← Chapters

အလောင်းအစား

Vol. 15 Ch. 210

အလောင်းအစား

Vol. 15 Ch. 210

ဟန်လိက ရုတ်တရက် တားမြစ်ဧရိယာ၌ ကြုံခဲ့သော နောက်ထပ် မိန်းမပျိုတစ်ယောက်အကြောင်း တွေးမိကာ ဝိညာဉ်သားရဲတောင်၏ ဘက်ခြမ်းသို့ တချက် လှမ်းမကြည့်မိဘဲ မနေနိုင် ဖြစ်မိ၏။ ထိုအခါ မြေပေါ်တွင် ခြေချိတ်ထိုင်နေသော ချစ်ဖို့ကောင်းသည့် ဟန်ယွမ်ဇီကို သူ မြင်ရသည်။ သူမက မမျှော်လင့်သော အခြေအနေများ မကြုံခဲ့ရပုံ ပေါ်၏။ သို့မှသာ ဟန်လိသည် စိတ်အေးသွားပြီး သက်ပြင်းချနိုင်သည်။

ဝင်ပေါက်လမ်းက ပိတ်ဖို့ နီးနေပြီ။ လမျက်နှာဖုံးဂိုဏ်းမှ သူများမှာ မသိမသာ ပူပန်လာပြန်သည်။

သူတို့က ပူပန်နေသော်လည်း တခြားဂိုဏ်းမှ တပည့်များကမူ စိတ်ထဲကနေ ကြိတ်ပျော်နေကြပေပြီ။ တကယ်တော့ လမျက်နှာဖုံးဂိုဏ်းသည် ယွဲ့ဒေသ၏ အစွမ်းထက်ဆုံး ဂိုဏ်းဖြစ်ကာ တခြားသူများ၏ မနာလိုခြင်း ခံခဲ့ရတာ ကြာခဲ့ပေပြီ။ သူတို့၏ အခုလို အခြေအနေကို မြင်သည့်အခါ တချို့က ပျော်ရွှင်ကျေနပ်သွားတာ သဘာဝပင်။

လမ်းကြောင်းပိတ်ဖို့ ဆယ့်ငါးမိနစ်လောက်သာ လိုတော့သည်။ ထိုအချိန်တွင် လမ်းကြောင်းအတွင်း၌ အဖြူရောင်ပုံရိပ်တစ်ခု ဖြတ်ခနဲ ပေါ်၏။ လမျက်နှာဖုံးဂိုဏ်း၏ တပည့်ဆယ်ယောက်ကျော်က အစီအစဉ်ကျနစွာ တစ်ယောက်ပြီးတစ်ယောက် လှမ်းထွက်လာခဲ့သည်။ သူတို့၏ ခေါင်းဆောင်မှာ အလွန်အမင်း စွဲဆောင်မှု ရှိလှသော အလှလေး နန်းကုန်းသာ။

သူတို့ လှမ်းထွက်လာသည်ကိုမြင်မှ စီနီယာချောင်းက စိတ်အေးသွားကာ သက်ပြင်းရှည်ကြီး ချနိုင်တော့၏။ နတ်သမီးနီချောင်သည် နန်းကုန်းဝမ်ထံ ပြေးဝင်သွားကာ သူမ၏လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်၏။ နတ်သမီးနီချောင်က ပူပန်တကြီးဖြင့် မေးခွန်းများ မေးသည်။

ထိုသည်ကိုမြင်သည့်အခါ တခြားဂိုဏ်းများက စဉ်းစားမရ ဖြစ်ကုန်ကြ၏။

အံ့အားသင့်စရာ မရှိပါ။ နန်းကုန်းဝူက ဒီအမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများနှင့် ဆုံရသော်လည်း အမြဲတစေ မျက်နှာခြုံပုဝါကို ဝတ်ထားပြီး သူမ၏ အစစ်အမှန်ရုပ်သွင်ကို လုံးဝ မဖော်ပြခဲ့ပေ။ ထို့ကြောင့် လူအများက သူမ မည်မျှ လှသည်ကို မသိခဲ့ပေ။

