နတ်မျက်လုံးလူမှုအဖွဲ့အစည်းဆီသို့ ပြန်ရောက်လာခြင်း
Vol. 66 Ch. 909
ထိုသို့ဖြင့် တစ်လတိတိ ကုန်ဆုံးသွား၏။ ဝမ်ပေါင်လဲ့တစ်ယောက် ဆက်လက် သည်းခံနိုင်စွမ်းမရှိတော့ဘဲ အသိစိတ်ပျောက်ကာ ရူးသွပ်သွားတော့မည့်ဆဲဆဲမှာပင် သူ၏ နောက်မှ လိုက်လာကြသည့် လျှပ်စီိးတန်းများမှာ စတင် လွင့်ပါးပျောက်ကွယ်လာကြတော့သည်။ သို့ဖြစ်ရာ ၎င်းတို့မှာ သတ်မှတ်ထားသည့်အချိန် ပြည့်သွားသောကြောင့် သူ၏နောက်သို့ ဆက်မလိုက်ကြတော့သည့် အလားပင်။ ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ စိတ်ဓာတ်များတက်ကြွသွား၏။ ထို့နောက် သူသည် လက်ကျန် စွမ်းအင်အကုန်လုံးကို ထုတ်သုံးကာ အဝေးသို့ ပြေးထွက်သွားလိုက်တော့သည်။ ထိုသို့ဖြင့် သုံးရက်တိတိ ကုန်ဆုံးသွားပြီးနောက် နောက်ဆုံးကျန်ရှိနေသေးသည့် လျှပ်စီးတန်းများမှာ အစအနရှာမရလောက်အောင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ နောက်သို့လှည့်လာပြီး စကြဝဠာကြီးအား စိုက်ကြည့်နေလိုက်၏။ ၎င်းမှာ ယခင်တုန်းကအတိုင်း ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားပြီ ဖြစ်သည်။ သူသည် သေမင်းခံတွင်းဝမှ လွတ်မြောက်လာသကဲ့သို့ ခံစားနေရသလို တစ်ချိန်ထဲမှာပင် အမျက်ချောင်းချောင်းထွက်ကာ မကျေမချမ်း ဖြစ်နေရ၏။ ထို့ကြောင့် သူသည် မဖြစ်မနေ မလိုအပ်ပါက နောက်ထပ်တစ်ကြိမ် ထပ်၍ ဆုမတောင်းတော့ရန် စိတ်ပိုင်းဖြတ်လိုက်တော့သည်။
" သုံးစားမရတဲ့ ပုလင်းစုတ် " ဝမ်ပေါင်လဲ့မှာ ဒေါသတကြီး ကြိမ်းဝါးလိုက်၏။ ထို့နောက် သူသည် ဥက္ကာပျံတစ်လုံးအား ရှာဖွေလိုက်ပြီးနောက် အောက်သို့ထိုင်ချကာ အနားယူလိုက်သည်။ သူသည် နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ အစွန်အဖျားပိုင်းနားသို့ ရောက်နေပြီဖြစ်ကြောင်း သိလိုက်ရ၏။
" သုံးရက်လောက်နေရင် ငါ နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲကို ရောက်ပါပြီ။ ဟို လျှပ်စီးတန်းတွေ ပျောက်ကွယ်သွားခဲ့တာ အချိန်မှန်သားပဲ... " ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်ကာ သက်ပြင်းချလိုက်၏။ သူသည် တစ်ခဏမျှ တရားထိုင်လိုက်ပြီးနောက် သူ၏ သိုလှောင်အိတ်ထဲသို့ ချောင်းကြည့်လိုက်သည်။ သူ တန်ကျိုးကျစ်ဆီမှ ရရှိခဲ့သည့် ရွှေရောင် နွားချေးပိုးကြီးမှာ သူ၏ သိုလှောင်အိတ်ထဲ၌ အနားယူနေ၏။ ၎င်းမှာ အသက်ငင်နေသည့်ပုံ ပေါက်နေသည်။
