ၊ ကလက်တက်တက်အကြည့်တို့က ဟန်လိကို နှလုံးခုန် မြန်သွားစေသည်။ သူ့ကိုယ်သူ မထိန်းချုပ်နိုင်လုနီးပါး ဖြစ်ရ၏။
“ဒီဓားမှာ တကယ်ပဲ ပြဿနာအချို့ ရှိတယ်။ ကျုပ် ဒီဓားကို ရလာခဲ့တဲ့နောက် ဘာကြောင့်မှန်းမသိ ဒီဓားကို ထိန်းချုပ်လို့ မရဘူး ဖြစ်နေတယ်။ မဟုတ်ရင် ကျုပ်က ဟိုမင်နက်ရေနဂါးကို ဒီဓားနဲ့ ခုတ်ပိုင်းတိုက်ခိုက်ပြီးပြီး…”
ဟန်လိက သူ့ကိုယ်သူ ပြန်ထိန်းကာ ဖြည်းဖြည်းချင်း ရှင်းပြ၏။
သူသည် ဒီမိန်းမပျို၏အလှအောက်တွင် မကျရှုံးသွားချင်ပေ။ တကယ်တော့ သူမ၏ အလျင်စလို မရှိဟန်ကြောင့် ဒီနေရာကနေ မည်သို့ ထွက်ခွာရမည်ကို သူမ သိနေလောက်၏။ သည်မိန်းမပျိုက သူ့ကိုလည်း သတိထားမနေပေ။ သူ အလစ်တိုက်ခိုက်မည်ကို မစိုးရိမ်ဟန် ပေါ်နေ၏။
“အိုး…အမှန်ပဲကို….” ဓားကို လက်လှမ်းယူပြီးနောက် သူမက သက်ပြင်းချကာ ပြော၏။
“ဘာဖြစ်လို့လဲ…” ဟန်လိက မမေးမိဘဲမနေနိုင်ဖြစ်ကာ မေးလိုက်မိ၏။
“ဘာမှ မဟုတ်ပါဘူး။ ဒီငွေရောင်ဓားက အခုလောက် ထက်ရှနေတဲ့အကြောင်းရင်းဟာ ဓားသန့်စင်တဲ့အချိန်တုန်းက ငွေအနှစ်သာရ ထည့်ပေါင်းထားလို့ပဲ။ ဒါ့အပြင် ဒီထည့်ပေါင်းထားတဲ့ ငွေအနှစ်သာရက မနည်းဘူး…”
မိန်းမပျိုက မထူးခြားနားဟန်ဖြင့် ပြောလိုက်ပြီး အရေးမစိုက်ဟန်ဖြင့် ဟန်လိထံ ဓား ပြန်ပေးသည်။
“ငွေအနှစ်သာရလား…” ဟန်လိက နည်းနည်း အံ့အားသင့်မိသွားသည်။
“ငါ နင့်ကို ပြောပြရင်လည်း နင် နားလည်နိုင်မှာ မဟုတ်ဘူး။ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက် ဒါမှမဟုတ် အဲ့အထက်အဆင့်က ကျင့်ကြံသူတစ်ယောက်ဟာ အစစ်အမှန်မီးနဲ့ စစ်မှန်တဲ့ငွေကနေ မှော်ရတနာတွေ ပြုလုပ်ဖို့အတွက် သတ္တုအမယ်ကို ထုတ်နှုတ်နိုင်တယ်။ ဒါက အလွန်ပဲ တန်ဖိုးရှိတယ်။ ငါ့ရဲ့ ပုလဲလက်စွပ်မှာလည်း အဲ့လို သတ္တုအမယ်မျိုး ပါဝင်တယ်…”
မိန်းမပျိုက စိတ်မရှည်ဟန်ဖြင့် ပြောလိုက်၏။
ထိုသည်ကို ကြားသည့်အခါ ဟန်လိက စိတ်ထဲကနေ ကျိန်ဆဲမိသည်။ “ငါ မသိလို့ နင့်ကို သေချာ မေးတာလေ။ ငါသာ သိရင် မေးနေဖို့ လိုအုံးမလားဟ…”
