← Chapters

ပြန်ရောက်လာကြပြီ

Vol. 15 Ch. 209

ပြန်ရောက်လာကြပြီ

Vol. 15 Ch. 209

ဘုံကျောင်းအခန်းလွတ်ကြီးအတွင်း၌ တဝုန်းဝုန်းအသံများ ဆူညံစွာ ပဲ့တင်ထပ်နေသည်။ လမျက်နှာဖုံးဂိုဏ်းမှ တပည့်များက မှော်ပစ္စည်းများသုံးကာ ဥမင်ဝင်ပေါက်ကို ဖွင့်နေကြခြင်း ဖြစ်၏။ သို့သော် သူတို့၏ မှော်ပစ္စည်းများက ဥမင်အတွင်း ထွင်းဖောက်နိုင်ခြင်း မရှိသည့်အပြင် တစ်လက်မမျှသာ ထွင်းဖောက်နိုင်သည်။ ထိုအခါ သူတို့သည် စိတ်ဓာတ်ကျလာ၏။

လေးငါးနာရီလောက် ကြာပြီးနောက် ထိုတပည့်များအားလုံးသည် အခန်းကြမ်းပြင်ပေါ် စိတ်ပျပ်လက်ပျက် ထိုင်ချကုန်သည်။ သူတို့က သူတို့၏ ဘိုးဘေးကို ကယ်တင်ချင်ကြသည်။ သို့သော် ထိုသို့ လုပ်နိုင်ဖို့ အနည်းငယ်မျှပင် သူတို့ထံ၌ ယုံကြည်ချက် မရှိကြတော့ပေ။ သူတို့အားလုံးက ဘိုးဘေး ပျောက်ဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည့် ထိတ်လန့်ဖွယ်အကျိုးဆက်များကို တွေးမိကာ သူတို့၏ လွတ်လမ်းအတွက် စစဉ်းစားနေပြီ ဖြစ်သည်။

ထိုအခိုက်တွင် ဒီအခန်း၏ အပြင်ဘက်မှ ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာ၏။ မြေပြင်တုန်ဟည်းမှုက သည်အခိုက်တွင် သိသာလာသည်။ အပြင်ဘက်၌ တိုက်ပွဲအပြင်းအထန် ဖြစ်နေသည့်အလား။ ထိုအခါ ဒီတပည့်များက အံ့အားတသင့် ဖြစ်ကုန်၏။

“ဘာတွေ ဖြစ်ကုန်တာလဲ…” တပည့်အချို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်မိ၏။ အမျိုးသားတပည့်နှစ်ယောက်က အခန်းအပြင်သို့ အလျင်အမြန် ထွက်ကာ ဘာဖြစ်နေသလဲကို သွားကြည့်သည်။

“ဘိုးဘေး…”

မကြာခင် အခန်းအပြင်ဘက်မှ တပည့်များ၏ ရွှင်မြူးစွာ ပြောဆိုသံ ထွက်ပေါ်လာ၏။ သူတို့၏အသံကို အခန်းထဲမှ တပည့်များကလည်း ကြားမိပြီး တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ အခန်းအပြင်သို့ အလျင်စလို ထွက်လာ၏။

ဘုံကျောင်ဝင်ပေါက်၏ မီတာသုံးဆယ်လောက် အကွာ၌ မီတာအတော်အတန် ကြီးမားသော အပေါက်ကြီးတစ်ပေါက် သိသိသာသာ ဖြစ်ပေါ်နေ၏။ ထိုအပေါက် ဘေးနားမှာ ဝတ်စုံဖြူနှင့် မိန်းမလှတစ်ယောက် ရှိနေသည်။ သူမက လမျက်နှာဖုံးဂိုဏ်း၏ ဘိုးဘေးဖြစ်သူ၊မိန်းမပျိုပင်။ သည်အခိုက်တွင် သူမက အကွာအဝေးတစ်ခုထံ မထူးခြားနားဟန်ဖြင့် အေးစက်စက် လှမ်းကြည့်နေ၏။ သူမ နောက်တွင် စိတ်လှုပ်တရှား ရပ်နေသော အမျိုးသားတပည့်နှစ်ယောက်ကို လုံးဝ လစ်လျူရှုထားသည်။

