ငွေဝံပုလွေဘုရင်
Vol. 22 Ch. 297
"အစ်ကိုကြီး ဒဏ်ရာရနေတဲ့လူတွေ အများကြီးတွေ့လာတယ်။ သူတို့ကို မြန်မြန်ကုပေးပါဦး"
ရှောင်ရိက ယဲ့ချန်ထံ အပြေးရောက်လာပြီး ပြောလိုက်သည်။
"ရှောင်ရိ ဒီကို ခဏလောက်"
ယဲ့ချန်က ရှောင်ရိကို ခေါ်လိုက်သည်။
ရှောင်ရိက ယဲ့ချန်အနား ရောက်သောအခါ ဝမ်အာကို စပ်စုလိုစိတ်ဖြင့် ကြည့်လိုက်သည်။
"ရှောင်ရိ မင်းကို မိတ်ဆက်ပေးရဦးမယ်။ သူမကို ဝမ်အာလို့ခေါ်ပြီး မင်းရဲ့သူငယ်ချင်းအသစ် ဖြစ်လိမ့်မယ်။ အခုကစပြီး ဝမ်အာကို စောင့်ရှောက်ပေးရမယ်နော်။ ဘယ်သူမှ အနိုင်မကျင့်စေနဲ့"
ယဲ့ချန်က ရှောင်ရိကို ဝမ်အာနှင့် မိတ်ဆက်ပေးလိုက်သည်။
"မင်္ဂလာပါ"
ဝမ်အာက ရှောင်ရိကိုကြည့်ပြီး မိတ်ဆက်လိုက်သည်။ သူမက အနည်းငယ်ညစ်ပတ်နေသော်လည်း ဘဲဥပုံမျက်နှာလေးနှင့် မျက်ခုံးမွေးကော့ကော့လေးများက ချစ်စရာကောင်းနေသည်။ ရေချိုးသန့်စင်လိုက်လျှင် သူမသည်လည်း လှပသော ချစ်စရာကလေးတစ်ယောက် ဖြစ်သည်။
ယဲ့ချန်အတွက် ကလေးတစ်ယောက်၏အလှက စိတ်ဝင်စားစရာမဟုတ်သော်လည်း ရှောင်ရိကမူ ဝမ်အာရှေ့တွင် ရှက်ရွံ့နေခဲ့သည်။
"မင်...မင်္ဂလာပါ"
ရှောင်ရိက ဝမ်အာကဲ့သို့ ချက်ချင်းပြန်မနှုတ်ဆက်နိုင်ခဲ့ပေ။ အချိန်တစ်ခုကြာသောအခါတွင်မှ သူက ပြန်ပြောနိုင်ခဲ့သည်။
"ဟင်"
ယဲ့ချန်က ကြောင်အသွားခဲ့သည်။ ရှောင်ရိက အသက်လေးငါးနှစ်အရွယ်သာရှိသေးသော်လည်း ရင်ခုန်မြန်နေပုံပေါ်သည်။ မဟုတ်လျှင် သူက ရှက်ရွံ့နေစရာ အကြောင်းမရှိချေ။ ဟမ်အာက ရှောင်ရိကို မျက်လုံးဝိုင်းလေးများနှင့် ပြန်စိုက်ကြည့်နေခဲ့သည်။ ဤအခြေအနေက ထူးဆန်းသော်လည်း ကံအလိုကျဖြစ်စေရန် ယဲ့ချန်က လျစ်လျူရှုလိုက်သည်။ အရာအားလုံးကို ကောင်းကင်နှင့်မြေကြီးက စီစဥ်ပေးပေလိမ့်မည်။ ထို့နောက် သူက မတ်တပ်ထရပ်လိုက်ပြီး ရှောင်ရိနှင့်ဝမ်အာကိုထားခဲ့ကာ ပြည်သူများကို ဆက်လက်ကုသပေးလိုက်သည်။
