အလောင်းသူငယ်
Vol. 19 Ch. 259
ဟန်မူယဲ့၏ အမူအရာက ပြောင်းလဲသွားပြီး ဓားကိုဆွဲထုတ်၍ တစ်ဟုန်ထိုးပြေးထွက်သွားလိုက်သည်။
ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူက သူ့ကို လာမရှာခဲ့ပေ။ ထိုလူအိုကြီးက မိုင်းတွင်းထဲသို့ဝင်သွားသော တာအိုဆရာတယန်ကို ဖိနှိပ်ရန်အတွက် ချက်ချင်းတိုက်ခိုက်လိုက်သည်။
ဟန်မူယဲ့ မတိုက်ခိုက်လျှင် ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူကြောင့် တာအိုဆရာတယန် အသတ်ခံရပေလိမ့်မည်။
“ခလွမ် ....”
ဟန်မူယဲ့က အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းသွားပြီး မိုင်းတွင်းလမ်းကြောင်းများကို ထိုးဖောက်သွားသည်။ သူသည် ပေတစ်ထောင်ကျယ်ဝန်းသော ကျောက်တုံးအခန်းတစ်ခန်းထဲသို့ ရောက်သွားသည်။
ကျောက်တုံးအခန်းထဲက စင်မြင့်တစ်ခုတွင် တင်ပျဉ်ခွေထိုင်နေသော ဆံပင်ဖြူအဘိုးကြီးတစ်ယောက် ရှိနေသည်။
“ဟီးဟီး၊ တခြားကမ္ဘာက ဓားကျင့်ကြံသူ”
“မင်းကို အသက်ရှင်ဖို့ အခွင့်အရေးပေးလိုက်မယ်။ မင်း ဘယ်ကနေရောက်လာတာလဲ”
လူအိုကြီးက ဟန်မူယဲ့ကို ပြုံးလျက် ကြည့်သည်။
သူ့လေသံက ညင်သာသည်။ ဟန်မူယဲ့ သတ်လိုက်သော ကျင့်ကြံသူများမှာ သူနှင့် မည်သို့မှ မသက်ဆိုင်သည့်အလား…။
‘အသက်ရှင်ဖို့အခွင့်အရေးလား’ ဟန်မူယဲ့က တွေးသည်။
ကျောက်တုံးစင်မြင့်ပေါ်မှာ တင်ပျဉ်ခွေထိုင်နေသောအဘိုးကြီးကို ကြည့်လျက် ဟန်မူယဲ့၏မျက်လုံးမှ ဓားအလင်းများဖြင့် တောက်ပလာသည်။
ခုန်းလင်တာအိုဂိုဏ်း၏ အကြီးအကဲဖြစ်သူ မာမုန့်က အသက်ရှည်လာစေရန်အတွက် မူလမီးတောက်ကမ္ဘာမှ ကျင့်ကြံသူများ၏ဝိညာဉ်ကို အသုံးပြုသည်။
ထိုနည်းလမ်းက နှစ်တစ်ရာကြာမြင့်အောင် သုံးစွဲထားပြီး ဖြစ်သည်။
သူက ထောင်နှင့်ချီသော ကျင့်ကြံသူများကို သတ်ဖြတ်ပြီး ဖြစ်သည်။
ထိုလူမျိုးသည် မိစ္ဆာဖြစ်သည်။
‘သူ သေသင့်တယ်’
ဟန်မူယဲ့က လက်မြှောက်ပြီး ကံကြမ္မာဓားကို မာမုန့်ထံသို့ ချိန်ရွယ်လိုက်သည်။
“ရွှပ် ....”