သို့သော် ၎င်းအား သလင်းကျောက်နီများ ကျွေးထားသောကြောင့် ၎င်းမှာ ယခုအထိ အသက်ရှင်နေဆဲပင်။ ယခုတွင် ဝမ်ပေါင်လဲ့မှာ အနားယူခွင့်ရသွားပြီဖြစ်ရာ သူ၏ နတ်ဘုရားစိတ်ဆန္ဒအား ထို ရွှေရောင် နွားချေးပိုးကြီးထဲသို့ စေလွှတ်လိုက်ပြီး ၎င်းအား သူ၏ စိတ်ဆန္ဒဖြင့် ပေါင်းစည်းသွားစေရန် ကြိုးစားလိုက်သည်။ ထိုသို့သာ ပေါင်းစည်းနိုင်ပါက ထို ရွှေရောင် နွားချေးပိုးကြီးမှာ ဝမ်ပေါင်လဲ့အား သူ၏ သခင်အဖြစ် သတ်မှတ်လိုက်မည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ၎င်းအား ထိန်းချုပ်နိုင်စွမ်းရှိသွားမည်ဖြစ်သည်။
သို့သော် ထို ရွှေရောင် နွားချေးပိုးကြီးမှာ အလွန်အင်မတန်မှ အားအင်ချည့်နဲ့နေသည့်တိုင်အောင် ဝမ်ပေါင်လဲ့၏ နတ်ဘုရားစိတ်ဆန္ဒအား ခုခံတွန်းလှန်နေဆဲပင်။ ထို့ကြောင့် သူသည် ၎င်းအား ထိန်းချုပ်နိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ လက်အောက်တွင် အညံ့ခံမည့်အစား အသေခံရန် အဆင်သင့်ဖြစ်နေသည့်ပုံပင်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မကျေမနပ် ဖြစ်သွားရ၏။ သူသည် တစ်လတိတိ လျှပ်စီးတန်းများ၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရသည်ဖြစ်ရာ စိတ်မကြည်ပေ။ ယခုတွင် ရွှေရောင် နွားချေးပိုးကြီးမှာလည်း သူ့အား ခါးခါးသီးသီး ငြင်းဆန်နေသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ အေးစက်စက် နှာမှုတ်လိုက်တော့သည်။ သူသည် ထို နွားချေးပိုးကြီးအား သင်ခန်းစာပေးတော့မည် ဖြစ်သည်။
" ဉာဏ်အလင်းပွင့်စေသော်... " ဝမ်ပေါင်လဲ့မှာ တည်ကြည်မှုအပြည့်ဖြင့် ရေရွတ်လိုက်ပြီးနောက် တုနှိုင်းမဲ့ တာအိုဂါထာတော်၏ စွမ်းအားများကို ဆင့်ခေါ်လိုက်တော့သည်။
သိပ်မကြာခင်တွင် ဤကမ္ဘာကြီးနှင့် လုံးဝသက်ဆိုင်မှုမရှိသည့်ပုံပေါ်သော စိတ်ဆန္ဒကြီးတစ်ခုမှာ စကြဝဠာကြီး၏ အနက်ရှိုင်းဆုံးသော နေရာတစ်ခုမှနေ၍ ရောက်ရှိလာတော့သည်။ ၎င်းမှာ ပိုးကောင်လေးတစ်ကောင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာ၏...
ထိုအခါ ခေါင်းမာလွန်းနေခဲ့သည့် ရွှေရောင် နွားချေးပိုးကြီးမှာ ချက်ချင်းဆိုသလိုပင် နာကျင်စွာ အော်ဟစ်မြည်တမ်းလိုက်ရတော့သည်။ ထို့နောက် ၎င်းမှာ မည်သည့်အရာကိုမှ ခုခံတွန်းလှန်နေခြင်း မရှိတော့ဘဲ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွား၏။ ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ စိတ်ကျေနပ်သွားပြီ သူ၏ စိတ်ဆန္ဒဖြင့် ၎င်းအား ထိန်းချုပ်လိုက်တော့သည်။
" နောက်ဆုံးတော့ ဘယ်သူက ဆရာကြီးလဲဆိုတာ မင်း သိပြီမလား " ဝမ်ပေါင်လဲ့မှာ ဂုဏ်ယူဝင့်ကြွားမှု အပြည့်ရှိသော အမူအရာဖြင့် မတ်တပ်ထလာပြီး သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းကာ ခရီးဆက်ရန် ဆုံးဖြတ်လိုက်တော့သည်။ တာအိုဂါထာတော်ကြီး၏ စွမ်းအားများမှာလည်း စတင်ပျောက်ကွယ်စပြုလာပြီ ဖြစ်သည်။ ထိုသို့ဖြင့် သူသည် ဥက္ကာပျံပေါ်မှ ဆင်းရန် ပြင်လိုက်စဉ်မှာပင် နားထဲ၌ ချောင်းဟန့်သံတစ်သံအား ကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