ငါးရက်အကြာတွင် ပြည်သူအားလုံးကို တုန်းလင်ပြည်နယ်၏မြို့တော်တွင် နေရာချထားပေးခဲ့သည်။ ယဲ့ကျန်းလီနှင့် အခြားကျင့်ကြံသူများ၏ အလောင်းများကို ရိုသေစွာပြန်သယ်လာ၍ ယဲ့မျိုးနွယ်၏ဘိုးဘေးသင်္ချိုင်းတွင် မြုပ်နှံပေးလိုက်သည်။ ယဲ့မျိုးနွယ်သည် မျိုးနွယ်ဝင်များသေဆုံးမှုကြောင့် ဝမ်းနည်းပူဆွေးနေရသည်။ ယဲ့ကျန့်ထန်းတို့လူစု လုံခြုံစွာပြန်ရောက်လာခြင်းကသာ စိတ်သက်သာရာရစေခဲ့သည်။ ဤရက်စက်သောလောကကြီးတွင် လူများက စက္ကန့်မလပ်သေဆုံးနေကြသည်။ မျိုးနွယ်၏သွေးမျိုးဆက် ဆက်လက်တည်ရှိနေသရွေ့ ကျန်လူများက ရှေ့ဆက်သွားရမည်ဖြစ်သည်။ ယဲ့ကျန်းလီနှင့် ယဲ့မျိုးနွယ်ဝင်များသည် သူရဲကောင်းဆန်စွာ အသက်ကိုပေးလှူသွားသောကြောင့် မျိုးနွယ်ဝင်တိုင်း၏ရင်ထဲတွင် ထာဝရ အမှတ်ရနေကြပေလိမ့်မည်။
ဝမ်အာကို ယဲ့ချန်က လော့အာ၏မွေးစားမိဘများထံ စောင့်ရှောက်ရန် အပ်နှံပေးထားခဲ့သည်။ လော့အာထွက်သွားပြီးနောက် သူမ၏မွေးစားမိဘများက နောက်ထပ်ကလေးများကို မွေးစားခြင်းမရှိပေ။ သူတို့က သနားစရာအလွန်ကောင်းသော မိဘမဲ့ဝမ်အာကိုမြင်သောအခါ မွေးစားစောင့်ရှောက်ရန်ပေးရန် ချက်ချင်းသဘောတူခဲ့ကြသည်။ သူတို့၏စောင့်ရှောက်မှုဖြင့် ဝမ်အာသည်လည်း ယဲ့လော့ကဲ့သို့ ကြင်နာသိမ်မွေ့သော မိန်းကလေးတစ်ယောက်အဖြစ်သေချာပေါက်ကြီးပြင်းလာပေလိမ့်မည်။
"မင်းက ဒီကလေးမလေးကို မင်းလက်အောက်မှာမထားဖို့ တကယ်ဆုံးဖြတ်ပြီးပြီလား။ တကယ်လို့ မင်းသာ သူ့ကိုလမ်းညွှန်ပေးရင် ဒီကလေးမက အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်လာမှာ သေချာတယ်"
ခရမ်းမီးတောက်ခြင်္သေ့ကြီး၏အသံက ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။
"ဝမ်အာအတွက် အစွမ်းထက်ကျင့်ကြံသူဖြစ်လာဖို့က အရေးမကြီးဘူး။ ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာကြီးပြင်းလာရင် လုံလောက်တယ်။ ဒါပေမယ့် သူမကျင့်ကြံဖို့အတွက် ဘယ်လိုကျင့်စဥ်မျိုးက အသင့်တော်ဆုံးဖြစ်မလဲ"
ယဲ့ချန်အနေဖြင့် ဤသို့ပြောလိုက်သော်လည်း ဝမ်အာ၏ပါရမီကို အလဟဿမဖြစ်စေလိုခဲ့ပေ။
"ဧကရာဇ်ချင်ရဲ့ မျိုးဆက်တွေက မီးအမျိုးအစားကျင့်စဥ်နဲ့ ကိုက်ညီတယ်"
ခရမ်းမီးတောက်ခြင်္သေ့ကြီးက ပြောလိုက်သည်။
"ဒါဆိုရင် ကျုပ် ဝမ်အာကို မီးအမျိုးအစားကျင့်စဥ် ပေးလိုက်တော့မယ်"
