← Chapters

ပဟေဠိတစ်ခု

Vol. 66 Ch. 910

ပဟေဠိတစ်ခု

Vol. 66 Ch. 910

ဝမ်ပေါင်လဲ့မှာ သူ ယခုလေးတင်မှ ရှာဖွေတွေ့ရှိလိုက်သည့် အချက်အလက်များနှင့် သူ သိရှိထားပြီးသားဖြစ်သော အချက်အလက်များကို ပေါင်းစည်းလိုက်ပြီးနောက် ကောက်ချက်ချလိုက်၏။ သူနှင့် ဟေးယွင်ကျစ် နှစ်ယောက်စလုံးမှာ လုပ်ပိုင်ခွင့်အာဏာအား ပြိုင်တူ ပိုင်ဆိုင်ထားရခြင်း ဖြစ်ရပေမည်။ သူတို့ထဲမှ တစ်ယောက် သေဆုံးသွားသောအခါမှသာ အသက်ရှင်ကျန်ရစ်ခဲ့သည့် တစ်ယောက်မှာ လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝ ရရှိသွားမည်ဖြစ်သည်။

သို့သော် အရာအားလုံးမှာ ပုံမှန်အတိုင်း ဖြစ်နေသည့်ပုံ ပေါက်နေသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ တစ်ခုခုလွဲနေသည်ဟု ခံစားနေရဆဲပင်။ သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ တစ်စုံတစ်ခုအား လျှို့ဝှက်ထားသည်ဖြစ်ကြောင်း သိထားသလို မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ထောင်ချောက်ထဲမှလည်း အသက်ရှင်လျက် လွတ်မြောက်လာခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် သတိဝီရိယအပြည့် ရှိနေ၏။

ထို့ကြောင့်လည်း သူသည် တစ်ခုခု လွဲနေသည်ဖြစ်ကြောင်း ရိပ်မိသွားခြင်း ဖြစ်သည်။

ထိုကဲ့သို့ လွဲနေသည့်အရာမှာ... ထာဝရကြယ်အပြင်ဘက်ရှိ မန္တန်အစီအရင်ကြီး ဖြစ်ပေသည်။

နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲရှိ လက်ရှိအခြေအနေများအရဆိုလျှင် ထို မန္တန်အစီအရင်ကြီးအား တပ်ဆင်ထားရန် လိုအပ်မည်မဟုတ်ပေ။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းနှင့် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းတို့မှာ မဟာမိတ်ဖွဲ့ထားလျှင်တောင် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းလောက် အစွမ်းထက်နေမည်မဟုတ်ပေ။

ထို့အပြင် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းဘက်တွင် ဟေးယွင်ကျစ်လည်း ရှိနေသေးသည်ဖြစ်ရာ ထို မန္တန်အစီအရင်ကြီးအား တပ်ဆင်ထားစရာ မလိုပေ။ သို့ဖြစ်ရာ မည်သည့်ရှုထောင့်မှ ကြည့်ကြည့် ၎င်းမှာ လုံးဝ အကျိုးမရှိသော လုပ်ရပ်တစ်ခုသာ ဖြစ်ပေသည်...

" ဘာလို့ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းက အခုလို လုပ်ရပ်မျိုးကို လုပ်ထားရတာလဲဟ။ ငါ့လို လူမျိုးကို ခုခံတွန်းလှန်နိုင်အောင် ဒီ မန္တန်အစီအရင်ကြီးကို တည်ဆောက်ထားကြတာများလား " ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားရ၏။ သူသည် အကြောင်းရင်း အတိအကျကို နားမလည်နိုင်ဘဲ ဖြစ်နေရသည်။ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှာ ဝမ်ပေါင်လဲ့အား ခုခံတွန်းလှန်နိုင်ရန်အတွက်နှင့် မန္တန်အစီအရင်တစ်ခု တည်ဆောက်ထားစရာ မလိုပေ။ ဟေးယွင်ကျစ်မှာ အသက်ရှိနေသေးသည်ဖြစ်ရာ ထာဝရကြယ်ကြီးမှာ ဝမ်ပေါင်လဲ့၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားနိုင်မည် မဟုတ်ပေ။