၎င်းမှာ စကြဝဠာကြီး၏ အနက်ရှိုင်းဆုံးသောနေရာမှ ထွက်ပေါ်လာသည့်ပုံပင်။ သို့ဖြစ်ရာ ၎င်းမှာ တာအိုဂါထာတော်ကြီး၏ စွမ်းအားများနှင့် တစ်နေရာထဲမှနေ၍ ထွက်ပေါ်လာသကဲ့သို့ ဖြစ်နေတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် တစ်ကိုယ်လုံးတုန်ရီသွားရပြီး ထိတ်ထိတ်ပျာပျာဖြစ်သွားရ၏။ ထို့နောက် သူသည် နောက်သို့ အလောတကြီး လှည့်ကြည့်လိုက်ပြီး ရင်ခုန်နှုန်းများ မြန်ဆန်လာတော့သည်။
သူသည် သူ၏ ဘေးနားတစ်ဝိုက်ရှိ စကြဝဠာကြီးအား ကြောက်လန့်တကြားနှင့် သတိကြီးကြီးထားကာ အကဲခတ်ကြည့်ရှုပြီးသွားသောအခါမှ နှာခေါင်းအား လက်ဖြင့်ပွတ်ကာ ထိုနေရာမှ ထွက်ခွာလာတော့သည်။ ထို့အပြင် သူသည် လမ်းတစ်လျှောက်လုံးတွင်လည်း သတိအပြည့်ရှိနေခဲ့ပြီး ထို ဥက္ကာပျံကြီးနှင့် အတော်အသင့်ကွာဝေးသည့် နေရာသို့ ရောက်သွားသောအခါမှ သက်ပြင်းအရှည်ကြီး ချနိုင်သွား၏။
" ကြည့်ရတာ ငါ တာအိုဂါထာတော်ကို လျှော့သုံးသင့်ပြီထင်တယ်။ ငါ ဆက်ပြီးတော့ ခဏခဏ အသုံးပြုနေမယ်ဆိုရင် တာအိုဂါထာတော်ထဲက လျှို့ဝှက်ဆန်းကြယ် အရာကြီးက တကယ် နိုးထလာမယ့်ပုံပဲ... " ဝမ်ပေါင်လဲ့မှာ မျက်စိမျက်နှာ ပျက်သွားရ၏။ သူသည် ထိုအရာကြီး၏ နေရာမှဝင်၍ တွေးကြည့်ပေးရန် လိုအပ်ပေသည်။ အကယ်၍ သူ အိပ်ပျော်နေစဉ် ခြင်တစ်ကောင်မှာ သူ၏ ဘေးနားတစ်ဝိုက်တွင် တဝီဝီ လာလုပ်နေမည်ဆိုပါက သူသည် အိပ်ရာမှ နိုးလာသည့်အချိန်တွင် အရင်ဆုံး ထိုခြင်အား သတ်မိလိုက်မည်သာ ဖြစ်သည်။
ထိုအတွေးကြောင့် ဝမ်ပေါင်လဲ့မှာ ကြောက်ရွံ့တုန်လှုပ်သွားရ၏။ ထိုသို့ဖြင့် သူသည် မကြာခဏဆိုသလို သက်ပြင်းချရင်း နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ နယ်စပ်ဒေသဆီသို့ ဦးတည်သွားလိုက်တော့သည်။ ရက်အနည်းငယ်ခန့် ကုန်ဆုံးသွားပြီးနောက် သူသည် သူ၏ ခရီးပန်းတိုင်ဆီသို့ ရောက်ရှိလာ၏။ ထိုအခါ သူသည် သူ၏ အသိစိတ်ထဲတွင် နေရာယူထားသည့် အတွေးများကို မေ့ပျောက်ထားလိုက်ပြီးနောက် မျက်လုံးများ မှေးသွားတော့သည်။ ထို့နောက် သူသည် သူ၏ရှေ့တွင် ရှိနေသည့် နတ်မျက်လုံးလူမှုအဖွဲ့အစည်းအား အကဲခတ်ကြည့်ရှုရင်း မျက်ဝန်းများ အေးစက်စွာ တောက်ပသွား၏။
" ငါ ပြန်ရောက်ပြီကွ " ဝမ်ပေါင်လဲ့မှာ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။ သူသည် အတင်းအကျပ် ဖိအားပေးခံခဲ့ရသဖြင့် ထွက်ပြေးသွားခဲ့ရပြီးနောက် မရပ်မနား လိုက်လံဖမ်းဆီးခံခဲ့ရသည့် မဟုတ်ပါလော။ ယခုတွင် သူသည် ပြန်ရောက်လာပြီဖြစ်ရာ သူ၏ နှလုံးသားထဲ၌ မေးခွန်းပေါင်း မြောက်မြားစွာနှင့် သံသယစိတ်များ ပြည့်နှက်နေတော့သည်။