ယဲ့ချန်ကတစ်ချက်တွေး၍ ပြောလိုက်သည်။ သူက မီးတောက်ကျင့်စဥ်အချို့ကို ဝမ်အာကိုလွှဲပေးရန် ဆုံးဖြတ်လိုက်သည်။ သူမအနေဖြင့် ရှေ့သို့မည်မျှဆက်သွားနိုင်မည်က ကံကြမ္မာနှင့်ကြိုးစားမှုအပေါ် မူတည်နေပေလိမ့်မည်။
ယဲ့ကျန့်ထန်းနှင့် ယဲ့မျိုးနွယ်ဝင်များသည် တုန်းလင်ပြည်နယ်ကို ပြန်လည်တည်ဆောက်ခြင်း၊ ဒုက္ခသည်များအတွက် အစားအသောက်နှင့် နေရာထိုင်ခင်းစီစဥ်ပေးခြင်းစသည်တို့ကြောင့် အလုပ်ရှုပ်နေကြသည်။ သူတို့အနေဖြင့် ခဏပင်အနားမယူခဲ့ပေ။ ယဲ့မျိုးနွယ်တစ်ခုလုံး တက်ကြွလှုပ်ရှားနေလေသည်။
နှစ်ပတ်အကြာတွင် ရန်ပြည်နယ်မှသတင်းများ ရောက်လာခဲ့သည်။ နန်မန်တိုင်းပြည်မှ စစ်တပ်အားလုံးဆုတ်ခွာသွားကာ နန်မန်ဘုရင်ထို့ပါဟုန်ယဲ့က ဧကရာဇ်မင်ဝူထံ တရားဝင်စာချွန်လွှာတစ်ခု ပို့ဆောင်ခဲ့သည်။ စာအတွင်း၌ သူ၏သဘောထားကိုဖော်ပြထားပြီး နန်မန်တိုင်းပြည်နှင့် ရှီဝူအင်အာယာကြားတွင် မည်သည့်အချိန်တွင်မှ စစ်ထပ်မဖြစ်ရန် တောင်းဆိုထားသည်။ ဤသတင်းကိုကြားသောအခါ ရှီဝူအင်ပါယာ၏ ပြည်သူများအားလုံးက အကြီးအကျယ်အောင်ပွဲခံလိုက်ကြသည်။
ဤစစ်ပွဲကာလအတွင်း၌ မင်ဝူသည် တိုင်းပြည်၏သစ္စာဖောက်များကို ပြတ်ပြတ်သားသား သုတ်သင်ခဲ့သည်။ အချို့သစ္စာဖောက်မျိုးနွယ်များက နန်မန်တိုင်းပြည်သို့ ရွှေ့ပြောင်းသွားကြသည်။ အချိန်မီထွက်မပြေးနိုင်သူအားလုံးမှာ မင်ဝူလက်ချက်ဖြင့် မပြန်လမ်းသို့ ရောက်သွားကြလေသည်။ ထိုက်ရီဓားဂိုဏ်းနှင့် ထန်ရှန်းတောင်ဂိုဏ်းတို့သည် ရှီဝူအင်ပါယာကိုဆန့်ကျင်ရန် ရှိသမျှစွမ်းအားကို စုစည်းထားကြသည်။ သို့သော်လည်း သူတို့မမျှော်လင့်ထားသော ဆန်းကျယ်ဝိဇ္ဇာစဦးအဆင့်နှစ်ယောက်က တိုက်ခိုက်ရန် ရောက်ရှိလာကြ၏။ ဂိုဏ်းချုပ်နှစ်ယောက် သတ်ဖြတ်ခံလိုက်ရပြီး ဂိုဏ်းဝင်များက နေရာအနှံ့သို့ ထွက်ပြေးသွားကြရသည်။ ဤဂိုဏ်းနှစ်ခုက ရှီဝူအင်ပါယာတွင် အချိန်များစွာတည်ရှိခဲ့ပြီး အလယ်အင်ပါယာတွင် နောက်ခံအနည်းငယ်ရှိကြသော်လည်း ယခုတွင် အလွယ်တကူသုတ်သင်ခံခဲ့ကြရသည်။