အကယ်၍ သူသာ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း ဖြစ်နေမည်ဆိုပါက သူ့အား တားဆီးနိုင်ရန် မန္တန်အစီအရင်တစ်ခု တပ်ဆင်ထားမည်မဟုတ်ပေ။ ထို့အပြင် လမ်းတစ်လျှောက်ရှိ အတားအဆီး အနှောင့်အယှက်များ အားလုံးကိုပင် ဖယ်ရှားပေးထားပြီး သူ ထာဝရကြယ်ကြီးဆီသို့ ရောက်လာမည့် အချိန်ကို စောင့်ဆိုင်းနေမည်ဖြစ်သည်။

" ဟေးယွင်ကျစ် သေသွားတာများလား " ဝမ်ပေါင်လဲ့မှာ ဖြစ်နိုင်ခြေအမျိုးအမျိုးအား စဉ်းစား‌တွေးတောနေ၏။ သို့သော် ထို ခန့်မှန်းချက်မှာ မဖြစ်နိုင်ပေ။

" ဒါမှမဟုတ်... ဒါ နောက်ထပ် ထောင်ချောက်တစ်ခုများလား " ဝမ်ပေါင်လဲ့မှာ ခေါင်းခဲလာရတော့သည်။ သူသည် အရေးကြီး သဲလွန်စများကို သိရှိထားခြင်း မရှိသောကြောင့် ဤ ပဟေဠိအား ဖြေရှင်းနိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။

" ကိစ္စမရှိပါဘူး။ ငါ့ရဲ့ အလယ်အလတ် ထာဝရဝိညာဉ်အဆင့် ကိုယ်ပွားကို ငါးစာအဖြစ် သုံးပြီးတော့ ငါ သိချင်နေတဲ့ အရာတွေကို ဖော်ထုတ်နိုင်မှာပါ " ဝမ်ပေါင်လဲ့၏ ကိုယ်ပွားမှာ မျက်လုံးများ မှေးသွားပြီး ခပ်လှမ်းလှမ်းရှိ ထာဝရကြယ်မျက်လုံးကြီးအား လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် လေပေါ်သို့ တစ်ချက်ခုန်တက်သွားပြီး နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး ရှိနေသည့် စခန်းဆီသို့ ဦးတည်သွားလိုက်တော့သည်။ သူသည် သူပြန်ရောက်လာပြီဖြစ်ကြောင်း အသိပေးတော့မည် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ လေထဲ၌ ပျံသန်းရန် ပြင်လိုက်စဉ်မှာပင် မျက်လုံးများ မှေးသွားပြီး ရုတ်တရက်ဆိုသလို မော့ကြည့်လိုက်၏။ ထိုအခါ သူ၏ အထက်ရှိ စကြဝဠာကြီးထဲတွင် မိုခြိမ်းသံများ ပဲ့တင်ထပ်သွားပြီး လျှပ်စီးများ လက်လာတော့သည်။ ထို့နောက် ဟင်းလင်းပြင်ကြီး၏ အလယ်တွင် အချုပ်အနှောင်တစ်ခုနှင့် တူသည့် မှုန်ဝါးဝါး မန္တန်အစီအရင်ကြီးတစ်ခု ပေါ်ပေါက်လာ၏။ ထိုအခါ ဖိနှိပ်ချုပ်တည်းမှု စွမ်းအင်လှိုင်းများမှာ ဝမ်ပေါင်လဲ့၏ ဘေးပတ်ပတ်လည်သို့ ရုတ်ခြည်းဆိုသလို ဆင်းသက်လာကြပြီးနောက် သူ့အား ချက်ချင်းဆိုသလိုပင် ချုပ်နှောင်ထားလိုက်တော့သည်။

" ငါ့ကို ရှာတွေ့သွားလာများလား " ဝမ်ပေါင်လဲ့မှာ အပေါ်ယံတွင် မျက်စိမျက်နှာပျက်သွားပါသော်ခည်း စိတ်ထဲတွင်မူ သူ့ကိုယ်သူ ကျေနပ်နေသည့် အမူအရာဖြင့် ပြုံးလိုက်၏။ ထိုအချိန်တွင် ဖိနှိပ်ချုပ်တည်းမှု စွမ်းအင်လှိုင်များ ထုတ်လွှတ်နေသည့် မန္တန်အစီအရင်ကြီးထဲ၌ လူရိပ်ဆယ်ခုကျော် ပေါ်ပေါက်လာတော့သည်။

ထို အဖွဲ့၏ ရှေ့ဆုံးတွင် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီး ရပ်နေ၏။ သူ၏ဘေးတွင်မူ အဘွားကြီးတစ်ယောက်မှာ ရီဝေဝေဖြစ်နေသည့် မျက်နှာအမူအရာတစ်ခုဖြင့် ရပ်နေသည်။ ထိုအဖွဲ့ထဲရှိ အခြား ကျင့်ကြံသူများအားလုံးမှာလည်း ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် သို့မဟုတ် နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့်တွင် ရှိနေကြ၏။