ထိုအမျိုးသမီး ဘေးကင်းကင်း ပြန်ရောက်လာတာကို မြင်မှ ဟန်လိက စိတ်ကျေနပ်သွားတော့သည်။ တကယ်တော့ သူမက သူနှင့် ခန္ဓာကိုယ်ချင်း ဖလှယ်ခဲ့သော ပထမဆုံးအမျိုးသမီး မဟုတ်လား။ သူတို့၏ ပတ်သတ်မှုကို ရှေ့ဆက်ဖို့ နည်းလမ်း မရှိတာကို သူ သိပါသည်။ သို့သော် စိတ်ထဲကနေတော့ သူမအတွက် မပူပန်မိဘဲ မနေနိုင် ဖြစ်ရ၏။

သို့ပေမည့် ဘိုးဘေးလီနှင့် တာအိုရသေ့တို့၏ မျက်နှာထက်ရှိ အပြုံးကတော့ တောင့်တင်းသွားလေပြီ။ သူတို့က ထိုသို့ မမျှော်လင့်ထားခဲ့ပေ။ လမျက်နှာဖုံးဂိုဏ်း တားမြစ်ဧရိယာက ရခဲ့သော စိတ်ဝိညာဉ်ဆေးပင် မည်မျှများတာကို မဆိုနှင့်အုံး၊ တားမြစ်ဧရိယာကနေ အသက်ရှင်လျက် ထွက်လာခဲ့သော လူအရေအတွက်ကပင် သူတို့နှစ်ဂိုဏ်းပေါင်းထက် များနေခဲ့ပြီ။ ထိုနှစ်ယောက်က စိတ်ဓာတ်မကျဘဲ ဘယ်နေတော့မည်နည်း။

“အခုတော့ အပြင်ထွက်လာနိုင်ခဲ့သူ လူကုန်သလောက် ဖြစ်သွားလောက်ပြီ။ ပေါ်မလာခဲ့တဲ့ သူတွေကတော့…”

ဝိညာဉ်သားရဲတောင်မှ ခေါင်းဆောင်က ခပ်တိုးတိုး ရေရွတ်လိုက်၏။

သို့သော် သူ၏ စကားမဆုံးသေးခင်မှာပင် လူတစ်ယောက်သည် ပိတ်ခါနီး လမ်းကြောင်းထဲကနေ အသည်းအသန် လှမ်းလာနေ၏။ ထိုသူမှာ အဝါရောင်မေပယ်တောင်ကြား၏ ကလိမ်ဉာဏ်များလှသော လူအိုကြီး ရှောင်းကျီလီသာ။ သူနှင့်အတူ တားမြစ်ဧရိယာတွင် အကျိုးအမြတ်များ အတူတူ ရိတ်သိမ်းခဲ့သော ဓားဘီလူးဂိုဏ်းမှလူနှင့် ဗလာသန့်စင်ဂိုဏ်းမှ တာအိုရငေ့ငယ်တို့ကမူ သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့ပြီ။

ထိုအဘိုးအိုက အပြင်သို့ ထွက်လှမ်းပြီးရုံရှိသေး လမ်းကြောင်းသည် မြည်ဟိန်းသံများ ထွက်ပေါ်၍ တုန်ခါကာ နောက်ဆုံး၌ လုံးဝ ပျောက်ကွယ်သွားတော့သည်။

ဤအခါ၌ တားမြစ်ဧရိယာတွင်း၌ ထွက်လာဖို့ ကျန်နေသေးသူများ ရှိခဲ့လျှင်ပင် သူတို့အတွက် အဆုံးသပ်က သေခြင်းသာ ဖြစ်ပေလိမ့်မည်။ အကြောင်းမှာ အတိတ်တုန်းက အချိန်မိ မထွက်လာနိုင်ခဲ့သော တပည့်တိုင်းက တားမြစ်ဧရိယာကို နောက်တစ်ကြိမ် ဖွင့်ချိန်မှာလည်း လုံးဝ ပေါ်မလာခဲ့သောကြောင့်ပင်။ သူတို့အားလုံးက မရှင်းမရှင်း အကြောင်းရင်းတစ်ခုကြောင့် ပျောက်ကွယ်သွားခဲ့၏။ ထို့ကြောင့်လည်း လူအများက အချိန်မဖြုန်းကြခြင်း ဖြစ်၏။