ရှီဝူအင်ပါယာမှ အဖြစ်အပျက်များ၊ ရှဲ့တောက်နှင့်ရှဲ့ကျန်း၏သစ္စာဖောက်မှုကို သတင်းရထားသော်လည်း အလယ်အင်ပါယာရှိဂိုဏ်းကြီးများက ထူးထူးခြားခြား တိတ်ဆိတ်နေကြသည်။ ရှီဝူအင်ပါယာ၌ နတ်ဘုရင်တစ်ယောက်ပေါ်လာသော သတင်းကြောင့် မီးနတ်ဘုရားဂိုဏ်းသည်ပင် တုတ်တုတ်မလှုပ်ရဲခဲ့ပေ။ နတ်ဘုရင်ဆိုသည်က ထိုဂိုဏ်းများ အံမတုနိုင်သော ဖြစ်တည်မှုတစ်ခု ဖြစ်သည်။
မူလတွင် ယဲ့ချန်သည် အလယ်အင်ပါယာသို့ အလျင်မြန်ထွက်ခွာရန် စီစဥ်ထားသည်။ သို့သော် ယဲ့မျိုးနွယ်တွင် ကိစ္စများစွာကိုင်တွယ်နေရသောကြောင့် မထွက်ခွာနိုင်သေးပေ။ သူက ယဲ့မျိုးနွယ်တွင် လအနည်းငယ် ဆက်လက်နေထိုင်ခဲ့ရသည်။
ယဲ့ချန်သည် အကြီးအကဲထွင်ထျန်းကို ကျောက်စိမ်းနန်းတော်ထံပြန်ပို့ပေးရန် အတွေးနက်နေခဲ့သည်။ ရှောင်ရိသည် ထွင်ထျန်း၏လက်အောက်တွင် မိစ္ဆာကျင့်စဥ်ကိုသင်ယူနေသော်လည်း စိတ်အခြေအနေ ထိခိုက်ခြင်းမရှိသည့်အပြင် ခွန်အားက အကြီးအကျယ်တိုးတက်လာခဲ့သည်။ ပုံမှန်ဆိုလျှင် ရှောင်ရိသည် ထွင်ထျန်း၏သင်ကြားမှုဖြင့် ဆက်လက်လေ့ကျင့်ရမည်ဖြစ်သည်။ သို့သော်လည်း ဝိညာဥ်ပုလဲက ကောင်းကင်ကပ်ဘေးကို ဆွဲဆောင်နေပြီဖြစ်သည်။ ယဲ့ချန်နှင့်ရှောင်ရိ၏ လက်ရှိခွန်အားအရ ကောင်းကင်ကပ်ဘေးကို မဆန့်ကျင်နိုင်ချေ။ အကြီးအကဲထွင်ထျန်းအတွက် အကောင်းဆုံးရွေးချယ်စရာက ကျောက်စိမ်းနန်းတော်ထံ ပြန်ပို့ရန်သာဖြစ်၏။
ဤလများအတွင်း ယဲ့ချန်က အလုပ်နှစ်ခုဖြင့် မအားလပ်နိုင်ခဲ့ပေ။ တစ်ခုက သူရှာတွေ့နိုင်သမျှ မှော်သားရဲများကို ယဥ်ပါးစေရန်ထိန်းကျောင်းပြီး သူထွက်ခွာသွားချိန်တွင် ယဲ့မျိုးနွယ်၏အစောင့်အရှောက်အဖြစ် ထားရစ်လိုခြင်းဖြစ်သည်။ အခြားအလုပ်တစ်ခုက ခြင်္သေ့ကြီးမိတ်လိုက်ရန်အတွက် ခြင်္သေ့မများ ရှာဖွေပေးရန်ဖြစ်သည်။ ယဲ့ချန်မှာ သူ့ကိုယ်သူ ပြည့်တန်ဆာခေါင်းအဖြစ် ခံစားနေရသဖြင့် အောင့်သက်သက်ဖြစ်နေရသည်။
လက်ရှိတွင် ယဲ့ချန်၏ဝိညာဥ်အသိစိတ် ဖြန့်ကျက်နိုင်သော အကွာအဝေးက အလွန်ကျယ်ပြန့်လာပြီဖြစ်သောကြောင့် ပထမအလုပ်အတွက် အလွန်အကျိုးရှိပေသည်။ သူက လင်းယွန်တောင်တန်းတစ်ခုလုံးကို လိုက်လံရှာဖွေခဲ့ပြီး အတိတ်တွင် ခြေမချရဲသော ကန့်သတ်နယ်မြေများပင်ပါဝင်နေသည်။ လင်းယွန်တောင်တန်၏ မှော်သားရဲများက ယဲ့ချန်လက်အောက်သို့ရောက်ရှိလာကာ အဆင့်ကိုးသားရဲနှစ်ရာကျော်၊ အဆင့်တစ်ဆယ်သားရဲခြောက်ဆယ်ကျော် ၊မြေအဆင့်သားရဲငါးကောင်နှင့် ကောင်းကင်အဆင့်သားရဲနှစ်ကောင် ပါဝင်သည်။ သို့သော် ဤမျှများပြားသော သားရဲများကို အညံ့ခံစေနိုင်ခဲ့သော်လည်း ယဲ့ချန်၏ဝိညာဥ်အသိစိတ်က မောပန်းခြင်း လုံးဝမရှိပေ။