လူနှင့်ဓားသည် တစ်သားတည်းဖြစ်သွားပြီး လေပြေလေညင်းအဖြစ် ပြောင်းလဲသွား၏။ ဟန်မူယဲ့ ပြန်ပေါ်လာသောအခါတွင် မာမုန့်၏ နောက်သို့ ရောက်ရှိနေသည်။
သူက ဓားဖြင့် ခုတ်ချလိုက်သည်။
ဓားက အလွန်မြန်သည်။
မာမုန့်က အံ့အားသင့်သွားသည်။ သူ့ခန္ဓာကိုယ်ပတ်ဝန်းကျင်၌ ရွှေရောင်ချီစွမ်းအင်များ ပေါ်ထွက်လာပြီး အလင်းလွှာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဟန်မူယဲ့၏ဓားက တုန်ခါနေသောအလင်းတန်းနှင့်အတူ အလင်းလွှာကို ထိတွေ့သွားသည်။
“ဟီးဟီး၊ ဓားစွမ်းရည် ကောင်းသားပဲ”
“ဒါပေမဲ့ မင်းရဲ့ကျင့်ကြံဆင့်က အရမ်းအားနည်းနေတယ်”
မာမုန့်က ရုတ်တရက်ရယ်မောလျက် လက်ဝါးကို ဆန့်ထုတ်လိုက်သည်။ သူ့လက်ဝါးနှစ်ဖက်မှ အစိမ်းရောင်အလင်းများ ပေါ်ထွက်လာပြီး ဟိန်းဟောက်နေသော ကျားနက်တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
ကျားနက်၏ကျောပေါ်တွင် အတောင်ပံတစ်စုံရှိနေပြီး ဟန်မူယဲ့ထံသို့ ပြေးဝင်လာသည်။
ထိုကျားနက်သည် ဟန်မူယဲ့နီးပါး လျင်မြန်ပြီး အားကောင်းသည်။ တောင်တစ်လုံးကိုဝင်တိုက်လျှင်ပင် တောင်မှာ အမှုန့်ဖြစ်သွားပေလိမ့်မည်။
သူ့ထံသို့ ပြေးဝင်လာသော ကျားနက်ကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က ရှောင်တိမ်းခြင်း မပြုပေ။ သူ့နောက်ကျောတွင် ဦးချိုရှည်နွားသိုးများ ပေါ်လာသည်။
“ဝေါင်း ....”
ကျားဖြူပုံရိပ်နှစ်ခုသည် ဦးချိုရှည်နွားသိုးများနှင့် ပေါင်းစပ်သွားပြီး ကျားနက်ထက် ပေဒါဇင်နှင့်ချီအောင် ရှည်လျားသော နွားသိုးနက်တစ်ကောင် ဖြစ်သွားသည်။
နွားသိုးနက်က ကျားနက်ကိုဝင်တိုက်ပြီး ဖျက်ဆီးပစ်လိုက်သည်။
ထိုတိုက်ခိုက်မှုကြောင့် ပေတစ်ထောင်ကျယ်ဝန်းသော ကျောက်တုံးအခန်းသည် တုန်ခါသွားပြီး မျက်နှာကြက်တွင်ရှိသော ကျောက်တုံးအပိုင်းအစများ ပြုတ်ကျလာသည်။
မာမုန့်က လက်ထဲတွင် သစ်သားတုတ်တစ်ချောင်းကိုင်ကာ လေပေါ်သို့ပျံတတ်သွားပြီး ၎င်းတုတ်ဖြင့် ဟန်မူယဲ့ကို လွှဲရိုက်လိုက်သည်။
သစ်သားတုတ်သည် အစိမ်းရောင်ဝံပုလွေအဖြစ်ပြောင်းသွားပြီး ဟန်မူယဲ့၏ခေါင်းကို ကိုက်မည့်ဟန်ဖြင့် သက်ဆင်းလာ၏။
ဟန်မူယဲ့က မလှုပ်ရှားပေ။ သူ့ညာဘက်လက်တွင် ရှိနေသော ခရမ်းမီးတောက်ဓားသည် အစိမ်းရောင်ဝံပုလွေ၏ မေးကို လွှဲခုတ်ချလိုက်သည်။