သို့ပေမည့် အဝါရောင်မေပယ်တောင်ကြား၏ တပည့်ဖြစ်သော ထိုအဘိုးအိုက ချီစုဆောင်းခြင်းအဆင့်တစ်ဆယ်သာ ရှိသေး၏။ သို့တိုင် သူက လွတ်မြောက်လာနိုင်ခဲ့သည်။ မမျှော်လင့်စရာ ဖြစ်၏။ သူတို့က ဒီရှောင်းကျီလိကို စူးစမ်းကာ လှမ်းမကြည့်မိဘဲ မနေနိုင် ဖြစ်ရသည်။

“အစ်ကိုလီ…ခင်ဗျားရဲ့ တောင်ကြားမှာ ပါရမီရှိတဲ့သူတွေ ဒီလောက် များလိမ့်မယ်လို့ ကျုပ် မထင်ထားမိခဲ့ဘူး။ အဆင့်ဆယ့်တစ် ကျင့်ကြံသူတစ်ယောက်သာမက အဆင့်တစ်ဆယ်ကျင့်ကြံသူတစ်ယောက်ကပါ တားမြစ်ဧရိယာကနေ အသက်ရှင်လျက် ထွက်လာနိုင်တယ် မဟုတ်လား။ ခင်ဗျားက တပည့်တွေအပေါ် မှန်ကန်တဲ့နည်းလမ်းနဲ့ သင်ကြားပေးနိုင်ခဲ့ပုံပဲ။ ကျုပ် လေးစားမိပါတယ်…”

တားမြစ်ဧရိယာကနေ သူ့ဂိုဏ်းမှ လူနှစ်ယောက်သာ အသက်ရှင်လျက် ပြန်ထွက်လာနိုင်သည်ကို မြင်ပြီး သူ၏ မျှော်လင့်ချက် အထားရဆုံး ခြေဗလာနှင့်လူလည်း ထွက်လာနိုင်ခဲ့တာ မရှိပေ။ အဝါရောင်မေပယ်တောင်ကြား၏ ဘာမဟုတ်သည့် အဆင့်သာ ရှိသော ကျင့်ကြံသူနှစ်ယောက်ကမူ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့၏။ သို့ဖြစ်၍ ဓားဘီလူးဂိုဏ်းမှ ပုဂ္ဂိုလ်က ဒေါသမထွက်မိဘဲ မနေနိုင် ဖြစ်ရသည်။ သို့အတွက်ကြောင့် သူက အဝါရောင်မေပယ်တောင်ကြား၏ အကြီးအကဲလီကို ထေ့လှောင်စကား ပြောလိုက်တာ ဖြစ်သည်။

ဘိုးဘေးလီက သူ့စကားကို ကြားသည့်အခါ မျက်နှာပျက်သွား၏။ သူလည်း ဟန်လိနှင့် ရှောင်းကျီလီတို့က တားမြစ်ဧရိယာ၌ ပုန်းနေခဲ့တာဟု ထင်ထားသည်။ ဘာအခွင့်အရေးကိုမျှ မဖမ်းဆုပ်ချင်ဘဲ အသက်ရှင်ဖို့သာ သိသော ငကြောက်များသာ ဖြစ်လိမ့်မည်ဟု သူကိုယ်တိုင်လည်း ဟန်လိတို့အပေါ် ထင်ထားခဲ့၏။ သို့သော် သူ့အနေဖြင့် ထိုနှစ်ယောက်ကို စကားဖြင့် ကာကွယ်ပေးရမည်သာ။ သူ့အဖို့ ရွေးချယ်စရာ မရှိပေ။

“ဒီဂျူနီယာနှစ်ယောက်ရဲ့ ကျင့်ကြံခြင်းပညာရပ်ဟာ ထူးခြားလှတယ်။ သူတို့က သူတို့အသက်ကိုယ်သူတို့ ထိန်းထားနိုင်တာဟာ သူတို့ကံပဲလို့ ယူဆနိုင်တာပဲလေ။ သူတို့ အသုံးပြုခဲ့တဲ့ နည်းလမ်းကတော့၊ ငါကော၊ တခြားသူတွေကောဟာ စီနီယာမျိုးဆက်အနေနဲ့ သူတို့အပေါ် ဘာမှ အပြစ်ဖို့ နေစရာကို မလိုတာ…”