“ဘိုးဘေးက အတားအဆီးအစီအရင်နဲ့ ပတ်သတ်ပြီး စုံစမ်းဖို့ စိတ်ကူးနေတာများလား…”

ထိုသို့တွေးကာ တပည့်များအားလုံးသည် အုပ်စုအလယ်ရှိ အမျိုးသမီးတပည့်နှစ်ယောက်ထံ အကြည့်ရောက်သွား၏။ ထိုအခါ ယင်းအမျိုးသမီးတို့၏ အသားအရေမှာ သေလောက်အောင် ဖြူရောသွားပြီး ကြောက်ရွှံ့မှုကြောင့် တုန်ယင်ကုန်၏။

အဖြူရောင်ဝတ်စုံနှင့်မိန်းမပျိုက ဒီဧရိယာကို ဆယ့်ငါးမိနစ်ခန့် သေချာ ကြည့်နေ၏။ ထို့နောက် သူမက ဖြည်းဖြည်းချင်း ခေါင်းလှည့်ကာ သူမနောက်မှ တပည့်များကို လှမ်းကြည့်ပြီး အေးတိအေးစက် အမိန့်ပေးသည်။ “သွားကြမယ်…”

ထိုစဉ် ဟန်လိကတော့ သစ်ပင်တစ်ပင်ကနေ တစ်ပင်ထံ မျောက်တစ်ကောင်ကဲ့သို့ ကူးသန်း သွားလာနေ၏။ သူ၏ ခုလက်ရှိ အမြန်နှုန်းမှာ နန်းတွင်းပျံသန်းခြင်းပညာရပ် အသုံးပြုထားသည်နှင့် သိပ်မကွာခြားဘဲ ရှိသည်။

ခုလက်ရှိ၌ သူ့ခန္ဓာကိုယ်မှာ စိတ်ဝိညာဉ်စွမ်းအားများ မြင့်တက်နေ၏။ သူက ချီစုဆောင်းခြင်း အဆင့်ဆယ့်သုံး မှော်စွမ်းအားကို အမှန်တကယ် ပိုင်ဆိုင်နေ၏။ ဟန်လိသည် ထိုမျှ မြင့်မားလာသော စွမ်းအားများကြောင့် နည်းနည်းတော့ နေမထိထိုင်မသာ ဖြစ်သလို ခံစားရ၏။ သို့သော် သူက ဒီလောက်များပြားသော စိတ်ဝိညာဉ်စွမ်းအားကို အချိန်ကြာကြာ ထိန်းသိမ်းထားနိုင်မည် မဟုတ်ပါ။ နောက်ထပ် နာရီအချို့ ကြာပါက သည်စွမ်းအားများ ပျောက်ကွယ်သွားလိမ့်မည်ဟု သူ ထင်သည်။

မြေအောက်စိမ့်မြေကနေ ထွက်လာဖို့အတွက် မိန်းမပျိုက သူနှင့် ပူးပေါင်းခဲ့ပြီး လျှို့ဝှက်ပညာရပ်တမျိုးကို သုံး၍ ဟန်လိထံ အတားအဆီးမန္တာန်၏ မှော်စွမ်းအားကို ယာယီ ပို့လွှတ်ပေးခဲ့သည်။ ထိုအခါ ဟန်လိ၏ နဂိုရှိသော အဆင့်ဆယ့်တစ်ကနေ ချီစုဆောင်းခြင်း အထွတ်အထိပ်ထိ မှော်စွမ်းအားက ခုန်တက်သွားခဲ့၏။

ထို့နောက်တွင် သူတို့နှစ်ယောက်က ဟင်္သာငှက်ကွင်းနှင့် ရွှေအလင်းအုတ်ခဲတို့ကို အသုံးပြုကာ ဥမင်ကို အတင်းအကြပ် ထွင်းဖောက်၍ မြေအောက်စိမ့်မြေကနေ အပေါ်မျက်နှာပြင်သို့ တက်လာခဲ့တာ ဖြစ်၏။