ဓားအလင်းထွက်ပေါ်လာပြီး အစိမ်းရောင်ဝံပုလွေ၏ ပုံရိပ်မှာ ပေါက်ကွဲသွားသည်။
ဟန်မူယဲ့က မာမုန့်ကို ဓားဖြင့်ချိန်ရွယ်ထားပြီး စူးစိုက်ကြည့်သည်။
“ကောင်းကင်ဘုံတစ်ဝက်အဆင့်လား”
သူ့မျက်လုံးထဲတွင် အထင်သေးမှုများနှင့် ပြည့်နေသည်။
“အဲဒီတော့ ခင်ဗျားက သေခါနီးအခြေအနေမှာ ရုန်းကန်နေရတဲ့ ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျွမ်းကျင်သူပေါ့”
သူ့မျက်လုံးထဲတွင် တိုက်ခိုက်လိုစိတ်နှင့် သတ်ဖြတ်လိုစိတ်များ တစ်ချိန်တည်းမှာထွက်ပေါ်လာသည်။
“ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူကို သတ်နိုင်မလား သိချင်မိတယ်”
သူသည် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများကို သတ်ဖြတ်ဖူး၏။
သို့သော်လည်း ကိုယ်ပိုင်တိုက်ခိုက်နိုင်စွမ်းနှင့် သတ်ဖြတ်ခဲ့ခြင်း မဟုတ်ပေ။
ဤတစ်ကြိမ်တွင်တော့ သူက သက်တမ်းကုန်လုနီးပါးဖြစ်နေသော တိုက်ခိုက်နိုင်စွမ်းကျဆင်းနေသည့် ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူကို ရင်ဆိုင်နေရသည်။
သူက ဝိညာဉ်လိပ်ပြာဓားချီကို အသုံးမပြုဘဲ ကိုယ်ပိုင်ဓားနည်းစနစ်ကို အသုံးပြု၍ ကောင်းကင်ဘုံကို ဖီဆန်ချင်သည်။
ဤအခြေအနေက သူ့ဓားနည်းစနစ်ကိုလေ့ကျင့်ရန် ကောင်းမွန်သောအခွင့်အရေးဖြစ်သည်။
“ဟားဟား၊ ကောင်းတယ်။ ငါက နှစ်ပေါင်း ၁,၃၀၀ကြာအောင် ကျင့်ကြံပြီးနောက် မရေမတွက်နိုင်လောက်တဲ့လူတွေကို သတ်ဖူးပြီးပြီ”
ဟန်မူယဲ့၏ စကားများကို ကြားလိုက်ရသောအခါတွင် မာမုန့်၏ မျက်လုံးများက တောက်ပလာပြီး ဟန်မူယဲ့ကို စိုက်ကြည့်သည်။
“အားနည်းတဲ့ကောင်လေးတစ်ယောက်က ငါ့ကို ဘယ်လိုလုပ်ပြီးသတ်နိုင်မလဲဆိုတာ ကြည့်ရအောင်…။”
မာမုန့်၏ ပတ်ဝန်းကျင်တွင် ချော်ရည်နှင့်တူသော မီးစွမ်းအင်များ ပေါ်ထွက်လာပြီး မီးတောက်ဓားမော့အဖြစ် ပြောင်းလဲသွားသည်။
ထိုဓားမော့ ပေါ်လာသောအခါတွင် ပတ်ဝန်းကျင်လေထုက ချက်ချင်းလောင်ကျွမ်းသွားသည်။
ဟန်မူယဲ့ထံသို့ အပူလှိုင်းများတိုးဝင်လာသည်။
သူ့ခေါင်းထက်တွင် သွေးနှင့်ချီများ ပေါ်ထွက်လာပြီး တိုက်စားခံလိုက်ရသည်။
ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူ၏ ခွန်အား…။
ဟန်မူယဲ့သည် အဆင့်တူကျင့်ကြံသူများနှင့် မတူသောကြောင့် အသက်နည်းစနစ်နှင့် စုစည်းထားသော ဓားမော့ရှည်ကို ခုခံနိုင်ခြင်း ဖြစ်သည်။ မဟုတ်လျှင် အကြည့်တစ်ချက်ကိုပင် ခုခံနိုင်မည်မဟုတ်ပေ။
ဟန်မူယဲ့က ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူနှင့် ရင်ဆိုင်နေရသောကြောင့် အချိန်မဆွဲတော့ပါ။
ဓားနှစ်လက်က လှုပ်ရှားသွားပြီး မီးနဂါးကို ထုတ်ဖော်လိုက်သည်။
မီးလောင်ပြင်…
မီးလောင်ပြင်ဓားနည်းစနစ်က ဟန်မူယဲ့၏ အသန်မာဆုံးဓားနည်းစနစ်များထဲက တစ်ခု ဖြစ်သည်။
ထိုနည်းစနစ်ကို အုပ်စုလိုက်တိုက်ခိုက်ခြင်းနှင့် တစ်ယောက်တည်း တိုက်ခိုက်ခြင်းတို့အတွက် သုံးနိုင်သည်။ ထိုနည်းစနစ်မှာ ဟန်မူယဲ့၏ လူသတ်ကွက်ဖြစ်သည်။
“အချိန်ကိုက်ပဲ”
ဟိန်းဟောက်နေသောမီးနဂါးကို မြင်လိုက်ရသောအခါတွင် မာမုန့်က ရုတ်တရက်အော်ဟစ်လိုက်ပြီး လက်ထဲတွင် ရှိသောဓားမော့ဖြင့် ခုတ်ချသည်။
ဓားသွားသည် တောက်ပပြီး တည်ငြိမ်နေသည်။
ထိုဓားချက်က ကျင့်ကြံသူကြီးတစ်ယောက်၏ပုံစံကို ပြသနေသည်။
မာမုန့်က ဓားမော့နည်းစနစ်ကို နှစ်ပေါင်းရာချီအောင် လေ့လာခဲ့ပေလိမ့်မည်။
“ရွှပ် ....”
မီးနဂါးက ဓားမော့အလင်းနှင့် ဝင်တိုက်သွားသည်။ ဓားမော့အလင်းသည် ပျက်စီးသွားပြီး မီးနဂါးမှာ နှစ်ပိုင်းပြတ်သွားသည်။
သို့သော်လည်း နှစ်ပိုင်းပြတ်သွားသောမီးနဂါးသည် ပျောက်ကွယ်မသွားပေ။ သူတို့က ဆယ်ပေရှည်သော ကောင်းကင်နဂါးနှစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး မာမုန့်ကို ရစ်ပတ်လိုက်သည်။
“မူလမီးတောက်နန်းတော်ရဲ့ ဓားနည်းစနစ်…”
မာမုန့်က မျက်လုံးပြူးသွားပြီး အော်ဟစ်လိုက်သည်။
ကောင်းကင်နဂါးသိုင်း…။
ကောင်းကင်နဂါး ပြောင်းလဲခြင်းဓားနည်းစနစ်
ထိုနည်းစနစ်သည် နေမင်းရောင်ဝါနန်းတော်၏ ဂိုဏ်းအကာအကွယ် ဓားနည်းစနစ်ဖြစ်သည်။ ဟန်မူယဲ့၏လက်ထဲတွင်တော့ ယင်နှင့်ယန်ကို ကိုယ်စားပြုသော နဂါးနှစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
အစပိုင်းတွင် လောင်ကျွမ်းနေသောမီးနဂါးသည် ရေခဲစွမ်းအင်များဖြင့် ပြည့်နေသည်။ မီးနဂါးသည် နှစ်ကောင်ကွဲသွားသောအခါတွင် အပူနှင့်အအေးမှာ ပေါင်းစပ်သွားပြီး ယင်ယန်စွမ်းအားကို ထုတ်ဖော်လိုက်သည်။