မှော်သားရဲများက ယဲ့မျိုးနွယ်၏လက်အောက်သို့ ကျရောက်သွားသည်။ ဤမျှများပြားသောသားရဲများကြောင့် သာမန်ဂိုဏ်းများက ယဲ့မျိုးနွယ်ကို ရန်စရဲမည်မဟုတ်ပေ။ သို့သော် ၎င်းတို့က နတ်ဘုရင်အင်အားစုများနှင့်ယှဥ်လျှင် အရေးမပါကြောင်း ယဲ့ချန်က နားလည်ထားသည်။ ခြင်္သေ့ဘုရင်ထုံတန်၏အဆိုအရ ခြင်္သေ့ဘုရင်နန်းတော်နှင့် ဝံပုလွေတိုင်းပြည်၏လက်အောက်တွင် မှော်သားရဲအရေအတွက် သိန်းချီသောင်းချီရှိကြောင်း သူက သိခဲ့ရသည်။
ယဲ့ချန်က သူတို့၏အဆင့်သို့ရောက်ရန် အချိန်လိုအပ်နေသည်။ တစ်နေကုန်အလုပ်ရှုပ်ပြီးနောက် ယဲ့ချန်သည် ဝိညာဥ်စစ်သည်တော်ကို လေ့ကျင့်ရန် ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်း ဝင်ရောက်ကာ ခြင်္သေ့ကြီးနှင့် တိုက်ခိုက်ခဲ့သည်။
"ဟေ့ကောင် မင်း ငါ့အတွက် ခြင်္သေ့မ ရှာမတွေ့သေးဘူးလား"
ခြင်္သေ့ကြီးက အနည်းငယ် ဒေါသထွက်နေပြီဖြစ်သည်။
"ဆရာခြင်္သေ့ ကျုပ်က ခြင်္သေ့မတွေရှာတွေ့ပေမယ့် အကုန်မှော်သားရဲတွေဖြစ်နေတယ်။ သူတို့က ဒီနေရာကိုဝင်ဖို့ ဝိညာဥ်အသိစိတ်မရှိဘူး။ ကောင်းကင်သားရဲတွေကလည်း ရှာတွေ့ဖို့မလွယ်ဘူး။ ဒီလတွေမှာ ကောင်းကင်သားရဲအမနှစ်ကောင်တော့ ရှာတွေ့ထားတယ်။ တစ်ကောင်ကကျားသစ်ဖြစ်ပြီး နောက်တစ်ကောင်က သမင်ဖြစ်တယ်။ ခင်ဗျား သူတို့နဲ့ အချိန်ကောင်းလေး ပိုင်ဆိုင်ချင်လား"
ယဲ့ချန်ကခေါင်းကုတ်၍ မေးလိုက်သည်။
"မင်းကြီးတော် ဘယ်လိုဖြစ်နိုင်မှာလဲကွ။ ဆက်ရှာစမ်း။ မင်းခြင်္သေ့မတစ်ကောင်တော့ ရအောင်ရှာပေးရမယ်"
ယဲ့ချန်၏စကားကြောင့် ခြင်္သေ့ကြီးမှာ သွေးအန်မတတ် ဒေါသထွက်သွားခဲ့သည်။
"နတ်ဘုရင်တွေက အဲ့လောက်ဂျီးများတာလား။ ကျားသစ်မဖြစ်ဖြစ် သမင်မဖြစ်ဖြစ် သူတို့က လူအသွင်ပြောင်းနိုင်တယ်လေ"
"မျိုးနွယ်မတူရင် အရသာမရှိဘူးကွ"
ခြင်္သေ့ကြီးက စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။