" ငါ ဟေးယွင်ကျစ်ကို သတ်နိုင်ရင် တကယ်ပဲ ထာဝရကြယ်မျက်လုံးကို ထိန်းချုပ်နိုင်စွမ်း ရှိသွားမှာလား "
" နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးက ဘာတွေကိုများ လျှို့ဝှက်ထားတာလဲ။ ငါ့ကို ထောင်ချောက်ဆင်ခဲ့တဲ့ လူတွေထဲမှာ သူ တကယ် မပါဘူးလား "
" ငါ မရှိတုန်း နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲမှာ ဘာတွေများ ဖြစ်ခဲ့သေးလဲ "
ဝမ်ပေါင်လဲ့မှာ အတွေးထဲတွင် မေးခွန်းမျိုးစုံ ပေါ်ပေါက်လာပြီးနောက် ဆုံးဖြတ်ချက်ချလိုက်တော့သည်။
သူသည် ယခုလို ပေါ်ပေါ်ထင်ထင် ပြန်ရောက်လာ၍ မဖြစ်ကြောင်း ဆုံးဖြတ်ချက်ချလိုက်ခြင်းဖြစ်၏။ လက်ရှိတွင် သူ၏ ရန်သူများမှာ သူပြန်ရောက်လာသည်ကို မသိထားကြသေးပေ။ သို့ဖြစ်ရာ အကယ်၍ သူသာ သူ ပြန်ရောက်လာသည့်အချက်ကို အသိပေးလိုက်မည်ဆိုပါက ထိုအခွင့်အရေးအား ဖြုန်းတီးလိုက်သလို ဖြစ်သွားမည်သာဖြစ်သည်။ ထို့အပြင် သူသည် သူ ပြန်ရောက်လာသည့် အချက်အား တစ်ယောက်မှ မသိဘဲ ဖြစ်နေမည်ကိုလည်း မလိုလားပေ။ ထိုသို့သာ ဆိုပါက သူ့အတွက် အကျိုးရှိသည့်ပုံ ပေါ်ပါသော်လည်း သူသည် မည်သည့် လျှို့ဝှက်ချက်ကိုမှ ဖော်ထုတ်နိုင်မည်မဟုတ်ပေ။
" အဲတာမလို့... ငါ ကိုယ်ပွားတစ်ခု ဖန်တီးပြီးတော့ လူတွေမြင်နိုင်တဲ့ နေရာတစ်ခုခုမှာ သွားထားမှဖြစ်မယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်လုံးများ မှေးသွား၏။ သူသည် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှာ ညာလက်ရုံးအကြီးအကဲကြီး သေဆုံးသွားသည့် အချက်ကို သိရှိထားခြင်းရှိမရှိ အတိအကျ မသိပေ။ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ တည်နေရာနှင့် ညာလက်ရုံးအကြီးအကဲကြီး သေဆုံးသွားခဲ့သည့်နေရာမှာ အတော်အသင့် ကွာဝေးနေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူ၏ သေဆုံးမှုအကြောင်း အကြောင်းကြားသည့် အသံလွှင့်အကြောင်းကြားစာမှာ နှောင့်နှေးကြန့်ကြာနေလောက်ပေသည်။
အကယ်၍ ညာလက်ရုံးအကြီးအကဲကြီး သေဆုံးသွားခဲ့သည့် သတင်းများ ခရမ်းရောင် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းဆီသို့ ရောက်နှင့်ပြီးသား ဖြစ်လျှင်တောင် ဝမ်ပေါင်လဲ့မှာ အထူးတလည် စိုးရိမ်နေမည်တော့ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှာ သူ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့်မှ ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့်သို့ ဖောက်ထွက်သွားခဲ့သည့်အကြောင်းကို သိမထားသေးသောကြောင့်ပင်။