သူက ထိုမိန်းမပျို ဆက်၍ မပြောချင်သည်ကို မြင်သော်လည်း သူက မျက်နှာပြောင်တိုက်ကာ ဆက်မေးပြန်သည်။
“တခြားသူတွေက ဒီဓားကို ရန်သူနဲ့ ရင်ဆိုင်တဲ့အခါကျရင် ဘာကြောင့် အသုံးမပြုနိုင်ရတာလဲ။ ကျုပ် ဒီဓားကို မထိန်းချုပ်နိုင်ဘူး…”
ဟန်လိ၏ အမေးကို မြင်သည့်အခါ မိန်းမပျို၏ စိတ်ထဲ၌ မပျော်မရွှင် ဖြစ်သွား၏။ သို့သော် သူမက ပြန်တော့ ဖြေသည်။
“ဒီဓားရဲ့ မူလပိုင်ရှင်ဟာ ဒါကို သန့်စင်ဖို့ နှလုံးသန့်စင်ခြင်းပညာရပ်ကို အသုံးပြုခဲ့တာ။ အဲ့နည်းလမ်းက အတော်လေး ဖောက်ပြားတဲ့ နည်းလမ်းပဲ။ ဒါ့ကြောင့် တခြားသူတွေဟာ ဒါကို အသုံးပြုနိုင်တဲ့ နည်းလမ်း မရှိဘူး…။ နင် ဒီဓားကို အရည်ပျော်အောင် လုပ်ပြီး ပြန်မသန့်စင်ဘူးဆိုရင် ဒီဓားက တခြားသူတွေအတွက် အသုံးမတည့်တဲ့ အရာပဲ…”
ဟန်လိ၏ အမူအရာမှာ ရုပ်စိုးသွား၏။ သူသည် မူလတုန်းက ဒီဓားအပေါ် အတော်လေး မျှော်လင့်ထားခဲ့၏။ သို့သော် ထိုမိန်းမပျို ပြောတာ အမှန် ဖြစ်ခဲ့ပါက သူ့မျှော်လင့်ချက်များသည် လုံးဝ ပျောက်ကွယ်ရတော့မည်။
“အသုံးမတည့်တဲ့အရာ ဟုတ်လား။ ငါတော့ ဒီလို မထင်ဘူး။ ငါ အခု ဒါကို အသုံးပြုနေနိုင်တယ် မဟုတ်ဘူးလား…”
ဟန်လိက စိတ်ထဲကနေ အေးတိအေးစက် ပြောလိုက်၏။ ထို့နောက် သူက ဓားကို ထိန်းချုပ်ကာ ရေနဂါး၏အလောင်းကို ထိုးစိုက်ကာ တဖက်တည်း ကျန်ခဲ့သော မျက်လုံးကို ထုတ်ယူ၏။ ထို့နောက် သူက ၎င်းကို ခုတ်ပိုင်းနေတော့သည်။
ဟန်လိ၏ ထိုသို့သော သားသတ်သမားအလား ကြမ်းကြုတ်သော ဟန်ပန်ကို မြင်သည့်အခါ မိန်းမပျိုက မျက်မှောင်ကြုတ်၍ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွား၏။ သူမနှင့် ဟန်လိကြား အကွာအဝေးတစ်ခု လှမ်းကွာစေပြီးနောက် သူမက လှမ်းပြော၏။
“ဒီမင်နက်ရေနဂါးဟာ ခုမှ အဆင့်နှစ်ကို ဝင်ရုံ ရှိသေးပေမယ့် ဒီကောင်ရဲ့ ခန္ဓာကိုယ်မှာ အဖိုးတန်တဲ့ ကုန်ကြမ်းအမယ်တွေ ပြည့်နေတယ်။ ရေနဂါးရဲ့ အရေပြားကို ချပ်ဝတ်လုပ်နိုင်တယ်။ ၎င်းရဲ့ ဦးချိုနဲ့ လက်သည်းတွေဟာ ထိပ်တန်းမှော်ပစ္စည်းတွေ သန့်စင်ဖို့အတွက် အရေးကြီးတဲ့ အရာတွေပဲ။ ဒီနဂါးရဲ့ ခန္ဓာကိုယ်ထဲ ဒျန်အရည်ဟာ အဖိုးတန်ဆေးလုံးတချို့ ဖော်စပ်ဖို့အတွက် လိုအပ်တယ်…”