" လုံနန်ကျစ် " မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီး၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။ သူသည် ထိုသို့ အော်ဟစ်လိုက်ပြီးနောက် သူ၏ ဘယ်ဘက်လက်ကိုမြှောက်ကာ ဝမ်ပေါင်လဲ့အား လက်ညှိုးထိုးလိုက်၏။ ထိုအခါ အခြား ကျင့်ကြံသူများ အားလုံးမှာ တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသည့်ပုံဖြင့် ဝမ်ပေါင်လဲ့ဆီသို့ ချက်ချင်း ဦးတည်ပျံသန်းလာကြတော့သည်။

" သူက ငါ့ကို မြင်လိုက်ရတာတောင် အံ့အားသင့်နေတဲ့ပုံ မပေါ်ပါလား။ ကြည့်ရတာ သူက ညာလက်ရုံး အကြီးအကဲကြီး သေသွားမှန်း သိထားပြီးသားထင်တယ်။ ရှဲ့မိသားစု ငါ့ကို ကူညီနေတဲ့ အချက်ကိုတောင် သူက သိရင်သိထားလောက်တယ်။ ဘယ်လက်ရုံး အကြီးအကဲကြီးကလည်း ဒီနေရာမှာရှိမနေဘူး။ သူက ထာဝရကြယ်ထဲကနေ ထွက်မလာနိုင်ခဲ့တာများလား။ သူ့ရဲ့ နတ်ဘုရားဝိညာဉ် ဖျက်ဆီးခံလိုက်ရတာများလား " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်လက်သွားပြီး ခေါင်းထဲ၌ အတွေးမျိုးစုံပေါ်ပေါက်လာတော့သည်။ တစ်ချိန်ထဲမှာပင် သူသည်‌ နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားလိုက်၏။

သူ၏ ခန့်မှန်းချက်မှာ မှန်ကန်ပေသည်။ ညာလက်ရုံး အကြီးအကဲကြီးမှာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ ပိုင်နက်ထဲတွင်ရှိသော မြေဝိညာဉ်လူမှုအဖွဲ့အစည်းထဲ၌ သေဆုံးသွားခဲ့သည်မဟုတ်ပါလော။ ဂြိုဟ်အဆင့်ကျင့်ကြံသူတစ်ယောက် သေဆုံးသွားခဲ့ခြင်း ဖြစ်သည့်အပြင် သူ၏ သေဆုံးမှုထဲ၌ ရှဲ့မိသားစုပါ ပါဝင်နေခဲ့သည်ဖြစ်ရာ ထိုကိစ္စကြီးမှာ ဟိုးလေးတကျော် ဖြစ်သွားခဲ့၏။ ဝမ်ပေါင်လဲ့မှာမူ ထိုအချက်အား သိရှိထားခြင်းမရှိပေ။ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှာ ထာဝရကြယ်မျက်လုံးအား ထပ်၍ အသုံးမပြုနိုင်သေးသောကြောင့် နတ်မျက်လုံး လူမှုအဖွဲ့အစည်းဆီသို့ စစ်ကူများ စေလွှတ်၍ မရသေးပါသော်လည်း အပြန်အလှန် ဆက်သွယ်မှုများ ပြုလုပ်နိုင်စွမ်း ရှိနေဆဲပင်။ အနည်းငယ်ခန့် အင်အားစိုက်ထုတ်ကာ အကုန်အကျခံလိုက်ရုံနှင့် ရပေသည်။

ထို့ကြောင့်လည်း မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးမှာ သူ ကျူးလွန်မိခဲ့သည့် အမှားများကို ဖုံးကွယ်ထားရန် ကြိုးစားလျှင်တောင် ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ သူသည် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းအား ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာအားလုံးကို အမှန်အတိုင်း တင်ပြခဲ့ရပြီးနောက် နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲမှ စစ်ရေးအခြေအနေများမှာလည်း ထင်ထားသလောက် ကောင်းမွန်နေခြင်း မရှိကြောင်း အသိပေးခဲ့ရ၏။ ထို့အပြင် သူ၏ ညာလက်ရုံး အကြီးအကဲကြီး သေဆုံးသွားခဲ့ရုံသာမက ဤအရှုပ်ထုပ်ကြီးထဲ၌ ရှဲ့မိသားစုပါ ပါဝင်ပတ်သက်လာခဲ့သည့်အပြင် ယခုတွင် လုံနန်ကျစ်မှာလည်း ပြန်ရောက်လာခဲ့သည်ဖြစ်ရာ ထိုဂိုဏ်းချုပ်ကြီးမှာ ဒေါသငယ်ထိပ် ရောက်နေရပြီဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့ ယခုလို ပြန်ရောက်လာမည့် အချိန်အတွက် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်ကာ စောင့်ဆိုင်းနေခဲ့၏။