ယဲ့ချန်သည် ခြင်္သေ့ကြီးဆိုလိုသော အရသာကို နားမလည်နိုင်ခဲ့ပေ။ ခြင်္သေ့မများက ကျားသစ်မများထက် ပို၍ကြည့်ကောင်းခြင်းလည်း ဖြစ်နိုင်သည်။ သို့သော် သူက ကွာခြားချက်ကို မပြောတတ်ပေ။
ယဲ့ချန်နှင့်ခြင်္သေ့ကြီး စကားပြောနေစဥ် အပြင်ဘက်တွင် ဝိညာဥ်အသိစိတ်တစ်ခု ရောက်ရှိလာသည်။ ၎င်းက နတ်ဘုရင်တစ်ကောင်ဖြစ်သောကြောင့် ယဲ့ချန်မှာ ချက်ချင်းမျက်နှာပျက်သွားခဲ့သည်။
"ယဲ့ချန် ငါ့ကောင်ရေ မင်းကို နတ်ဘုရင်တစ်ကောင် လာရှာနေပြီ။ အပြင်မထွက်နဲ့"
ခြင်္သေ့ကြီးက သတိပေးလိုက်သည်။ ယဲ့ချန်၏လက်ရှိခွန်အားက နတ်ဘုရင်အစစ်တစ်ကောင်ကို မယှဥ်နိုင်ချေ။ သူက ဟန်ဆောင်နိုင်သော်လည်း အလွယ်တကူ ထုတ်ဖော်ခံရနိုင်ချေလည်းရှိနေသည်။ ဤသို့ဆိုလျှင် သူ့ဘဝက လမ်းဆုံးပြီဖြစ်သည်။
"ဒါက ဘယ်နတ်ဘုရင်လဲ"
ယဲ့ချန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ နောက်ဆုံးတွင် တစ်ဖက်လူက ယဲ့မျိုးနွယ်၏တောင်ကြားကို ရှာတွေ့နိုင်ခဲ့သည်။ အကယ်၍ ၎င်းသာ တိုက်ခိုက်လာလျှင် ယဲ့မျိုးနွယ်တစ်ခုလုံး သေဆုံးသွားမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
"ဒါက မိစ္ဆာဝံပုလွေတစ်ကောင်ဖြစ်တယ်။ ငါ မင်းရဲ့အရှိန်အဝါကို ဖုံးကွယ်ထားပေးမယ်။ ဒီကောင် မင်းကိုရှာတွေ့ဖို့ မဖြစ်နိုင်တော့ဘူး"
ခြင်္သေ့ကြီးက ဖြေလိုက်သည်။
"ဝံပုလွေတိုင်းပြည်"
ယဲ့ချန်က ရှီဝူနေပြည်တော်တွင် သူ့ကိုယ်သူဖော်ပြပြီးနောက် ဝံပုလွေတိုင်းပြည်က သေချာပေါက်ရောက်ရှိလာခဲ့သည်။ သူက မျက်မှောင်ကြုတ်၍ မည်သို့ရင်ဆိုင်ရမည်ကို အတွေးနက်နေသည်။ သူ၏ခွန်အားက နတ်ဘုရင်တစ်ယောက်ကို မယှဥ်နိုင်ပေ။ ခြင်္သေ့ဘုရင်နန်းတော်ဖြစ်စေ၊ ဝံပုလွေတိုင်းပြည်ဖြစ်စေ သူ၏တည်ရှိမှုကို သေချာမသိသေးသည်က ယဲ့ချန်အသာစီးရထားသော အချက်တစ်ခုဖြစ်သည်။ အကယ်၍ သူသာ ထွက်ပေါ်လာခြင်းမရှိလျှင် ဝံပုလွေတိုင်းပြည်က ယဲ့မျိုးနွယ်ကို တိုက်ခိုက်မည်မဟုတ်ချေ။ သူတို့က နတ်ဘုရင်၏ စွမ်းအားအစစ်အမှန်ကို မသိသေးသောကြောင့် ယဲ့မျိုးနွယ်ကို အဆင်အခြင်မဲ့တိုက်ခိုက်ပြီး ရန်စရန်အကြောင်း လုံးဝမရှိပေ။