“ဟက်…”

ဓားဘီလူးဂိုဏ်းမှ အကြီးအကဲက နှုတ်လှန်ထိုးရန် ဟန်ပြင်သည်။ သို့သော် လူထူးဆန်းစီနီယာချောင်းက စိတ်မရှည်ဟန်ဖြင့် ကြားဖြတ် ပြောလိုက်၏။

“မင်းတို့နှစ်ယောက် ဘာတွေ ငြင်းခုန်နေတာလဲ။ အသက်ရှင်လျက် ပြန်ထွက်လာနိုင်တာ ဒီဂျူနီယာတွေရဲ့ အရည်အချင်းပဲ။ မင်းတို့က သူတို့ကို မဖြစ်နိုင်တဲ့ဟာကို ခေါင်းမာမာနဲ့ အတင်းအကြပ် လုပ်စေချင်နေတာလား။ ဒါပေမဲ့ မိတ်ဆွေလေးလီ၊ လောင်ကြေး ရလဒ်အတွက် မြန်မြန် စစ်ဆေးတော့။ ကျုပ်တို့ စောစောသိရလေ စိတ်အေးရလေ မဟုတ်လား။ မင်းက ကျုပ်ကို အချိန်ပိုကြာကြာ ထပ်စောင့်စေချင်တာလား…”

ဓားဘီးလူးဂိုဏ်းမှလူနှင့် ဘိုးဘေးလီတို့က ထိုသူ မပျော်မရွှင် ဖြစ်သွားအောင် မလုပ်ဝံ့တာ အမှန်ပင်။ သူတို့က တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ ဘာမှ မဟုတ်လေသည့်အလား ရယ်မောလိုက်၏။ မဟုတ်ပါက ထိုအရိုးအိုကြီးက သူတို့ကို ရန်ငြှိုးထားပါက သူတို့အတွက် အမှန်တကယ် ကံဆိုးသွားပေလိမ့်မည်။

ထို့ကြောင့် လူထူးဆန်းစီနီယာချောင်က အလျင်စလို ဖြစ်နေသဖြင့် ဗလာသန့်စင်ဂိုဏ်းမှ တာအိုရသေ့ ဖန်းယွမ်ဇီနှင့် ဘိုးဘေးလီတို့က ဘာမျှမတတ်နိုင်ဘဲ သူ့နား တိုးလျှောက်လာသည်။ ထို့နောက် ဂိုဏ်းသုံးဂိုဏ်း၏ တပည့်တိုင်းက တားမြစ်နေရာကနေ သူတို့ ရခဲ့သော အကျိုးအမြတ်များကို အစဉ်လိုက် ပြသကြသည်။ သူတို့သုံးယောက်၏ အလောင်းအစားကို အနိုင်၊အရှုံး ဆုံးဖြတ်နိုင်ရန် အတွက်သာ။

တားမြစ်ဧရိယာကနေ ထွက်လာသော ဗလာသန့်စင်ဂိုဏ်း၏ တာအိုရသေ့များက စုစုပေါင်း လေးယောက် ရှိ၏။ ထိုလေးယောက်ထဲမှ တားမြစ်နေရာကနေ အရင်ဆုံး ထွက်လာသော သက်လတ်ပိုင်းအရွယ် တာအိုရသေ့က လှမ်းလာကာ သူ ရရှိခဲ့သော စိတ်ဝိညာဉ်ဆေးပင်များကို ထုတ်ပြသည်။ ထိုအခါ သည်မှာ ရှိနေသော သူအားလုံး၏ မျက်နှာအမူအရာများက အနည်းငယ် ပြောင်းလဲသွားသည်။

“ကောင်းကောင်း ရင့်မှည့်နေတဲ့ နှစ်သုံးရာ သက်တမ်းရှိတဲ့ သွေးပြာပုလဲပင် သုံးပင်၊ ကောင်းကင်ဝိညာဉ်သစ်သီးပင် နှစ်ပင်၊ နှစ်လေးရာ သက်တမ်းရှိတဲ့ မှိုပင်သုံးပင်…”