" ဒါပေမဲ့ ငါ ဖန်တီးမယ့်ကိုယ်ပွားကို အလယ်အလတ် ထာဝရဝိညာဉ်အဆင့်မှာပဲ ရှိနေအောင် လုပ်လို့ရတယ်လေ။ အဲတာဆိုရင် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းနဲ့ နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးက ဘာကိုမှ သံသယဝင်နေမှာ မဟုတ်ဘူး။ သူတို့က ငါ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ တိုက်ရည်ခိုက်ရည်စွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့အချက်နဲ့ ငါ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့်မှာပဲ ရှိနေသေးတဲ့အချက်ကို သိထားပြီးသားလေ။ ပြီးတော့ ငါက ထွက်ပြေးနေရတဲ့လူ။ အဲတာမလို့... ငါက ထွက်ပြေးလွတ်မြောက်လာခဲ့ရင်တောင် ဘေးအန္တရာယ်ကင်းကင်း ပြန်ရောက်လာနိုင်ဖို့အတွက် အများကြီးပေးဆပ်ခဲ့ရမှာ။ အဲတော့ ငါ အလယ်အလတ် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်အနေနဲ့ ပြန်ရောက်လာတာ ယုတ္တိရှိတယ် " ဝမ်ပေါင်လဲ့မှာ အစီအစဉ်များ ရေးဆွဲလိုက်ပြီးနောက် မျက်လုံးများ မှေးသွား၏။ ထို့နောက် သူသည် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်တော့သည်။
သူ မန္တန်လက်ကွက်များ အလျင်အမြန် ဖော်လိုက်သောအခါ သူ၏ အပြင်ခန္ဓာကိုယ်မှာ မှုန်ဝါးဝါး ဖြစ်သွား၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ ကိုယ်ပွားတစ်ခု ထွက်ပေါ်လာတော့သည်။ ထို ကိုယ်ပွားမှာ ဝမ်ပေါင်လဲ့၏ ဝိညာဉ်ထဲရှိ စွမ်းအားများ၏ သုံးပုံပုံ တစ်ပုံခန့်အား ပိုင်ဆိုင်ထားသည်။ ၎င်းမှာ အလယ်အလတ် ထာဝရဝိညာဉ်အဆင့်တွင်သာ ရှိနေသေးသည့် ပုံပေါ်ပါသော်လည်း ၎င်း၏ စွမ်းအား အစစ်အမှန်မှာ ကျင့်ကြံခြင်းအဆင့် အတူတူတွင် ရှိနေသည့် အခြားကျင့်ကြံသူများထက် ပို၍ သာလွန်နေပြီဖြစ်သည်။ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ််ယောက်ပင်လျှင် သူ့အား ယှဉ်နိုင်မည် မဟုတ်ပေ။
ဝမ်ပေါင်လဲ့တစ်ယောက် လိုအပ်သည်များကို အသေးစိတ် ကြည့်ရှုစစ်ဆေးပြီးသွားသောအခါ သူ၏ ဝိညာဉ်ခန္ဓာကိုယ်အစစ်မှာ မှုန်ဝါးဝါး ဖြစ်သွားပြီး မြူခိုးများအဖြစ် ပြောင်းလဲသွားတော့သည်။ ယခုတွင် သူ၏ အငွေ့အသက်များမှာ လုံးဝ လျှို့ဝှက်နေပြီ ဖြစ်သည်။
သူသည် သူ၏ ကိုယ်ပွားအား ထိန်းချုပ်လိုက်ပြီးနောက် အရှိန်ကုန်မြှင့်တင်ကာ နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲသို့ တန်းတန်းမတ်မတ် ထိုးဝင်သွားတော့သည်။ သူသည် လူမှုအဖွဲ့အစည်းထဲသို့ ရောက်သွားသောအခါ အရှိန်လျော့ကျသွားခြင်း မရှိသည့်အပြင် သူ့ ကိုယ်ပွား၏ အငွေ့အသက်များကိုပါ လိုရမယ်ရ ကွယ်ဝှက်ထားလိုက်သေးသည်။ သို့သော် ထို နည်းလမ်းများမှာ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်အား လှည့်စားနိုင်မည်တော့ မဟုတ်ပေ။ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်မှာ အာရုံများနေခဲ့ပါက သူ့အား သတိမထားမိနိုင်ပါသော်လည်း အကယ်၍ သူသာ အာရုံအပြည့်စိုက်ကာ သူ၏ နတ်ဘုရားအာရုံအား ဖြန့်ကြက်၍ လူမှုအဖွဲ့အစည်းတစ်ခုလုံးအား စောင့်ကြည့်နေမည်ဆိုပါက ဝမ်ပေါင်လဲ့၏ အငွေ့အသက်များကို ချက်ချင်းရှာတွေ့သွားမည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ တစ်အောင့်ခန့် စောင့်ဆိုင်းလိုက်ပြီးနောက် သူ၏ ဝိညာဉ်ခန္ဓာကိုယ်အစစ်အား နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲသို့ ဝင်သွားစေလိုက်၏။ ထို့နောက် သူ၏ ဝိညာဉ်ခန္ဓာကိုယ်မှာ အခြားအရပ်မျက်နှာတစ်ဘက်သို့ ပြေးထွက်သွားလိုက်တော့သည်။ ယခုတွင် သူ၏ကိုယ်ပွားမှာ မီးတောက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေ၏။ ထိုမီးတောက်ကြီး ပိုမိုစူးရှတောက်ပစွာ လောင်ကျွမ်းလာလေလေ ၎င်းမှာ အခြားသူများအား အာရုံဖမ်းစားနိုင်စွမ်း ပိုရှိလာလေလေ ဖြစ်နေမည်သာ ဖြစ်သည်။ ထို့ကြောင့် သူ၏ ဝိညာဉ်ခန္ဓာကိုယ်အစစ်မှာလည်း ပို၍ ဘေးကင်းလုံခြုံလာတော့သည်။
သို့သော် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂြိုဟ်အဆင့်ကျင့်ကြံသူများမှာ သတိကြီးကြီး ထားနေခဲ့ခြင်း မရှိဘဲ ဝမ်ပေါင်လဲ့၏ အလယ်အလတ် ထာဝရဝိညာဉ်အဆင့်ကိုယ်ပွား၏ အငွေ့အသက်များကို အာရုံမနိုင်ခဲ့ပါကလည်း ဝမ်ပေါင်လဲ့မှာ သူ၏ ဝိညာဉ်ခန္ဓာကိုယ်အား ဆက်လက် လျှို့ဝှက်ထားနိုင်စွမ်း ရှိနေမည်သာဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ လက်ရှိအခြေအနေအား သိရှိထားခြင်းမရှိသေးပေ။ ထို့အပြင် သူသည် နတ်တရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးကိုသာမက နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲရှိ အခြားမည်သူ့ကိုမှ ယုံကြည်ခြင်းမရှိပေ။ ထို့ကြောင့်လည်း သူသည် သူ၏ အလယ်အလတ် ထာဝရဝိညာဉ်အဆင့် ကိုယ်ပွားအား နေရာအနှံ့ ပြေးလွှားခိုင်းထားရင်း သူ၏ ဝိညာဉ်ခန္ဓာကိုယ်အစစ်ဖြင့် ထာဝရကြယ်ဆီသို့ တိတ်တိတ်ကလေး ဦးတည်သွားနေတော့သည်။
သူသည် ထာဝရကြယ်၏ အနီးသို့ မသွားနိုင်ခဲ့ပေ။ ထိုနေရာတွင် အစောင့်အပြည့် ချထားသည်ဖြစ်ကြောင်း သူက အာရုံခံမိနေ၏။ ထို့အပြင် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှာလည်း ထာဝရကြယ်ပေါ်၌ စခန်းတစ်ခု တည်ဆောက်ထားသေးသည်။ ဝမ်ပေါင်လဲ့၏ ဝိညာဉ်ခန္ဓာကိုယ်မှာမူ ထာဝရကြယ်အနီးရှိ ဥက္ကာပျံတစ်လုံးအား ရှာဖွေလိုက်ပြီးနောက် အထဲတွင် ပုန်းနေလိုက်၏။ ထို့နောက် သူသည် အာရုံအပြည့်စိုက်ကာ သူ၏ အလယ်အလတ် ထာဝရဝိညာဉ်အဆင့် ကိုယ်ပွားအား ထိန်းချုပ်နေလိုက်တော့သည်။
သူသည် ထိုငါးစာဖြင့် ငါးအကြီးကြီး ဖမ်းမိနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်၏။