ထိုအချိန်အတွင်း ဟန်လိ၏ မှော်စွမ်းအား ကုန်ခမ်းသွားတိုင်း မိန်းမပျိုက ပိုမိုများပြားသော မှော်စွမ်းအားကို ဟန်လိထံ ပို့လွှတ်ပေးသည်။ သို့အတွက်ကြောင့် သူတို့နှစ်ယောက်သည် မြေအောက်စိမ့်မြေကနေ ထွက်လာနိုင်ခဲ့တာ ဖြစ်၏။ ဟန်လိ၏ ရွှေအလင်းအုတ်ခဲ ရတနာအဆောင်မှာလည်း စွမ်းအား သတ္တိ ကုန်ခမ်းသွားခဲ့ကာ စက္ကူစအဖြစ်သို့ ပြောင်းသွားခဲ့လေပြီ။ ထိုဆုံးရှုံးမှုအတွက် သူ မဖြေသာရုံကလွဲ၍ ဘာမျှ မတတ်နိုင်ခဲ့ပေ။

ထို့အပြင် မိန်းမပျို၏ ပိုးသားအမျိုးသမီး ပြန်လည်မွေးဖွားခြင်း ပညာရပ်က အမှန် ထူးခြား၏။

ထိုပညာရပ်ဖြင့် မှော်စွမ်းအား တပတ်လည်စေပြီး သူမက အတားအဆီးမန္တာန်၏ မှော်စွမ်းအားကို တခြားအမျိုးသားတစ်ယောက်ထံ လွှဲပြောင်းပေးနိုင်စွမ်း ရှိ၏။ သို့သော် သူမကိုယ်တိုင်၊ သို့မဟုတ် တခြားအမျိုးသမီးတစ်ယောက်ပေါ်တွင်တော့ ဤသို့ မလုပ်နိုင်ပေ။

ဟန်လိက သူ လက်ခံရရှိခဲ့သော မှော်စွမ်းအားကြောင့် အပေါ်သို့ ရောက်သည့်အခါ ထိုမိန်းမပျိုနှင့် ခွဲထွက်လာခဲ့ချိန်ထိ သူ့ထံ၌ အခိုက်အတန့်အားဖြင့် တတိယအဆင့်၏ မှော်စွမ်းအားမျိုး ပိုင်ဆိုင်ထားနေတုန်း ဖြစ်၏။ ထိုအခါ သူသည် ခဏလောက်တော့ ဒီအံ့အားသင့်ဖွယ် ခံစားမှုကို တွေ့ကြုံရသည်။

“နန်းကုန်းဝမ်…”

သူ့စိတ်ထဲကနေ ဒီအမည်ကို တိုးညင်းစွာ ပြောမိ၏။ ဟန်လိသည် ထိုမိန်းမပျိုနှင့် ခွဲခွာလာသည့်အခါ၌ သူမ၏အမည်ကို မေးခဲ့သည်။

သို့သော် အခု ဟန်လိက သူမက သူ့အပေါ် သူစိမ်းဆန်လွန်းစွာ ပြုမူပုံကို တွေးမိပြီး စိတ်ထဲ၌ အနည်းနှင့်အများ ဝမ်းနည်းနေမိသည်။