ထိုစွမ်းအားက ကျင့်ကြံသူကြီးတစ်ယောက်ကိုသတ်ရန် မလုံလောက်သော်လည်း အသက်ရှူချိန်အနည်းငယ်ခန့် ဖိနှိပ်ထားရန် လုံလောက်သည်။
‘လုံလောက်ပြီ’
ဟန်မူယဲ့က လက်ထဲတွင် ရှိသောဓားကို လွှတ်ပေးလိုက်ပြီး လက်တစ်ဖက်ကိုနောက်ပစ်၍ ကျန်လက်တစ်ဖက်ဖြင့် ရှေ့သို့ညွှန်ပြနေသည်။
မွန်းကျပ်အောင်ထက်မြက်နေသောဓားချီများ ဖြာထွက်လာသည်။
မာမုန့်၏ အမူအရာက ပြောင်းလဲသွားသည်။ သူ့ခန္ဓာကိုယ်ပတ်လည်တွင် ရွှေအလင်းလွှာတစ်ခုပေါ်လာပြီး တစ်ကိုယ်လုံးကို ကာကွယ်ထားသည်။
အလင်းလွှာပေါ်လာသောအခါတွင် ဟန်မူယဲ့က အော်ဟစ်လိုက်သည်။
“ဓားတစ်သောင်းတို့အိမ်အပြန်”
မိုင်းတွင်းထဲတွင် ဓားချီများက ရေလှိုင်းများကဲ့သို့လှုပ်ရှားလာသည်။
ထက်ရှသောဓားချီတိုင်းက ပုံရိပ်တစ်ခုအဖြစ်ပြောင်းလဲသွားသည်။
ဓားက ဖုံးကွယ်ထားသောသတ်ဖြတ်လိုစိတ်များပြည့်နေသည့် ပုံရိပ်နှင့်အတူ ရှေ့သို့ ချိန်ရွယ်ထားသည်။
ဓားအလင်းအားလုံးက ဓားတစ်လက်အဖြစ်စုစည်းသွားသည်။
ထိုဓားသည် ဟန်မူရှဲ့၏ အရှေ့မှာ စုစည်းလာသည်။
သူ့လက်ထဲတွင် ဓားဆေးလုံးတစ်ခု ပေါ်လာ၏။
ထိုဓားဆေးလုံးကို မြင်လိုက်ရသောအခါတွင် မာမုန့်၏ ခန္ဓာကိုယ်က တုန်ခါသွားသည်။ သူက ဘေးတွင် ရှိနေသော ယင်ယန်ကောင်းကင်နဂါးနှစ်ကောင်ကို နောက်ဆုတ်သွားအောင်ရိုက်ချလိုက်ပြီး နောက်သို့ လျင်မြန်စွာဆုတ်သည်။
သို့သော်လည်း ဓားဆေးလုံးက သူ့ထက်ပိုမြန်သည်။
ဓားဆေးလုံးသည် သုံးပေရှည်သော ဓားသွားနှစ်ခုပါ ဓားတစ်လက်အဖြစ်ပြောင်းလဲသွားသည်။ ထိုဓားသည် လေဟာနယ်ကိုထိုးခွဲ၍ မာမုန့်ရှေ့သို့ ချက်ချင်းရောက်လာပြီး ရင်ဘတ်ကို ထိုးစိုက်လိုက်သည်။
“ကျား ....”
မာမုန့်က အော်ဟစ်လိုက်ရာ သုံးချောင်းထောက်မီးပြင်းဖိုတစ်ခုသည် သူ့ရှေ့တွင် ပေါ်လာပြီး ဓားကို တားဆီးလိုက်သည်။
ဓားအလင်းက မီးပြင်းဖိုကို ထိုးဖောက်သွားသည်။ ဓားသွားသည် မာမုန့်၏ရင်ဘတ်ထဲသို့ သုံးလက်မခန့်ဝင်သွားပြီး သွေးများ ပန်း၍ ထွက်လာစေသည်။
မာမုန့်က ရယ်မောလျက် ဓားအလင်းကို ဆွဲယူလိုက်၏။
သို့သော်လည်း သူက ဟန်မူယဲ့၏ သက်တောင့်သက်သာရှိနေသော မျက်နှာထားကို မမြင်လိုက်ရပေ။
“ရွှပ် ....”
မာမုန့်၏နောက်မှာ ပုန်းကွယ်နေသောဓားဆေးလုံးက လည်ပင်းကိုခုတ်ချလိုက်သည်။
“ဘန်း ....”