ထို့ကြောင့်လည်း သူသည် ဝမ်ပေါင်လဲ့၏ အငွေ့အသက်များကို အာရုံခံမိလိုက်သည်နှင့် သူ၏ ကျင့်ကြံသူများကို ဆင့်ခေါ်ကာ အချုပ်အနှောင်ကြီးအား အသုံးပြုလိုက်ပြီးနောက် သူကိုယ်တိုင် ဦးဆောင်၍ တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူ၏ ဝိညာဉ်ခန္ဓာကိုယ်ထဲတွင်သာ ရှိနေမည်ဆိုပါက မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးနှင့် ဂြိုဟ်အဆင့်အဘွားကြီးတို့အား ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိနေလောက်ပေသည်။ သူ၏ ဝိညာဉ်ခန္ဓာကိုယ်မှာ ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့်တွင် ရှိနေပြီး သာမန် အစောပိုင်း ဂြိုဟ်အဆင့် ကျင့်ကြံသူများကို တိုက်ခိုက်နိုင်စွမ်း ရှိနေသည်မဟုတ်ပါလော။ သူသည် အလယ်အလတ် ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်နီးပါး အစွမ်းမထက်သေးလျှင်တောင် သူ့ကိုယ်သူ ခုခံနိုင်စွမ်း ရှိနေဦးမည်သာဖြစ်သည်။

သို့သော် ယခုတွင် သူသည် သူ၏ ဝိညာဉ်ခန္ဓာကိုယ်အား ဖုံးကွယ်ထားနိုင်ရန် ဖန်တီးထားသည့် အလယ်အလတ် ထာဝရဝိညာဉ်အဆင့် ကိုယ်ပွားထဲ၌ ရောက်နေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ ၎င်းမှာ ဂြိုဟ်အဆင့် ကျင့်ကြံသူနှစ်ယောက်အား လုံးဝ ယှဉ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည်နှင့် မျက်ဝန်းများ အရောင်လက်သွား၏။ ထို့နောက် သူသည် ဧရာမ မြူခိုးလုံးကြီးတစ်လုံးအသွင် ပြောင်းလဲသွားပြီး နောက်သို့ အလျင်အမြန် ထွက်ပြေးဆုတ်ခွာသွားလိုက်တော့သည်။

သူသည် ထိုသို့ ထွက်ပြေးဆုတ်ခွာသွားနေရင်း သူ၏ နတ်ဆိုးမျက်လုံးပညာရပ်အား အသုံးပြုလိုက်သဖြင့် မြူခိုးများထဲ၌ ဧရာမ အနက်ရောင် မျက်လုံးကြီးတစ်လုံး ပေါ်ပေါက်လာ၏။ ထို မျက်လုံးကြီး ပွင့်လာသောအခါ အံ့ဩမှင်တက်ဖွယ်ရာ စွမ်းအားတစ်မျိုးမှာ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသားများဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားပြီး သူတို့အား ဖမ်းဆီးချုပ်နှောင်ထားနိုင်ရန် ကြိုးစားလိုက်တော့သည်။

ထိုအခါ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများအားလုံးမှာ ချက်ချင်းဆိုသလိုပင် တစ်ကိုယ်လုံး တုန်ရီသွားကြ၏။ ထို့နောက် သူတို့မှာ ဝမ်ပေါင်လဲ့အား လိုက်ဖမ်းနိုင်စွမ်း မရှိတော့ဘဲ ရပ်တန့်သွားရတော့သည်။ သို့ဖြစ်ရာ မျက်လုံးဖြင့် မမြင်နိုင်သည့် အမျှင်အတန်းပေါင်း မြောက်မြားစွာမှာ ထို ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ပတ်ပတ်လည်၌ ရစ်ပတ်သွားကြပြီးနောက် သူတို့အား လှုပ်မရအောင် ချုပ်နှောင်ထားလိုက်သကဲ့သို့ပင်။ ဝမ်ပေါင်လဲ့မှာ သူ၏ နတ်ဆိုးမျက်လုံးကြီးကြောင့် ချုပ်နှောင်ခံလိုက်ရသည့် ထို ကျင့်ကြံသူများကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းရှိပေသည်။