ထိုတာအိုရသေ့က စိတ်ဝိညာဉ်ဆေးပင် ဆယ့်တစ်ပင်၊ ဆယ့်နှစ်ပင်ကို တခါတည်း ထုတ်ယူပြီး တစ်ခုချင်းစီကို မြေပေါ်သို့ ချပြသည်။ ထိုအရေအတွက်က များလွန်းနေပေပြီ။ ဘေးပတ်လည်မှ လူများကို အံ့အားသင့်သွားစေ၏။ လောင်းကစား ပြုလုပ်ခဲ့သော ဖန်ယွမ်ဇီတစ်ယောက်ကတော့ ကျေနပ်စွာ ပြုံးနေ၏။

နောက်ထပ် တာအိုရသေ့တစ်ယောက်ကတော့ ပထမတစ်ယောက်လောက် မများ၊ သို့သော် သူလည်း စိတ်ဝိညာဉ်ဆေးပင် ခုနစ်ပင်၊ရှစ်ပင်လောက်ကို ယူလာနိုင်ခဲ့ကာ သာမန်ထက် များသော ရိတ်သိမ်းနိုင်မှုဟု ဆို၍ ရသည်။ ဤသည်က ဘိုးဘေးလီကို ဂနာမငြိမ် ဖြစ်လာစေ၏။ စီနီယာချောင်း၏ အူမြူးနေဟန် အမူအရာပင် ပျောက်ကွယ်သွားခဲ့ပြီ။ သူလည်း ပထမဆုံးအကြိမ်အဖြစ် အလေးအနက် ဖြစ်လာသည်။

လောင်းကစားကိစ္စအကြောင်းကို သိကြသော တခြားဂိုဏ်းလေးဂိုဏ်းမှ ကျွမ်းကျင်သူများကလည်း စိတ်ဝင်တစား ဖြစ်ကာ တယောက်ချင်းစီ အနားလာကြည့်၏။ သူတို့က ဒီမြင်ကွင်းကို မြင်သည့်အခါ အတော်လေး အံ့အားတသင့် ဖြစ်ရသည်။

သို့သော် ချန်မောင်နှစ်မက ဆေးပင်များ ထုတ်ပြသည့်အခါ ဘိုးဘေးလီက အတော်လေး ပျော်သွား၏။ သူတို့ထံ၌ စုစုပေါင်း စိတ်ဝိညာဉ်ဆေးပင်နှစ်ဆယ်ရှိနေကာ တဖက်က တာအိုရသေ့နှစ်ယောက်နှင့် အရေအတွက်ချင်း တူနေသည်။ ဗလသန့်စင်ဂိုဏ်း၏ နောက်ထပ် တာအိုရသေ့များ ယူလာနိုင်ခဲ့သော စိတ်ဝိညာဉ်ဆေးပင်များက လေးပင်မျှသာ။ ပုံမှန်သာ ဖြစ်၏။

လမျက်နှာဖုံးဂိုဏ်းမှ တပည့်များကတော့ ညီမျှသော အရေအတွက်ကို ထိန်းသိမ်းထားနိုင်သည်။ ထိုဂိုဏ်း၏ တပည့်သုံးယောက်က ဆေးပင်ငါးပင်ကို ထုတ်ပြနိုင်သည်။ ထိုအခါကျမျှ ဘိုးဘေးလီနှင့် တာအိုရသေ့ဖန်ယွမ်ဇီတို့မှာ ကြိတ်၍ သက်ပြင်းချနိုင်တော့သည်။

သို့ပေမည့် အဝါရောင်မေပယ်တောင်ကြား၏ နောက်ထပ်တစ်ယောက်ဖြစ်သော လူငယ်ကတော့ ခဏ ချီတုံချတုံ ဖြစ်နေသေး၏။ ထို့နောက်တွင် သူက ရှက်ရွှံ့စွာဖြင့် စိတ်ဝိညာဉ်ဆေးပင်သုံးပင်သာ ထုတ်ပြနိုင်သည်။ ဘိုးဘေးလီ ဒေါသပုန်ထကာ နှာခေါင်းရှုံ့လုနီးနီးပါ ဖြစ်သွားမိသည်။ အကြောင်းမှာ သူက နောက်ထပ် ဆေးပင်များ ထုတ်ပြဖို့ ကျန်နေသေးသော သူ့ဘက်မှ ဟန်လိနှင့် ဉာဏ်များသောအဘိုးအိုတို့မှာ မည်သည့်ရလဒ်ကိုမျှ ပေးနိုင်မည် မဟုတ်ဟု ယုံကြည်ထားသောကြောင့်ပင်။