သူက ချီစုဆောင်းခြင်းအဆင့် တပည့်တစ်ယောက်မှန်း မပြောဘဲ ကောင်းကောင်း နားလည်၏။ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ သူ ဝင်ရောက်နိုင်ခဲ့လျှင်ပင် သူတို့ကြား၌ ကောင်းမွန်သော ပတ်သတ်မှု ရှိလာဖို့ မဖြစ်နိုင်ချေ။ တကယ်တော့ ကျင့်ကြံခြင်းလောက၌ သူတို့၏ အဆင့်အတန်းနှင့် သက်တမ်းက ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားသည် မဟုတ်လား။ သို့ဖြစ်၍ သူ့အဖို့ ထိုမိန်းမပျို၏ နှလုံးသားကင်းမဲ့မှုကို ခါးသီးစွာ လက်ခံဖို့သာ ရှိတော့သည်။ ဟန်လိက သူ့ကိုယ်သူလည်း ကောင်းကောင်း နားလည်၏။ သူသာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ဝင်ရောက်နိုင်ခဲ့လျှင် နည်းနည်းပါးပါးတော့ အခွင့်အရေး ရှိကောင်း ရှိနိုင်၏။ သို့သော် ခုလက်ရှိ၌ သူက သူမကို မော့်ကြည့်နေရသူသာ။ အဝါရောင်မေပယ်တောင်ကြား၌ တပည့်ပေါင်း တစ်သောင်းကျော် ရှိ၏။ သို့သော် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်နိုင်သည့်သူမှာ လက်ချိုးရေ၍ပင် ရနိုင်မည် မဟုတ်လား။ ဟန်လိက သူ၏ ပါရမီမှာလည်း မစွံတာကို သိ၏။ သူ့အဖို့ အမြုတေဖွဲ့စည်းခြင်းအဆင့် ရောက်ရန် နည်းနည်းလေးမျှ ယုံကြည်မှု ရှိမနေပါ။

ထိုသို့ စဉ်းစားနေလျက် ဟန်လိ၏ အမူအရာက ရုတ်တရက် နက်မှောင်သွား၏။ ဝှစ်…။

သူ၏ခန္ဓာကိုယ်က ရုတ်တရက် လေထဲမှာ ပျောက်ကွယ်သွားသည်။ သို့ပေမည့် တအောင့်အကြာမှာ သူ့ခန္ဓာကိုယ်သည် မူလနေရာတွင် ပြန်ပေါ်လာသည်။ သို့သော် အခုအခါ၌ သူက သိုလှောင်အိတ်တစ်ခုကို ဆုပ်ကိုင်ထား၏။ တချိန်တည်းမှာ ဝိညာဉ်သားရဲတောင်မှ တပည့်တစ်ယောက်၏ ဦးခေါင်းက အနီးအနားရှိ သစ်ပင်ကြီးတစ်ပင် ပေါ်ကနေ လိမ့်ဆင်းကျလာခဲ့သည်။

ဟန်လိက သိုလှောင်အိတ်ထဲရှိ ပစ္စည်းများကို ကြည့်၏။ သူက ခေါင်းခါသည်။ ထို့နောက် ခုန်ပေါက်ကာ သူ ထွက်သွားသည်။

တားမြစ်ဧရိယာ ဖွင့်ပြီး ငါးရက်မြောက်နေ့၊ နေ့လယ်ခင်းချိန်တွင် ဤဧရိယာ၏ အပြင်ဘက်တွင် စောင့်နေသော ဂိုဏ်းအသီးသီးမှ လူများသည် နောက်ဆုံး၌ လှုပ်ရှားလာခဲ့ကြပြီ။ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူခုနစ်ယောက်က ဝင်ပေါက်ကို တဖန် ဖွင့်လှစ်ကြသည်။ ထို့နောက်တွင် သူတို့က နက်မှောင်သော လျှောက်လမ်းထံ အကြည့်ရောက်ကာ ပထမဆုံး ထွက်ပေါ်လာမည့်သူကို စောင့်နေ၏။

မှော်အရံအတားက လွန်ခဲ့သော ငါးရက်တုန်းက ချိုးဖျက်ရသည့်ထက် ပိုလွယ်ကူနေတာ ထင်ရှား၏။ သည့်အပြင် လမ်းကြောင်း ပေါ်လာသည့်အချိန်၌ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူခုနစ်ယောက်က သူတို့၏ မှော်ရတနာများကို ပြန်သိမ်းဆည်းသည်။ သို့သော် လမ်းကြောင်းကတော့ ပျောက်ကွယ်မသွားခဲ့ပေ။ တားမြစ်ဧရိယာနှင့် တည်တည်မြဲမြဲ ချိတ်ဆက်နေဆဲသာ။