မည်သည့်အကြောင်းရင်းမှ မရှိဘဲ မိန်းမပျိုက ဟန်လိကို အသေးစိတ် ရှင်းပြနေ၏။ ထိုအခါ ဟန်လိသည် အံ့အားသင့်ရာကနေ ဂနာမငြိမ် ဖြစ်သလိုပါ ခံစားမိ၏။ သူက တဖက်သူ၏ ရည်ရွယ်ချက်ကို မသိဘဲ ရှိသည်။
“နှမြောစရာပဲ။ ဒီရေနဂါးကသာ တတိယအဆင့်ကို ဝင်ရောက်ခဲ့ရင် ၎င်းရဲ့နှဖူးထဲမှာ ရှိတဲ့ ရေနဂါးဒျန်ဟာ အမြုတေဖွဲ့စည်းခြင်းကျွမ်းကျင်သူတွေကို ဒီဒျန်ရဖို့အတွက် အချင်းချင်း တိုက်ခိုက်ကြလိမ့်မယ်။ ဒါကို ဆေးလုံးတွေ ဒါမှမဟုတ် မှော်ပစ္စည်းတွေအတွက် သန့်စင်ရာမှာ အသုံးပြုနိုင်တဲ့အပြင် ဒီဒျန်ဟာ တကယ့်ကို အသုံးတည့်တာ…”
မိန်းမပျိုက ရုတ်တရက်ကြီး သက်ပြင်းချကာ ပြောလိုက်၏။
“ရေနဂါးဒျန် ဟုတ်လား။ အဲ့တာက ဘာအရောင်လဲ။ ဒီဟာလား…” ဟန်လိသည် ရေနဂါး၏ နှဖူးပိုင်းထံကနေ လက်သီးဆုပ်ခန့် အနီရောင်အလုံးအဝန်းတစ်ခုကို ရုတ်တရက် လှမ်းထုတ်ယူကာ ကိုင်မြှောက်ပြ၏။ ထိုအခါ မိန်းမပျိုသည် အံ့အားတသင့် ဖြစ်သွား၏။
“အန်…အဲ့တာက ဘာလဲ။ နင် ရေနဂါးရဲ့ ခန္ဓာကိုယ်ကနေ ဒါကို ထုတ်ယူခဲ့တာလား…”
သူမက မမျှော်လင့်ထားသည်ကို မြင်ရသည့်အခါ ဟန်လိနား တိုးလာပြီး ၎င်းအဝန်းအဝိုင်းကို အနီးကပ် မကြည့်မိဘဲ မနေနိုင် ဖြစ်ရသည်။
“ဒီအဝန်းအဝိုင်းက အတော်လေး ဆင်တူတာပဲ။ ဒီမင်နက်ရေနဂါးက ခုမှ ဒုတိယအဆင့်ကို ဝင်ရောက်ခဲ့တာ သိသာနေတာပဲ။ ဒီရေနဂါးဒျန်တစ်ခုကို ထုတ်လုပ်ဖို့ မဖြစ်နိုင်ဘူး။ ဒါ့အပြင် ဒီမင်နက်ရေနဂါးဟာ ရေဓာတ်အခြေခံတဲ့ နဂါးတစ်ကောင်ပဲ။ ဒါဆို သူ့ရဲ့ အတွင်းဒျန်ဟာ အပြာရောင် ဖြစ်သင့်တာ။ ငါ့ကို အဲ့အဝန်းအဝိုင်း ခဏပေး၊ ငါ သေချာ ထိကြည့်မယ်…”
သူမသည် အောင့်မထားနိုင်တော့ဘဲ ဟန်လိ လက်မြှောက်ပြသည့် ထိုအဝန်းအဝိုင်းကို လှမ်းယူကြည့်ချင်ရန် ဟန်ပြင်သည်။
သို့သော် ထိုအချိန်၌ “ဖူး” ဟူသော မည်သံနှင့်အတူ ၎င်းအဝန်းအဝိုင်းသည် ၎င်းဘာသာ အကြောင်းရင်းမရှိ ပေါက်ကွဲသွား၏။ အနီရောင်အခိုးအငွေ့အစုအဝေးသည် ဟန်လိနှင့်မိန်းမပျိုတို့ကို ချက်ခြင်း ထွေးခြုံသွားတော့၏။