အစဉ်တိုင်းဆို ဟန်လိ ဆေးပင်များ ပြသရမည့် အလှည့်ဖြစ်သည်။ သို့သော် အဘိုးအိုရှောင်က ဟန်လိရှေ့ကို ကျော်တက်ကာ ခရမ်းမြောက်ပန်းပင်နှစ်ပင်ကို တလေးတစား ထုတ်ပြလာသည်။ ဘိုးဘေးလီမှာ အတော်လေး အံ့အားသင့်သွားသည်။ သူ့အမူအရာက ချက်ခြင်း ကျေနပ်ဟန် ပေါ်သွားသည်။ သို့သော် ဒီအရေအတွက်က အနည်းငယ်မျှသာ ပိုများသေးသည်။ ရသေ့ဖန်ယွမ်ဇီ၏ ဗလာသန့်စင်ဂိုဏ်း၌ နောက်ဆုံးကျန်နေသေးသော တပည့်ရသေ့က ပုံမှန်အတိုင်း စိတ်ဝိညာဉ် တစ်ပင်၊နှစ်ပင်ခန့် ထုတ်ပြနိုင်ခဲ့လျှင်ပင် သူ ကျိန်းသေပေါက် ရှုံးရတော့မည်။ ဟန်လိအပေါ် သူက ဘာမျှ မမျှော်လင့်ထားပေ။ အများဆုံးမှ ဟန်လိက ဆေးပင် တစ်ပင်၊နှစ်ပင်လောက်သာ ထုတ်ပြနိုင်မည်ဟု သူ ထင်ထားသည်။

ထိုသို့တွေးကာ ဖန်ယွမ်ဇီထံ သူ လှမ်းကြည့်သည်။ တဖက်သူကလည်း သူ့ကို ပြန်ကြည့်နေသည်။ ထို့နောက် သူတို့က အကြည့် ပြန်ရုတ်ကာ သည်အလောင်းအစားကို ထပ်ဆက်သည်။

နောက်ဆုံး ကျန်နေသေးသော တာအိုရသေ့က ရှေ့သို့လှမ်းလာ၏။ သူက ဆံပင်များ ဖြူဖွေးနေသော အဘိုးအိုတစ်ယောက်ပင်။ သူ ရှေ့သို့ လှမ်းလာပြီးနောက် ဆေးပင်တစ်ပင်ချင်းကို တည်ငြိမ်စွာ ထုတ်ပြသည်။ သို့ပေမည့် သူက ဆေးပင်ငါးပင်ကို တဆက်တည်း ထုတ်ပြပြီး သူ့သိုလှောင်အိတ်ကို ထပ်မံ ရှာဖွေနေဆဲ ဖြစ်သည့်အချိန်မှာ ဘိုးဘေးလီကတော့ ချက်ခြင်း မျက်စိပျက်မျက်နှာပျက် ဖြစ်သွားခဲ့ပြီ။ ဖန်ယွမ်ဇီကတော့ ပျော်ရွှင်နေပြီ ဖြစ်သည်။ လမျက်နှာဖုံးဂိုဏ်းမှ တပည့်များထဲမှ နှစ်ယောက်က ဆက်၍ သည်းမခံနိုင်တော့ဘဲ ရှေ့သို့ လှမ်းလာသည်။

ထိုဆံဖြူတာအိုရသေ့က စိတ်ဝိညာဉ်ဆေးပင် ခုနစ်ပင်ကို ထုတ်ပြနိုင်ခဲ့ပေသည်။ ဤသည်က ကြည့်နေသူများကို အတော်လေး အံ့အားတသင့် ဖြစ်သွားစေခဲ့သည်။