ထိုခုနစ်ယောက်၏နောက်၌ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော် ရှိနေ၏။ သူတို့က ပူပန်နေသော အမူဟန်ပန်များဖြင့် ရှိနေ၏။ ဤသည်မှာ အခြေခံတည်ဆောက်ခြင်းဆေးလုံးများ ဖြန့်ဝေမှုနှင့် ဆက်နွှယ်နေသည် မဟုတ်လား။ ထို့ကြောင့် သူတို့ကဲ့သို့ အကြီးအကဲများအတွက် အတော်လေး အရေးကြီး၏။

လမျက်နှာဖုံးဂိုဏ်း၏ လူထူးဆန်းစီနီယာချောင်းက ဘယ်အချိန်က ရောက်လာမှန်း မသိရဘဲ အနီးအနားရှိ ကျောက်တုံးကြီးတစ်ခုပေါ်တွင် ပေါ်လာ၏။ သို့သော် သူက ဒီလူများကို အူမြူးစွာ ကြည့်နေ၏။ သူနှင့် လောင်းကြေးထပ်ထားသော နှစ်ယောက်ကို မြင်သည့်အခါ သူ့အကြည့်က တမူထူးသွားသည်။

လမ်းကြောင်းပွင့်ပြီး နာရီဝက်လောက် ကြာသည့်နောက် သက်လတ်ပိုင်းအရွယ် တာအိုရသေ့တစ်ယောက်က တည်ငြိမ်သော ဟန်ပန်ဖြင့် လှမ်းထွက်လာ၏။ သူ၏ ဝတ်ရုံ အနားစတို့၌ သိသာသော အပေါက်ရာများနှင့် သွေးကွက်များ ရှိနေ၏။ ခါးသီးသော တိုက်ပွဲတစ်ခု တိုက်ခိုက်ပြီးနောက်မှ သူက တားမြစ်ဧရိယာကနေ ထွက်လာခဲ့ရပုံ ပေါ်သည်။

သူ ပေါ်လာသည့်နောက် သူက ဗလာသန့်စင်ဂိုဏ်း၏ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူကို ဦးညွှတ်ပြီးနောက် ဘေးတစ်ဖက်တွင် အလျင်အမြန် ခြေချိတ်ထိုင်သည်။

အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူက ထိုသည်ကို မြင်သည့်အခါ သက်လတ်ပိုင်းအရွယ် တာအိုရသေ့ကို ပြုံး၍ ခေါင်းညိတ်ပြီး သူ့ခေါင်းကို ထပ်ခါထပ်ခါ ညိတ်နေ၏။

ဘိုးဘေးလီ၏ အမူအရာက အေးချမ်းနေ၏။ သူက အနည်းငယ်မျှပင် စိတ်လှုပ်ရှားမှု ရှိမနေပုံရသည်။ သို့သော် စီနီယာလူထူးဆန်းချောင်းက မျက်လုံးစကားလိုက်ပြီး မကျေမနပ်ဖြင့် နှာခေါင်းရှုံ့သည်။

နောက်ထပ် လမ်းကြောင်းထဲကနေ ထွက်လာသူမှာ ဓားဆိပ်ကမ်းဂိုဏ်းမှ မိန်းမဆန်သော အမျိုးသားတစ်ယောက်၊ ဝိညာဉ်သားရဲတောင်မှ ရုပ်စိုးလူကျုံးဝူ၊ မျှော်စင်ရဲတိုက်မှ အပြာရောင်ဝတ်စုံနှင့်လူငယ်၊ အဝါရောင်တောင်ကြားမှ ချန်မောင်နှစ်မတို့နှင့်အတူ တခြားတပည့်များ ဖြစ်၏။ သူတို့အားလုံးက အနည်းနှင့်အများဆိုသလို ဒဏ်ရာများ ရထားပုံ ပေါ်သည်။ လူတိုင်းက သူတို့၏ သက်ဆိုင်ရာ ဂိုဏ်း၏ အကြီးအကဲများထံ မောပန်းဟန်ဖြင့် လှမ်းလျှောက်သွားကာ ခြေချိတ်ထိုင်ပြီး အနားယူကြ၏။