" တကယ်လို့ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းက ငါ ပြန်ရောက်လာတာကို မသိသေးဘူးဆိုရင် ငါ့ရဲ့ကိုယ်ပွားကို နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီဆီ သွားခိုင်းလိုက်မယ်။ သူတို့ရဲ့ ရှေ့မှာ လူကိုယ်တိုင် ပြန်ရောက်လာတာ နည်းနည်းလေး ထူးဆန်းနေနိုင်ပေမဲ့ ကိစ္စမရှိပါဘူး "
" ဒါပေမဲ့ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသာ ငါ့ ကိုယ်ပွားရဲ့ အငွေ့အသက်ကို အာရုံခံမိသွားလို့ သူ့ကို ဖမ်းဆီးနိုင်ဖို့ ကြိုးစားလိုက်မယ်ဆိုရင် နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး ဘယ်လိုတုံ့ပြန်မလဲဆိုတာ သိခွင့်ရသွားမှာပဲ "
ဝမ်ပေါင်လဲ့မှာ အစီအစဉ်တစ်ခု ရေးဆွဲလိုက်ပြီးနောက် သူ၏ ဝိညာဉ်ကိုယ်ပွားနှင့် အလယ်အလတ် ထာဝရဝိညာဉ်အဆင့် ကိုယ်ပွားနှစ်ခုစလုံး၏ အငွေ့အသက်များကို ဖုံးကွယ်ထားလိုက်တော့သည်။ ထို့နောက် သူသည် အလယ်အလတ် ထာဝရဝိညာဉ်အဆင့် ကိုယ်ပွားဖြင့် စကြဝဠာကြီးထဲ၌ ထင်သာမြင်သာရှိအောင် ပျံသန်းနေရင်း နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ လက်ရှိအခြေအနေအား အကဲခတ်နေလိုက်တော့သည်။
နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ လက်ရှိအခြေအနေအား အကဲခတ်ရသည်မှာ ဝမ်ပေါင်လဲ့အတွက် မခဲယဉ်းပေ။ သူ၏ အလယ်အလတ် ထာဝရဝိညာဉ်အဆင့် ကိုယ်ပွားမှာ ပုံပန်းသွင်ပြင် ပြောင်းလဲနိုင်သည့် စွမ်းရည်အား ပိုင်ဆိုင်ထားပြီးဖြစ်သည်။ ထို့ကြောင့် သိပ်မကြာခင်တွင် သူသည် သူ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲမှ ထွက်ခွာလာခဲ့ပြီးနောက် ဖြစ်ပျက်ခဲ့သည့်အရာများကို သိရှိသွားတော့သည်။ နေမင်းကြီးဆီမှ ထွက်ပေါ်လာသည့် စူးရှတောက်ပသော ဂိုဏ်းကြီးနှစ်ဂိုဏ်း၏ မဟာမိတ်တပ်ဖွဲ့ကြီးနှင့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ တပ်ဖွဲ့ကြီးတို့၏ ကြားမှ စစ်ပွဲကြီးမှာ ရပ်တန့်သွားခဲ့ရသည်။
သို့သော် သူတို့မှာ စစ်ဖြစ်နေကြဆဲပင်။ ထို့ကြောင့် နတ်မျက်လုံး လူမှုအဖွဲ့အစည်းမှာ နှစ်ခြမ်းကွဲသွားပြီ ဖြစ်သည်။ ထာဝရကြယ်မျက်လုံးမှာမူ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲပင်။ သူတို့မှာ နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲ၌ စခန်းတစ်ခုတည်ထောင်ထားပြီး ထာဝရကြယ်မျက်လုံးပေါ်တွင်လည်း အကာအကွယ် မန္တန်အစီအရင်တစ်ခု တပ်ဆင်ထားသေးသည်။ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှ စစ်ကူများမှာမူ ရောက်မလာကြသေးပေ။ ထာဝရကြယ်မျက်လုံးကြီးကိုလည်း နောက်ထပ်တစ်ကြိမ် ထပ်၍ အသုံးမပြုရသေးပေ။