မီးခိုးရောင်ချီစွမ်းအင်အလင်းတစ်ခု ပေါ်ထွက်လာပြီး နေရာအနှံ့မှာ ပြန့်ကျဲသွားသည်။
အငြိုးတရား…
မုန်းတီးခြင်း…
ထိုအရာက မာမုန့်သန့်စင်ထားသည့် မရေမတွက်နိုင်လောက်သောဝိညာဉ်များ၏ အငြိုးအတေးများဖြစ်ကြသည်။
ထိုဝိညာဉ်များကြောင့်ပင် မာမုန့်တစ်ယောက် ရှင်သန်နိုင်ခြင်း ဖြစ်သည်။
ထိုသို့မဟုတ်လျှင် သူ့သက်တမ်းက ကုန်ဆုံးသွားပေလိမ့်မည်။
ထို့ကြောင့်ပင် မာမုန့်၏တိုက်ခိုက်နိုင်စွမ်းက ပုံမှန် ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူထက် အားနည်းနေခြင်း ဖြစ်သည်။
“ဟူး ....”
မာမုန့်၏ ပုပ်သိုးနေသောခန္ဓာကိုယ်ထဲမှ တစ်ပေခန့်ရှိသောဝိညာဉ်တစ်ခု ပေါ်ထွက်လာပြီး ဟန်မူယဲ့ကို ဝင်တိုက်သည်။
ဝိညာဉ်သူငယ်…။
မဟုတ်သေးပေ။ မာမုန့်မှာ သေဆုံးသွားပြီး ဖြစ်သည်။ သူက အပြည့်အဝမစုစည်းရသေးသော ဝိညာဉ်သူငယ်အပေါ်တွင် မှီခို၍ ရှင်သန်နေ၏။ ထိုဝိညာဉ်သူငယ်က အမှန်တကယ်တော့ သေဆုံးနေပြီး ဖြစ်သည်။
အလောင်းသူငယ်…။
ရက်စက်သော ကျင့်ကြံခြင်းနည်းစနစ်၊ သေခြင်းရှင်ခြင်း အသွင်ပြောင်းအတတ်…။
မာမုန့်က သေခြင်းအငွေ့အသက်များကိုဖုံးကွယ်ရန်အတွက် မီးစွမ်းအင်များဖြင့် ပြည့်နေသော မိုင်းတွင်းထဲ၌ ပုန်းနေရသည်။
အလောင်းသူငယ်က ဟန်မူယဲ့ထံသို့ပြေးဝင်လာပြီး အပိုင်စီးရန် ကြိုးစားသည်။
ကျင့်ကြံခြင်းလောကတွင် ဝိညာဉ်သူငယ်ပူးကပ်ခြင်းနည်းစနစ်က အသုံးများသည်။
“မြို့ ....”
ဟန်မူယဲ့က ခပ်တိုးတိုးအော်ဟစ်လိုက်သည်။ သူ့ကိုယ်ထဲတွင် ရှိသော သမာဓိစွမ်းအားသည် ရွှေရောင်စာလုံးအဖြစ်ပြောင်းသွားပြီး အလောင်းသူငယ်ကို တားဆီးလိုက်သည်။
သမာဓိစွမ်းအား…။
ထိုအငွေ့အသက်ပေါ်လာသောအခါတွင် အလောင်းသူငယ်သည် ရေနွေးပူထဲသို့ ရောက်သွားသကဲ့သို့ ဖြစ်နေပြီး မီးခိုးရောင်အငွေ့အသက်များ ပျောက်ကွယ်လာသည်။
အလောင်းသူငယ်တင်မကဘဲ ပတ်ဝန်းကျင်မှာလည်း သမာဓိစွမ်းအား၏သန့်စင်ခြင်းကို ခံလိုက်ရသည်။ ပတ်ဝန်းကျင်မှာ အစိမ်းရောင်ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နေပြီး လွင့်ပျယ်သွားသည်။
အငြိုးအတေးများကို သန့်စင်ပြီးသောအခါတွင် သမာဓိစွမ်းအားက ပိုမိုလေးလံလာကြောင်း ခံစားလိုက်ရသည်။
သူ့မျက်လုံးထဲတွင် ရှိသော နတ်ဘုရားအလင်းမှာလည်း ပိုမိုနက်ရှိုင်းလာသည်။