ဆယ့်ငါးမိနစ်လောက် ကြာပြီးနောက် နောက်ထပ် တပည့်အုပ်စုတစ်စု ထွက်လာသည်။ သူတို့က တစ်ဦးတစ်ယောက်တည်း ထွက်လာကြတာ မဟုတ်၊ နှစ်ယောက်တွဲ၊သုံးယောက်တွဲ ထွက်လာတာ ဖြစ်၏။ သူတို့အားလုံး၏ မျက်နှာမှာ ရွှင်လန်းနေပြီး ခုမှ စိတ်အေးသွားပုံ ပေါ်နေသည်။

အခုဆို တားမြစ်ဧရိယာကနေ ပြန်ထွက်လာသော တပည့်ပေါင်း နှစ်ဆယ်ကျော်လောက် ရှိလာခဲ့ပေပြီ။ သို့သော် လမျက်နှာဖုံးဂိုဏ်းမှ တပည့်များကိုမူ တစ်ယောက်မျှ ထွက်လာတာ မမြင်ရသေးပေ။ ထိုသည်က တခြားဂိုဏ်းများကို အံ့အားသင့်သွားစေသည်။ သို့ပေမည့် စီနီယာချောင်းနှင့် နတ်သမီးနီချောင်တို့၏ အမူအရာကမူ နည်းနည်းလေးမျှ မပြောင်းလဲဘဲ ရှိသည်။ သူတို့က ဝှက်ဖဲတစ်ခု ဆုပ်ကိုင်ထားသည့်အလား။

နောက်ထပ် တစ်နာရီ ကုန်လာပြီးနောက် တပည့်နှစ်ယောက် ထပ်ထွက်ပေါ်လာခဲ့တာလွဲ၍ လမျက်နှာဖုံးဂိုဏ်းမှ တပည့်များ၏ အရိပ်အယောင်ကို လုံးဝ မတွေ့ရသေးပေ။ လမ်းကြောင်း ပြန်ပိတ်ဖို့က နှစ်နာရီလောက်သာ ကျန်တော့သည်။ ထိုအချိန်တွင် စီနီယာချောင်းနှင့် နတ်သမီးနီချောင်တို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်မိသည်။ သူတို့ထံ၌ စိတ်နည်းနည်းပူပင်ဟန် ဖြစ်ပေါ်လာခဲ့ပြီ။

နောက်ထပ်တစ်ယောက် လမ်းကြောင်းကနေ ရုတ်ချည်း လျင်မြန်စွာ ထွက်ပေါ်လာ၏။ အဝါရောင်မေပယ်တောင်ကြား၏ တစ်ယောက် ဖြစ်သည်။ သူက သာမန်ရုပ်ရည်သာ ရှိပြီး သေသေသပ်သပ် ဝတ်စားထား၏။ သူက အလျင်လိုစွာ ထွက်ပေါ်လာခဲ့သည့်ဟန် ပေါ်နေသည်။

လမျက်နှာဖုံးဂိုဏ်းဝင်များက ထိုထွက်ပေါ်လာသော လူ၏ ဟန်ပန်ကို မြင်သည့်အခါ သူတို့၏ မျက်နှာထက်၌ ပျော်ရွှင်မှုများ ဖြစ်ပေါ်ကုန်၏။ သို့သော် ထွက်ပေါ်လာသူက အဝါရောင်မေပယ်တောင်ကြားမှ တပည့်တစ်ယောက် ဖြစ်နေတာကို မြင်သည့်အခါ သူတို့က ချက်ခြင်း ပြန်စိတ်ပျက်သွားကြ၏။