သို့သော် ယခုတွင်မူ သူ့အတွက် အခါအခွင့် မသင့်ပေ။ နတ်ဆိုးမျက်လုံးပညာရပ်မှာ အစွမ်းထက်ပါသော်လည်း မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးနှင့် ဂြိုဟ်အဆင့် အဘွားကြီးတို့အပေါ် အကျိုးသက်ရောက်မှု မရှိပေ။ ထို့ကြောင့် တစ်အောင့်ခန့်အကြာတွင် ဂိုဏ်းချုပ်ကြီး၏ ဧရာမ လက်ဖဝါးရာကြီး ပေါ်ပေါက်လာပြီးနောက် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိသော စွမ်းအားမျိုးဖြင့် ဝမ်ပေါင်လဲ့ပေါ်သို့ ကျရောက်လာတော့သည်။

၎င်းမှာ လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးချေမှုန်းပစ်နိုင်သော စွမ်းအားမျိုး ဖြစ်ပေသည်။ ဝမ်ပေါင်လဲ့မှာ မြူခိုးများအဖြစ် ပြောင်းလဲသွားခဲ့သည့်တိုင်အောင် ထို တိုက်ကွက်ကြီးအား ရှောင်တိမ်းနိုင်စွမ်း မရှိခဲ့ပေ။ သူသည် ပိုက်ကွန်တစ်ခုထဲ၌ မိသွားသကဲ့သို့ ခံစားလိုက်ရ၏။ ထို့နောက် ထို လက်ဖဝါးရာကြီးမှာ နောက်သို့ ထွက်ပြေးဆုတ်ခွာသွားနေသည် မြူခိုးများပေါ်သို့ ချက်ချင်းကျရောက်လာတော့သည်။

ထိုအခါ ထိုမြူခိုးများမှာ တလိပ်လိပ် ထလာပြီး လွင့်ပါးပျောက်ကွယ်စ ပြုလာတော့သည်။ ၎င်းမှာ အလယ်အလတ် ဂြိုဟ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ တိုက်ကွက်ကြီးတစ်ခုဖြစ်ပြီး ဝမ်ပေါင်လဲ့မှာ သူ၏ ကိုယ်ပွားထဲတွင် ရောက်နေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ မြူခိုးအများစုမှာ ဖုန်မှုန့်များအသွင် ပြောင်းလဲသွားပြီး ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားကြ၏။

ဝမ်ပေါင်လဲ့မှာ သူ၏ ကိုယ်ပွားကို ဖန်တီးခဲ့စဉ်ကတည်းက ယခုလို ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားခဲ့ပြီးသား ဖြစ်သည်။ ထို့ကြောင့်လည်း သူသည် နတ်ဘုရား တရားမျှတမှုဒိုင်းကာကဲ့သို့သော ဓမ္မရတနာအချို့အား သူ၏ ကိုယ်ပွားပေါ်၌ ချန်ထားခဲ့ခြင်း ဖြစ်၏။ ၎င်းတို့မှာ အလယ်အလတ် ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရာ၌ အများကြီး အထောက်အကူပြုနိုင်မည် မဟုတ်ပါသော်လည်း သူသည် အချိန်ဆွဲနိုင်ရန်အတွက် သူ့ကိုယ်သူ ဖောက်ခွဲပစ်ရမည်ကို ကြောက်ရွံ့နေမည် မဟုတ်ပေ။ ထို့ကြောင့်လည်း တစ်အောင့်ခန့်အကြာတွင် သူ၏ ကိုယ်ပွားမှာ ရုတ်ခြည်းဆိုသလို ပေါက်ကွဲသွားတော့သည်။

ထိုအခါ သူ၏ ကိုယ်ပွား၏ ခန္ဓာကိုယ်တစ်ဝက်တိတိမှာ ပျက်စီးသွား၏။ ထိုပေါက်ကွဲမှုပြင်းအားများကြောင့် ကျန်ရှိနေသေးသည့် မြူခိုးများမှာ နောက်သို့ အရှိန်အဟုန်ဖြင့် လွင့်စင်သွားသည်။ ထို မြူခိုးများ အဝေးတစ်နေရာ၌ ပြန်လည်စုစည်းသွားသည့်အချိန်တွင် သူ၏ ခန္ဓာကိုယ်မှာ ပြန်၍ ရုပ်လုံးပေါ်လာတော့သည်။ သူ၏ ပုံပန်းသွင်ပြင်မှာ သနားစရာကောင်းနေပြီ ဖြစ်သလို သူ၏ မျက်ဝန်းများထဲတွင်လည်း ရူးသွပ်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။ သူသည် အသက်မပါသည့် အမူအရာဖြင့် ရပ်နေသည့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။