ဘိုးဘေးလီက ဤသည်ကို မြင်သည့်အခါ သူ့အမူအရာမှာ ပြာနှမ်းနေလေပြီ။ တာအိုရသေ့ ဖန်ယွမ်ဇီကတော့ စိတ်လှုပ်တရှားဖြင့် လမျက်နှာဖုံးဂိုဏ်းမှ တပည့်များထံ အာရုံစိုက်တော့သည်။ သူ့အနေဖြင့် အဝါရောင်မေပယ်တောင်ကြားကို အနိုင်ရပြီးပြီဟု မှတ်ယူ၍ ရနေပြီ မဟုတ်လား။

သည်တစ်ကြိမ်၌ ဟန်လိက ရှေ့သို့ လှမ်းလာသည်။ တခြားသူများက သူ့ကို မထူးခြားနားဟန်ဖြင့် တချက်သာ ကြည့်၏။ ထို့နောက် သူတို့၏အကြည့်က လမျက်နှာဖုံးဂိုဏ်းထံသာ ကျရောက်သွားပြီး ဟန်လိကို လုံးဝ လစ်လျူရှုထားသည်။

ဘိုးဘေးလီကလည်း ထိုမြင်ကွင်းကို တွေ့သည်သာ။ သို့သော် သူက ဟန်လိကို တချက်ပင် မကြည့်ပေ။ သူ ရှုံးပြီဟုသာ မှတ်နေသည်။ ဒီချီစုဆောင်းခြင်းအဆင့် ဆယ့်တစ်သာ ရှိသော တပည့်ကို သူ့အနေဖြင့် မျက်နှာသာ မပေးတာ သဘာဝပင်။

ဟန်လိက တခြားသူများ၏ အပြုအမူများကို အရေးမစိုက်ပေ။ သူက ရင့်မှည့်နေသော စိတ်ဝိညာဉ်ဆေးပင် အချို့ကို သိမ်းထားဖို့လည်း စိတ်ကူး မရှိပါ။

အကြောင်းကတော့ ဂိုဏ်းတိုင်း၌ အကြီးအကဲနှစ်ယောက်စီ ရှိနေပြီး သူတို့၏နားမှာ အနံ့ခံကောင်းသော စိတ်ဝိညာဉ်သားရဲ တစ်ကောင်၊ သို့မဟုတ် နှစ်ကောင် ရှိနေသည်။ ထိုသားရဲများက သက်တမ်းတစ်ရာနှင့်အထက် စိတ်ဝိညာဉ်ဆေးပင်များကို ပေသုံးဆယ်အကွာကနေပင် အနံ့ခံနိုင်စွမ်း ရှိကြသည်။ သိုလှောင်အိတ်ထဲ၌ ရှိနေလျှင်ပင် သူတို့၏ သတိပြုမိခြင်းက လွတ်နိုင်မည် မဟုတ်ပါ။

ထို့ကြောင့် တားမြစ်ဧရိယာကနေ ထွက်လာသော တပည့်တိုင်းက စိတ်ဝိညာဉ်ဆေးပင်များကို ပေးအပ်ပြီးနောက် သည်သားရဲများ၏ အနံ့ခံခြင်းကို ခံရမည် ဖြစ်သည်။ ထို့နောက်မှသာ သူတို့ကို ထွက်သွားခွင့် ပြုမည် ဖြစ်၏။ ဤသည်မှာ စိတ်ဝိညာဉ်ဆေးပင်များကို ကွယ်ဝှက်ယူထားရန် အစီအစဉ်ရှိသော တပည့်များ၏ လက်ကနေ ကာကွယ်ဖို့အတွက် ဖြစ်၏။

သတ်မှတ်နေရာ ရောက်သည့်အခါ ဟန်လိက သူ ကြိုပြင်ဆင်ထားသော သိုလှောင်အိတ်ကို လက်ထဲ၌ ကိုင်ထား၏။ ထို့နောက် သူက ဒီအိတ်ကို ဖွင့်၍ စားပွဲပေါ်သို့ သွန်ချသည်။ အဖြူရောင်အလင်းတန်းတစ်ခု လင်းလက်သွားပြီးနောက် နှစ်ဆယ်၊ သို့မဟုတ် နှစ်ဆယ်ထက် များလောက်မည့် စိတ်ဝိညာဉ်ဆေးပင်များက မြေပေါ်တွင် အပုံလိုက် ဖြစ်ပေါ်လာသည်။

All Chapters