ထိုအခိုက်တွင် ဟန်လိက သူ့ဘေးပတ်ဝန်းကျင်ကို တချက် ကြည့်၏။ သူက သူ့ဂိုဏ်းထံ ဖြည်းဖြည်းချင်း ပြန်လျှောက်လာသည်။ တခြားသူများနည်းတူ သူက ထိုင်ချ၏။ တိုက်ဆိုင်စွာပင် သူက ချန်မောင်နှစ်မ၏ဘေးနားတွင် ထိုင်လျက်မိသား ဖြစ်သွားသည်။

တခြားဂိုဏ်းခြောက်ဂိုဏ်းနှင့် ယှဉ်ပါက အသက်ရှင်လျက် ထွက်လာခဲ့သူ အရေအတွက်တွင် အဝါရောင်မေပယ်တောင်ကြား၏ တပည့်များက အရေအတွက် သာလွန်နေ၏။

ချန်မောင်နှစ်မ၊ လူငယ်နှင့်အဘိုးအို၊ ဟန်လိကိုပါ ထည့်ပေါင်းပါက အားလုံး ငါးယောက်တိတိ ဖြစ်၏။ တခြားဂိုဏ်းများ၏ သုံးယောက်၊ လေးယောက်နှင့် ယှဉ်ပါက သူတို့က အရေအတွက် ပိုသာနေ၏။ အထူးသဖြင့် နှစ်ယောက်သာ အသက်ရှင်လျက် ပြန်ထွက်လာနိုင်သော ဓားဘီလူးဂိုဏ်းနှင့်စာလျှင် အရေအတွက် သိသိသာသာ များသည်ဟု ဆိုနိုင်သည်။ သို့ဖြစ်၍ ဘိုးဘေးလီက စိတ်ထဲက ပျော်ရွှင်မှုကို မဖုံးကွယ်ထားနိုင်တော့ဘဲ သူ့မျက်နှာက ရွှင်လန်းနေ၏။

ချန်မောင်နှစ်မနှင့် တခြားနှစ်ယောက်က ချီစုဆောင်းခြင်းအဆင့်ဆယ့်တစ်သာ ရှိသေးသော ဟန်လိက တားမြစ်ဧရိယာကနေ မထိမခိုက်ထွက်လာနိုင်သည်ကို မြင်သည့်အခါ အံ့အားသင့်သွားကြ၏။ သို့ပေမည့် သူတို့က တစ်ခုခုကို ချက်ခြင်း တွေးမိပြီး ဟန်လိအပေါ် အထင်သေးစွာ ကြည့်၏။ သူတို့က သူ့ကို ထပ်မံ၍ အရေးစိုက်မနေတော့ပေ။

သူတို့အားလုံးက ဟန်လိသည် သူ့ကိုယ်သူ တိုက်ပွဲကနေ ပုန်းကွယ်နေခဲ့သော ငကြောက်တစ်ကောင်ဟုသာ ထင်ကြ၏။ သူက ဘာကိုမျှ ရိတ်သိမ်းနိုင်ခဲ့မှာ မဟုတ်လောက်ပေ။

လမ်းကြောင်း ပြန်ပိတ်ဖို့အချိန် နီးကပ်လာချိန်၌ လမျက်နှာဖုံးဂိုဏ်းမှ တပည့်များက ထွက်မလာကြသေးပေ။ စီနီယာချောင်းနှင့် နတ်သမီးနိချောင်တို့မှာ စိတ်ပူလာသည်။

ဟန်လိက ထိုသည်ကို မြင်သည့်အခါ မျက်မှောင်ကြုတ်ပြီး နည်းနည်း အံ့အားသင့်မိသွား၏။ သူက နန်းကုန်းဝမ်နှင့်အတူ မြေအောက်စိမ့်မြေကနေ လွတ်မြောက်လာခဲ့တာ ကျိန်းသေ၏။ သို့ပင်မည့် တခြားသူများနှင့်အတူ ထိုအမျိုးသမီးက အဘယ်ကြောင့် မပေါ်လာခဲ့သေးတာလဲ။ သူ သူမအတွက် နည်းနည်းတော့ စိတ်ပူမိသည်။

All Chapters