" ထာဝရကြယ်တစ်လုံးကို ထိန်းချုပ်နိုင်ဖို့အတွက်နဲ့ ခဗျားက ဟေးယွင်ကျစ် ပြောတဲ့အတိုင်း လိုက်လုပ်နေရတာမလား။ ဟေးယွင်ကျစ်။ အခုချက်ချင်း ထွက်ခဲ့စမ်း " ဝမ်ပေါင်လဲ့မှာ အသံကုန်အော်ခေါ်လိုက်၏။ သူသည် ချောင်ပိတ်နေသည့် သားရဲတစ်ကောင် ခိုကိုးရာမဲ့စွာ အော်ဟစ်နေသကဲ့သို့ပင်။

" ဟေးယွင်ကျစ် ဟုတ်လား " မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာမူ လှောင်ပြုံးပြုံးလိုက်ပြီး မျက်ဝန်းများထဲ၌ ဒေါသမီးလျှံများ တောက်လောင်လာ၏။ ဝမ်ပေါင်လဲ့မှာ သူ့အား သေသေချာချာ စိုက်ကြည့်နေခဲ့သောကြောင့် သူ ထိုကဲ့သို့ အမူအရာပြောင်းလဲသွားသည်ကို သတိထားမိလိုက်သည်။ ထို့အပြင် သူသည် အခြား ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများ၏ မျက်နှာအမူအရာများမှာလည်း ဂိုဏ်းချူပ်ကြီးကဲ့သို့ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို သတိထားမိလိုက်၏။

ထို့ကြောင့် သူသည် နားမလည်နိုင်လောက်အောင် ဖြစ်သွားရပြီး သံသယစိတ်များ ပို၍ပင် ကြီးထွားလာရတော့သည်။

" လုံနန်ကျစ်။ မင်း ပြန်လာရဲလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူးကွ " မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာ ဟေးယွင်ကျစ်အကြောင်း ထပ်ပြောမနေတော့ဘဲ မျက်လုံးများ မှေးသွားပြီး ဝမ်ပေါင်လဲ့ဆီသို့ ချဥ်းကပ်လာတော့သည်။ သူသည် လုံနန်ကျစ် ပြန်ရောက်မလာခဲ့ပါက ဆောင်ရွက်ရမည့် အရာများကို ကြိုတင်ပြင်ဆင်ထားခဲ့ပြီးသားဖြစ်သည်။ သို့သော် ယခုတွင်မူ ထိုပြင်ဆင်မှုများကို မလိုအပ်တော့သည့်ပုံပင်။

လုံနန်ကျစ်မှာ ပထမဆုံး တိုက်ကွက်ကြီးအား အောင်မြင်စွာ ခုခံတွန်းလှန်နိုင်ခဲ့သည့်ပုံ ပေါက်ပါသော်လည်း ယခုတွင်မူ ထိုနေရာ၌ ရှိနေသည့် လူတိုင်းမှာ သူသည် ချောင်ပိတ်နေရပြီဖြစ်ကြောင်း အထင်အရှား မြင်နေရ၏။ သူတို့၏ အမြင်တွင် သူသည် အသက်မသေခင် နောက်ဆုံးအကြိမ်အဖြစ် ကြိုးစားရုန်းကန်နေခြင်းသာ ဖြစ်သည်။

" မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းက ကျုပ်ကို သတ်ဖို့ ကြိုးစားရဲတယ်ပေါ့ " ဝမ်ပေါင်လဲ့မှာ အသက်အန္တရာယ်နှင့် ကြုံလိုက်ရသဖြင့် ထိတ်ထိတ်ပျာပျာ ဖြစ်သွားရပြီး နောက်သို့ ဆက်လက်ဆုတ်ခွာသွားလိုက်ပြန်သည်။ ထို့နောက် သူသည် သူ၏ လက်ဖဝါးကို လှန်ကာ ကျောက်စိမ်းတံဆိပ်ပြားတစ်ခုအား ထုတ်ပြလိုက်တော့သည်။

All Chapters