သို့သော်လည်း အမြဲတမ်းပုန်းအောင်းနေခြင်းက အလွန်ခက်ခဲသည်။ ထာဝရဖုံးကွယ်ထားနိုင်သော အရာမရှိဟူသည့် ဆိုရိုးတစ်ခုပင် ရှိသည်။
ဝံပုလွေတိုင်းပြည်က ယဲ့တောင်ကြားကို တွေ့ရှိသွားပြီဖြစ်သောကြောင့် ယခုအချိန်မှစ၍ တင်းတင်းကျပ်ကျပ် စောင့်ကြည့်ပေလိမ့်မည်။ သူတို့က သဲလွန်စအချို့ကို ရှာတွေ့သွားပြီးနောက် ယဲ့ချန်က နတ်ဘုရင်အစစ်မဟုတ်ကြောင်း တွေ့ရှိသွားနိုင်ချေလည်း ရှိနေသည်။
ယဲ့ချန်က ဦးနှောက်ကို မရပ်မနားအလုပ်ပေး၍ ဆက်တိုက်တွေးတောနေရသည်။
ထိုအချိန်တွင် ယဲ့မျိုးနွယ်နှင့်မီတာသုံးထောင်အကွာတွင် သုံးမီတာကျော်ရှည်ပြီး ငွေရောင်တောက်ပနေသော ဧရာမဝံပုလွေကြီးတစ်ကောင် မတ်မတ်ရပ်နေခဲ့သည်။ ၎င်း၏သားမွေးများက နူးညံ့သော်လည်း ဖုထစ်နေသည့်ကြွက်သားများကို ပိုင်ဆိုင်ထားသည်။ ဝံပုလွေကြီးက ခမ်းနားသောအသွင်ကို ဆောင်နေသော်လည်း အနီရောင်မျက်လုံးများတွင် ကြမ်းကြုတ်ရက်စက်မှုက အထင်းသားထွက်ပေါ်နေသည်။
ဝံပုလွေတိုင်းပြည်တွင် ဘုရင်သုံးပါးရှိကာ ၎င်းက နောက်ဆုံးအဆင့်ဖြစ်ပြီး ငွေဘုရင်ဟုကျော်ကြားသည်။ သူ၏နောက်တွင် ပိုမိုသေးငယ်သော မိစ္ဆာဝံပုလွေရှစ်ကောင် ခစားနေကြသည်။ သုံးကောင်က နတ်ဘုရင်အဆင့်များဖြစ်ပြီး ကျန်ငါးကောင်က ဆန်းကျယ်ထိပ်ဆုံးအဆင့်များ ဖြစ်ကြသည်။
"အရှင် သူ့ကို ရှာမတွေ့ဘူးလား"
နတ်ဘုရင်အဆင့် ငယ်သားတစ်ကောင်က မေးလိုက်သည်။
"မဟုတ်သေးဘူး။ ထူးဆန်းနေတယ်။ သူက နတ်ဘုရင်ဆိုရင် လင်းယွန်တောင်တန်းရဲ့မှော်သားရဲတွေကို ဘာကြောင့်ယဥ်ပါးစေရတာလဲ။ အဆင့်ကိုး၊ အဆင့်ရှစ်တွေတောင်ပါတယ်။ ဒီလိုအဆင့်နိမ့်သားရဲတွေက ငါတို့အဆင့်မှာ အရေးမပါဘူး။ သူက ယဲ့မျိုးနွယ်ကို နောက်ခံလုပ်ပေးချင်နေတာလား"
"နတ်ဘုရင်တစ်ကောင်က လူအသွင်ပြောင်းပြီး အဆင့်တက်ဖို့ လူ့လောကမှာ နေထိုင်တတ်ကြတယ်။ ဒါပေမယ့် ဘယ်သူမှ လူသားတွေကို ဒီလောက်ကောင်းကောင်းမွန်မွန် မဆက်ဆံဘူး။ နတ်ဘုရင်တွေက လူ့အသိုင်းအဝိုင်းမှာ အလုံးစုံမဝင်ဆံ့နိုင်ဘူး။ ဘယ်လိုဖြစ်ဖြစ် သားရဲတွေနဲ့ လူသားတွေက လုံးဝကွဲပြားတယ်"
ငွေဘုရင်က အခြေအနေကို သုံးသပ်လိုက်လေသည်။